Monday, June 08, 2015

အုန်းမှုတ်ခွက်နင်းရောဂါကင်း (အပိုင်း-၁၅)




၅၁။ ကျန်းမာမှု အဖြာဖြာ သိကောင်းစရာ

ကိန္နရာနာ ပျောက်စေရာ
ဓာတ်ဆိုသည်မှာ ဆန်းတော့ အဆန်းသား။ မယုံ၍လည်း မဖြစ်။ မျက်မြင်လက်တွေ့ ဖြစ်နေသည်။ ဘာကြောင့် ဒီလို ဖြစ်ရတာလဲဟု စဉ်းစားကြပြန်တော့လည်း ဉာဏ်မမီ၍ အမောသာ အဖတ်တင်သည်။
မကွေး ရေနံချောင်း ကားစခန်းမှာ ဦးနီဟူသော အလုပ်သမား တစ်ယောက်ရှိပါသည်။ တစ်နေ့တော့ ဝက်မွေးရန် အတွက် ဝက်ပေါက်စကလေး သုံးကောင် ဝယ်လာသည်။ ဝက်ပေါက်စ ကလေး သုံးကောင်ကို ရင်ခွင်မှာ ပိုက်ပြီး သူနေတဲ့ သိင်္ဂါရပ်ကွက်ထဲက အိမ်ကို ပြန်ပို့ပါသည်။ ဦးနီ ညနေ အလုပ်သိမ်းလို့ အိမ်ပြန်ရောက်တော့ ရေချိုးရန် ပြင်လိုက်သည်။ 


ဦးနီ မိန်းမက “ ရေချိုးလို့ မဖြစ်သေးဘူးလေ၊ နေ့လယ် က တော်ပဲ ဝက်တွေ ပွေ့လာတာ မဟုတ်ဘူးလား”

ဦးနီကလဲ ထို အခါမှ သတိရကာ “ အေး ဟုတ်ပေသားပဲ၊ ဒါပေမယ့် ချွေးတွေနဲ့ ကိုယ်ရေကလေးတော့ သပ်လိုက်ဦးမှ ” ပြောပြောဆိုဆိုနှင့် ကိုယ်ရေသပ်၊ လက်ခြေ ရေဆေးလိုက်စဉ် ဦးနီ အိမ်အောက် မှ ဝက်ပေါက်ကလေး သုံးကောင် အတုံးအရုံး သေသွားပါတော့၏။

နောက်တစ်နေ့ ဦးနီနှင့်တွေ့တော့…
“ ပြော ..မပြောချင်ပါဘူး ဦးဝင်းမြင့်ရယ်၊ မနေ့က ဝက်ကလေး သုံးကောင် ကိစ္စ ချောရောဗျို့၊ ကျုပ်မိန်းမ က ရေမချိုးဖို့ သတိပေးသေးတယ်၊ ဒါကြောင့် ရေတောင် မချိုးပါဘူး၊ ကိုယ်ရေကလေးသပ်၊ ခြေကလေး ဆေးရုံနဲ့ ဝက်ကလေး သုံးကောင် သေတော့တာပဲ”
“ ဘယ်လို ဓာတ်သဘောပါလိမ့်”
“ ဘယ်လို ဓာတ်သဘောလဲ မသိပါဘူးဗျာ။ ဝက်ကို လူက ထမ်းဗျ၊ ထမ်းပြီး ဝက်ကို တစ်နေရာ ချထားပြီး လူရေချိုးကြည့်၊ ဝက် ချက်ချင်းသေတယ်ဗျာ၊ ဒါကြောင့် ဝက်မွေးတဲ့ လူတွေ ဒီကိစ္စ သိပ်သတိထားကြရ တယ်”

သည်အကြောင်းနှင့် ပတ်သက်၍ မကွေးမြို့မှ မိတ်တွေ ဦးဖေသန်းနှင့် စကားစပ်မိကြတော့--
“ ဒါတွေ အဆန်းကျယ်သားပဲဗျ…ကျွန်တော်တို့ အုတ်ဖုတ်တဲ့နေရာမှာ အုတ်တွေ ကျက်အောင် ထင်းလုံးတွေ မီးမြိုက်ရတယ်မဟုတ်လား၊ အဲဒီထင်းထဲမှာ ဆီးဖြူသား မပါရအောင် သိပ်ဂရုစိုက်ရတယ်၊ ဆီးဖြူသား တစ်ချောင်းတစ်လေ ကြားညှပ်ပါသွားရင် ရှိသမျှ အုတ်တွေ အကုန်ကွဲတော့တာပဲ” ဟု ပြော၏။ အုတ်လုပ်သားကြီးများနှင့် တွေ့၍ မေးကြည့်လိုက်ပြန်သော်လည်း ..

“ မယုံလို့လား.. အုတ်ဖိုး ခံနိုင်ရင် စမ်းကြည့်လေ.. ဆီးဖြူသားကတော့ ကျုပ်တို့ အုတ်ဖုတ်တဲ့ လူတွေ သိပ်သတိထားရပါတယ်။ သူပါရင် အုတ်တွေ အကုန် ကွဲပြတ်ကုန်တာပါပဲ၊ ဆီးဖြူတစ်ချောင်း အုတ်တစ်သောင်းတဲ့ဗျ ” ဟူ၏။

တစ်နေ့ ရေနံချောင်းမြို့၊ သိမ်ဖြူဈေး ဆေးပညာဌာနမှ တာဝန်ခံ ဦးဇင်း ဦးမြဖူးနှင့် ဓာတ်သဘော ဆန်းကြယ်ကြောင်း စကားစပ်မိကြတော့ ဦးဇင်း ဦးမြဖူးက..
“ ဦးဝင်းမြင့်နှယ်၊ လောကမှာ ဆန်း ကြယ်တာတွေတော့ အများကြီးပဲ၊ ကမ္ဘာ့ရန်ဘက် ကြောင်နဲ့ ကြွက်ဗျ၊ ကြောင်နှုတ်ခမ်းမွေးနှင့် ကြွက်နှုတ်ခမ်းမွေး ၊ ( ယင်းစီရင်ပုံကို ပြောပြပါသည်၊ လွယ်လည်း လွယ်ပါသည်၊ ပညာဉာဏ် အမြော်အမြင်မရှိသူများ ကုသိုလ်ကံ ၊ အကုသိုလ်ကံ မသိသူများ အလွဲသုံးစားလုပ်က ဒုက္ခရောက်နိုင်၍ ထည့်သွင်း မဖေါ်ပြတော့ပါ)၊

