၁၄ နိုဝင်ဘာ ၂၀၂၁ ၊ နခွန်ပထုံ ၊ အလုပ်သမားဟစ်တိုင်
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ အနေဖြင့် ကိုဗစ် ကာကွယ်ဆေး ထိုးနှံထားမှအလုပ်ပြောင်းခြင်း၊ ခရိုင်ဖြတ်ကျော်ခြင်း အဆင်ပြေမည် ဖြစ်သောကြောင့် ကာကွယ်ဆေးထိုးကြရန် အလုပ်သမား သံအရာရှိရုံးက တိုက်တွန်းပြောကြားထားကြောင်း သိရသည်။
နခွန်ပထုံ သဘာဝတရားရိပ်သာတွင် ယနေ့ နိုဝင်ဘာလ ၁၄ ရက်တွင် ကျင်းပသော TCTF ၏ တရားပွဲ အလှူကထိန်သို့ ဘန်ကောက် မြန်မာအလုပ်သမားသံအရာရှိရုံးမှ သံအရာရှိ ဦးအောင်ကိုဇော် ရောက်ရှိခဲ့ပြီး အလုပ်သမားရေးရာ အသိပညာပေး လှုပ်ရှားဆောင်ရွက်ခဲ့သည်။
ထို့သို့ ဆောင်ရွက်ရာတွင်ဘန်ကောက် အလုပ်သမားသံအရာရှိ ဦးအောင်ကိုဇော်က COVID-19 ကူးစက်မှု မြင့်တက်သည့် အချိန် အလုပ်ရပ်နားခဲ့ရသည့်အတွက် မြန်မာအလုပ်သမားများ ခက်ခဲကြပ်တည်းမှုကို သိရှိပြီး စာနာပါကြောင်း၊ ယခုအခါတွင် ကူးစက်ရောဂါ လျော့ကျလာသည့်အလျောက် အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုပွင့်လန်းလာပြီး ထိုအခွင့်အရေးကို မသမာသူများက မြန်မာအလုပ်သမားများ အလုပ်ရွှေ့ပြောင်းလုပ်ကိုင်လိုမှုအပေါ် အသုံးချ၍ ငွေကြေးလိမ်လည်မှု ဖြစ်စဉ်များ နေ့စဉ်ပေါ်ပေါက်လျှက်ရှိသဖြင့် ပွဲစား/အေးဂျင့်များ၏ ခိုင်မာမှု ရှိ မရှိကို အထူးသတိထားစေလိုကြောင်း၊ COVID-19 ကာကွယ်ဆေး ထိုးနှံထားမှသာ အလုပ်ပြောင်းရွှေ့ခြင်း၊ ခရိုင်ဖြတ်ကျော်ခြင်းတို့ အဆင်ပြေမည်ဖြစ်၍ နီးစပ်ရာ ဆေးရုံများနှင့် ချိတ်ဆက်ပြီး ကာကွယ်ဆေးထိုးရန် တိုက်တွန်းလိုပါကြောင်းပြောကြားခဲ့သည်။
ထို့အပြင် လုပ်သမားရေးရာ ဖြေရှင်းဆောင်ရွက်မှု အခြေအနေများအပြင် အလုပ်သမားရေးရာ သိလိုသည့် ကိစ္စရပ်များကိုလည်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
မိုးနတ် (အလုပ်သမား ဟစ်တိုင်)
.