Wednesday, March 19, 2014

ပြိတ္တာတို့၏ အကျွတ်အလွတ်ပွဲ (ပေတ ဥဒ္ဒိဿဒါန)


မင်းကွန်း တိပိဋက ဆရာတော်ကြီး ဦးဆောင်ကျင်းပသော ပြိတ္တာတို့၏ အကျွတ် အလွတ်ပွဲ (ပေတ ဥဒ ္ဒိဿ ဒါန)ကို ဗန်းမော်ဆရာတော်ကြီးကိုယ်တိုင် ပါဝင်ဖူးသည်။ ထို့ အပြင် ယခု ပျံလွန်တော်မူသွား ကြပြီဖြစ်သော တိပိဋက ဆရာတော်များနှင့် ဆရာ တော်ကြီး အတော်များများ ကြွရောက် ချီးမြှင့် ကြကြောင်းလည်း မိန့်ကြားသည်။


          အကျွတ်အလွတ်ပွဲပြုလုပ်သော ကာလမှာ သီတင်းကျွတ် လပြည့်ကျော်တစ်ရက်၊ နံနက် ခုနစ်နာရီ တွင် နှစ်စဉ် အချိန်မပြောင်းဘဲ တိတိကျကျ ပြုလုပ်သည်။ ထိုအကျွတ် အလွတ်ပွဲကို ဦးဆောင်ကြသော လူပုဂ္ဂိုလ် များမှာ သံမဏိ ဦးမောင်မောင်နှင့် နိုင်ငံ့ဂုဏ် ရည် ဦးသူတို့က ဦးဆောင်ကြသည်။ ကြံတော သုသာန် ၌ ပင် ပေတဥဒ္ဒိဿဒါန(တစ္ဆေစာ)ကို အိုးကြီးအိုးငယ်တွေနှင့် ချက်ပြုတ်ကြသည်။




          ဦးမောင်မောင်မှာ အင်္ဂလိပ်တို့ အုပ်ချုပ်ရေး ခေတ်ကာလ တစ်လျှောက် ကျောင်း သားအရွယ်ကပင်  အင်္ဂလိပ်အစိုးရကို တော်လှန်လာသူ၊ သံမဏိဘွဲ့ရလာသူ ဖြစ်သည်။ ထို့နောက်တွင် မင်းကွန်း ဆရာတော်ကြီးနှင့်တွေ့ကာ ဆရာတော်၏ အဆုံးအမ၌ တည် လာသူ ဖြစ်သည်။

          မင်းကွန်း တိပိဋက ဆရာတော်က ကြံတောသုသာန်၌ အကျွတ်အလွတ်ပွဲ ပြုလုပ် ခြင်းမှာ ရန်ကုန်မြို့ ၏  အဓိက သုသာန်ကြီးဖြစ်သဖြင့် မကျွတ်မလွတ်သူများလည်း အများ အပြားပင် ရှိနေကြ၍ ဖြစ်ပေမည်။

          စာရေးသူမှာ ကမာရွတ်မြို့နယ် လှည်းတန်း၌နေသူဖြစ်ရာ နာနတ်တော၊ ခြောက် ပင်ခံ၊ ကွမ်းခြံမှ သည် စာရေးသူတို့ နေသော စပယ်ခြံရှိ ကြံတောသုသာန်နှင့် နီးသော အရပ်များက လူကြီးသူမများသည် ယခုအထိ ကြံတောသုသာန်က တစ္ဆေ၊ သရဲ၊ မှင်စာ၊ ကျတ်၊ ပေတများအကြောင်းကို အခွင့်အခါသင် လျှင် ပြောကြားတတ် ကြမြဲ ဖြစ်သည်။



