Sunday, March 16, 2014

မနာလိုစိတ်နှင့် အားကျသောစိတ်

ပထမဆုံး ကျွန်တော်တို့ပုထုစဉ်လူသားများရဲ့ စိတ်သဏ္ဌာန်မှာ မနာလိုစိတ်လေးတွေ အနည်းနဲ့အများ ကိုယ်စီကိုယ်စီ ရှိနေတယ်ဆိုတာကိုတော့ လက်ခံရမယ့်အချက်ပါပဲ။ မနာလိုစိတ်(ဣဿာ) ကိုတော့   ထွေထွေ ထူးထူး ပြောနေစရာလိုမယ်မထင်ဘူး။ ဘုရားဟော အဘိဓမ္မာတော်ပါ အကုသိုလ်စေတသိတ် များထဲက တစ်ပါးဖြစ်လို့ မကောင်းတဲ့စိတ်ထားဆိုတာ အထင်အရှားသိနိုင်ပြီ။

လူလောကမှာ အချို့သောလူတွေဟာ အောင်မြင်ကြပြီး အချို့လူများက မအောင်မြင်ကြ၊ အချို့လူများ က အလုပ်အကိုင်အဆင်ပြေပြီး အချို့လူများက ဒုက္ခရောက်ကြတာ၊ အချို့လူများက ကံကောင်းကြပြီး အချို့ မှာ တော့ ကံအကျိုးမပေးကြတာတွေဟာ လောကသဘာဝအတိုင်း မညီမညာရှိနေကြတာချည်း ပဲဖြစ် ပါတယ်။ 

အတိတ်က ပြုဖူးတဲ့ကံရဲ့အကျိုးပေးကြောင့်ဖြစ်စေ၊ လက်ရှိပြုကြတဲ့ စေတနာကသက်ရောက်တဲ့ ကံ အကျိုးပေး ကြောင့်ဖြစ်စေ တစ်ဦးနဲ့တစ်ဦး ဆူကြုံနိမ့်မြင့် ဘ၀တွေမတူညီကြတာပါ။ တဖန် ကြိုးစားမှု၊ ဇွဲ၊ ၀ီရိယတွေ မတူညီကြတာတွေကြောင့်လည်း ရရှိတဲ့အခြေအနေတွေမတူညီကြတာကို တွေ့ရမှာပါ။

သည်လို မတူညီမှုတွေ ကိုကြည့်ပြီး ကိုယ်က အဲသည်အပေါ်မှာ ဘယ်လိုသဘောထားကြမလဲ၊ ဘယ်လို လက်ခံရမလဲဆိုတာကို စဉ်းစား ရမှာပါပဲ။ အထူးပြောချင်တာကတော့ အကယ်၍ တစ်စုံတစ်ဦးဟာ   အောင်မြင် တိုးတက်သွားသောအခါ (သို့မဟုတ်) အကူအညီတစ်ခုခု၊ အခွင့်အရေးတစ်ခုခုကြောင့် အဆင်ပြေသွားသောအခါ မိမိက အဲသည်လူ လိုမျိုး မဟုတ်ဘဲ ဒုံရင်းက ဒုံးရင်းအတိုင်းကျန်ခဲ့သူအဖို့ ဘယ် လိုစိတ်မျိုးထားကြမလဲဆိုတာကို ပြောချင်တာပါ။ သေချာတာကတော့ ဒီအပေါ်မှာ ထားရှိတဲ့စိတ် ထားက အဓိကစိတ်ထားသုံးမျိုးရှိမယ်လို့ တွေ့ရတယ်။

(၁) မနာလိုစိတ်၊ 
(၂) ကျေနပ်ဝမ်းမြောက်စိတ်၊ 
(၃) အားကျသောစိတ် ရယ်လို့ ခွဲထုတ်ကြည့်မိပါတယ်။

