Sunday, March 16, 2014

ခေါင်းဆောင်ကောင်းမှ နောက်လိုက်ကောင်းမည်

ဤလောကကြီးတွင် ခေါင်းဆောင်ဟူသည် နေရာတိုင်းတွင်ရှိမြဲဖြစ်၏။ အိမ်တွင်ဖြစ်စေ၊ ကျောင်းတွင်ဖြစ်
စေ၊ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်၊ ခရိုင် တိုင်း၊ နိုင်ငံတွင်ဖြစ်စေ ခေါင်းဆောင်ဟူ၍ ရှိနေမြဲပင်ဖြစ်ပေသည်။ အသင်းအဖွဲ့ အမျိုးမျိုးတွင်လည်း ခေါင်းဆောင်ဟူ၍ ရှိရ၏။ ယုတ်စွအဆုံး ခေတ္တယာယီပြုလုပ်ကျင်းပသော အခမ်းအနားမျိုးတွင်ပင်လျှင် ခေါင်းဆောင်ဆိုသူကို ထားရှိမြဲဖြစ်၏။ထိုကဲ့သို့ ခေါင်းဆောင်ထားရှိခြင်း သည်   လောကအစဉ်အလာဖြစ်ချေ၏။ ရှိသင့်ရှိထိုက်၊ ကျင့်သင့်ကျင့်ထိုက်သည့်အစဉ်အလာလည်း ဖြစ်ချေ သည်။

ရဟန်းတော်များ၏ အဖွဲ့အစည်းတွင်လည်းခေါင်းဆောင်ရှိရပါသည်။ လူမှုရေးအဖွဲ့အစည်း၊ ပရဟိတအဖွဲ့ အစည်း၊ နာရေးအဖွဲ့အစည်း သာရေးအဖွဲ့အစည်း၊ နိုင်ငံ့အဖွဲ့အစည်း စသည်ဖြင့် အဖွဲ့အစည်းတိုင်း မှာ   ခေါင်းဆောင်ရှိရသည်သာဖြစ်ချေ၏။ နောက်လိုက်ဖြစ်သူများက ခေါင်းဆောင်ဖြစ်သူကို ရိုသေလေးစားကြ ရ၏။ ယုံကြည်အားထားမှုလည်း ရှိကြရ၏။ ခေါင်းဆောင်ဖြစ်သူက နောက်လိုက်များ ကို စောင့်ရှောက် ထိန်း သိမ်း နိုင်မှုရှိကြရ၏။ ဤနေရာတွင် စောင့်ရှောက်မှုဟူသည်မှာ အမှန်တကယ်လိုအပ်နေ သည်ကို ဖြည့် ဆည်းပေးခြင်းဖြစ်၏။ ထိန်းသိမ်းမှုဆိုသည်မှာ ဆိုးကျိုးဖြစ်ပေါ်လာစေမှုမျိုးကို တရားသောနည်းလမ်းဖြင့် ထိန်းချုပ်ပေးခြင်း ကာကွယ်ပေးခြင်း လမ်းညွှန်မှုပေးခြင်းပင်ဖြစ်ချေ၏။ 

လမ်းညွှန်မှုဆိုသည်မှာလည်း ကောင်းသောအလုပ်၊ ကောင်းသောစကား၊ ကောင်းသောအကြံများကို လုပ်ဆောင် ပြောဆို ကြံစည်ရန်ဖြစ်၏။ ထို့ကြောင့် ခေါင်းဆောင်ဆိုသူများမှာ အဖွဲ့အစည်းအတိုင်းအတွက် အလွန်အရေးပါလှ၏။ ခေါင်းဆောင်ကောင်းမှ နောက်လိုက်ကောင်းမည်ဆိုသကဲ့သို့ ခေါင်းဆောင်မကောင်း
ရင် နောက်လိုက်လည်း မကောင်းနိုင်တော့ပေ။

