Saturday, July 05, 2014

မိုးခါရေမသောက်ဘဲ ဘယ်လောက်နေနိုင်မလဲ


မိုးခါးရေသောက်တဲ့ ပုံပြင်ကလေးကို ကြားဖူးမှာပါ။ ဟိုးရှေးရှေးတုန်းက ဘုရင် တစ်ပါးထံမှာ နက္ခတ်ဗေဒင်ပညာကို တစ်ဖက်ကမ်းခတ်တတ်မြောက်တဲ့ ပုရောဟိတ်ကြီးတစ်ပါး ခစားနေတယ်။ တစ်ညတော့ ပုရောဟိတ်ကြီးက ကောင်း ကင်က နက္ခတ်တွေကို ကြည့်ရင်း အင်မတန် ထူးခြားတဲ့ အခြေအနေတွေကို သတိထားမိတယ်။ ဘာအဓိပ္ပာယ်လဲ လို့ စဉ်းစားလိုက်တော့ “နောက်တစ်နေ့ မိုးမလင်းခင်မှာပဲ မိုးခါးကြီး ရွာလိမ့်မယ်၊ အဲဒီမိုးခါးရေကို သောက်မိသူတိုင်း သွက်သွက်ခါအောင် ရူးသွပ်သွားကြလိမ့်မယ်” လို့ သူ့ရဲ့ ပညာစွမ်းနဲ့ သိမြင်ပါသတဲ့။ အဲဒီ အကြောင်းကို အရေးတကြီး ညတွင်းချင်းပဲ ဘုရင်ကြီးထံ အခစားဝင်ပြီး လျှောက်တင်ပါတယ်။ ဒါပေမဲ့ လိပ်ပတ်လည်အောင် အရှည် ကြီး လျှောက်တင်ရတာမို့ လျှောက်တင်နေတုန်းမှာပဲ မိုးခါးကြီးရွာပါလေရော။ ဘုရင်ကြီးနဲ့ ပုရောဟိတ်ကြီးလည်း အခြားသူတွေကို သတိပေးဖို့ အချိန်မရတော့ ဘူး။ သူတို့ နှစ်ဦးပဲ မိုးခါးရေကို မသောက်ဘဲ အရင်က သိုလှောင်ထားတဲ့ သောက်ရေတွေကို သောက်ပြီး နေကြတယ်။ နန်းတွင်း သူ နန်းတွင်းသားတွေနဲ့ တိုင်းသူပြည်သားအားလုံးကတော့ မိုးခါးရေကို ခံပြီး သောက်ကြတယ်။ အားလုံးသွက်သွက်ခါအောင် ရူးသွပ်သွားကြပါသတဲ့။


အဲဒီမှာတင် ပြဿနာတွေ စတော့တာပဲ။ ရူးနေတဲ့ နန်းတွင်းသူ နန်းတွင်း သားတွေနဲ့ တိုင်းသူပြည်သားတွေက မရူးဘဲကျန်နေတဲ့ ဘုရင်ကြီးနဲ့ ပုရော ဟိတ်ကြီးကို အရူးနှစ်ယောက်လို့ စွပ်စွဲကြတယ်။ အမျိုးမျိုး လည်း ရန်လုပ်ကြ တယ်။ တိုင်းပြည်ကလည်း ဘယ်လိုမှ အုပ်ချုပ်လို့ မရတော့ဘူး။ သိပ်မကြာ လိုက်ပါဘူး။ တစ်ရက်နှစ်ရက် အတွင်းမှာပဲ ပုရောဟိတ်ကြီးက ဘုရင်ကြီးကို အကြံပေးတယ်။ “အရှင်ဘုရား၊ နန်းတော်တစ်ခုလုံးရော တစ်ပြည်လုံးရော ရူးနေပြီမို့ ကျွန်တော်မျိုးတို့ နှစ်ဦးလည်း ရူးနေမှ တန်ကာကျမယ်၊ မိုးခါးရေကို အရှင်မင်းကြီးရော၊ ကျွန်တော်မျိုးရော သောက်ကြပါစို့လားဘုရား” တဲ့။