 ( စာရေး)၊ နောက်တစ်ခု ဆန်းတာက ကိန္နရာနာ ကုထုံးဗျ၊ ဓာတ်စာနှင့် ကုတာ ပျောက်တာ သုံးယောက်ရှိပြီ၊ သုံးယောက်ပျောက်တာနော်၊ သူက လူမှာ အဖြစ်နည်းတဲ့ အနာကို ကိန္နရာဆိုတာ ချိုင်းကြားထဲက အကျိတ်လုံးတွေ ပေါ်လာတာ ဘယ်ရော၊ ညာရော ၊ တစ်လုံးက နှစ်လုံ၊ နှစ်လုံးက သုံးလုံး ဆိုတာကို ဆက်တိုက်ပေါ်လာတော့ လက်နှစ်ဘက် ကိန္နရီ ကိန္နရာလို ဝဲပျံတော့မလို မြှောက်ထားရတာပေါ့။ အဲဒီလို ကိန္နရာ အနာကို ဓာတ်စာနှင့်ကုသဗျ၊ ပထမဆုံး ဒကာ တစ်ယောက်ဗျ၊ ဒကာကြီး ဘာမှ လုပ်မနေနဲ့။ အကောင်းဆုံးကတော့ မုန့်လုံးရေပေါ် သုံးဆယ့်သုံးလုံးတိတိ တထိုင်တည်းနဲ့ အကုန် စားနိုင်ပါ့မလားလို့ မေးတော့ စားနိုင်တယ်တဲ့၊ ဘာနဲ့ စားဆိုပြီး ဓာတ်စာပေးလိုက်တယ်။ နှစ်ရက်ရှိတော့ ယူပစ်သလို ပျောက်တယ်ဗျို့။

“ တယ်ဟုတ်ပါ့လား၊ ကိုယ်တော်”

“ ဟုတ်ဆို၊ ဆေးဝါးဘက် လိုက်စားနေတော့ နည်းကောင်း လမ်းကောင်းလေးတွေ ကိုယ်တွေ့ကလေး
တွေ ပြောကြသဗျ၊ ဒါနဲ့ ဦးဇင်းလည်း အံ့သြသွားတာပေါ့၊ တစ်ယောက်တော့ ပျောက်ပြီ ဆိုပြီး ဝမ်းသာနေ တုန်း၊ နောက်တစ်ယောက် ရောက်လာပြန်တယ်။ အခုဟာက ဒကာမဗျ၊ ကိန္နရာနာပဲ၊ ချိုင်ကြားအနာဆို
တော့ လက်ကြီး မြှောက်လာရတာပေါ့၊ ဦးဇင်းက ပြောတာပေါ့၊ ဒကာမကြီး ကိန္နရာနာ အကောင်းဆုံးနည်း က မုန့်လုံးရေပေါ် သုံးဆယ့် သုံးလုံးတိတိ အဝစားဗျာ၊ ပျောက်ရစေ့ မယ် ပြောလိုက် တယ်၊ အဲဒီ ဒကာမကြီး လဲ၊ ဒီနည်းပဲ ပျောက်တယ်ဗျာ၊ ကျုပ်ဓာတ်စာနဲ့ ကုတာ ကိန္နရာနာတော့ ပျောက်တာ ချည်းပဲ” ဦးဇင်း ဦးမြဖူး က ဝမ်းသာအားရ မိန့်တော်မူပါသည်။

ထို့ကြောင့် စာရေးသူလည်း ကိန္နရာနာ ဓာတ်စာဆေးကုနည်း ရကတည်းက လက်တည့်စမ်း ကုချင်နေပါ သည်။ အမှန်ကတော့ အနာဆင်းရဲဒုက္ခဖြစ်နေသူတွေကို ပျောက်ကင်း ချမ်းသာစေလိုသော ပင်ကိုယ် စိတ် ရင်းကြောင့် ဖြစ်ပါဝသည်။ လောလောဆယ် စာရေးသူ၏ အသိအကျွမ်းထဲက မည်သူမျှ မပေါက်ကြ၊ သွား ရင်းဟန်လွှဲလည်း ပေါက်သူမတွေ့ဖြစ်နေပါသည်။

လွန်ခဲ့သော သီတင်းကျွတ်လက စာရေးသူတို့ ဇာတိ သမန်းတော ရွာသို့ အလည်တစ်ခေါက်ရောက် သွားပါ သည်။ ဆွေမျိုးတွေအိမ် တစ်အိမ်တက်ဆင်း လည်ယာမှ အစ်ကို ဝမ်းကွဲတော်သူ ကိုကြီးပွေး အိမ် ရောက် သွား ပါသည်။ ကိုကြီးပွေး မိန်းမ မဆန်းသည် သံဒယ်အိုးတစ်လုံးဖြင့်   မြေပဲဆန်ကြော်နေပါသည်။

“ မဆန်း၊ ကိုကြီးပွေး ရောဗျ”

“ တော်တို့ ကိုကြီးပွေး ချိုင်းကြားမှာ ကိန္နရာ နာ ပေါက်လို့တော့၊ ညှော်ကြော်တာ ညှောင်နေမှာစိုးလို့ အနောက်ပိုင်း ညှော်ရှေုာင်သွားလေရဲ့”

ဟန်ကျ လိုက်လေခြင်း၊ ကိန္နရာနာ ကုချင်နေသူနှင့် ကိန္နရာနာ ပေါက်သူတို့ ယခုမှတွေ့ရပြီ ထို့ကြောင့် မြေပဲ ဆန်ကြော်နှင့် ရေနွေးကြမ်းသောက်ရင်း ကိုကြီးပွေး ပြန်အလာကို စောင့်နေရတော့၏။ မကြာမီ ကိုကြီးပွေး
 ရောက်လာသည်။ လက်နှစ်ဘက်ကို ဝဲပျံတော့မတတ် မြှောက်လျှက်…
“ ကိုကြီးပွေး၊ ကိန္နရာနာ ဘယ်နှစ်ရက်ရှိပြီလဲ”

“ ကြာပြီ၊ တို့ရွာက ဆရာဦးဘိုးမင်းဆေး လိမ်းတာပဲ၊ ပေါက်လိုက် ပျောက်လိုက်ဆိုသလို မသက်သာပါဘူး ကွာ၊ ခုလဲ မိဆန်း ညှော်ကြော်မယ်ဆိုလို့ ညှော်ရှောင်သွားနေတာ”

“ကိုကြီးပွေး ကိန္နရာနာ နှစ်ရက်အတွင်း ယူပစ်သလို ပျောက်စေရမယ်၊ ခင်ဗျား တစ်ထိုင်တည်းနဲ့ မုန့်လုံးရေ
ပေါ် သုံးဆယ့်သုံးလုံးတိတိ ကုန်အောင် စားနိုင်ပါ့မလား”