နံပါတ်(၁)မှာအရ မနာလိုစိတ်မျိုးရှိပြီဆိုတာနဲ့ သေချာပါတယ် ဒါဟာ မကောင်းတဲ့စိတ်ဖြစ်သွားပြီ ဆိုတာ   ပြောလို့ရပါပြီ။ မနာလိုစိတ်ဟာ မိမိအသိစိတ်ထဲကို သူတစ်ဦးတည်းဝင်လာတာမဟုတ်ပါဘူး။ အပေါင်း အဖော် တွေဖြစ်တဲ့ မုန်းတီးစိတ်များ၊ အဆိုးမြင်စိတ်များ၊ ဒေါသများစတာတွေကိုလည်း အတူတကွမဟုတ် ရင်တောင် ရှေ့ဆင့်နောက်ဆင့်ဆိုသလို ခေါ်ဆောင်လာပါတော့တယ်။ မနာလိုနေတဲ့လူတစ်ယောက် ကို   မြင်တာနဲ့ကို မုန်းနေမယ်၊ ကြည့်လို့မရအောင်ကို မျက်မုန်းကျိုးနေမယ်၊ အပြစ်မရှိဘဲနှင့်လည်း အပြစ်ကို ဆီလိုအပေါက် ရှာသလိုရှာရင်ရှာနေမယ်။ 

တစ်ဖက်ကလူကလည်း ကြိုးစားမှုကြောင့်ဖြစ်စေ၊ ကံကြောင့်ဖြစ်စေ တစ်နေ့တခြား ဆိုသလို ဒီရေအလား တိုးတက်ကြီးပွားလာလေလေဖြစ်လာတဲ့အခါ သူ့ကိုမနာလိုနေသူခမျာမှာတော့ မနေနိုင် မထိုင်နိုင်ဖြစ်လေ
လေပေါ့။ ပိုပြီးတော့ သူ့အပေါ်မှာ အမုန်းစိတ်တွေဝင်လာ၊ သူကြီးပွားတာကို မနှစ်မြို့ မကျေနပ်လို့ ပိုပြီး
ဒေါသတွေကထွက်လာ၊ နေ့စဉ်နဲ့အမျှ သူ့အပေါ်မှာပဲတွေးပြီး ဒေါသမီးတွေ၊ ဒေါမနဿ မီးတွေ တဖွားဖွား
တောက်လောင်လာတယ်။ ဒါဟာ ကိုယ့်ဒုက္ခကိုယ် ဖန်တီးနေခြင်းပေါ့။

ဒီလိုနဲ့ ရောဂါဟာ တဖြည်းဖြည်းကျွမ်းလာတတယ်။ အနာသိရင် ဆေးရှိတယ်ဆိုတဲ့စကားလိုပဲ ကိုယ်က ဒီလိုမျိုးဖြစ်နေတာ ဘာကြောင့်ပါလိမ့်လို့ အချိန်မီစဉ်းစားနိုင်မယ်ဆိုရင် ကောင်းပါတယ်။ မိမိမှာ လွတ်ထွက်   နေတဲ့ သတိလေးတစ်ခုကိုပြန်လည်ဖမ်းဆုပ်ပြီး ငါသူ့ကို မနာလိုစိတ်ဖြစ်သွားတာ ဘယ်သူ့အပေါ်အကျိုး   သောက်ရောက်သွားလဲ၊ သူ့အပေါ်ကိုလား ဒါမှမဟုတ် ငါ့အပေါ်ကိုလား။ ဘာအကျိုးတွေလဲ။ ကောင်းတဲ့ အကျိုးတွေလား၊ မကောင်းတဲ့အကျိုးတွေလား။ ငါမနာလိုလိုက်လို့ (အမြင့်ပေါ်ကနေ သူ့ကို ကျစေချင်လိုက် လို့ ) သူ ဘာတွေပြောင်းလဲသွားလဲ။ နောက်ဆုံး ကိုယ်ပဲစိတ်ရောဂါရ၊ စားမ၀င်၊ အိပ်မပျော်နဲ့ ဒုက္ခရောက်ရ တာ။ သူကတော့ သူ့ရဲ့ကြိုးစားမှုကြောင့်ဖြစ်စေ၊ ကံအရဖြစ်စေ ကြီးပွားမြဲ၊ တိုးတက်မြဲ တိုးတက်နေတာ ပါလား ဆိုတဲ့ “အသိ” ကလေးကိုသွင်းပြီး ငါ ဒီလိုစိတ်မျိုးကို အချိန်မှီ ရုတ်သိမ်းပြစ်လိုက်မှပဲဆိုတဲ့ “သတိ”    လေးနဲ့ မိမိရဲ့ကျွမ်းနေတဲ့ ရောဂါကို အဲသည့် “အသိ၊ သတိ” ဆေးနှစ်မျိုးကို မှီဝဲရတော့မှာပဲဖြစ်ပါတယ်။