ဒီပုံပြင်ကလေးဟာ ပုံပြင်ကလေးအနေနဲ့တော့ အချို့လူတွေအတွက် ရယ်စရာကောင်းမှာပဲ။ အချို့လူတွေကတော့ ကြံကြံဖန်ဖန် ပြောတယ်လို့ ထင်မှာ ပဲ။ ဒါပေမဲ့ တကယ်လက်တွေ့ဘဝမှာ အခြေခံအယူအဆ မတူသူတွေ မလွှဲ မရှောင်သာစုမိကြတဲ့အခါ လူနည်းစုအဖို့ အင်မတန် ဒုက္ခရောက်တယ် ဆိုတာကို ကိုယ်တွေ့ကြုံဖူးမှ သိနိုင်ပါတယ်။ ဥပမာ မိသားစုတစ်စုမှာ အိမ်ထောင်ဦးစီး ဖခင်ဖြစ်သူက အလှူဒါနပြု ရာမှာ အင်မတန် ရက်ရောပြီး ကျန်တဲ့ မိခင်ဖြစ်သူရော၊ သားသမီး တွေရောက လှူဖို့တန်းဖို့သိပ်ကြီး စိတ်အားမထက်သန်ဘူးဆိုပါတော့။ ဘာဖြစ်လာနိုင်မယ် ထင်သလဲ။ အိမ်ထောင်ဦးစီး ဖခင်ဖြစ်သူက သူ အလုပ်လုပ် ပြီး ရှာဖွေလို့ ရလာတဲ့ငွေနဲ့ သူလှူတာ ဆိုဦးတော့ ဇနီး သားသမီးတွေက မကြည်ဖြူဘူးဆိုရင် အဲဒီအိမ်ထောင် မသာယာနိုင်ပါဘူး။ လှူရာတန်းရာမှာ စိတ်မတူတာ တစ်ခုတည်းကို အကြောင်းပြုပြီး ဆင့်ပွားပြဿနာမျိုးစုံ ပေါ်လာ တတ်တယ်။ တစ်နေ့တစ်ခြား အခြေအနေတွေ တင်းမာလာတတ်တယ်။ မကျေနပ်ချက်တွေ ကိုယ်စီနဲ့ မိသားစုဝင် အားလုံးစိတ်မချမ်းမသာ ဖြစ်နေ ကြရတတ်တယ်။

အလုပ်ထဲမှာလည်း ဒီအတိုင်းပါပဲ။ ဆရာမွေး တပည့်မွေးပြီးသူ့ အုပ်စု၊ ကိုယ့်အုပ်စုနဲ့ နေကြတဲ့ လုပ်ငန်းခွင်ထဲကို အုပ်စု မဖွဲ့တတ်တဲ့၊ ဖွဲ့လည်းမဖွဲ့ ချင်တဲ့ လူတစ်ယောက် ရောက်သွားတယ်ဆိုရင် အဲဒီလူဟာ ဘယ်လောက် ပဲ တော်တော်၊ ဘယ်လောက်ပဲ လုပ်ရည်ကိုင်ရည်ရှိရှိ၊ ဘယ်လောက်ပဲ အဆက် အသွယ်ကောင်းကောင်း စိတ်ချမ်းသာဖို့ မလွယ်ပါဘူး။ စိတ်ချမ်းသာစရာ မလိုဘူး၊ အဆုံးအစမရှိ ရင့်ကျက်သူ ဖြစ်လို့ ကိုယ့်စိတ်ကိုကိုယ် လုံးဝနိုင်နင်းပြီး အလုပ် ပြီးမြောက် အောင်မြင်ဖို့ တစ်ခုပဲ အာရုံစူးစိုက်ပြီး မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ထားနဲ့ ကြိုးစားကြည့်မယ် ဆိုရင်လည်း အဲဒီလူတော်ဟာ အကြီးအကဲနေရာ မှာ နေရမယ် ဆိုရင်တောင် မလွယ်ပါဘူးလို့ ပြောချင်ပါတယ်။ တစ်ပြည်လုံး ရူးနေချိန်မှာ ဘုရင်ကြီးနဲ့ ပုရောဟိတ်ကြီး နှစ်ပါးပဲ မရူးဘဲ ကျန်နေပြီး တိုင်းပြည်ကို အုပ်ချုပ်ဖို့ ကြိုးစားသလို ဖြစ်သွားပါလိမ့်မယ်။ ခံနိုင်လှ တစ်လနှစ်လပေါ့။ အကြီး အကဲမဟုတ်တဲ့ အခြားနေရာမှာ ဆိုရင်တော့ မပြောပါနဲ့တော့။ အရှင်လတ်လတ် ငရဲရောက်သလို ဖြစ်သွားအောင် အထက်၊ အောက်၊ တန်းတူတွေက လုပ်ပြပါ လိမ့်မယ်။