“ အေးစားနိုင်တယ်”

“ ကောင်းပြီ၊ အဲဒီလို ဆိုရင် မဆန်း ညနေစောင်းမှာ မုန့်ထောင်းဗျာ၊ မုန်းလုံးရေးပေါ်လုပ်ဖို့၊ ညကျရင် ကျွန်တော်လာခဲ့မယ်”

စာရေးသူက ကျကျနန မှာခဲ့ပြီး ညနေစောင်းတော့ ကိုကြီးပွေးအိမ် တစ်ခေါက်ပြန်ရောက်ပါသည်။ အားလုံး အဆင်သင့် ဖြစ်နေပါပြီ၊ မုန့်လုံးရေပေါ် ပူပူနွေးနွေးကို ပန်းကန်ပြားထဲ သုံးဆယ့်သုံးလုံးတိတိ မမှားအောင်
 ရေထည့်လိုက်ပြီး…

“ ကဲ ကိုကြီး ပွေးစားတော့”
“ မင်းဟာက ဟုတ်ကော ဟုတ်ရဲ့လားကွာ၊ မုန့်လုံးရေပေါ်ဆိုတာ ကောက်ညှင်းတွေနဲ့ လုပ်ရတာဆိုတော့
 တော်တော်ကြာ ဓာတ်ချုပ်ပြီး ပိုဆိုးနေမှဖြင့်”

“ စားစမ်းပါဗျာ၊ လက်တွေ့ ကုထုံးပါဗျ၊ ဒီရွာမှာ ကျွန်တော်သုံးရက် နေဦးမှာ ၊ မပျောက်ဘူးဆိုရင် လည်ကို ဓားနဲ့ စဉ်းလှည့်”

ကိုကြီးပွေးသည် မုန့်လုံးရေပေါ် ကြိုက်သူပီပီ ခဏခြင်းနှင့် ကုန်အောင် ဝအောင် စားပစ်လိုက်သည်။ အံ့သြ စရာပါပေ။ အနာနာ၍ လက်ကြီး မြှောက်ထားရသူ ကိုကြီးပွေးသည် မုန့်လုံးရေပေါ် စားလိုက်သည့် ညမှာပင် အနာသက်သာပြီး ကျွန်တော် မပြန်မီအတွင်း သူ့ကိန္နရာနာ ရှင်းရှင်းပျောက်ကင်းသွားပါသတည်း။

ထို့ကြောင့် ကိုကြီး ပွေးက…
“ တို့ဗမာ ဆေးနည်းတွေ ဓာတ်စာတွေက အံ့သြစရာပဲကွာ၊ မင်းဆေးနည်း ကောင်းသဟေ့” ဟု ဝမ်းမြောက် ဝမ်းသာဖြစ်လျှက် ကျွန်တော့် ရွာအပြန် ဆုံဆီ မွှေးမွှေး လက်ဆောင်ပေးလိုက်ပါ၏။ စာရေးသူသည်
ကိုကြီးပွေးကို လက်တွေ့ကုပြီးနောက် နောက်တစ်ယောက် ကိန္နရာနာ ပေါက်သူ ကုရပါသေးသည်။

ထိုသူကား ဦးတောဖြစ်ပါသည်။ ဦးတောသည် မကွေးမြို့နယ်၊ အင်းတိုင်ကြီးရွာမှာ ထန်းသမား ဖြစ်ပါသည် ။ ရှေရိုးရာအတိုင်း ယောင်နှင့် ဖြစ်ပါသည်။

စာရေးသူနှင့် အကြောင်းတိုက်ဆိုင်ချင်တော့ စာရေးသူ မကွေးမှ ရေနံချောင်းသို့ အသွား ၊ ဒေါင်းနေ ရွာ
 ဆေးခန်း ၌ ခေတ္တ နားရင်း ဦးတောနှင့် တွေ့ရပါတော့သည်။ စာရေးသူက စပ်စု မေးမြန်းပြီး ကိန္နရာ နာ ပျောက်နည်း လမ်းညွှန်ပေးလိုက်ပါသည်။ တိုတိုနှင့် လိုရင်း ရေးရသော် မုန့်လုံးရေပေါ် သုံးဆယ့်သုံးလုံး တိတိ အဝလုပ်စားပါဗျာဟု ပြောပါသည်။ စာရေးသူ အိမ်ပြန်ရောက်၍ တစ်ပတ်အကြာ ဦးတော ကိန္နရာနာ ကျွန်တော့် ဓာတ်စာဆေးကြောင့် ပျောက်ကင်းကြောင်း ဦးတောကိုယ်တိုင် လာရောက်၍ ကျေးဇူးတင် ဝမ်းမြောက်ဝမ်းသာ ပြောပြပါတော့သည်။

ကိန္နရာနာပေါက်၍ လက်တွေ့ပျောက်ကင်းကြောင်းကိုတော့ စာတွေ့မဟုတ်၊ လက်တွေ့။ ယနေ့အထိ နှစ်ဦး ကု ၊ နှစ်ဦး ပျောက်ကင်းပါသည်။ မုန့်လုံးရေပေါ် သုံးဆယ့် သုံးလုံး စားကာမျှနှင့် ချိုင်းကြားထဲက ကိန္နရာနာ ဘာကြောင့် ပျောက်ပါလိမ့် ဆိုတာကိုတော့ ယနေ့အထိ တွေးမရပါချေ၊ သြော်ဓာတ်သဘောကား ဆန်းပြား ပါဘိ။


၅၂။ မျက်နှာသစ်မှု သတိပြု
ဂရုမပြုကြလို့ပါ။ ကျန်းမာရေးအတွက် အစီအစဉ်ကျကျနန နေထိုင်ကျင့်သုံးသွားမယ်ဆိုရင် အာဂန္တုက ရောဂါ
တွေ မကပ်ရောက်နိုင်ဘူး။ ရောဂါဆိုတာကလည်း အသေးအမွှားကနေ အကြီးအမားဖြစ်လာတတ် တာကိုး။
လူ့ခန္ဓာကိုယ်မှာ အပူအပုပ်တွေရှိပါတယ်။ရာသီဥတု အပူကြောင့် ညှော်ခိုး ညှော်နံ့ကြောင့်၊ အပူအစပ်အစား
 အစာတွေကြောင့်၊ ဒေါသခိုးကြောင့် အများအပြား နေ့စဉ်နှင့်အမျှ ခန္ဓာကိုယ်မှာ လောင်ကျွမ်းနေ တာပါ။