          ကြံတောသုသာန်ကို သက်ဆိုင်ရာက ရေဝေး၊ရွှေတကောနှင့် ထိန်ပင်ကို ပြောင်းရာ၌လည်း သရဲ တစ္ဆေကို ကားအစီးပေါင်း မည်ရွေ့မည်မျှ တိုက်ယူရသည်။ သရဲ တစ္ဆေတွေ များလွန်း၍ ကားမထွက်နိုင် ဖြစ် ကာ ပြန်ဆင်းခိုင်းရကြောင်း၊ နောက်ကားနှင့် ပို့မည်ဖြစ် ကြောင်း ပြောရသလို အလည်လွန်နေ၍ သူများ

တွေ ပြောင်းသွားကြသည်ကို မသိလိုက် သဖြင့် ကြံတော၌ပင် တစ္ဆေတစ်ကောင် ကျန်နေခဲ့ရာ ညညကျ လျှင် ထိုတစ္ဆေ မည်သို့ ငိုနေပုံ၊ မည်သို့ ခြောက်လှန့်ပုံတို့ကိုလည်း ရယ်စရာအဖြစ်  ပြောကြားနေကြ သည် ကို ကြားခဲ့ရသည်။


          ဤသို့ သုသာန်ပြောင်းသည့်ကိစ္စနှင့် ပတ်သက်၍ သီတဂူဆရာတော်ကလည်း “သီတဂူ၏ ဘဝပုံရိပ်  တစ်စိတ်တစ်ဒေသ”စာအုပ်တွင် ယခု သီတဂူ အာယုဒါန ဆေးရုံ ဆောက်လုပ်ရန် ကိစ္စနှင့် ပတ်သက် ၍ အောက်ပါအတိုင်း ရေးသားထားသည်။


          “ဆွမ်းဦးပုညရှင် အနောက်ဘက် ဆူးချုံတောတွေနဲ့ မြေရိုင်းကြီးကို ရှင်းလင်းတဲ့ အခါ နာနတ်တော သုသာန်ကလေးကို ထုလိုက်၊ ဖြိုလိုက်၊ ဖျက်လိုက် လုပ်ရပါတယ်။ ရုပ် အလောင်း မြှုပ်နှံထားတဲ့ အုပ်ဂူပေါင်း (၃၇)ဂူက အရိုးတွေကို တူးပြီး မီးရှို့ပစ်လိုက်ရပါ တယ်။


            အချို့အုတ်ဂူတွေထဲမှာ ပုပ်သိုးနေတဲ့ ရုပ်အလောင်းကောင်များကို တွေ့ရတယ်။ ရှင်းလင်းနေ ဆဲ မြေလွတ်ကြီးမှာ တဲထိုးလို့ နေကြရတယ်။ အလုပ်သမားတွေ၊ အင်ဂျင် နီယာတွေနဲ့ ဘုန်းကြီးတို့ တစ်တွေဟာ ညကျရင် အလှည့်နဲ့ အိပ်ပြီးတော့ သတိထား နေကြရတယ်။ တချို့အလုပ် သမားတွေ ကို ခေါင်းလာမ,တယ်။ တချို့ အလုပ်သမား တွေကို ခြေထောက်ကနေ အိပ်ရာပေါ်က ဆွဲချတယ်။ တစ်ခါ တစ်ခါ တဲအမိုးပေါ်ခဲတွေ ကျလာတယ်။


            သြဝါဒါစရိယ ပထမဂန္ဓာရုံဆရာတော်က သံဃာဆွမ်းကပ်၊ ပရိက္ခရာရှစ်ပါးလှူ၊ အမျှဝေ၊ ပရိတ် ရွတ်၊ အမိန့်တော်ပြန် လုပ်ရမယ်လို့ သြဝါဒပေးတဲ့အတွက် ထိုသြဝါဒ အတိုင်း အားလုံးလိုက်လုပ်ကြတယ်။ အမျှဝေ အမိန့်တော်ပြန်ပြီးတဲ့ ညနေခင်းမှာ တီအီး အလဲဗင်း အမိုးဖွင့်ကားကြီးကို အဆင်သင့်ပြင် ထားပြီး“လာကြဟေ့၊ တက်ကြဟေ့၊ မင်းတို့ကို အိမ်ပြောင်းပေးမယ်”လို့ ဖိတ်ခေါ်ပြီး



