Tuesday, March 18, 2014

ပန်းကလေးများ ပွင့်ပါစေ၊ ပွင့်သောပန်းများ မွှေးပါစေ၊ မွှေးသောပန်းတိုင်း လန်း ပါစေ.........



ဒီကလေးမလေးက ထိုင်းနိုင်ငံ မဟာချိုင်မြို့ လူစည်ကားတဲ့ ရေထွက် ပစ္စည်း ရောင်းဝယ်တဲ့ဈေး
 ဒေသအခေါ် ဖယ်ဆိုတဲ့ လုပ်ငန်းတစ်ခုမှာနေ့တိုင်း တွေ့ရတတ်ပါတယ်။ အသား ခပ်လတ်လတ် မျက်လုံး ဝိုင်းဝိုင်း မျက်ခုံးကောင်းကောင်း နှုတ်ခမ်းပါးပါးလေးနဲ့ ကောင်မလေးပါ။ သနပ်ခါး ပါးကွက်ကြား လိမ်းထားတဲ့ အသက် ၁၄နှစ် ကလေးမလေးက ဂုတ်ထောက်နေတဲ့ ဆံပင်လေးကို ကြက်တောင်စည်းလေး စီးထားပါတယ်။

သူ့အရှေ့မှာတော့ ဝယ်သူမရှိတော့တဲ့ ပုစွန်တွေကို ကီလိုစားဖြင့် အခွံခွားထားတဲ့ ပုစွန်ပုံ ရှိနေပါတယ်။ သူ့ရဲ့ ပိန်လှီလှီ လက်ကလေးတွေနဲ့ ပုဇွန်တွေကို တစ်ကောင်ပြီးတစ်ကောင် လူကြီးတွေနှင့်အပြိုင် ကီလိုများများရဖို့ အတွက် အလုအယက် ခွာနေပြီး အလုပ်ဦးစီး ဝဏ္ဏဆီကနေ ပုစွန်တွေ ထပ်တောင်းနေပါတယ်။

သူ့က မရွှေဇင် ၊ဘ၀ပေးအခြေအနေနဲ့ နာမည်နဲ့ ကတော့ ပြောင်းပြန်ပါ။ တစ်ခါတလေမှာတော့ သူကို မဟာချိုင်က ဈေးတွေမှာ ပလတ်စတစ် ခုံပုလေးနဲ့ မုန့်တွေ ရောင်းနေတာ တွေ့ရသလို၊ အလုပ်ရုံကနေ အလုပ်သမားတွေ ပြန်ချိန်မှာလည်း အစ်ကိုတို့ အစ်မတို့ရေ အကြော် စုံတွေ ရမယ်လို့ အော်ရောင်းနေ တာမျိုးလည်း တွေ့နိုင်ပါတယ်။




ကျွန်တော် ဈေးသွားလို့ သူနဲ့ ဆုံတိုင်း ကျောင်းက တပည့်တွေ စားဖို့ သူ့ဆီကန အကြော်ဘတ် ၅ဝဖိုး ဝယ်နေကြ။ တစ်နေ့ ကျနော်လည်း မိတ်ဆွေတစ်ယောက်ကို ဈေးမှစောင့်နေရင် ပုဇွန်ကီလို စားခွားလိုက် ဈေးမှာ အကြော်ရောင်းလိုက်နဲ့ ဘဝကိုရုန်းကန်နေတဲ့ မရွှေစင်ကို သူ့ ဘဝအကြောင်း မေးဖြစ်ခဲ့တယ်။

ထိုင်းတွေကတော့ သမီးကို “ရွှေ”လို့ခေါ်ကြတယ်၊ ဒါပေမယ့် ရီချင် စရာကြီးပါ ဦးရယ် ရွှေလို့ခေါ်ကြပေမယ့် သမီးအခုထိ ရွှေ ဆိုတာတောင် ဈေးမှာပဲ မြင်ဖူးသေးတာ။ သမီးက မြန်မာပြည် နယ်စပ်မြို့ကလေးရဲ့ ရပ်ကွက်တစ်ခုမှာ မွေးတာ ၊ အဖေက မြန်မာပြည် မှာ နေတုန်းက ဆိုက္ကားသမားပါ ကိုစိန်ဌေးလို့ခေါ် တယ်။ ဖေဖေကလည်း ငယ်ငယ်ကတည်းက မိသားစု ဝမ်းရေးကြောင့် ကျောင်းကထွက်လို့ ဆိုက္ကားအငှားလိုက်နင်းတာ။ အုံနာကြေးက တစ်ဖြည်းဖြည်းများလာတယ်။

နယ်စပ်မှာက ဆိုင်ကယ်တွေနဲ့ ဆိုင်ကယ်ကယ်ရီတွေက တစ်နေ့ထက်တစ်နေ့ များလာတော့ စီးပွားရေး အဆင်မပြေပါဘူး ဦးရယ်.။