သူတစ်ပါးအပေါ် မနာလိုခြင်းရဲ့ ဆန့်ကျင်ဘက်ဟာ မုဒိတာပွားခြင်းရယ်လို့ အများသိကြတယ်။ ဒီစိတ် ကတော့ အကောင်းမြင်စိတ်၊ ဂုဏ်ယူဝမ်းမြောက်စိတ်၊ အားပေးထောက်ခံတတ်တဲ့ စိတ်တွေနဲ့ မဟာမိတ်။ တကယ်တမ်းစဉ်းစားကြည့်တဲ့အခါ ဒီလိုစိတ်မျိုးထားဖို့က မနာလိုတဲ့စိတ်ထားရတာလောက် မလွယ်လှ ဘူးလို့ ကျွန်တော်ထင်တယ်။ ထင်ထင်ရှားရှားကပြောနိုင်တာက မနာလိုစိတ်က မမွေးပဲနဲ့ ရှင်သန်လာတတ် တာရယ် မုဒိတာပွားစိတ်ကတော့ တမင်မွေးမြူမှ ရှင်သန်နိုင်မည့်စိတ်ရယ်လို့ ပြောနိုင်ပါတယ်။ စိတ်သည် မကောင်းတဲ့ ဘက်မှ မွေ့လျော်သည်လို့လည်း ဗုဒ္ဓဘုရားဟောကြားခဲ့တာပဲမဟုတ်လား။ ဘယ်လိုပဲဖြစ်ပါစေ မိမိသတိပြု ရမှာက သူတစ်ပါးအပေါ်ကို မနာလိုစိတ်ကလေး နည်းနည်းဝင်လာပြီလို့သိလိုက်တာနဲ သတိ ကလေးကို အပြေးအလွားဖမ်းဆုပ်လိုက်ပြီး မုဒိတာဆိုတဲ့ မိတ်ဆွေကြီးကို အလျှင်အမြန် အခေါ်ခိုင်းရမှာပါ။

Negative mind ဖြစ်တဲ့ မနာလိုခြင်းနဲ့ Positive mind မုဒိတာပွားခြင်း နှစ်ခုက ဘယ်ဟာက ကောင်းတယ် ဘယ်ဟာက ဆိုးတယ်ဆိုတာ အရှင်းပဲဖြစ်ပါတယ်။ နောက်ကျန်သေးတဲ့တစ်ခုက ဒီဆောင်းပါးလေးမှာ ကျွန်တော်ပြောလိုတဲ့ အဓိကအကြောင်းအရင်းပါပဲ။ အဲဒါက ဘာလဲဆိုရင် အားကျတဲ့စိတ်။

