Monday, August 18, 2014

မညီညွတ်လို့ အိမ်ကြက်ချင်း ခွပ်ကြမှုနဲ့ ပြည်ပရောက် မြန်မာအလုပ်သမား


တရားမဝင် အလုပ်သမားတွေကို ဖမ်းချင်တယ်ဆိုရင် ထိုင်းရဲတွေက ဒီနေရာကို လာတယ် မြန်မာလိုပြောကြည့် လို့ ပြန်ပြောတယ်ဆိုရင် လက်မှတ်ကို တစ်ခါတည်း စစ်ကော ဒါမှမဟုတ်ရင် ထိုင်းနိုင်ငံတော်သီချင်း ဆိုခိုင်းတယ် ကောင်းကောင်းမွန်မွန် မဆိုနိုင်ရင် သက်သေခံကတ်ကို စစ်တော့တာတဲ့ အဲဒီလို စစ်လို့မှ အထောက်အထား မပြနိုင်ရင် ဖမ်းတာလေ . . .

အချင်းချင်း မညီညွတ်
အိမ်ကြက်ချင်း ခွပ်ကြလို့
လွတ်ရာ ကျွတ်ရာ ပြေးလွှား
ယိုးဒယားနယ်စပ်အပေါက်က
ဘန်ကောက်အထိ ခိုးဝင်
ရဲမြင်လျှင် ရှောင်ပုန်း
အမှောင်ဆုံးဘဝမှာ
ရရာအလုပ်လုပ်ကိုင်စား
မြန်မာ့သားတွေ တပါးကျွန်ဖြစ်
မြန်မာ့သမီးတွေ အလကားနွံ့နစ်
ခါးက ထမီကျွတ်ခဲ့ပြီ …။

ဒီကဗျာလေးက တော်လှန်ရေး ကဗျာဆရာကြီးလို့ နာမည်ကြီးတဲ့ ဆရာတင်မိုးရဲ့ ““အမိနိုင်ငံရဲ့ မိုးသောက်ယံသို့”” ဆိုတဲ့ ကဗျာထဲက တစ်ပိုဒ်ပါ။ ဆရာတင်မိုး ၂၀၀၁ ခုနှစ် ဇန်နဝါရီလတုန်းက ထိုင်းနိုင်ငံ ဗန်ကောက်မြို့ကို ရောက်ခဲ့စဉ်က တွေ့ခဲ့ရတဲ့ မြန်မာ နိုင်ငံသားတွေရဲ့ ဘဝကို ဖော်ကျူးထားတာပါ။ ဆရာတင်မိုး ကွယ်လွန်ပြီး အသက် ၈၀ ပြည့်အနေနဲ့ ထုတ်ဝေတဲ့ တင်မိုးကဗျာ ၈၀ စာအုပ်မှာ ဒီကဗျာလေး ပါဝင်တာပါ။

ကိုယ့်နိုင်ငံရဲ့ နယ်စပ်ဒေသ တစ်လျှောက်မှာ အချင်းချင်း ဖြစ်နေကြတဲ့ မငြိမ်မသက်မှုတွေ၊ ပြည်တွင်းစစ်ဘေး တွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အဆင်ပြေသလို နေနေကြရတဲ့ မြန်မာအလုပ်သမားတွေရဲ့ ဘဝကို တင်ပြထားတာပါ။

ဆရာတင်မိုးရဲ့ ကဗျာကို ဖတ်နေရင်းက ထိုင်းနိုင်ငံမှာ သတင်းထောက်အဖြစ် သွားလုပ်ခဲ့တုန်းက ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို မျက်စိထဲ ပြေးမြင်မိပါတယ်။ အဲဒါက ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့က ပသူးနန်း တာဝါအနီးမှာပါ။ ပသူးနန်းတာဝါဆိုရင် မြန်မာပြည်က ဗန်ကောက်ကို ဈေးဝယ် ထွက်ဖူးသူတိုင်း သိကြမှာပါ။ ဘေးပတ်ပတ်လည်မှာ ရှော့ပင်းမောလ်ကြီးတွေ အများကြီး ရှိသလို နေ့၊ ည မပြတ် အမြဲစည်ကားတတ်တဲ့ နေရာပါ။


အဲဒီတုန်းက ဖြစ်ခဲ့တာက ဒီလိုပါ။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အလုပ်လုပ်နေရင်းက ဗန်ကောက်ကို သတင်းကိစ္စ တစ်ခုနဲ့ သွားခဲ့ချိန်ပါ။ ထိုင်းနိုင်ငံကို ရောက်ခါစ ဆိုတော့ ထိုင်းစကားကလည်း မတတ်၊ ကိုယ်တတ်တဲ့ အင်္ဂလိပ်လို ပြောတာကိုပဲ အားကိုးပြီး သွားလာနေရချိန်။ ထိုင်းနိုင်ငံ ဆိုတာကလည်း အင်္ဂလိပ်စာတတ် လူဦးရေ များပြားလာပေမယ့် အောက်ခြေ မှာတော့ ထိုင်းစကားကသာလျှင် အသုံးဝင်ချိန်ဆိုတော့ ကျွန်တော့်အတွက် တော်တော့်ကို ခက်ပါတယ်။