ဒါကြောင့် ဒီအပူခိုးတွေ မလောင်ကျွမ်းရအောင် ဂျပန်က ရေ၀၀သောက်နည်း ညွှန်ပြာထားပါတယ်။ ဒီနည်း လည်း ကောင်းပါတယ်။ လူအတော်များများကလည်း လက်ခံကျင့်သုံးနေကြပါပြီ။အပူကြောင့် အခိုး အငွေ့ဖြစ် ပါတယ်။ အခိုးအငွေ့ဟာ အပေါ်ကို တွန်းကန် ရွေ့လျားတတ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ အပူအပုပ်များရင် အပေါ်ကို လျံတက်လာပါတယ်။ ဒီအခါ လူမှာ ဇက်ကြောတွေ တက်လာပါတယ်။ ခေါင်းတွေကိုက်၊ မျက်ရိုး
တွေကိုက်၊ နှာရည်တွေထွက်၊ အာခေါင်တွေခြောက်၊ သွားတွေ နာလာတတ်ပါတယ်။

သွားနာပြီဆိုမှဖြင့် ထမင်းဆို ဝေလာဝေး၊ ရေသောက်ဖို့ပင် အတော်ကြိုးစားယူရပါတယ်။ သွားရောဂါေ၀ ဒနာ ခံစားဖူးသူတိုင်း သိကြပါတယ်။ တလောက ဦးလေးအရွယ်မိတ်တွေတစ်ယောက် သွားတွေ နာ၊ သွားဖုံး
တွေ ရောင်ပြီး ၇ ရက်လောက် သွားဝေဒနာ ခံစားနေရပါတယ်။ အမျိုးမျိုး ဆေးတွေ လုပ်ပါတယ်။ အချည်းနှီး ပါပဲ။

ဒါကြောင့် စာရေးသူက…
“ ဦးလေး သွားနာ ပျောက်ချင်သလား”

“ ဘယ်နှယ့်ပြောပါလိမ့်၊ ပျောက်ချင်တာပေါ့”

“ ဒါဖြင့် ကျွန်တော်ပြောတာ ယုံယုံကြည်ကြည် လုပ်မလား”

“ လုပ်မယ်၊ ပြော ဘာဆေးလဲ၊ အင်္ဂလိပ်ဆေးတွေ ဗမာဆေးတွေ စုံပြီနော်”

“ ဆေးဆိုတာ ခဏပါ ဦးလေးရယ်၊ တရားသေတော့ ပြောလို့မရဘူးပေါ့၊ ဒါပေမယ့် အခြေခံအကြောင်းရင်း ငြိမ်းအောင်လုပ်မှ ပျောက်တာပါ၊ သွားထဲ ဆေးပူတွေသိပ်၊ ဟိုဟာထည့်၊ ဒီဟာထည့် လုပ်တာဟာ ထုံကျဉ်
ပြီး ခဏပန်း သက်သာတဲ့ သဘော ဆောင်တာပါ၊ မူရင်း ဖြစ်လာတဲ့ အကြောင်းရင်း ငြိမ်းအောင် လုပ်တဲ့ နည်းက အခု ကျွန်တော် ပြောမယ့် နည်းပဲ”

“ ကဲ၊ ဒါဖြင့်ပြော ဘာလုပ်ရမလဲ”

“ ဦးလေး မနက်အိပ်ရာထတော့ မျက်နှာအရင်သစ်သလား၊ သွားအရင် တိုက်သလား”

“ သွားအရင် တိုက်တာပေါ့”

“ အဲဒါ မှားတယ်၊ ကဲ…မနက်ဖြန်ကစပြီး ဦးလေး မျက်နှာအရင်သစ်ပါ၊ ရေအေးအေးနဲ့ သစ်ပါ၊သစ်တဲ့အခါ ပါးစပ်ထဲ ရေမဝင်စေရဘူးနော်”

“ မောင့်ဟာက အဆန်းပဲ”

“ မဆန်းပါဘူး ဦးလေးရယ်၊ ရှေးမြန်မာ သမားတော်ကြီးတွေရဲ့ လက်သုံး ဆေးနည်းနာတွေပါ၊ အိပ်ရာထ မျက်နှာသစ်အရင်ဆုံး သစ်ပြီးလို့ ဆယ်မိနစ်လောက်ရှိမှ သွားတိုက်ရမယ်”
“ မျက်နှာသစ်ြံပီး ချက်ချင်း မျက်နှာ မသုတ်ရဘူးလား”

“ သုတ်ပါ၊ ဖြစ်ပါတယ်၊ သုံးရက်လောက် လုပ်ကြည့် ပျောက်ရမယ်”
 
“ ဟုတ်ရဲ့လားဗျာ”

“ မယုံစမ်းကြည့်ပေ့ါလေ”

သွားနာ ဦးလေး ပြန်သွားပြီးနောက် သုံးရက်မြောက်သောနေ့တွင် အိမ်သို့ ပေါက်ချလာပါသည်။
“ တယ်ကောင်းတဲ့ နည်းပဲ၊ ကျုပ်ဖြင့် အစက ဟုတ်မှ ဟုတ်ပါ့မလားလို့၊ အေးလေ ဒါလုပ်တာ အကျင့်ပါနေ တာ ကိုး၊ ရှေ့နဲ့နောက် ပြောင်းပြန်လုပ်ရတာပါဆိုပြီး သတိတရ လုပ်တာ ဟုတ်သဗျို့၊ ပထမရက်နဲ့ကို သက် သာသွားသဗျ၊ အဲဒီနည်း ဘယ်ကရလဲ ပြောစမ်းပါဦး”

“ ရန်ကုန် မဟာစည်သာသနာ့ရိပ်သာ ညောင်ကန်အရှင် က္ကုန္ဒက ဆီက ရတာ၊ မဟာစည်ဆရာတော်
ဘုရားကြီးက တပည့်သားမြေးတွေကို “ ဦးဇင်းတို့ အိပ်ရာထ မျက်နှာအရင်သစ်သလား၊ သွားအရင် တိုက် သလား” လို့ မေးတော်မူသတဲ့”

“ အင်းဆက်စမ်းပါဦး”

