Saturday, July 05, 2014

အမှန်တကယ်လက်ခံနိုင်ကြပါရဲ့လား



နေဇင်လတ်

JOB seekers Journal Vol.2,No.52

အရာရာကို လောကီရှုထောင့်တစ်ခုတည်းမှ ကြည့်၍မရ၊ ထိုထက် ဆိုရလျှင် ယုတ်္တိဗေဒတစ်ခုတည်းမှလည်း ဆုံးဖြတ်၍မရ၊ တစ်ဦးတစ်ယောက်၏ လက်ခံနိုင်ခြင်း၊ လက်မခံနိုင်ခြင်းသည် ရှုထောင့်အပေါ် များစွာမူတည်နေ ပါသည်။ အထူးသဖြင့် ပညာအခံ၊ အတွေ့အကြုံ၊ ရင့်ကျက်မှုတို့နှင့်လည်း များစွာသက်ဆိုင်နေပါ၏။ အချို့သာမန်လွန်တော်ကြသူ များကို တွေ့ရပါလိမ့်မည်။ သူ၏ “တော်မှုအဆင့်” အလိုက် အကျိုးဖြစ်ထွန်းမှုကို မတွေ့ရသောအခါ မချင့်မရဲ ဖြစ်မိကြမည်မှာ အမှန်ပင်ဖြစ်ပါသည်။ အချို့သာမန်အောက်မျှသော အရည်အချင်းမျိုးသာ ပိုင်ဆိုင်ကြပါလျက် အကျိုးဖြစ်ထွန်းမှု များစွာရှိနေကြသော သူများကိုလည်း လောက တွင် မရှားပါးစွာ တွေ့မြင်ကြရပါလိမ့်မည်။

ဗုဒ္ဓက “ကံ၊ ဉာဏ်၊ ဝီရိယ”ဟူ၍ သုံးပါးကို အဟောထားခဲ့ပါ၏။ “ကံ” ဆိုင်ရာတွင် သံသရာတစ်လျှောက် ပြုခဲ့သော ကုသိုလ်၊ အကုသိုလ် တို့၏ အကျိုးပေးလာမှု၊ ပစ္စုပ္ပန်ဘဝ၏ ကုသိုလ်၊ အကုသိုလ်တို့၏ အကျိုးပေးမှုဟူ၍ (၂) ပိုင်း ပါလာပါသည်။ “ဉာဏ်” နှင့် “ဝီရိယ”ဟူသည်ကသာ ပစ္စုပ္ပန်၏အရာ ဖြစ်ပါ၏။ ဘဝတစ်ခု၏အကျိုးပေးကို “ဉာဏ်” နှင့် “ဝီရိယ” အရာနှစ်ပါးဖြင့်အဆုံးအဖြတ်ပေး ကြလျှင်၊ ယုတ်္တိဗေဒအပေါ် လုံးလုံး လျားလျား အခြေခံထားသကဲ့သို့ ဖြစ်လာပါ လိမ့်မည်။ သို့သော်လည်း “အကြောင်း” နှင့် “အကျိုး” တို့၏ ဆက်စပ်မှုသည် တစ်ဘဝတည်းမှသာ မဟုတ်ဘဲ အတိတ်ဘဝများစွာမှ အရင်းခံလာသည် ကို မေ့ထား၍ ရကြမည်မဟုတ်ပါ။ ဤအပေါ်ကို လက်ခံထားနိုင်ပါမှ ပစ္စုပ္ပန်၏ “အကျိုးတရား”များကို လက်ခံနိုင်ပါလိမ့်မည်။ အကြောင်းတရားတို့မှ ဖြစ်လာသော “စွမ်းအင်” သည် ပယ်ဖျက်၍ မရတတ်ပါချေ။ အားကြီးသောအကျိုးပေး ရှိနေသေး ၍ အားသေးသောအကျိုးပေးများ အကျိုးပေးခွင့် မသာသေး ခြင်းမျှသာဖြစ်၍ အချိန်တန်လျှင် အကျိုးပေးကြမည်သာ ဖြစ်သည်။