ဗုဒ္ဓဘာသာအလိုအရ ခေါင်းဆောင်က ရတနာသုံးပါးကို ကြည်ညိုပါလျှင် နောက်လိုက်လည်း ရတနာသုံးပါး ကို ကြည်ညိုမည်သာ။သီလရှိရင်နောက်လိုက်လည်း သီလရှိမည်သာ။ ခေါင်းဆောင်ဖြစ်သူက သမာဓိရှိမှ သာ နောက်လည်း သမာဓိရှိမည်သာ၊ ခေါင်းဆောင်ဖြစ်သူက ပညာရှိမှသာ နောက်လိုက်လည်း ပညာရှိမည် သာ၊ ခေါင်းဆောင်က ရတနာသုံးပါးကို မကြည်ညိုပါလျှင် နောက်လိုက်လည်း မကြည်ညိုနိုင်၊ ကြည်ညို မှုဖြစ် မည်မဟုတ်။ ခေါင်းဆောင်သီလမဲ့လျှင် နောက်လိုက်လည်း သီလမဲ့မည်သာ၊ ခေါင်းဆောင်က သမာဓိ မရှိလျှင် နောက်လည်း သမာဓိမရှိ၊ ခေါင်းဆောင်က ပညာမရှိလျှင် နောက်လိုက်လည်း ပညာမရှိဖြစ်ရမည် သာ။ 

ထိုကြောင့် အဖွဲ့အစည်းတိုင်းအတွက် နေရာဒေသတိုင်းအတွက် ခေါင်းဆောင်ကောင်းရှိရန်၊ကောင်းဆောင်  ကာင်း ဖြစ်စေရန် အထူးလိုအပ်လှတော့၏။ အမျိုးသားရေး နယ်ပယ်ကကြည့်မည်ဆိုပါလျှင် ခေါင်းဆောင် လုပ်သူက အမျိုးချစ်လျှင် နောက်လိုက်လည်း အမျိုးချစ်မည်သာ၊ ခေါင်းဆောင်က အမျိုးမချစ်လျှင် နောက် လိုက် လည်း အမျိုးမချစ်၊ ခေါင်းဆောင်က ဘာသာကို တန်ဖိုးထားလျှင် နောက်လိုက်လည်း ဘာသာကို တန်ဖိုးထားမည်သာ၊ ခေါင်းဆောင်က ဘာသာကို တန်ဖိုးမထားလျှင် နောက်လိုက်လည်း ဘာသာကို တန်ဖိုးထားရကောင်းမှန်းမသိသည်သာ၊ ခေါင်းဆောင်က သာသနာကို မြတ်နိုးပါလျှင် နောက်လိုက်လည်း သာသနာကို မြတ်နိုးမည်သာ၊ သို့မဟုတ်ဘဲ ခေါင်းဆောင်လုပ်သူက သာသနာကိုမမြတ်နိုးပါက နောက် လိုက် လ ည်း သာသနာကို မြတ်နိုးရကောင်းမှန်းသိတော့မည် မဟုတ်ပါ။ 

ထို့ကြောင့် ခေါင်းဆောင်ကောင်းရရှိဖို့ အထူးလိုအပ်လှကြောင်းထင်ရှားလှပေသည်။ အဘယ်ကြောင့် နည်း ဟူမူ ခေါင်းဆောင်ကေင်းမှ နောက်လိုက်ကောင်းမည်။ ကောင်းဆောင်ကောင်းပါက နောက်လိုက်ချမ်းသာ မည်။ ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်မည်၊ အတုမြင် အတတ်သင် ဆိုတဲ့ အဆိုအမိန့်များကြောင့် ပင်ဖြစ်ပါသည်။ နောက်လိုက်ဟူသည် ရှေ့က ခေါင်းဆောင် အတိုင်း ကျင့်ကြံလျှက်ရှိပါသည်။ ထို့ကြောင့် မည်သည့် အဖွဲ့အစည်း မည်သည့်ရပ်ကွက်၊ မည်သည့်မြို့ နယ် ၊ မည်သည့် နေရာတွင်မဆို ခေါင်းဆောင်ကောင်းဖို့ လိုအပ်တော့၏။