 ဒါနဲ့ ညောင်ကန် အရှင်က္ကုန္ဒကတို့က သွားတိုက်ပြီးမှ မျက်နှာသစ်ကြောင်း လျှောက်ထားတော့ ဆရာတော် ဘုရားကြီးက....
 “ ဦးဇင်းတို့ အဲဒါမှားနေတယ်၊ မျက်နှာကို အရင်သစ်ပြီးမှ တစ်အောင့်လောက်ကြာမှသွားတိုက် ပါးလုပ်ကျင်း ကြ၊ နေ့တိုင်း သတိရှိရှိနဲ့ လုပ်သွားရင် သွားနာ သွားကိုက် တစ်သက်လုံး မဖြစ်ဘူး” လို့ မိန့်တော်မူသတဲ့”

ဒီနည်းဟာ အင်မတန်ကောင်းတဲ့ နည်းပါ။ နံနက် အိပ်ရာထမှ ခံတွင်းထဲ သွားဖုံးထဲ၊ မျက်နှာထဲမှာ အပူ
တွေ လှောင်ပြီး အောင်းနေပါတယ်၊ အပေါ်က မျက်နှာသစ်၊ ရေစင်အေးအေးကလေး ဖျန်းလိုက်တာနဲ့ အာခံတွင်းထဲက အခိုးတွေ အပြင်ထွက်လာပါတယ်။

“ အအေးရှိ အပူလာ” ဆိုတဲ့ နိယာမသဘောပါ။

သွားဖုံးထဲ၊ သွားထဲ၊ ခံတွင်းထဲက အပူအပုပ်တွေ မရှိတော့၊ သွားနာတယ်ဆိုတာ ဘယ်ဖြစ်တော့မလဲ၊ ဒီအကြောင်းနဲ့ ဆက်စပ်ပြီး မန္တလေး သီပေါခေတ်က နန်းတွင်းအပျိုတော်ကြီးတွေနဲ့ အတူနေထိုင် တဲ့ ဒေါ်ရန်( အမျိုးသား ခေါင်းဆောင်ကြီး ကွယ်လွန်သူ အာဇာနည် ဆရာကြီး ဦးရာဇတ်၏ ညီအရင်း) နဲ့ စကားစပ်မိကြတော့ “ အမေရန်လဲ မျက်နှာကို အရင်ဆုံး သစ်ပြီးမှ သွားတိုက်တယ်ကွယ့်” လို့ ရယ်ရယ်မောမော ပြောပါတယ်။ အမေရန် ဆယ်နှစ်သမီး အရွယ်ကတိုင် ကျင့်လာခဲ့တဲ့ အကျင့်တဲ့၊ ယုံပါတယ်၊ အမေရန် သွားတွေ ခိုင်တုန်း၊ ပဲကြီးလှော် ဝါးနိုင်တုန်း။

မကွေးမြို့နယ်၊ တရားသူကြီး ဦးကျော်လှဆိုတာလဲ ရှိပါတယ်။ သူနဲ့ စာရေးသူတို့ ညီရင်း အစ်ကိုလို ခင်မင်ပါတယ်။ ဒါကြောင့် မျက်နှာ သစ်နည်းပေးတော့….
“ င့ါကွာ …လည်ချောင်း ခဏ ခဏ နာသကွ၊ လျှာတွေ ဘာတွေပါ နာတတ်တယ်၊ ငါလဲ မင်းပြောတဲ့ နည်းအတိုင်း မျက်နှာအရင်သစ်တယ်၊ သုံးရက်လောက် လုပ်ကြည့်တော့ လည်ချောင်းနာတာတွေ၊ အာတွေ၊ လျှာတွေ နာတာတွေ မပေါ်လာတော့ဘူး” ဟု ပြောလာပါသည်။
ဒါကြောင့် နံနက် အိပ်ရာထတဲ့အခါ အထူးဂရုစိုက်ဖို့က ပါးစပ်ထဲ ရေမဝင်မိဘို့၊ သွားအရင် မတိုက်မိဘို့၊ မျက်နှာ အရင်ဆုံးသစ်ပြီးလို့ အတန်ကြာမှ သွားတိုက်ဖို့ ဖြစ်ပါတယ်။ အတိုချုပ်ဆောင်ပုဒ်ကတော့ “ မျက်နှာသစ်မှု သတိပြု” ဟူ၍။


၅၃။ မေးဖျားတစ်လျှောက် ဝက်ခြံပေါက်

“ ဦးဝင်းမြင့်၊ ဒါ ကျွန်တော့်ညီမလေး ဖြူဖြူလေ၊ မနေ့ကမှ ပခုက္ကူက လိုက်လာတာ”
မကွေးကောလိပ် စာကြည့်တိုက် အဝင်ဝတွင် သင်္ချာနည်းပြဆရာ ဦးချစ်လွင်က “ ဖြူဖြူ” ဟု အမည်နှင့်လိုက်အောင် ငန်းဖြူမလေးလို လှသော သူ့ညီမလေးနှင့် မိတ်ဆက်ပေးပါသည်။ သူ့ညီမလေး အသက်ဆယ့်ခုနှစ်နှစ်လောက်ရှိပါဦးမည်။

“ ဟုတ်ကဲ့ ခင်ဗျ၊ သိရတာ ဝမ်းသာပါတယ်၊ ဆရာတို့ မွေးချင်း ဘယ်နှစ်ယောက်ရှိတုန်း”
“ မွေးချင်းလား၊ ကျွန်တော်တို့ မောင်နှမနှစ်ယောက်ပဲ ရှိပါတယ်၊ ညီမလေးက ဆယ်တန်း ပြီးခဲ့တဲ့နှစ်က အောင်တယ်၊ အဖေအမေနဲ့ မခွဲချင်လို့ ကျောင်းတောင် ဆက်မတက်ဘဲ အိမ်မှာနေတယ်၊ ခု ကျွန်တော့်ကို လွမ်းလို့ လိုက်လာတာ၊ သွားဦးမယ်ဗျို့၊ ညီမလေးရောက်ခိုက် မြို့ထဲ လိုက်ပြလိုက်ဦး မယ်နော်”
ဆရာ ဦးချစ်လွင်တို့ မောင်နှမနှစ်ယောက်သည် အသင့်ရပ်စောင့်နေသော မြင်းလှည်းပေါ်သို့ တက်၍ မြို့ထဲသို့ ထွက်သွားသည်။

“ တကယ်ချစ်တဲ့ မောင်နှမဟေ့” ပထဝီဌာနမှ သူငယ်ချင်း အောင်ကျော်မြင့်ကြီးက အနားမှ မှတ်ချက်ချ၏။ ဟုတ်လည်း ဟုတ်သည်။ သူတို့ မောင်နှမသည် ကျောင်းဝန်းျင် ဈေးဆိုင်တွေ တစ်ဝိုက်မှာ ၊ ရုပ်ရှင်ရုံထဲမှာ၊ ဘုရားရင်ပြင်တော်မှာ အမြဲတတွဲတွဲ တွေ့ရသည်။