ပိုရှင်းအောင်ပြောရရင် အောင်မြင်သူတဦးဦး၊ ကြီးပွားသူတဦးဦးအပေါ်မှာ သူတို့ရဲ့အောင်မြင်မှုတွေ၊ ကြီးပွားမှုတွေကိုကြည့်ပြီး အားကျတာကို ဆိုလိုပါတယ်။ အားကျတဲ့စိတ်ဟာ မနာလိုစိတ်နဲ့ လုံးဝမဆိုင်ပါ။ အားကျတဲ့စိတ်ရဲ့ သဘောလက္ခဏာက ဘာလဲဆိုရင် ငါလည်း သူတို့လိုအောင်မြင်ချင်လိုက်တာ၊ သူတို့လို အဆင်ပြေချင်လိုက်တာ၊ သူတို့လိုတော်ချင်လိုက်တာ ဆိုတဲ့စိတ်ကလေးတွေ တိုးဝှေ့ဝင်လာတဲ့ စိတ်မျိုးပါ။ အဲသည်လို ၀င်လာတဲ့အခါ ဘာဆက်ဖြစ်လာသလဲဆိုရင် သူတို့ကို စပြီးကိုယ်ကလေ့လာတော့မှာ ပဲဖြစ် တယ်။ သူတို့ဘယ်လိုကြိုးစားပြီး အောင်မြင်၊ ကြီးပွား၊ တတ်မြောက်လာကြသလဲဆိုတာ စူးစမ်းလေ့လာ 
တော့မယ်။ သူတို့ရဲ့ အချို့အစိတ်အပိုင်းတွေက အားနည်းချက်တွေ၊ အမှားတွေကို အရေးတယူလုပ်ပြီး ကြည့် မနေတော့ဘူး။ သူတို့ရဲ့ ကြိုစားမှုတွေ၊ အကျိုးဖြစ်ထွန်းမှုတွေကိုပဲ အစဉ်တစိုက်ကြည့်တော့တော့ တယ်။ 

ဘာကြောင့်လဲဆိုတော့ ကိုယ်က သူတို့ကိုလေ့လာတယ်ဆိုတာ အမှားတွေ၊ အားနည်းချက်တွေ ကို   ထောက်ပြ ဖို့ ၊ ဝေဖန် ဖို့လေ့လာတာ မဟုတ်ဘဲ။ သူတို့လိုအတူယူပြီး အောင်မြင်မှုကိုတက်လှမ်းချင်တဲ့ စိတ်နဲ့လေ့လာတာဖြစ်လို့ရယ်။ ပြောနိုင်တဲ့ အချက်တစ်ခုက အောင်မြင်တဲ့သူတစ်ယောက်ကို အားကျနေ တဲ့သူဟာ အမြဲတမ်းသူ့အပေါ်ကို အကောင်း မြင်စိတ်ပဲထားပြီး အောင်မြင်တဲ့သူတစ်ယောက်ကို မနာလိုနေ တဲ့ သူကတော့ အမြဲတမ်းသူ့အပေါ်မှာ အဆိုးမြင် စိတ်ပဲ ထားနေတယ်။

သည်လို သူလိုမျိုး ငါဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ အားကျတဲ့စိတ်ဟာ မာနလို့တစ်ခုလို့ ပြောနိုင်တယ်။ မှန်ပါတယ်။ ဒါဟာလည်း မာနတစ်မျိုးပါပဲ။ ဆရာကြီးဦးရွှေအောင်ပြုစုတဲ့ ဓမ္မပဒမှာ မာနနဲ့ပတ်သက်ပြီး ဒီလိုမှတ်သားရပါတယ်။ “မာနက ရှိသင့်သောမာနနဲ့ မရှိသင့်သောမိ ရှိသည်။ ရှိသင့်တာက ကိုယ့်အပေါ်။ မရှိသင့်တာက သူများအပေါ်” ရယ်လို့။ အထက်ပါလိုမျိုးမာနဟာ ငါဖြစ်ရမယ်ဆိုတဲ့ မိမိအပေါ်မှာပဲ ထားတဲ့ မာနဖြစ်တာကိုလည်း နားလည်မိပါတယ်။

တကယ်တော့ အားကျတတ်စိတ်ဟာ ဘာပဲပြောပြော အောင်မြင်မှုလမ်းကြောင်းကိုရောက်ဖို့ နိုးဆွပေးတဲ့ engine လို့ပြောနိုင်ပါတယ်။ အနီးစပ်ဆုံး ဥပမာပြောရရင် စာသင်ခန်းတစ်ခန်းမှာ တတန်းသားထဲက သူ့ရဲ့ ကြိုးစားမှုကြောင့် ပညာရည်ချွန်ပထမဆုကို ဆွတ်ခူးသွားတဲ့အခါ သူ့လိုမျိုး ငါလည်း ပထမဆုရအောင် ကြိုးစားပြီးယူမယ်ဆိုပြီး အားကျစိတ်သွင်းပြီး ကြိုးစားလာတဲ့သူနဲ့ သူပထမဆုရတာကို မလိုလားမနှစ်မျို့ ပဲ နေ့စဉ်ရက်စက်မနာလိုနေတဲ့လူနှစ်ဦးရဲ့ အခြေအနေနဲ့ အဆင့်အတန်းဟာ မိုးနဲ့ မြေပမာ ခြားနားပါတယ်။