ထိုဆိုစကားအရ မိဘကတော်မှ သားသမီးကောင်းစားမည်။ ဆရာကတော်မှ တပည့်ကောင်းစားမည်။   ခေါင်းဆောင်တော်မှ နောက်လိုက်များကောင်းစားမည်။ မိဘအချိုးမပြေသော်၊ ဆရာညံ့လေသော်၊   ခေါင်းဆောင် သစ္စာဖောက်ဖြစ်နေသော် သားသမီး၊ တပည့်၊ နောက်လိုက်များ လူညွန့်တုံးတော့၏။ အကောင်းအဆိုး အကြောင်းအကျိုး အဖြူ အမဲ ကုသိုလ် အကုသိုလ်မကွဲတော့ဘဲ လူဖြစ်ရှုံးတော့၏။
ခေါင်းဆောင်ကောင်းကြောင့် နောက်လိုက်ငါးရာတို့ ချမ်းသာသုခများနှင့်ပြည့်စုံပြီး ရဟန္တာဖြစ်သွားသည် အထိ အကျိုးကျေးဇူးများခဲ့တဲ့ မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သော ဂဝေသီသုတ္တန် ကို လေ့လာ ကြည့်ပါက မည်သည့်အဖွဲ့အစည်း၊ မည်သည့်နိုင်ငံ၊ မည်သည့်ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ် ၊တိုင်းတို့၌ လည်းကောင်း အောက်ထစ်ဆုံး မိသားစုအသိုင်းအဝိုင်း၌သော် လည်းကောင်း၊ ခေါင်းဆောင်ကောင်း ရှိဖို့လိုအပ်လှကြောင်း ထင်ရှားမည်ဖြစ်ပါသည်။

ဂဝေသီသုတ်
အခါတစ်ပါး၌ မြတ်စွာဘုရားရှင်သည် များစွာသော ရဟန်းသံဃာနှင့်အတူ ကောသလတိုင်းတို့၌ ဒေသ စာရီကြွချီတော်မူ၏။ ထိုသို့ကြွသွားတော်မူသည်ရှိသော် အရပ်မျက်နှာတစ်၌ အင်ကြင်းတောကို မြင်တော် မူ၍ ခရီးလမ်းမှ ဖဲခွာခဲ့ပြီးလျှင် ထိုအင်ကြင်းတောသို့ချဉ်းကပ်ဝင်ရောက်လျှက် တစ်ခုသောအရပ်၌ ပြုံးတော် မူ၏။
ထိုအခါမှာ အရှင်အာနန္ဒာက မြတ်စွာဘုရားရှင်၏ ပြုံးတော်မူခြင်းအကြောင်းကား အဘယ်နည်း၊ အထောက် အပံ့ကား အဘယ်နည်း၊ မြတ်စွာဘုရားရှင်တို့သည် အကြောင်းမဲ့ ပြုံးတော်မမူကြကုန်ဟူသော အကြံတစ် ခုဖြစ်လေ ၏။ ထိုအကြံအစည်တိုင်း အရှင်ဘုရား မြတ်စွာဘုရားပြုံးတော်မူခြင်း၏ အကြောင်းကားအဘယ် ပါနည်း။ အထောက်အပံ့ကား အဘယ်ပါနည်း။ မြတ်စွာဘုရားတို့သည် အကြောင်းမဲ့တော့ ပြုံးတော်မမူကြ ပါကုန်ဟု လျှောက်ထားမေးမြန်းပါတော့သည်။