တစ်ခါတလေ အဖေက တံတားထိပ်မှာ ကုန်တွေပါ ထမ်းရတယ်၊
အမေကတော့ မြန်မာနိုင်ငံအထက်အညာဒေသက တောရွာလေးကပါ. အမေရဲ့ အဖေ သမီးအဘိုးက ထန်းတက် သမားပ။ တစ်နေ့ အဘိုးထန်း တက်ရင်း ထန်းပင်ပေါ်က ပြုတ်ကျ တာ အောက်ပိုင်းသေသွားပြီး အိပ်ယာထဲမှာ ဘုံးဘုံးလဲတော့ အမေတို့ကို ရှာဖွေမကျွေးတော့ဘူးလေ။ အမေတို့သားအမိကပဲ လယ်အငှားလိုက်၊ နွားစားလိုက်ရိတ် ထင်းခွေ
ရေခပ်ရောင်းနဲ့ မိသားစု ဝမ်းရေး၊ အဘိုးဆေးကုဖို့ကို ရှာဖွေရတယ်။
အမေတို့က မိသားစုများပြီး အဆင်မပြေတော့ အမေလည်း ပွဲစားနဲ့ နယ်စပ်ကိုရောက်လာပြီး စက်ရုံမှ အလုပ်လုပ်ရင်း အဖေနဲ့ တွေ့တာလို့ အမေက ပြောတယ် ။ အဖေနဲ့ အမေလည် ငွေလေး စုမိတော့ လက်ထပ်လိုက်ကြတယ်၊ အဖေ လည်း ဆိုက္ကာနင်းရတာ အဆင်မပြေတော့
သမီးလသား အရွယ် မှာအဖေက မဟာချိုင်ကို အကြွေး နဲ့တက်သွားပြီး ငါးဖမ်းလှေမှာ ၃နှစ်လောက် အလုပ်လုပ်ရင်း ဆပ်ရတယ်၊ လှေ ကနေ ပြန်လာတော့ အကြွေးလည်းကျေ ငွေလည်း လက်ထဲနည်းနည်း စုမိတော့ အမေနဲ့ သမီးကို ပွဲစားကတဆင့် ခေါ်ခိုင်းလိုက်တော့တာပဲ။
သမီးဒီရောက်တော့ အသက်က၃နှစ်ကျော်ကျော်ဆိုတော့ ဘယ်နေရာတွေ မှာ နေခဲ့တယ် ဆိုတာတောင် မမှတ်မိတော့ပါဘူး။ အဆင်ပြေသလို ကြုံရာ လုပ်ကိုင်စားသောက်နေရတော့ ဘယ်နေရာတာတွေလဲတောင် မသိဘူး။