တစ်ပတ်ခန့်ကြာသောအခါ စာရေးသူသည် မကွေးကောလိပ် ကျောင်းဖက်သို့ ထွက်လာခဲ့မိသည်။ လမ်းတွင် သမိုးသုတေသနအရာရှိဟောင်း ဦးအောင်သန်းနှင့် တွေ့ရာ…
“ စိတ်မကောင်းစရာဘဲ၊ ဆရာ ဦးချစ်လွင် ညီမလေး ဒီနေ့မနက် ဆုံးသွားရှာတယ်”
“ ဗျာ၊ ဟုတ်ရဲ့လား၊ မနေ့ကတောင် မြသလွန် ဘုရား ရင်ပြင်တော်ပေါ် တွေ့လိုက်ပါသေး”
“ ဟုတ်ပါတယ်…မြန်ဆန်လိုက်တာဗျာ၊ မေးခိုင်ပိုးဝင်လို့ပဲ”
“ မေးခိုင်ပိုးဝင်ရအောင် ဒီကောင်မလေးဟာ ဘာရောဂါဖြစ်လို့လဲ”
“ မေးဖျား ဝက်ခြားပေါက်တာပေါ့၊ အဲဒါ ညှော်တွေမိ၊ မတည့်တာတွေ စားနဲ့ မေးကြီး ရောင်ကိုင်းလာပြီး ဒီနေ့မနက် မေးထူးခေါ်မရ ဖြစ်သွားတာပဲ”
“ ဖြစ်မှ ဖြစ်ရလေ၊ ဆေးခန်းကော မသွားဘူးလား”
“ သွားတာပေါ့၊ ဆေးနှစ်လုံးတောင် ထိုးသေးတာပဲ၊ မေးဖျားပေါက်တဲ့ ဝက်ခြံဖုဆိုတာ မပေါ့ရဘူးဗျ၊ အဲဒါ ဝက်ခြံစွယ်ဖြူလို့ခေါ်တယ်”
“ အေးဗျာ…သူတို့ကလဲ အဖုလေးဆိုတော့ မလေးစားတာ အရေးမထားတာလဲ ဖြစ်မှာပေါ့၊ သွားလိုက်အုံးမယ်လေ၊လိုတာ ကူညီရတာပေါ့”
စာရေးသူသည် ဆရာဦးချစ်လွင်အိမ်( မကေးကောလိပ်တွင် ဆရာများကို တိုက်အိမ်ကလေးတွေ ဝင်းနှင့်ခြံနှင့် သီးသန့်ထားရှိ၏) သို့ ရောက်သောအခါ ဆရာဦးချစ်လွင်၏ ညီမချောကလေး ဖြူဖြူသည် ခုတင်ထက်တွင် ပက်လက်ကလေး ။ သူချစ်သော အစ်ကို့ကို ခွဲခွာသွားပါပြီ။ ကျန်ရစ်သူ ဆရာ ဦးချစ်လွင်မှာတော့ “ ညီမလေးရေ…ညီမလေးရေ၊ အဖေနဲ့ အမေကို အစ်ကို ဘယ်လို ပြောရမှာလဲကွယ့်” နှုတ်မှ တဖွဖွပြောလိုက်၊

တက်သွားလိုက် သောကမီး တောက်လောင်နေရှာပါသည်။ လုပ်ဖော်ကိုင်ဖက် ဆရာများကလည်း ဆရာဦးချစ်လွင် ဖြစ်အင်ကို မကြည့်ရက်ကြစာရေးသူလည်း ကြာကြာကြည့် မနေရက်တော့ ပါ။ အသုဘအတွက် စီမံစရာ ကိစ္စများကို စီမံရသည်။ ဘာပဲဖြစ်ဖြစ် တစိမ်းတရံမြိုရွာလာ၍ ကွယ်လွန်ရလေ သူ ဖြူဖြူ အသုဘကို စည်စည်ကားကားလေးဖြစ်အောင် နီးစပ်ရာ အပေါင်းအသင်းများထံ၊ အထူးသဖြင့် ကိုယ်ပိုင်ကားရှိသူများထံ ချဉ်းကပ်ရပါသည်။ ကုသိုလ်ကံလည်း တစ်မျိုးကောင်းပါသည်။ ကြားရသူတိုင်း စုပ်တသပ်သပ် သနားနှမြောမဆုံး။ တောင်းဆိုသည့် အကူအညီကို ကိုယ်ရော စိတ်ပါ ပေးလာကြပါသည်။
ယင်းကဲ့သို့ အကူအညီပေးကြည့်သည့် ပုဂ္ဂိုလ်များထဲတွင် မကွေး၊ ရေနံချောင်း ဘတ်စ်လိုင်းပြေးဆွဲနေသော ကားပိုင်ရှင် ဦးဘသိုက်လည်းပါဝင်ပါသည်။