အဲဒီအခါမှာ မြတ်စွာဘုရားရှင်က အာနန္ဒာ ဤအရပ်၌ ရှေးအခါက မြို့ဖြစ်ဘူး၏။ ပြည့်လည်းပြည့်စုံ၏။ ကြွယ်လည်းကြွယ်ဝ၏။ လူမျိုးစုံ ရောပြွမ်းနေသောကြောင့် လူစည်ကား၏။ ဒီမြို့မှာပဲ ကဿပမြတ်စွာ ဘုရား ရှင်က သီတင်းသုံးတော်မူပါတယ်။ ထိုကဿပမြတ်စွာဘုရားရှင်မှာ ဂဝေသီအမည်ရှိတဲ့ ဥပါသကာ တစ်ယောက်ရှိပါတယ်။ အဲဒီဥပါသကာဂဝေသီမှာလည်း သူစည်းရုံးသိမ်းသွင်းထားတဲ့ တပည့်ပေါင်း ငါးရာရှိ ပါတယ်။ ထိုငါးရာကိုလည်း ဥပသကာဖြစ်စေပါတယ်။ ဂဝေသီဟာ ဥပါသကာလို့အမည်ခံထားပေ မယ့် ကိုယ် ကျင့်သီလတော့ မပြည့်စုံပါဘူး။ ခေါင်းဆောင်ဖြစ်တဲ့ ဂဝေသီဥပါသကာက ကိုယ်ကျင့်သီလမ ရှိတော့   နောက်လိုက်တပည့်ငါးရာကလည်း ဥပါသကာအမည်ခံထားပေမယ့် ကိုယ်ကျင့်သီလ မပြည့်စုံပါ ဘူး။   ခေါင်းဆောင်သီလမရှိတော့ နောက်လိုက်လည်း သီလမရှိတဲ့သဘောပါ။

ဒီအခါမှာ ဂဝေသီဥပါသကာက စဉ်းစားတယ်။ ငါသည် ဤဥပါသကာငါးရာတို့အား ကျေးဇူးများ ၏။   ခေါင်းဆောင်ဖြစ်၏။ (ဥပါသကာ) အဖြစ်ကို ဆောက်တည်စေ၏။ ငါ၌ သီလပြည့်စုံစွာ ဖြည့်ကျင့်လေ့မရှိ သလို၊ ငါ့နောက်လိုက်ဥပါသကာငါးရာတို့သည်လည်း သီလတို့၌ ပြည့်စုံစွာ ဖြည့်ကျင့်လေ့မရှိ၊ ဤသို့ဖြစ်ခြင်း သည် တူညီနေ၏။ တစ်စုံတစ်ခု သာလွန်မှုမရှိ။ ယခုအခါငါသည် လွန်ကဲမှု သာလွန်မှုဖြစ်အောင် ကျင့်ကြံ မည် ဟု   စိတ် အကြံဖြစ်ကာ နောက်လိုက်တပည့်ငါးရာတို့ထံသွား၍ ယနေ့မှစ၍ ငါ့ကို သီလတို့၌ ဖြည့် ကျင့်သော သူဟု မှတ်ကြပါဟု ပြောဆိုတော့၏။

အဲဒီအခါမှာ နောက်လိုက်ငါးရာတို့သည်လည်း စဉ်းစားပါတော့တယ်။ အသျှင်ဂဝေသီဟာ ငါတို့အပေါ်ကျေး ဇူး များ တယ်။ ငါတို့ရဲ့ခေါင်းဆောင်ဖြစ်တယ်။ ငါတို့ကို ဥပါသကာအဖြစ် ခံယူစေတယ်။ သူသည်ပင်လျှင် သီလတို့၌ ပြည့်စုံစွာဖြည့်ကျင့်နိုင်သေးလျှင် ငါတို့လည်း ဖြည့်ကျင့်သင့်ပေ၏ဆိုတဲ့ အကြံဖြစ်ကာ နောက် လိုက် တပည့်ငါးရာတို့လည်း ဂဝေသီဥပါသကာထံသို့ချဉ်းကပ်၍ အသျှင်ဂဝေသီ ယနေ့မှစ၍ ကျွနု်ပ်တို့ ငါးရာ ကိုလည်း သီလတို့၌ ပြည့်စုံစွာဖြည့်ကျင့်သူတို့ဟု သိမှတ်ပေးပါဟု ဆိုလေ၏။ အဲဒီနောက်မှာ ဂဝေသီ က နောက်တစ်ခုထပ်စဉ်းစားပြန်တယ်။