အသစ်လုပ်ထားပြီး ဖြစ်တဲ့ သုသာန်ဇရပ်နဲ့ သုသာန်အသစ်ဆီသို့ မောင်းသွားပြီး အားလုံးကို ပို့လိုက်တယ်။ တက်ပြီးလိုက်ပါလာကြတာ တစ်ယောက်ကိုမျှ မမြင်ရပေမယ့် မော်တော်ကား ကြီးရဲ့ တာယာကတော့ ပြားနေတာပဲ။ အဲဒီညရဲ့ နောက်ပိုင်းမှာတော့ ဆေးရုံမြေ ကွက်ကြီးထဲ အားလုံး အေးချမ်းစွာ အိပ်ကြရတယ်။”  ဟု ရေးသားဖော်ပြထားလေ၏။


ဤသို့ သီတဂူဆရာတော်ကြီး၏ ကိုယ်တွေ့ဖြစ်ရပ်ကို ဖတ်ရှုရခြင်းအားဖြင့် ပေတ(ပြိတ္တာ)တို့သည် သုသာန်၌ အနေများကြသည်မှာ ထင်ရှားလေ၏။ ထို့ကြောင့် ဘဝနတ် ထံ ပျံလွန်တော်မူပြီဖြစ်သော တိပိဋက ဆရာတော်ကလည်း ပေတဥဒ္ဒိဿဒါန (အကျွတ်အလွတ်ပွဲ)ကို ရန်ကုန်မြို့ရှိ ကြံတောသုသာန်၌ ၁၉၈၃ ခုနှစ်မှ ၁၉၈၇ ခုနှစ်ထိ နှစ်စဉ် နှစ်တိုင်း လုပ်ခဲ့ခြင်း ဖြစ်သည်။


ပေတ(ပြိတ္တာ)ဆိုသည်မှာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသော အပါယ်လေးဘုံ၌ ပါဝင်သည်။ လူတို့ ပြောနေကြသော သရဲ၊ တစ္ဆေ၊ မှင်စာ၊ သဘက်၊ ဖုတ်၊ ကျတ်၊ ဥစ္စာစောင့်၊ ရုက္ခစိုး၊ စုန်း၊ ဘီလူး စသည်တို့မှာ အားလုံး ပေတခေါ် ပြိတ္တာ များ ဖြစ်ကြသည်။ ပြိတ္တာတို့၏ဘုံသည် ငရဲကြီးရှစ်ထပ် တို့အထက် လူ့ပတ်ဝန်းကျင်၌ ရှိ၏။ ယင်းတို့နေရာဘုံမှာ တော၊ တောင်၊ မြစ်၊ ချောင်း၊ သုသာန်၊ သစ်ပင်၊ လိုဏ်ခေါင်း ၊ ကျောင်းပျက် အိမ်အို၊ ဥယျာဉ် စသည်တို့၌ နေထိုင်ကြသည်။ လူတို့သည် သေလွန်ပြီးနောက် ပြိတ္တာ ဖြစ်ကြ ရခြင်းအကြောင်းမှာ လူ့ဘဝ လူ့ လောက၌ အကြင်သူတို့ သည် -

·         ဥစ္စာစွဲ၊ သားမယားစွဲတို့ဖြင့် သေလွန်သူများ။
·         ငြူစူခြင်း၊ ဝန်တို မစ္ဆရိယနှင့် သေလွန်သူမျာ။၊
·         မိမိကိုယ်တိုင် ပေးကမ်းလှူဒါန်းခြင်း မရှိသူများ။
·         သူတစ်ပါးတို့ ပေးကမ်းလှူဒါန်းသည်ကို တားမြစ်အန္တရာယ်ပြုသူများ။ ထိုသူတို့သည် ပြိတ္တာဘုံ၌ ဖြစ်ကြရလေသည်။