 ဖြူဖြူ၏ အသုဘပို့ကို ဦးဘသိုက်ကားတွင် ကျွန်တော်နှင့် ကောလိပ်မှာ ဆရာဆရာမများ ပါဝင်ကြပါသည်။ ကားပိုင်ရှင် ဦးဘသိုက်က…
“ ရင်နာစရာ ကောင်းလိုက်တာဗျာ၊ ဒီလို မေးဖျားပေါက်တဲ့ ဝက်ခြံကို မပေါ့ရဘူးဗျ၊ အထူးသဖြင့် ညှော်ရှောင်ရတယ်၊ ဖန်ခါးစေ့ကို သွေးပြီး လိမ်းရင် ပျောက်တာပေါ့ဗျာ၊ ပြီးတော့ အမှုမဲ့ အမှတ်မဲ့နေရင်းက ညှော်မိရင် မေးခိုင်ပြီး သွားတွေ စေ့သွားနိုင်တာပေါ့၊ အဲဒီလို အခါမျိုးမှာ ရေနံစိမ်း အကောင်းဆုံးပဲဗျ”
“ ရေနံစိမ်းဟုတ်လား ဦးဘသိုက်၊ လုပ်စမ်းပါဦး၊ မေးခိုင်ရောဂါနော်၊ ရေနံစိမ်း ဘာလုပ်ရမှာတုန်း ပြောစမ်းပါဦး”
“ ဟာ … မေးခိုင်ရောဂါလို့ ပြောနေကြတာပါဗျာ၊ အမှန်က အနာ ဝင်တာပါ၊ ဒီမှာ ဆေးနည်းကောင်းရှိတယ်၊ ကျွန်တော် ကိုယ်တွေ့၊ အခု လိုပဲ ကျုပ်လဲ မေးဖျား ဝက်ခြံပေါက်ဖူးခဲ့တာပေါ့”
“ ဟုတ်ကဲ့ ၊ ပြောပါဦး”
“ ကျုပ်တကယ်ပေတာ၊ ကားက တစ်ဖက်ဆိုတော့ သိပ်ဂရုမစိုက်ဘူးပေါ့ဗျာ၊ ညှော်တွေ မိရုံတင် မကဘူး၊ ကြက်သားကြော်တွေ စားနဲ့၊ အို …မေးကနေ ပါးကြီးပါ ဖောင်းလာတာပေါ့၊ တိုတို ပြောရင် အနာဝင် ပါလေရော၊ အနာဝင်တယ်ဆိုတာက မေးကြီးခိုင်ပြီး သွားတွေ စေ့သွားတာပေါ့၊ အမေလုပ်သူ က လည်း ခြေမကိုင်မိ၊ လက်မကိုင်မိပေါ့၊ ဘာလုပ်ရမှန်း မသိ ဖြစ်နေတုန်း၊ ကျုပ်တို့အဖွား သီလရှင်ကြီး ရောက် ချ လာတယ်၊ ကျုပ်ဖြစ်အင်မြင်တော့ “ ဟဲ့..ဟဲ့ ဝက်ခြံစွယ်ဖြူ ပေါက်တာ မပေ့ါရဘူးဟဲ၊ ခု အနာဝင်သွားတာ၊ ရေနံယူစမ်း။ ဆားလဲ ယူခဲ့ပေါ့” အမေလဲ ဘွားသီလရှင်ကြီး ပြောတာတွေ သွားယူရ တာပေါ့၊ ဒါနဲ့ ဘွားသီလရှင်ကြီးက ရေနံစိမ်း စားပွဲဇွန်း နှစ်ဇွန်းဗျ၊ ဆားက လက်ဖက်ရည် ဇွန်းကလေး တစ်ဇွန်း၊ ပန်းကန်လုံးထဲထည့်ပြီး ကျုပ်ပါးစပ်ကို အတင်း ဖြဲပြီး ခုနက ဖျော်ထားတာတွေ လောင်း ချတော့တာပဲ၊ အိုလောင်းချပြီး ရေနွေးတစ်ခွက်တိုက် စောင်ခြုံထားခဲ့တယ်၊

ထွက်လာလိုက်တဲ့ ချွေးတွေဗျာ၊ ရေချိုးထားသလား မှတ်ရတယ်၊ ကျုပ်လဲ အဲဒီတော့မှ အကောင်းပက တိ ဖြစ်သွားတယ်၊ အမှန်ကတော့ မေးခိုင်တာဟာ အနာဝင်တာပါဗျာ၊ အနာဝင်လာပြီလားဆိုမှဖြင့် အသက် အရွယ်လိုက်ပြီးတော့ ရေနံစိမ်းဆား အကောင်းဆုံးပဲ”ဦးဘသိုက်က အားပါးတရ ပြောပါသည်။

 မည်သူ အနာဝင်၍ ထိုဆေးနည်းဖြင့် ပျောက်ကင်းကြောင်း သက်သေသက္ကာယဖြင့် ပြောပြပါသည်။ ထို့ကြောင့် စာရေးသူလည်း စာရေးသူတို့မြို့တွင် မြန်မာ ဆေးအကျော်အမော်ဖြစ်သော အသက် ၇၈ နှစ် သမားတော်ကြီးကို ချဉ်းကပ်မေးမြန်းကြည့်တော့…
“ အေး မေးခိုင်ပိုးတွေ ဘာတွေ ငါမသိဘူး၊ မေးဖျားပေါက်တဲ့ ဝက်ခြံဟာ လူသေနိုင်တယ်ကွ၊ မေးဖျားတစ်လျှောက် ဝက်ခြံပေါက် ဝမ်းမြောက်ဝမ်းသာ မရှိရာတဲ့-မှတ်ထား၊ မင်းတို့ ခေတ်ပညာတတ်တွေ ပြောရတာ လက်ဝင်သကွာ ၊ အဲ …မေးခိုင်တယ်၊ မေးထူး ခေါ်မရ ဖြစ်သွားတာဟာ ညှော်မိပြီး အနာဝင်တာကွ အနာဝင်တာကို အိမ်သုတ်တဲ့ ရေနံစိမ်းနဲ့ဆား အကောင်းဆုံးပဲ” ဟု မိန့်၏။

ထို့ကြောင့် အနာဖြစ်လျှင် ဂရုစိုက်ပါ၊ အထူးသဖြင့် မေးဖျား အနာပေါက်လျှင် ပို၍ ဂရုစိုက်ပါ၊ အကယ်၍ အညှော်မိပြီး အနာဝင်သော် ရေနံစိမ်းနဲ့ဆား အသက် အရွယ်အလိုက် တိုက်ပါ၊ မေးခိုင်းပိုးဝင် ပါပြီ၊ လက်လွှတ်ရတော့မည် ဟု ဆိုသော လူနာများကို ထိုဆေးမြီးတိုဖြင့် အသက်ကယ်ဖူးကြောင်း များပါပြီ။ မြန်မာတို့၏ ပင်ကိုယ်စိတ်ရင်း စေတနာ ကောင်းများကို မိမိတို့အိမ်တွင် ဟင်းလျာကောင်းလေးများရက ဟင်းခွက်ကမ်းဘိသကဲ့သို့ ဆေးမြီးတိုကောင်းကလေးဖြစ်ခြင်းကြောင့် အများသိအောင် ကမ်းလိုက်ရပါသတည်း။သတ္တဝါများ ကျန်းမာ ချမ်းသာကြပါစေ။


၅၄။ ဆီးရောဂါဘေး ကင်းဝေးရေး

မိန်းမမှာ “မီး” ၊ ယောကျ်ားမှာ “ ဆီး ” ဆိုဘဲသကဲ့သို့ ယောကျ်ားတွေ အရေးကြီးဆုံး ဆီးပါ၊ ဆီးကို ဂရုစိုက်ရပါမည်။ ဆီးရောဂါကြောင့် ဆီးကျဉ်၊ ဆီးအောင့်၊ ဆီးတောင့်၊ ဆီးမဖြောင့်၊ ဆီးနီ၊ ဆီးဝါ၊ ဆီးနည်း၊ ဆီးခိုးမှုတ်၍ မျက်စိမှုန်ခြင်း၊ ခါးတောင့်ခြင်း ဖြစ်လာသည်။ အမျိုးသားများ ကျန်းမာစေရန် အတွက် ဆီးကို အဓိက ထားရာသည်။