ငါသည် ဥပါသကာအဖြစ်ကို ခံယူထားသလို၊ ငါ့နောက်လိုက်ငါးရာတို့ကလည်း ခံယူကြတယ်။ ငါက သီလ တရားတွေ ဖြည့်ကျင့်သလို၊ ငါ့တပည့်ငါးရာကလည်း သီလတို့၌ဖြည့်ကျင့်ကြတယ်။ ဤအခြေအနေသည် လည်း လွန်ကဲမှုမရှိ၊ တန်းတူပင်ဖြစ်ချေ၏။ ဒါကြောင့် နောက်လိုက်ထက်ပိုပြီး သာလွန်အောင် ကျင့်ကြံမှ သင့်မည်ဟု အကြံဖြစ်ပြန်တယ်။ဒါနဲ့ ဂဝေသီဟာ ယနေ့မှပြီး ငါ့ကို မမြတ်သောမေထုန်အမှု တို့မှ ရှောင်ကြဉ် တဲ့သူအဖြစ် အသိအမှတ်ပြုပေးကြပါလို့ နောက်လိုက်ငါးရာကိုပြောပါတယ်။

 နောက်လိုက်ငါးရာကလည်း နောက်ထပ် အကြံတစ်ခုထပ်ဖြစ်ပြန်တယ်။ ငါတို့ခေါင်းဆောင်ဖြစ်သူ က မေ ထုန် အမှုကနေရှောင်ကြဉ်သလို ငါတို့လည်း ရှောင်ကြဉ်ကြမည်ဆိုတဲ့ အကြံပါ။ ဒါနဲ့ နောက်လိုက်ငါးရာက လည်း အသျှင်ဂဝေသီ ကျွနု်ပ်တို့ကိုလည်း မေထုန်အမှုမှ ရှောင်ကြဉ်သူတွေအဖြစ် အသိအမှတ်ပြုပေးလို့   ပြောပြန်ပါတယ်။ ဒီအခါမှာလည်း ဂဝေသီဥပါသကာ အကြံတစ်ခုထပ်ဖြစ်ပြန်တယ်။ ငါ့ရဲ့ နောက်လိုက် တပည့်ငါးရာက ငါကဲ့သို့ ဥပါသကာအဖြစ်၊ သီလတရားတို့၌ ဖြည့်ကျင့်မှု၊ မမြတ်သောမေထုန်အမှု တို့မှ ရှောင်ကြဉ်ကြတော့ ဘယ်သူမှ သာလွန်တာမျိုးမရှိသေးဘူး။

သူတို့ထက်သာလွန်မှ သင့်တော်မည်ဟု အကြံဖြစ်ကာ နောက်လိုက်တပည့်အပေါင်းတို့ ယနေ့မှစ၍ ငါ့ကို တစ်ထပ်တည်းသာစားသူ၊ ညစာစားခြင်းမှ ရှောင်ကြဉ်သောအဖြစ် အသိအမှတ်ပြုပေးကြလို့ ဆိုပါတယ်။ ဒီအခါတပည့်ငါးရာကလည်း ငါတို့ခေါင်းဆောင်ဖြစ်သူက တစ်ထပ်တည်းစားပါလျှင် ငါတို့လည်း တစ်ထပ် တည်း စားမှ ဖြစ်တော့မည်ဟု စိတ်အကြံဖြစ်ကာ အသျှင်ဂဝေသီ ကျွနု်ပ်တို့နောက်လိုက်ငါးရာကိုလည်း တစ်ထပ်တည်းစားသူ ညစာစားခြင်းမှ ရှောင်ကြဉ်သူများအဖြစ် အသိအမှတ်ပြုပေးပါဟု ဆိုပြန်ပါတယ်။