လက်မခံနိုင်မှုက ပဋိပက္ခကို မွေးဖွားသည်၊

ဖြစ်ပျက်သမျှတို့ကို လောကီရှုထောင့်၊ ယုတ်္တိဗေဒရှုထောင့်နှင့်သာ ချိန်ဆကြ လျှင် လက်ခံနိုင်မည်မဟုတ်ပါ။ အမေရိကန်သမ္မတ အိုဘားမားသည် တစ်ချိန်က ဘာမှမဟုတ်ခဲ့။ လွှတ်တော်တွင်လည်း အခြားသူများကဲ့သို့ ထင်ရှားခဲ့သူမဟုတ်။ သို့သော် ဘုရှ်အလွန်၌ အိုဘားမားသမ္မတ ဖြစ်ခဲ့သည်။ အမေရိကန်သမိုင်း တွင်လည်း များစွာမထင်ရှားခဲ့သူ၊ နောက်ခံကောင်းမရှိခဲ့သူ ဖြစ်ခဲ့သည့်အပြင် ပထမဦးဆုံးသော လူမည်းအမျိုးသား လည်းဖြစ်၍ အချို့လက်မခံနိုင်ခဲ့ကြချေ။ သို့သော်လည်း သူ့အကျိုးပေး နှင့်သူဖြစ်၍ သမ္မတဒုတိယသက်တမ်း တစ်ဝက်သို့ ပင် တိုင်ခဲ့ချေပြီ။ မြန်မာနိုင်ငံတွင်လည်း ရဲဘော်သုံးကျိပ်ဝင်လည်းဖြစ်၊ လွတ်လပ်ရေး တိုက်ပွဲများတွင် စစ်ရေးအရရော၊ နိုင်ငံရေးအရပါ ဦးဆောင် သူဖြစ်ခဲ့ပြီး၊ တစ်နိုင်ငံလုံး၏ ချစ်ခင်လေးစားမှုကို ခံခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်း သည် များစွာငယ်ရွယ်နေသောအချိန် အသက် (၃၂) နှစ်တွင် လုပ်ကြံမှုကို ခံခဲ့ ရရှာသည်။ သာမန်အားဖြင့် လက်ခံနိုင်ဖွယ်ရာမဟုတ်သော်လည်း၊ မြန်မာတို့ လက်ခံခဲ့ကြရပါသည်။

ကုန်းဘောင်၏နောက်ဆုံးမင်းဆက်ဖြစ်သော “သီပေါ” မင်းသားငယ် အနေဖြင့် ရာဇပလ္လင်ပေါ်မရောက်မီအထိ “မင်း” အဖြစ်သို့ အိပ်မက်ပင်မက်ခွင့် ရခဲ့သည်မဟုတ်ချေ။ သာမန်မင်းသားငယ်မျှသာဖြစ်ပြီး သူ့ထက် ပိုမိုအလား အလာကောင်းသော မင်းသားများမှာ အရေအတွက်အားဖြင့် (၄၀)မျှ ရှိနေခဲ့ ပါသည်။ အလားအလာကောင်းခြင်းကပင် သီပေါမင်းသား မင်းအဖြစ်သို့ ရောက် သည့်အခါ အစတေးခံလိုက်ကြရခြင်းဖြစ်သည်။ သီပေါ၊ စုဖုရားလတ်တို့၏ အဆုံးအဖြတ်မှားခဲ့မှုကြောင့် မြန်မာတို့ သူ့ကျွန်ဘဝကို စောစီးစွာ ရောက်ခဲ့ကြရ ပါ၏။ လက်ခံနိုင်စရာရှိမည် မဟုတ်ပါချေ။ သို့သော်လည်း သူ့ကျွန်ဘဝရောက်ခဲ့ရ သည်ကတော့ အသေအချာဖြစ်ပါ၏။

လွတ်လပ်ရေးရပြီး (၁၉၄၈) မှစကာ အရှေ့တောင်အာရှတွင် ဒီမိုကရေစီ၊ ပါတီစုံနိုင်ငံရေးစနစ်ကို နိုင်ငံအချို့ထက် စောစီးစွာ မြန်မာတို့ ကျင့်သုံးခွင့်ရခဲ့ ကြပြီး၊ အတော်အတန်လည်း တိုးတက်ခဲ့ပါသည်။ စင်ကာပူ၊ ထိုင်းတို့မှ ပင် မြန်မာနိုင်ငံကို လာရောက်လေ့လာခဲ့ကြပြီး၊ မြန်မာကို မီရန် နှစ် (၂၀)ခန့် ကြိုးစားရဦးမည်ဟု ဆိုခဲ့ဖူးပါသည်။ အရှေ့တောင် အာရှတွင် အနာဂတ်၌ ကြီးထွားလာမည့် “ကျား” တစ်ကောင်ဟု မြန်မာကို လေးစားခဲ့ကြရဖူးပါသည်။ ထိုသို့ နိုင်ငံတကာက အလားအလာကောင်း သည့် ကျားတစ်ကောင်ဟု ယူဆခံရသော မြန်မာနိုင်ငံသည် ယခု အိမ်နီးချင်းနိုင်ငံအချို့၏နောက် များစွာကျန် ရစ်ခဲ့ခြင်းကလည်း သာမန်အားဖြင့် လက်ခံနိုင်စရာ မရှိပါချေ။ သို့သော်လည်း လက်ခံနိုင်မှုရှိခြင်း၊ မရှိခြင်းကတခြား၊ အမှန်တကယ် နောက်ကျခဲ့သည်က တခြားသာ ဖြစ်ပါ၏။ စုပ်သပ်ရရုံမှတစ်ပါး လက်ခံခဲ့ကြရပြန်ပါသည်။