ဆီးကောင်းနေမည် ဆိုပါက မျက်စိကြည်လင်ခြင်း၊ အသားအရေ စိုပြေခြင်း၊ အညောင်းအကိုက် ၊ ဒူလာပါဒရက် ဝေဒနာတွေ ကင်းဝေးနိုင်သည်။

ဆီးရောဂါ မဖြစ်စေရေးနှင့် ဆီးရောဂါ ရနေသူများကို စာရေးသူ နည်းကောင်းတစ်ခု ပေးချင်၏။ ထိုနည်းကောင်းကို ဦးလေး မင်္ဂလာ ဦးအောင်မြင့်ထံမှ ရ၏။ သူပြောတက “ ကျုပ် ဟိုတုန်းက သွားလေရာ ဆီးဆေးပုလင်း ကလေး ဆောင်သွားရတယ်၊ ဆီးက မနေနိုင် မထိုင်နိုင် အောင် အောင့်တာကိုး၊ ဒါနဲ့ တစ်နေ့တော့ မဟာစည်ဆရာတော်ဘုရားကြီးနဲ့ စကားစပ်မိကြတော့ ဆရာတော် ဘုရားကြီးက ပေးတဲ့ နည်းပဲဗျ၊ အဲဒီနည်းက ရေချိုးတော့မယ်ဆိုရင် ဆီးမသွားမိအောင် သတိထားဖို့ပဲ၊

ဆီးကို အောင့်ထားရမယ်၊ အောင့်ထားလို့ မရဘူးဆိုရင်လည်း ရေမချိုးနဲ့ဦး၊ ရေ၀၀တစ်ခွက် ထသောက် လိုက်ဦး၊ သောက်ပြီးပြီးချင်း ချက်ချင်းရေ မချိုးနဲ့ဦး၊ ၁၅ မိနစ်လောက်ကြာအောင် နေဦး၊ ဆီးအိမ် ထဲ ရေ ရောက်ပါစေဦး၊ဒီတော့မှ ရေချိုးဗျ၊ အဲဒီလိုကျင့်သုံးသွားမယ်ဆိုရင် ဆီးရောဂါ လုံး၀ ကင်းစင်သွား မယ် ကျုပ်တို့ မိဘများ ရှေးလူကြီးများ “ ဟဲ့..ရေချိုးမလို့လား၊ ရေချိုးတော့မယ်ဆိုရင် ရေ၀၀သောက်ချိုးဟဲ့” ဆုံးမလေ့ရှိတယ်၊ ရေ၀၀သောက်ချိုးဆိုတာ အလကား ပြောတာမှ မဟုတ်ဘဲဗျ၊ အဓိပ္ပါယ်နဲ့ ပြောတာပဲဟာ၊ ကဲဗျာ၊ ဆီးအိမ်ထဲမှာ ရေမရှိဘူး၊ ရေလောင်းချိုးလိုက်တော့ အအေးနဲ့ အပေါ်က လောင်းတော့ အပူက ငုပ်လျှိုးဆင်းသွားတာဗျ၊ ဆီးအိမ်ထဲမှာ ဆီးနည်းနေတော့ ရေနည်းနည်းကလေးသာရှိတဲ့ ဒယ်အိုးကင်းကို မီးမြှိုက်သလိုပေါ့၊ အိုးကင်းကပ် ဂျိုးဖြစ်ကုန်တောပေါ့၊

အဲဒီ ဂျိုးတွေကြောင့် ဆီးလမ်းတစ်လျှောက် မဖြောင့်တာတွေ ဆီးတောင့်တာတွေ ဆီးပူညောင်းကျ တာတွေ ဖြစ်လာတာပေါ့၊ ဒါကြောင့် ရေချိုးတော့မယ်ဆိုရင် ရေ၀၀သောက်ချိုးပေါ့၊ ဆီးမသွားမိအောင် သတိထားပါ၊ ကျုပ်တော့ အဲဒီနည်းအတိုင်း ကျင့်သုံးလာခဲ့တာ သွားလေရာ ဆောင်ရတဲ့ ဆီးဆေးပုလင်း လက်လွှတ်ရတဲ့အထိ ဆီးရောဂါ ကင်းဝေးသွားတယ်” ဟူ၍ ဖြစ်သည်။

“မိန်းမတွေ မီးယပ် ဓမ္မတာ မထိန်ဖို့ သတိထားရသလို၊ ယောကျ်ားတွေမှာလည်း ဆီးမကျင်၊ ဆီးမဖြောင့်၊ ဆီးရောဂါမရဘို့ အရေးကြီးသကိုး၊ ဒါကြောင့် ဆီးရောဂါရနေသူတွေ ဆီးရောဂါနေသူတွေ ဆီးရောဂါ မဖြစ်ရေး ကြိုတင် ကာကွယ်ချင်တဲ့ ပုဂ္ဂိုလ်တွေ အဲဒီနည်းအတိုင်း လိုက်နာကျင့်သုံးမယ်ဆိုရင် ဆီးရောဂါဘေးမှ ကင်းဝေစေမယ့်ပေါ့ဗျာ၊ ပြီးတော့ ဆီးရောဂါဝေဒနာရှင်တွေ အပူအစပ် အစားအသောက်ကိုလည်း သတိထားဆင်ခြင်ရမယ်နော်”
ထိုကဲ့သို့ မင်္ဂလာ ဦအောင့်မြင့်က မိန့်၏။ ထို့ကြောင့် နီးစပ်ရာ မိတ်ဆွေများကိုလည်း ပြောကြားပါသည်။ အကျိုးထူး ခံစားကြရပါသည်။ ဆီးရောဂါ ဖြစ်နေသူတို့ ချမ်းသာမှု ရကြပါသည်။ ထို့ကြောင့် အများချမ်းသာမှု ရကြစေရန် တင်ပြလိုက်ရပါသတည်း။ ဆီးရောဂါဘေး ကင်းဝေးကြပါစေ။

အုန်းမှုတ်ခွက်နင်းရောဂါကင်း စာအုပ်ကို ဘလော့တင်ခွင့်ပြုသော ဆရာကြီး မကွေးဝင်းမြင့် အား အထူးကျေးဇူးတင်ပါသည်။

သတ်ပုံအမှားများပါရင် သီးခံတော်မူကြပါမိတ်ဆွေများခင်ဗျား...။ ကျမ်းမာချမ်းသာကြပါစေ..။


ရွှေလမ်းငွေလမ်းဝင်းကြည်

Subscribe Us