ပြိတ္တာဘုံသို့ ကျရောက်သွားသူတို့မှ အမြဲမပြတ် အစာရေစာငတ်ပြတ်၍ နေနေကြ ရသည်။ သူတို့၏ အကုသိုလ် ဂရုံကံ၊ လဟုကံကို လိုက်၍ အနှစ်တစ်ရာ၊ အနှစ်တစ် ထောင်၊ အနှစ်တစ်သောင်း၊ အနှစ်တစ်သိန်းတို့ ကာလပတ်လုံးလည်းကောင်း၊ ဘုရားတစ် ဆူနှင့် တစ်ဆူကြား၊ ဘုရားတစ်ဆူ၊ နှစ်ဆူ၊ သုံးဆူကြား၊ လေးဆူကြား စသည်ဖြင့် အကုသိုလ်ကံ၏ အလေးအပေါ့ပေါ်တွင် ဝဋ်ခံကြရသည်။

ပြိတ္တာဘုံတို့သည် အမျိုးအစားအားဖြင့် များစွာ ရှိကုန်ကြသည်။

၁။ စန္တတ ပြိတ္တာ = သူတစ်ပါးစွန့်ထားသော တံတွေး၊ နှပ်၊ အန်ဖတ်တို့ကို စားရ သော ပြိတ္တာမျိုး။

၂။ ကုဏပါသ ပြိတ္တာ = မြွေ၊ ခွေး၊ လူသေ စသော အကောင်ပုပ်များကို စားရသော ပြိတ္တာမျိုး။

၃။ ဂုတခါဒက ပြိတ္တာ = လူ့မစင် စားရသော ပြိတ္တာမျိုး။

၄။ အဂ္ဂိဇာလမုခ ပြိတ္တာ = အစားမစားရဘဲ ပါးစပ်မှ မီးလျှံထွက်နေသော ပြိတ္တာ မျိုး။

၅။ သုစိမုခ ပြိတ္တာ = ခန္ဓာကိုယ်ကြီးပြီး ပါးစပ်က အပ်နဖားပေါက်မျှရှိကာ အစား အစာများကို ပါးစပ်က မသွင်းနိုင်၊ နားပေါက်၊ နှာခေါင်းပေါက်က သွင်း၍ စားရသော ပြိတ္တာ မျိုး။

၆။ တဏှာဋိက ပြိတ္တ = ရေမသောက်ရသော ပြိတ္တာမျိုး။ ရေတွေ့သော်လည်း ရေများမရှိတော့ဘဲ ရေများက သွေး၊ ပြည်၊ ကျင်ကြီးတွေ ဖြစ်သွားရသည့် ပြိတ္တာမျိုး။

၇။  သုနိဇ္ဈာမက ပြိတ္တာ = မီးလောင်ထားသော သစ်ငုတ်နှင့်တူပြီး ကြုံလှီပိန်ကပ် ကာ အရိုးပြိုင်းပြိုင်းနှင့် အဝတ်မရှိ ကိုယ်တုံးလုံးနေရသည်။ အနံ့အသက် အလွန်ဆိုး သည့်အပြင် ခြေခွင် လက်ခွင်နှင့် မျက်လုံးအစုံက အပြင်သို့ ပြူးထွက်နေသည်။ ထမင်းဆာခြင်း၊ ရေငတ်ခြင်းဒဏ်ကို အပြင်း အထန် ခံစားနေရသော ပြိတ္တာမျိုး။

၈။ သတ္တင်္ဂ ပြိတ္တာ = လက်သည်း ခြေသည်းတို့က ဓားလှံလို ချွန်ထက်နေပြီး မိမိ ၏ အသားကို ဖဲ့စားနေရသော ပြိတ္တာမျိုး။