သို့သော်လည်း သူတစ်ပါးအောင်မြင်နေတာကို အားကျစိတ်တွေဝင်သွားတဲ့အခါလည်း မိမိစိတ်က ဒီအား ကျ စိတ်ကြောင့်ပဲ လမ်းမှားမရောက်သွားအောင်လည်း သတိပြုဖို့လိုပါတယ်။ ဆိုလိုတာက အားကျ စိတ်   တွေက မိမိအားကျတဲ့သူလုပ်သလိုလျှောက်လုပ်၊ သူ့စတိုလ်လိုက်ဖမ်းနေတတ်တဲ့ တစ်ပါးသူရဲ့ အမူအ ကျင့် တွေကို ပုံတူလိုက်ကူးချနေတာဟာ လွဲမှားတဲ့လုပ်ရပ်များပဲဖြစ်ပါတယ်။

သည်လိုလုပ်ရပ်များဟာ အပေါ်ယံ ရုပ်ပိုင်း လောက်မှာတင် အတုခိုးနေတတ်ပြီး အဲ့သည့်ထက်ပိုသည့် သူ့ လိုကြိုးစားအား ထုတ်မှုမျိုး၊ ရုန်းကန်မှု မျိုးများ အထိကိုတော့ မရောက်တော့ပါ။ အဲသည်အရာဟာ မိမိအ တွက် ဘာမှအကျိုးမရှိဘဲ အချည်းအနှီး ပဲဖြစ်ပါ တော့တယ်။

အထက်မှာပြောခဲ့တဲ့ စာသင်ခန်းထဲက ကျောင်းသားဥပမာလိုပဲ ကြင်လည်ရတဲ့လူ့ဘ၀မှာ လုပ်ငန်း တစ်ခုခု မိမိထက်ပိုပြီး အောင်မြင်သွားသောသူ၊ ပညာရပ်တစ်ခုခုမှာ မိမိထက် ထူးချွန်ပေါက်မြောက်သွားသူ၊ စီးပွား 
ရေး တစ်ခုခုမှာ မိမိထက်ပိုပြီးတိုးတက်ဖြစ်ထွန်းသွားသူတို့အပေါ်ကို ထားတဲ့စိတ်ထားဟာ ၀မ်းသာ ကျေနပ် တတ်သော မုဒိတာကိုအခြေခံပြီး အားကျတတ်တဲ့စိတ်ထားမျိုးပဲဖြစ်ရပါမယ်။ အကယ်၍ မိမိမှာ ရှိနေပြီး သားဖြစ်ပါက ဆက်လက်ပြီး ရှင်သန်နေအောင် မွေးမြူနေရပါမယ်။ 

မဖြစ်သေးရင်လည်း ဖြစ်အောင် မွေးမြူရပါမယ်။ မိမိရဲ့ပင်ဂိုကဖြူစင်နေတဲ့ စိတ်လွှင်ပြင်ကို မဲညစ်ကြမ်း ကြုတ် တဲ့ မနာလိုစိတ်နှင့် သူရဲ့ မဟာမိတ်များ ကျူးကျော်မှုကို အင်အားခိုင်မာစွာ တည်ဆောက်ထားတဲ့ အားကျသေစိတ်နဲ့အတူ အကောင်းမြင် စိတ်၊ ၀မ်းမြောက်ဂုဏ်ယူစိတ်၊ အားပေးထောက်ခံစိတ်ကဲ့သို့သော ခံစစ်နဲ့ ချေမှုန်းပစ်ရပါလိမ့်မယ်။

သစ္စာလင်းထိန်
ပြီးခဲ့သည့် အတွဲ(၂)၊ အမှတ်(၆) တွင် ဖော်ပြခဲ့သည့် ဓမ္မရသ

Subscribe Us