လက်ခံနိုင်မှုကြားမှ အကောင်းဆုံးသောလမ်း

ကိုယ့်ထက် အရည်အချင်းနိမ့်ပါးသောသူတစ်ဦးက ကိုယ့်ထက်သာလွန် သည်ကို မြင်တွေ့ရလျှင် သာမန်အားဖြင့် လက်မခံနိုင်ကြပါချေ။ အထူးသဖြင့် လူ၏သဘောက ကိုယ့်အရည်အချင်းကို သာသာထိုးထိုး တွက်ကြပြီး၊ သူများ ကို လျော့လျော့ပေါ့ပေါ့ ခန့်မှန်းလေ့ရှိကြသဖြင့် ပို၍ လက်မခံနိုင်စရာ ဖြစ်လာရ သည့်သဘောကိုလည်း တွေ့ရပါ၏။ အရှိတရား၊ ပကတိတရားကို လက်မခံနိုင် ခဲ့ပါလျှင် လူ့သဘာဝသည် အခြားနည်းလမ်းဖြင့် ကြံဆတတ်သည့် သဘောရှိ တတ်သည်။ ထို့ကြောင့် တစ်ချိန်က “မှောင်ခို” “တရားမဝင်စီးပွား” ဟူ၍ ခေတ်စား လာခဲ့ခြင်း ဖြစ်သည်။ လက်ခံနိုင်သူများက အသင့်လျော်ဆုံးနည်းလမ်းအပေါ် မှာသာ ဆက်လျှောက်ကြပြီး၊ အကောင်းဆုံးကြိုးစားနိုင်ခဲ့ကြသော်လည်း၊ လက်မ၏ခံနိုင် ခဲ့ကြလျှင် အခြားသောနည်းလမ်းတို့ကို ကြံဆလေ့ရှိကြခြင်းသည် တစ်ချိန် ချိန်၏အကျိုးပေးကို မမြင်နိုင်ကြသူများ၊ ခံစားချက် သို့မဟုတ် လက်မခံနိုင် မှု၏ တွန်းအားများသာ ဖြစ်ပါသည်။ အကောင်းဆုံး၊ အမှန်ကန်ဆုံး ကြိုးစားမှုဖြင့် သာ ဆောင်ရွက်သင့်ကြသည်ဟု ယူဆပါသည်။ အရာရာကို လောကီရှုထောင့် တစ်ခုတည်းမှ ရှုမြင်၍မရတတ်ပါ။ အတိတ်ကံ၏ သက် ရောက်မှုများစွာကို ထည့်သွင်းလက်ခံကြရမည်သာ ဖြစ်ပါ၏။

အကျိုးတရားတစ်ခုသည် ပစ္စုပ္ပန်၏ အကြောင်းတရားတစ်ခုတည်း အပေါ်မှ ထွက်ပေါ်လာသော အသီးအပွင့်များ မဟုတ်ပါ။ အတိတ် အကြောင်းတရားများ၏ အကျိုးပေးနှင့်ပါ ဆက်စပ်နေသည်ဟူသော ဗုဒ္ဓ ၏အဆုံးအမကို လက်မခံနိုင်ကြ ပါလျှင် ပဋိပက္ခများကို မွေးဖွားပေးပါလိမ့်မည်။ အနည်းဆုံး ကိုယ့်ကိုယ်ကိုယ် မကျေနပ်မှု၊ အခြားမသင့်လျော် သောနည်းလမ်းများကို ရွေးချယ်မှားမှုတို့ကြောင့် မဖြစ်သင့်သော ပဋိပက္ခများ၊ မရှိသင့်သော ပဋိပက်္ခများကို ဖြစ်ပွားစေပါလိမ့်မည်။ တစ်ခါ တစ်ရံ မိမိတို့၏ရွေးချယ်မှုအတွက် ဖြစ်ပေါ်လာသောအကျိုးတရား ကို ရွေးချယ်သူ တစ်ဦးတည်းကသာ ခံစားကြရလျှင် မထောင်းသာလှသော် လည်း၊ ထိုအကျိုးတရားကို မဆိုင်သောသူများအား မျှဝေခံစားစေကြရ မည်ဆိုလျှင် များစွာပြန်လည်စဉ်းစားသုံးသပ်ကြရန်လိုသည်ဟု မြင်ပါသည်။