၉။  ပဗ္ဗတင်္ဂ ပြိတ္တာ = ကိုယ်ခန္ဓာမှာ တောင်လောက်ရှိပြီး ဇီးကွက်မျက်နှာနှင့် ကိုယ်ခန္ဓာမှ အခိုးအလျှံတွေ အမြဲထွက်ကာ တစ်ကိုယ်လုံး မီးလောင်ကျွမ်းခံ နေရသော ပြိတ္တာမျိုး။

၁၀။  အဇဂရ ပြိတ္တာ = စပါးကြီးမြွေနှင့်တူသော ခန္ဓာရှိပြီး ညအခါ တပြောင် ပြောင် တောက်လောင်နေသော ကိုယ်ခန္ဓာနှင့် သွားလာလှည့်ပတ်နေပြီး နေ့အခါ ဆင်းရဲအမျိုးမျိုး ခံစားနေရသော ပြိတ္တာမျိုး။

၁၁။ ခုပ္ပိပါသိက ပြိတ္တာ = ထမင်းငတ် ရေငတ် အမြဲခံနေရသော ပြိတ္တာမျိုး။

၁၂။ နိဇ္ဈာမတဏှိက ပြိတ္တာ = ပါးစပ်မှ မီးလျှံတပြောင်ပြောင် ထွက်နေပြီး ရေဆာ ထမင်းဆာ ဒုက္ခကို အမြဲခံနေရသော ပြိတ္တာမျိုး။

၁၃။ ပရဒတ္တူပ ပြိတ္တာ = မိမိအစွမ်းအစနဲ့ ဘာမှ မစားရဘဲ လူ့ပြည်က ဆွေမျိုး တွေ ကုသိုလ်ပေး အမျှအတန်းဝေမှ စားရသောက်ရ အသက်ရှည်ရသော ပြိတ္တာမျိုး။

၁၄။ ကာလကဉ္စိက ပြိတ္တာ = ကိုယ်ခန္ဓာ သုံးဂါဝုတ်ရှိပြီး အသားအသွေးနည်း ကာ သစ်ရွက်ခြောက်လို အရိုးကျဲခြင်း၊ အပ်နဖားပေါက်လောက်သာ ပါးစပ်ပေါက်ရှိခြင်း၊ စားသောက်ရသောအခါ စောက်ထိုးမိုးမျှော်ပြုပြီးမှ စားသောက်ရသော ပြိတ္တာမျိုး။

၁၅။ ဝေမာနိက ပြိတ္တာ= နေ့ခံ ညစံ ပြိတ္တာမျိုး။ နေ့အခါ ငရဲထိန်း အလုပ်လုပ်ရပြီး ငရဲခွေးတို့ ကိုက်ခြင်းကို ခံရခြင်း၊ ဓားလှံလှီးဖြတ်တာ ခံရခြင်း၊ ညအခါကျမှ နတ်ကဲ့သို့ စည်းစိမ်ခံစားရသော ပြိတ္တာမျိုး။

၁၆။ မဟိန္ဓိက ပြိတ္တာ = ဝေမာနိက ပြိတ္တာမျိုးတွင် ပါဝင်၍ ငရဲပြည်မှာ ယမမင်း သွားလုပ်ရသည်။ အဆင်းလှသည်။ စည်းစိမ်ကြီးသည်၊ သို့သော် စားသောက်ချင်တိုင်း မစားရ။ တစ်ခါတစ်ရံမှ စားသောက်ရသည်။ တောင့်တမှု အာသာ ဆန္ဒပြင်းပြသော ပြိတ္တာမျိုး။

စသည်ဖြင့် မိမိပြုခဲ့သော အကုသိုလ်ကံအလိုက် ခံစားနေသော ပြိတ္တာတို့သည် များပြားစွာ ရှိကြကုန် သည်။