ချင်းမိုင်မြို့ကနေ ဗန်ကောက်ကို အသွားအတွက် ကားလက်မှတ်ကို ရုံးက မန်နေဂျာက စီစဉ်ပေးလိုက်လို့ အဆင်ပြေပြေနဲ့ ဗန်ကောက်ကို ရောက်ခဲ့ပေမယ့် ဗန်ကောက်ကနေ ချင်းမိုင် အပြန်မှာတော့ တော်တော့်ကို အခက်တွေ့ ပါတော့တယ်။ ကိုယ့်ရဲ့ ကားလက်မှတ် ဝယ်ဖို့အတွက် သွားရမယ့် နေရာက ဘိုင်းယုတ်တာဝါနား မှာ။ ကိုယ်နေတာက ပသူးနန်းတာဝါနားဆိုတော့ တကယ်တမ်း လမ်းလျှောက် သွားမယ်ဆိုရင် ခဏပါပဲ။ ဒါပေမဲ့လည်း စကားလည်း မတတ်၊ လမ်းကလည်း မကျွမ်းဆိုတော့ ဟိုမေးဒီမေးနဲ့ သွားရတာပေါ့။ တွေ့တဲ့ လူတွေကို မေးပေမယ့်လည်း ကိုယ်ပြောတဲ့ စကားက မထိရောက်တော့ ယောင်လည်လည်နဲ့ ဖြစ်နေတုန်း ဖျတ်ခနဲဆိုတာ ကြားလိုက်တာက မြန်မာစကားပြောသံ။

ဘေးဘီကို လှည့်စောင်း ကြည့်လိုက်တော့ အသက် ၂၀ ဝန်းကျင် အရွယ်ခန့် ကောင်လေး တစ်ယောက်နဲ့ ကောင်မလေး တစ်ယောက်။ စိတ်ထဲမှာ ပျော်သွားမိတယ်။ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့မှာ မြန်မာနိုင်ငံသားတွေ အများကြီး ရှိတယ်ဆိုတာ သတင်းထောက် တစ်ယောက်အနေနဲ့ သိထားပေမယ့် တကယ့်လက်တွေ့ အပြင်မှာ တွေ့ဖူး၊ မြင်ဖူး၊ စကားပြောဖူးတာ မဟုတ်ဘူးလေ။ လူတိုင်းက အတူတူလိုပဲ မြင်နေရတာဆိုတော့ ခွဲရ ခက်တယ်။ အခုတော့ အရှင်လတ်လတ် မြင်ရ၊ ကြားရပြီ။

ချက်ချင်းဆိုသလို သူတို့ဆီကို အပြေးအလွှားသွားရင်း မြန်မာလိုပဲ နှုတ်ဆက်လိုက်မိတယ်။ မင်္ဂလာပါ။ ကျွန်တော် မြန်မာပြည်ကပါ ဆိုပြီး မိတ်ဆက် လိုက်မိတယ်။ အဲဒီ အချိန်မှာပဲ တွေ့ရတဲ့ ကောင်လေးနဲ့ ကောင်မလေးရဲ့ မျက်နှာတွေ ချက်ချင်း ပြောင်းကုန်ပြီး သူတို့ရဲ့ ပါးစပ်ကလည်း ထိုင်းလိုတွေ ထွက်လာပါတော့ တယ်။ သူတို့ပြောတဲ့ ထိုင်းစကားကိုလည်း ကိုယ်က နားမလည်တော့ မြန်မာလိုချည်း တွင်တွင်ချည်း ပြောနေ မိတယ်။ ကျွန်တော် ဘိုင်းယုတ်တာဝါကို သွားချင်လို့ပါ၊ ဘယ်လမ်းက သွားရမလဲပေါ့။ ဒါပေမဲ့လည်း သူတို့က ထိုင်းလိုချည်း တွင်တွင် ပြောနေပြန်တော့ စိတ်ထဲ ထောင်းခနဲ စိတ်တိုမိတယ်။ ခုနကတင် မြန်မာလို ပြောနေရင်းက ဘယ်နှယ့်ကြောင့် ထိုင်းလိုချည်း ပြောတာလဲပေါ့။ နောက်မှ ဖျတ်ခနဲဆိုပြီး စိတ်ထဲ ပေါ်လာတာက သူတို့ မပြောချင်တာလား၊ လုံခြုံရေး ကြောင့်လားပေါ့။ ဒါနဲ့ ဆောရီး ဆောရီးဆိုပြီး ပြန်ထွက်ခဲ့ရ တယ်။ စိတ်ထဲမှာတော့ သိပ်မကျေနပ် လိုက်မိဘူး။ ဘာလို့များ ဒီလို လုပ်တာလဲပေါ့။