အဖေက ဆောက်လုပ်ရေး အလုပ်တွေမှာ ဘိလပ်မြေဖျော်ပြီး အမေက အုတ်သယ်တယ်၊ တစ်နေရာမှာ လုပ်ပြီးရင် ခေါင်းဆောင်ပြောင်းတဲ့နောက်တစ်နေရာကို လိုက်လုပ်ရတာ။ တစ်ခါကဆို တောမော ဆိုလား ဝင်ဖမ်းလို့ အဖေနဲ့အမေမှာ နယ်စပ်ပြန်အပို့ခံရလို့ သမီးတို့ မောင်နှမ ၃ယောက်ကို အလုပ်ခေါင်းဆောင် ဦးကြီးလင်မယားက ခေါ်ထားတယ်။
သမီးမှတ်မိတာ မောင်အငယ်လေးက နို့မပြတ်သေးတော့ အမေနဲ့ အဖေကို ဖမ်းသွားတုန်းက မောင်လေးမှာ နို့ဆာလို့ ငိုနေတာ ဘေးက မြန်မာတွေ က နွားနို့တိုက်တာကို မောင်လေးက မသောက်ပဲ တစ်ညလုံးငိုနေတာ။
မနက်မိုးလင်းတော့ မောင်လေးကို အချုပ်ထဲခေါ် သွားပြီး နို့လိုက်တိုက် ရတာ.. အချိန်စေ့လို့ ပြန်ရတော့ မောင်လေးက နို့မ၀ လို့ထင်တယ်၊ အရမ်း ငိုနေလို့ တာဝန်ကျ ပုလိပ်တစ်ယောက်ကို တောင်းပန်း ပြီး မောင်လေးနို့မ၀သေးလို့ နို့ဝတဲ့အထိတိုက်ဖို့ ပြောပေမယ့် မရဘူးဆိုပြီး မောင်လေးကို အမေ့ရင်ခွင်ကနေ ပြန်ဆွဲခေါ်သွားတယ်။
နို့တိုက်ဖို့ ခေါ်လာတဲ့ဦးကြီးလင်မယားကိုလည်း မောင်လေးကို ခေါ်သွားပြီး အတင်းပြန်ခိုင်းတယ်။ အဲ့ဒီပုလိပ်ကြီးကို မုန်းတယ်။
အမေလည်း သံတိုင်းကြားကနေ မျက်ရည်ကျနေပြီး မောင်လေးကို တတွတ် တွတ်နဲ့ခေါ်နေတာ သမီး တစ်သက်မမေ့နိုင်ဘူး လို့ မရွှေစင်လေးက မျက်ရည်တွေကျပြီး သူ့ဘဝ သူ့မိသားစု အကြောင်းကို ဆက်ပြောပြ ပါတယ်။
ဆောက်လုပ်ရေးအလုပ်တွေမှာ အဖေကလည်း နေအရမ်းပူတော့ မလုပ်နိုင်တော့ဘူး၊ မိုးရွာတဲ့အခါအဖေ ခဏခဏ ဖျားတယ် ငါးဖမ်းလှေမှာ လုပ်ခဲ့တဲ့ ဒဏ်တွေကြောင့် ထင်ပါတယ်။ အဲဒီ တော့ သမီးလည်း အလုပ် ထွက်လုပ်ရတာပေါ့ ။ အဖေက ပုဇွန်ကီလိုစား လိုက်ခွာရတယ်၊
မောင်လေးက၁၀နှစ် ညီမငယ်က ၇နှစ်ပါ မိသားစုကများတော့ သမီးလည်း အဖေတို့နဲ့ နိုင်သလောက်ကူလုပ်ပေးရတာပေါ့။
ကျောင်းလား နေချင်တာပေါ့ဦးရယ် သမီးနဲ့ပုစွန် အတူတူခွာတဲ့ အဒေါ်တစ်ယောက်ရဲ့ သမီးက ထိုင်း ကျောင်းတက်နေတာလ၊ သူ့သမီးကျောင်းမှာ စာတော်ကြောင်း ခဏခဏပြောရင် သမီးလည်း ကျောင်း တက်ချင်တယ်၊
သမီးရွယ်တူတွေ ကျောင်းဝတ်စုံလေးနဲ့ ကျောင်းသွားတာမြင်ရင် သမီးပါ ကျောင်း လိုက်တက်ချင်တယ်၊ ဒါပေမယ့် မဖြစ်နိုင်ပါဘူး ဦးလေးရယ် သမီးကျောင်းတက်ရင် မိသားစု အတွက် ဒုက္ခ တစ်ခုထပ်တိုးသွားမှာလေ ။ အဖေနဲ့အမေတို့ကလည် အသက်ကကြီးတော့ တခြားသူတွေနဲ့ တန်တူ ပုဇွန်မခွာနိုင်ဘူး၊ အဲဒီတော့ ပိုက်ဆံအရနည်းတဲ့အတွက် အိမ်ခန်းက စားစရိတ် နဲ့ပက်စပို့ကြေးဆိုလား နောက်ပြီး အဘိုး လူမမာအတွက်လည်း ဆေးကုသစရိတ်ပို့ပေးရတာနဲ့ မိသားစုအတွက် မနည်းကြီး ရုန်းနေရတာ၊ ပုစွန်ကလည်း သူ့အချိန်နဲ့သူပဲလေ ပုဇွန်အရနည်းတဲ့အချိန်ဆို အမေကအကြော်တွေ ကြော်ပေးတယ် သမီးက ဈေးတွေမှာ လိုက်ရောင်းတယ်၊ အဖေက ပုလင်ခွံတွေလိုက်ကောက်ပြီး ရောင်းတယ်၊ ဈေးရောင်းတာလည်း မကောင်းပါဘူး စိတ်ညစ်ရပါတယ် ဦးရယ် တချို့တွေဆို အကြော်ဝယ် သလိုလို ဘာလိုလိုနဲ့ ထိကပါ ရိကပါ ပြောသေးတယ်။
ဒါပေမယ့်လည်း ဈေးလာဝယ်တဲ့ သူတွေ ဆိုတော့လည်း အလိုက်သင့် မနေရင်လည်း မဖြစ်ဘူး။ ဦးရယ် မိသားစုကများ ပေးရ ကမ်းရနဲ့ စားရေး သောက်ရေးကလည်း ရှိနေတော့ သမီး ကျောင်းတက်ဖို့ စိတ်မကူးနိုင်ဘူး။ အဖေကလည် ကောင်းကောင်းအလုပ်မလုပ်နိုင် အမေကလည်း အဖေကိုပြုစုရ အဘိုးအတွက် ဆေးဖိုး ပို့ရနဲ့ မဖြစ်နိုင်ပါဘူးလေ။
သမီးမှာ ရည်မှန်ချက်လား ရှိတာပေါ့.... သမီးအလုပ်ကြိုးစာလုပ်ပြီး ကုန်စုံဆိုင်ကြီး တစ်ခုဖွင့်မယ် အဖေ နဲ့အမေကို မြန်မာနိုင်ငံမှာ အိမ်ကောင်းကောင်းမှာထားပြီး မမာတဲ့အဖေကို အတော်ဆုံး ဆရာဝန်တွေနဲ့ ဆေးကုပေးချင်တယ်၊ ညီမလေးနဲ့မောင်လေးကို ပညာတက်ကြီးတွေဖြစ်အောင် ကျောင်းထားပေးချင်တယ်။ သမီးလုပ်ငန်းတစ်ခုခု ပိုင်းဆိုင်ချင်တယ် ဒါမှ သမီးလို ကျောင်းနေခြင်း
ပေမယ့်ကျောင်းမနေနိုင်တဲ့ ကလေးတွေကို ကျောင်းထားပေးချင်တယ်။
စောမောင်

Subscribe Us