အပ်သွားလို အမွေးရှိသော ပြိတ္တာ၊

မိကျောင်းရေလို ကိုယ်ရေရှိသော ပြိတ္တာ၊

လက်သည်းခြေသည်း ရှည်သော ပြိတ္တာ၊

ခြေတစ်ချောင်းသာရှိသော ပြိတ္တာ၊

မျက်စိတစ်လုံးသာ ရှိသော ပြိတ္တာ၊

မျက်စိများစွာရှိသော ပြိတ္တာ၊

ပါးစပ်၊ မျက်စိ၊ နှာခေါင်းတို့သည် ရင်ဘတ်၌သာ တည်ရှိသော ပြိတ္တာ - စသည်ဖြင့်လည်း ရှိသေးသည်။ 




ထိုသို့ ပြိတ္တာအမျိုးမျိုး ရှိကြရာတွင် မိမိတို့ အစာအာဟာရအလို့ငှာ လူတစ်ဦး တစ်ယောက်ကို ပူးဝင် ကာ
 တောင်းဆို စားသောက်ရသော ပြိတ္တာမျိုးတို့လည်း ရှိသေးသည်။အနံ့ခံရုံနှင့် အာဟာရ ပြည့်ဝသွားသော ပြိတ္တာမျိုး၊ ချက်ကြော်ပြီးသော အာဟာရ ကိုမှ ကြိုက်တတ်သော ပြိတ္တာမျိုး၊ အစိမ်းလိုက် စားရမှ တင်းတိမ်သော ပြိတ္တာမျိုး၊ အရှင်လတ်လတ်ကိုမှ ကျွတ်ကျွတ်မြည်အောင် ဝါးစား တတ်သော ပြိတ္တာမျိုး။

ပေတ (ပြိတ္တာ)တို့ ဖြစ်ကြကုန်သော တစ္ဆေ၊ သူရဲ၊ မှင်စာ၊ သဘက်၊ ဘီလူး၊ ရုက္ခစိုး၊ ကျတ် စသည့် ပြိတ္တာ တို့က လူတို့အား ခြောက်လှန့်တတ်သော အခြင်းအရာတို့မှာလည်း အမျိုးမျိုး ရှိလေသည်။

အခြောက်ခံရသူ ကံနိမ့်နေ၍ အခြောက်ခံရခြင်း၊

နောက်ပြောင် ကျီစယ်လို၍ ခြောက်ခြင်း၊

ချစ်ခင်၍ ခြောက်ခြင်း၊ အမျှအတန်းပေးဝေမှုကို ရလို၍ ခြောက်ခြင်း၊

စားသောက်လို၍ ခြောက်ခြင်း၊ ဥစ္စာပေးလို၍ ခြောက်ခြင်း၊

မှာထားလို၍ ခြောက်ခြင်း၊ နှုတ်ဆက်လို၍ ခြောက်ခြင်း၊

သားမယားတို့ကို စွဲလမ်းခင်မင်၍ ခြောက်ခြင်း၊

ဘုရားသံ တရားသံကို ကြားနေရ၍ ရွတ်ဖတ်သရဇ္ဈာယ်သည်ကို မလိုလား မနှစ်ခြိုက်ခြင်း -

စသည်တို့ကြောင့် ခြောက်လှန့်ခြင်းတို့လည်း ရှိသည်။


အမှန်မှာမူ ပြိတ္တာတို့က ခြောက်သည်မဟုတ်၊ သူတို့ဆန္ဒကို လူတို့အား ပြောပြလို ၍၊ အကူအညီ တောင်း လို၍ ကိုယ်ထင်ပြရာ သူတို့၏ အကုသိုလ်ကံကြောင့် သူတို့၏ အတ္တဘော ကိုယ်ခန္ဓာသည် ကြောက်လန့် ဖွယ် ရွံရှာဖွယ် ရှိနေသည်။ ထိုသို့သော သူတို့၏ အတ္တဘောကို လူတို့က ရုတ်တရက် မြင်ကြရသောအခါ လန့်ဖျပ်ကြောက်ရွံ့ ကုန်ကြသည်။ ဤသည်ကိုပင် တစ္ဆေခြောက်သည်ဟု လူတို့ ပြောကြသည်။