ဒါနဲ့ စိတ်ထဲမှာ အဲဒီအဖြေကို ချက်ချင်း သိချင်တာနဲ့ ကိုယ့်ထက်အရင် ထိုင်းနိုင်ငံကို ၁၀ နှစ်လောက် စောရောက်နေတဲ့ အစ်ကိုတစ်ယောက်ကို ဖုန်းနဲ့ ဆက်သွယ်ပြီး ကိုယ်ကြုံခဲ့တာတွေကို ပြောပြလိုက်မိတယ်။ အဲဒီကျတော့မှ သူက ပသူးနန်းတာဝါဆိုတာ မြန်မာတွေ အများစု အလုပ်လုပ်ကြတယ်တဲ့။ တချို့ကတော့ တရားဝင် အလုပ်လုပ်တာ ဖြစ်ပေမယ့် တချို့ကျတော့လည်း တရားမဝင် တွေလေတဲ့။ ထပ်ပြောရရင် တရားမဝင်တွေက ပိုများတယ်။ တရားမဝင် အလုပ်သမားတွေကို ဖမ်းချင်တယ်ဆိုရင် ထိုင်းရဲတွေက ဒီနေရာကို လာတယ်၊ မြန်မာလို ပြောကြည့်လို့ ပြန်ပြောတယ်ဆိုရင် လက်မှတ်ကို တစ်ခါတည်း စစ်ကော။ ဒါမှမဟုတ်ရင် ထိုင်း နိုင်ငံတော်သီချင်း ဆိုခိုင်းတယ်။ ကောင်းကောင်းမွန်မွန် မဆိုနိုင်ရင် သက်သေခံကတ်ကို စစ်တော့တာတဲ့။ အဲဒီလို စစ်လို့မှ အထောက်အထား မပြနိုင်ရင် ဖမ်းတာလေတဲ့။ ဒီတော့ ငါ့ညီကို သူတို့က ထောက်လှမ်းရေး ထင်ပြီး မပြောတာ နေမှာပေါ့တဲ့။ သူပြောပြလိုက်တော့လည်း ကျွန်တော် မကျေလည် နေတဲ့ဟာ တွေက သြော်…ဟုတ်ပါလားဆိုပြီး မှတ်ထားလိုက်မိတယ်။

အခုတော့ ဆရာတင်မိုးရဲ့ ကဗျာလေး ဖတ်ရင်း အဲဒီမြင်ကွင်းတွေနဲ့ အတွေးစတွေက ပြန်ပေါ် လာခဲ့ပြန်ပါတယ်။ ထိုင်းနိုင်ငံမှာ ဒီလိုမျိုးမြန်မာတွေ (အထောက်အထားမဲ့) ဘယ်လောက်တောင် ရှိနေပြီလဲ၊ သူတို့ ဘယ်လို နေထိုင် နေကြရသလဲပေါ့။ ဒီလို နေထိုင်ရတဲ့ နေရာမှာကော အဆင်ပြေကြပါ့မလား ဆိုပြီး စိုးရိမ် ပူပန်စိတ်လည်း ဖြစ်မိတယ်။ ထိုင်းနိုင်ငံက သတင်းမီဒီယာတွေ ရေးသား ချက်အရဆိုရင် ထိုင်းနိုင်ငံမှာ မြန်မာ အလုပ်သမားတွေ သန်းနဲ့ချီ ရှိတယ်တဲ့လေ။ ဒီတော့ သူတို့တွေ ဘယ်လိုများ နေထိုင်နေကြသလဲ။

အချင်းချင်း မညီညွတ်လို့ အိမ်ကြက်ချင်းခွပ်ကြတဲ့ ကိစ္စမှာ ပြည်သူတွေက မြေဇာပင် ဖြစ်သင့်သလားပေါ့။ တိုင်းတစ်ပါးမှာ တစ်ပါးကျွန်ဖြစ်၊ အလကားနွံနစ်ပြီး ခါးက ထဘီကျွတ်ခဲ့တာမျိုးတွေ မဖြစ်ဖို့ ဘာလုပ်ဖို့ လိုနေပြီလဲဆိုတာ အဖြေရှာသင့်ပြီ ထင်ပါတယ်။ ပြည်ပကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို တရားဝင် ပြန်လာလို့ ရအောင် စီစဉ်မှာလား၊ သို့တည်း မဟုတ် အလုပ်အကိုင် အခွင့်အလမ်းတွေ များများ ဖန်တီးပြီး ပြန်လာချင်အောင် ဖန်တီးမှာလား၊ သို့တည်းမဟုတ် မငြိမ်းချမ်းတဲ့ ဒေသတွေမှာ ငြိမ်းချမ်းအောင် ဖန်တီးပေးမှာလား၊ ဒါတွေကိုတော့ ပြည်ပရောက် မြန်မာအလုပ်သမားတွေက စဉ်းစားနိုင်မှာ မဟုတ်ပါဘူး။ တကယ် စဉ်းစားသင့်သူကတော့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတွေဖြစ်လို့ ဒါကိုလည်း မမေ့သင့်ပါကြောင်း ပြောကြားလိုရင်းဖြင့် …။

– အောင်ထွန်းလင်း(မြန်မာ့သံတော်ဆင့်)

Subscribe Us