ဂဝေသီဥပါသကာထပ်စဉ်းစားပြန်တယ်။ ငါတပည့်နောက်လိုက်တွေနဲ့ ငါနဲ့ကျင့်ပုံချင်းအညီ အမျှဖြစ်နေပြန် တယ်။ ငါလည်း သူတို့ထက်သာလွန်ခြင်းမရှိသေးဘူး။ ဒါကြောင့် ခေါင်းဆောင်ဆိုတာ တပည့်ထက် သာ လွန်မြင့်မြတ်မှသင့်မည်ဟု အကြံဖြစ်ကာ ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတော် တို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော ကဿပမြတ် စွာ ဘုရားထံသို့ ချဉ်းကပ်၍ အရှင်ဘုရား ဘုရား တပည့်တော်သည် မြတ်စွာဘုရားအထံတော်၌ ရှင်အဖြစ်ကို ရလိုပါ၏။

ရဟန်းအဖြစ်ကိုရလိုပါ၏ဟု လျှောက်ထား၍ ရှင်အဖြစ် ရဟန်းအဖြစ်ကို ခံယူတော်မူတော့၏။ ရဟန်းဖြစ်ပြီးနောက် အသျှင်ဂဝေသီသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်ပြီးလျှင် မမေ့မလျော့   ပြင်းစွာအားထုတ်လျှက် နောင်တဖန် ဇာတိပဋိသန္ဓေနေခြင်းဆိုတဲ့ ကံတွေ ကိလေသာတွေကို အရဟတ္တ မဂ်ဖြင့် ပယ်သတ်ပြီးသကာလ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကာ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားပါတယ်။

ဒီအခါမှာ နောက်လိုက် တပည့်ငါးရာကလည်း ငါတို့၏ခေါင်းဆောင် အသျှင်ဂဝေသီသည် မြတ်စွာဘုရား ရှင်ထံ၌ မြတ်သော ရှင်ရဟန်းအဖြစ်ခံယူသကဲ့သို့ ငါတို့သည်လည်း ခေါင်းဆောင်အသျှင်ဂဝေသီကဲ့သို့ ကဿပမြတ်စွာဘုရားရှင်ထံ၌ ရှင်ရဟန်းအဖြစ် ခံယူကြမည်ဟု အကြံဖြစ်ကာ ရှင်ရဟန်းအဖြစ်သို့ ခံယူလိုက်ကြကုန်၏။ ထိုနောက်လိုက် ငါးရာတို့သည်လည်း အသျှင်ဂဝေသီကဲ့သို့ပင် ဆိတ်ငြိမ်ရာအရပ်သို့ ကပ်ပြီးလျှင် မမေ့မလျော့ပြင်းစွာအားထုတ်လျှက် အရဟတ္တဖိုလ်သို့ဆိုက်ရောက်ကာ ရဟန္တာအဖြစ်သို့ ကိုယ်စီကိုယ်ငှ ရောက်ရှိကြပါတယ်။