အခြောက်ခံရသူ အချို့က ပြောပြကြသည်မှာ ခေါင်းက ပုတ်လောက်၊ မျက်လုံး ကြီး နှစ်လုံးက လင်းကွင်း

လောက် တစ်ကိုယ်လုံးတွင် အမွေးစုတ်ဖွား အရှည်ကြီးနှင့် စသည်ဖြင့် သူတို့ မြင်ရာကို သူတို့ ပြောကြ သည်။ သူတို့မြင်သလိုပင် ထိုထိုသို့သော ရုပ်ဆင်းသဏ္ဌာန်ရှိကြသည့် ပေတများကား အများအပြားပင်။

အမှန်က လူတို့ တွေ့မြင်ရသော ထိုအတ္တဘော ကိုယ်ခန္ဓာသည် သူတို့၏ အကုသိုလ်ကံကြောင့် အမှန် တကယ်ဖြစ်နေ၊ ခံစားနေရသော ကိုယ်ခန္ဓာပင် ဖြစ်သည်။ လူတို့ကြောက်အောင် တမင်လုပ်ကြံ၍ ပြခြင်း မဟုတ်ပေ။ ပြိတ္တာတို့မှာ အမှန်တကယ် အလွန်သနားစရာကောင်းသော သတ္တဝါများ ဖြစ်ကြပေသည်။

ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူအပ်သော ပေတဝတ္ထုကား များစွာ ရှိပေသည်။ ဗုဒ္ဓဘုရားရှင် လက်ထက်တော်အခါက ရဟန်းတော်များသည်လည်း ပေတများစွာကို ကိုယ်တိုင်မြင်တွေ့ ကြရကြောင်း   ပေတ ဝတ္ထုတော်မျာ၌ ုပါရှိလေသည်။


ဥပမာအားဖြင့် ဂဏပေတ ဝတ္ထု၌ ဘုရားရှင် ဇေတဝန်ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် အရှင်မောဂ္ဂလာန် မထေရ်မြတ်သည် သာဝတ္ထိပြည်သို့ ဆွမ်းခံကြွ တော်မူလေရာ အဝတ်မပါ ဗလာကိုယ် ချည်းနှင့် ရုပ်ရည်မလှ ပိန်ချုံးကျကာ အကြော ပြိုင်းပြိုင်းထနေသော ပြိတ္တာများကို တွေ့၍ သူတို့၏ အကုသိုလ် ကံများကို မေးမြန်ကာ ဘုရားရှင်အား လျှောက်ထားသဖြင့် ဘုရားရှင်က တရားနာ ပရိသတ် တို့အား ဟောကြား တော်မူလေ သည်။


တစ်ခါကလည်း ကာလကဉ္စိက ပြိတ္တာကြီးသည် ရေငတ်လွန်း၍ အနက် တစ်ယူဇနာရှိသော မဟာဂင်္ဂါ   မြစ်ကြီး ထဲသို့ ရေသောက်ဆင်းသွားသည်။ ပြိတ္တာကြီး ရောက်သော် ဂင်္ဂါမြစ်ရေသည် ခန်းခြောက်ကုန်၏။ အခိုးအလျှံတွေထွက်ပြီး မြစ်ကြီး၏ အောက် ကျောက်ပြားကြီးသာ တွေ့ရသည်။ ပြိတ္တာကြီးကား ရေစီးသံကို ကြားနေရ၏။ သို့အတွက် ရေကို ဆက်လက်ရှာဖွေသည်။


ဤသို့နှင့် နံနက်အရုဏ်ကျင်းလာသည်။ ရေကိုကား ရှာမတွေ့သေး။ ထိုအချိန် မှာပင် နံနက်၌ သံဃာ အပါးသုံးဆယ်တို့သည် အရုဏ်ဆွမ်းအလို့ငှာ ထွက်ကြွလာသည်။ ထိုအခါ ရေလိုက်ရှာနေသော ပြိတ္တာကြီးနှင့် ဆုံမိကြ၏။