ဒီလိုပြောလို့ အဲဒီအလုပ်ခွင်က လူတွေဟာ စိတ်ထား ကောက်ကျစ် ယုတ်မာသူတွေ၊ ရက်စက်တတ်သူတွေ၊ လူမဆန်သူတွေလို့ ဆိုလိုတာ မဟုတ်ပါ ဘူး။ သာမန် ဖြစ်ရိုးဖြစ်စဉ်ကိုသာ ပြောတာ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ မာကျောတဲ့ ကျောက်တုံးကျောက်ခဲဖြစ်ပါစေ မပြတ်စီးဆင်း သွားတဲ့ ရေနဲ့တွေ့ရင် အချိန်တန်တော့ လုံးဝန်းချောမွတ်သွားရသလို အလုပ်ခွင်တို့ ရပ်ရွာတို့ မိသားစုတို့ စသည်ဖြင့် လူတွေ စုနေကြတဲ့ အုပ်စုတွေဟာ အနည်းစု အယူအဆတွေ စိတ်ထားတွေ တန်ဖိုးတွေ အမူအကျင့်တွေကို ဘယ်လောက်ပဲ အရိုးစွဲလောက်အောင်ခိုင်မြဲမာ ကျောနေပါစေ အချိန်တန်တော့ ပြေပြစ်ချောမွေ့ ပြီး အများစုနဲ့ သဟဇာတဖြစ်အောင် ပြုပြင်သွားနိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ လူတွေဆိုတာ အနည်းစုကလည်း ကျောက်သားလို မမာကျော၊ အများစုက လည်း ရေလို မပျော့ပျောင်းတဲ့အတွက် အများစုနဲ့ အနည်းစုကြား မပြတ် တင်းမာမှု ပွတ်တိုက်မှုတွေ ဖြစ်နေတဲ့အခါ ကျောက်ဆောင်ကျောက်သား ကြားက ရေဖြတ်စီးသလို သာယာမှာတော့ မဟုတ်ဘူးဆိုတာ သတိပြုရမှာဖြစ်ပါ တယ်။

အလုပ်ထဲမှာ အုပ်စုဖွဲ့တတ်တာမှ မဟုတ်ပါဘူး၊ အခြား ဘယ်လို အမူ အကျင့်မျိုးမဆို မတူညီသူတွေနဲ့ ကြုံတွေ့နေရပြီး ကိုယ်က လူနည်းစု ဖြစ်နေပြီ ဆိုရင် မိုးခါးရေ မသောက်ဘဲ ဘယ်လောက်နေနိုင်မလဲဆိုတာ ပကတိ အခြေ အနေကို နားလည်ဖို့လိုပါတယ်။ နောက်ပြီး လူများစုနဲ့ ထိပ်တိုက်တွေ့လိုက်၊ ကိုယ့်ဘက်က နည်းနည်း လျှော့ပေးလိုက်နဲ့ ကိုယ့်ရဲ့ တန်ဖိုးတွေ၊ အရည် အချင်းတွေ၊ ထူးခြားချက်တွေ ပျောက်ဆုံးကုန်ပါပြီလို့ ဝမ်းနည်းမိတဲ့ အချိန်တွေ မှာလည်း မြစ်ထဲက ကျောက်တုံး ကျောက်ခဲ တွေဟာ အချွန်အတက်တွေ မရှိတော့ဘဲ လုံးဝန်းနေလို့ တစ်မျိုး လှတာ ပဲ ဆိုတာကို သတိရသင့်ပါတယ်။


ဆရာသုတ
JOB seekers Journal Vol.2,No.52

Subscribe Us