အထက်ပါ သုတ္တန်ဒေသနာတော်ကိုထောက်ဆကြည့်ပါလျှင် ခေါင်းဆောင်ကောင်းဖို့ လိုကြောင်းထင် ရှားတော့ ၏။ ခေါင်းဆောင်ဖြစ်သူအသျှင်ဂဝေသီ ရတနာသုံးပါး မကြည်ညိုခင်က၊ နောက်လိုက်များက လည်း မကြည်ညိုကြ၊ ခေါင်းဆောင်ဖြစ်သူက သီလတရားများကို မဖြည့်ကျင့်ခင်က နောက်လိုက် ငါးရာ လည်း မဖြည့်ကျင့်၊ ခေါင်းဆောင်ဖြစ်သူက မေထုန်အမှုကိုမရှောင်ကြဉ်ခင်က နောက်လိုက်ငါးရာလည်း မရှောင်ကြဉ်ခဲ့ပါ။ နောက်လိုက်တို့မည်သည် ရှေ့ကခေါင်းဆောင်အတိုင်း လုပ်ဆောင်လျှက်ရှိပေ သည်။   ခေါင်းဆောင်ဖြစ်သူ အသျှင်ဂဝေသီ ရတနာသုံးပါးကြည်ညိုလာတော့ နောက်လိုက်ငါးရာလည်း ကြည်ညို လာပါတယ်။ သီလဆောက်တည်လာတော့လည်း နောက်လိုက်များ သီလဆောက်တည်ကြပါတယ်။ မမြတ်သောမေထုန်အမှုကိုရှောင်ကြဉ်သလို နောက်လိုက်ငါးရာကလည်း ရှောင်ကြည်ကြပါတယ်။

 ခေါင်းဆောင်ဖြစ်သူ ရှင်ရဟန်းအဖြစ်ခံယူသလို နောက်လိုက်ငါးရာကလည်း ရှင်ရဟန်းအဖြစ်ခံယူကြပါ တယ်။ ခေါင်းဆောင်ဖြစ်သူက တရားကျင့်သလို နောက်လိုက်များလည်း တရားကျင့်သုံးကာ အရဟတ္တဖိုလ် သို့ ရောက်ရှိကာ အားလုံး ကောင်းကျိုးချမ်းသာများ ရရှိသွာကြတာပါ။ ဒါကြောင့် ရပ်ကွက်၊ ကျေးရွာ ၊ မြို့နယ် ၊ တိုင်း၊ နိုင်ငံတို့၌လည်းကောင်း၊ မိသားစုအသိုင်းအဝိုင်းတို့၌ လည်းကောင်း၊ အချုပ်အားဖြင့် အား လုံးသောအဖွဲ့အစည်းတို့၌လည်းကောင်း ခေါင်းဆောင်ကောင်းရွေးချယ်မှန်ဖို့၊ ကောင်းဆောင်ကောင်းရှိဖို့ လိုအပ်ပါသည်။ ခေါင်းဆောင်မကောင်းပါက နောက်လိုက်မကောင်းဖြစ်ကာ ဆင်းရဲဒုက္ခများနှင့်ကြုံတွေရပြီး လူဖြစ်ရကျိုးနပ်မည်မဟုတ်ပါ။ ခေါင်းဆောင်ကောင်းမှသာ နောက်လိုက်ကောင်းပြီး ချမ်းသာသုခ များနှင့်ပြည့်   စုံလျှက် လူဖြစ်ရကျိုးနပ်မည်ဖြစ်၏။ 

ဒါကြောင့် ခေါင်းဆောင်လုပ်လိုသူများအနေဖြင့် မိမိနောက်လိုက် တပည့် သားသမီး၊ ရပ်ရွာ ပြည်သူများ ချမ်းသာသုခများနှင့်ပြည့်စုံလျှက် လူဖြစ်ရကျိုးနပ်အောင် မိမိ၏အဖွဲ့အစည်း၊ မိမိကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်။ တိုင်း၊ နိုင်ငံများ၌ ဦးစီးဦးဆောင် ပြုမည့် ပုဂ္ဂိုလ်များ ခေါင်းဆောင်ကောင်းတို့ အရည်အချင်းများနှင့် ပြည့်စုံ
အောင်၊ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်အောင် ကြိုးစားကြဖို့ လိုအပ်ကြောင်း အသိပေးရေးသားလိုက်ရပါ သည်။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
အတွဲ(၂)၊ အမှတ်(၇) ယခုလထုတ် တက္ကသိုလ်ရဟန်းပျိုဓမ္မစာစောင် တွင်ဖော်ပြခဲ့သည်။

Subscribe Us