ရဟန်းများက ပြိတ္တာကြီးကို မေး၏။

“ပြိတ္တာကြီး၊ မဟာဂင်္ဂါမြစ်ကြီးထဲမှာ ဘယ်အရာကို လိုက်ရှာနေသနည်း”

“အရှင်ဘုရားတို့၊ တပည့်တော် ရေငတ်လွန်း၍ ရေလိုက်ရှာနေပါသည်ဘုရား။”

ထိုအခါ ရဟန်းတို့က -

“ပြိတ္တာကြီး၊ သင့်ရှေ့မှာ မဟာဂင်္ဂါမြစ်ကြီးပဲ၊ ရေတွေ တသွင်သွင် စီးနေသည် မဟုတ်လော။”

“တပည့်တော် နားထဲမှာ ရေစီးသံကိုမူ ကြားနေရပါသည်ဘုရား။ သို့သော် ရေကိုကား မမြင်မတွေ့ရပါလား ဘုရား။”


ထိုအခါ ရဟန်းတော်များသည် ပြိတ္တာကြီး၏ အကုသိုလ်ကံကို သဘော ပေါက် သွားကြ၏။ ပြိတ္တာကြီး ကိုလည်း အလွန်သနားသွားကြသည်။ ထို့ကြောင့် ရဟန်းတို့က-

“ပြိတ္တာကြီး၊ ဒီလောက်တောင် သင် ရေသောက်ချင်နေရင် မဟာဂင်္ဂါမြစ်ပြင်မှာ လှဲအိပ်လိုက်ပါ။ ငါတို့ သင့်အား ရေတိုက်ပေးကြပါမည်။”

ပြိတ္တာကြီးသည် ရဟန်းများ မိန့်ကြားသည့်အတိုင်း လှဲအိပ်လိုက်သည်။ရဟန်းအပါး သုံးဆယ် တို့သည် သပိတ်အလုံးသုံးဆယ်တို့နှင့် ဂင်္ဂါမြစ်ထဲက ရေကို ခပ်ပြီး ပြိတ္တာကြီး၏ ပါးစပ်ထဲသို့ လောင်းထည့်ကြသည်။


တစ်မနက်လုံး သပိတ်အလုံးသုံးဆယ်နှင့် ရဟန်းအပါး သုံးဆယ်တို့ လောင်း ထည့်ကြသော ရေသည် ပြိတ္တာကြီး၏ ပါးစပ်ထဲသို့ တစ်လက်ဆွန်းမျှသာ ဝင်သည်။ ပြိတ္တာ ကြီးကား ရေငတ်နေသော အာသာ မပြေချေ။


ဤကဲ့သို့ ရေငတ်နေသော ပြိတ္တာ၊ အစာငတ်နေသော ပြိတ္တာတို့သည် ဒုနှင့်ဒေး ရှိကြပေသည်။ ဤသို့သော ပြိတ္တာမျိုးတို့ကို ပေတဥဒ္ဒိဿဒါန ပြုရခြင်းသည် ပြိတ္တာ တို့အတွက် အလွန်အကျိုးများပေသည်။


ထို့ကြောင့် လည်း တိပိဋက မင်းကွန်းဆရာတော်ကြီးနှင့်တကွ ဆရာတော်ကြီးများ၊ ပုဂ္ဂိုလ်များ သည်လည်း   ပေတဥဒ္ဒိဿဒါန (အကျွတ်အလွတ်ပွဲ)လုပ်ကြသည်မှာ သနားစရာ ကောင်းသော ပြိတ္တာများအတွက် အကျိုးတရား ကြီးမားလှပေသည်။


မှတ်ချက်။            ။သူရဇ္ဇမဂ္ဂဇင်း (အတွဲ(ဂ) အမှတ်(၁)၊
၂၀၀ဂ ခုနှစ်၊ ဇန်နဝါရီလ၊ စာမျက်နှာ ၁၂၈ မှ ၁၃၁ ထိ)မှ ကူးယူ ဖော်ပြပါသည်။

Subscribe Us