မဂ္ဂင်ရှစ်ပါး

ဗုဒ္ဓဘာသာဝင်တိုင်းသိပြီးဖြစ်သော မဂ္ဂင်ရှစ်ပါးကို အကျယ်ရေးရန် လိုမည် ဟု မယူဆပါ။ လောကုတ္တရာအကျိုးစီးပွား သက်သက်အပေါ်သာ ဟောခဲ့ခြင်း မဟုတ်ပါ။ လောကီအကျိုးစီးပွားနှင့်လည်း များစွာဆက်စပ် နေပါသည်။ လောကီ အကျိုးစီးပွားသာမက မဂ်္ဂင်ရှစ်ပါးကို အမှန်တကယ် လိုက်နာကျင့်သုံးနိုင်ပါက လူသားတို့၏ အဆုံးစွန်၊ အန်္တိမ ရည်မှန်းချက် ဖြစ်သော နိဗ္ဗာန်ကိုပင် မျက်မှောက်ပြုနိုင်ရာလမ်းစဉ်ဖြစ်သဖြင့် များစွာ အားကိုးကျင့်ကြံသင့်ပေသည်။ များစွာလက်ခံထားသင့်ပေသည်။ မဂ်္ဂင် ရှစ်ပါးသည် ဒီမိုကရေစီထက် တန်ဖိုးမြင့် သည်။ တိကျစွာ လူတိုင်းလိုက်နာနိုင်ပါက ဒီမိုကရေစီ၏ အနှစ်သာရများကို ချက်ချင်းကျင့်သုံးရာလည်း ဖြစ်သည်။ “မှန်ကန်စွာပြောဆိုခြင်း” “မှန်ကန်စွာ ဆောင်ရွက်ခြင်း” ဟူသည့် နှစ်မျိုးကပင် များစွာလုံလောက်လှ သည်ဟု မြင်ပါသည်။

သို့သော်လည်း အကျိုးတရားတို့အပေါ် လူတို့၏လက်မခံနိုင်မှုက အခြား နည်းလမ်းများဖြင့် ကြိုးစားမှုတို့ကြောင့် မလိုအပ်သောကျင့်ဝတ်များ ပျက်ပြားကာ ပဋိပက္ခတို့ကို ပို၍တိုးပွားစေခြင်းဖြင့် လူ့အဖွဲ့အစည်းကို များစွာ ထိခိုက်လာစေ တတ်သည်ကို အလေးအနက် ဆင်ခြင်ကြရန် လိုပါသည်။ ဒီမိုကရေစီသည် မဂ္ဂင်ရှစ်ပါး၏ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ပါ ၏။ ဒီမိုကရေစီကို ယနေ့တိုင် မည်သည့်ပညာရှင်များက ပြည့်စုံစွာ အဓိ ပ်္ပာယ်မဖော်ကျူးနိုင်ကြသေးသော်လည်း၊ မဂ္ဂင်ရှစ်ပါးသည် လူသားများ၏ ပြည့်စုံသောကျင့်ကြံမှုလမ်းစဉ်အဖြစ် ဗုဒ္ဓက လွန်ခဲ့သောနှစ်ပေါင်း (၂၆၀၀) နီးပါးကတည်းက ဟောကြားတော်မူထားခဲ့ပြီးဖြစ် ပါသည်။

လက်မခံချင်လည်း လက်ခံကြပါ

တစ်ဘဝတည်း၏ ကြိုးစားမှုသည် အကျိုးပေးတစ်ခု၏ အရင်းခံ အကြောင်း ရင်းအလုံးစုံ မဟုတ်ပါချေ။ ဆင်းရဲ ချမ်းသာမှု ကွာဟကြခြင်း၊ ပညာကြီးလူတန်း စားများ၊ အာဏာကြီးလူတန်းစားများ စသည်တို့မှာ အတိတ်ကံ၊ အတိတ်ဘဝ၏ အကျိုးပေးများမှတစ်ဆင့် ဖြစ်ပေါ်လာသော အကျိုးတရားများသာ ဖြစ်ပါသည်။ စီမံခန့်ခွဲမှုပညာရပ်တွင် လူတိုင်းသည် ခေါင်းဆောင်များ ဖြစ်ကြပါသည်။ အနည်းဆုံး ကိုယ့်စိတ်၊ ကိုယ့်ကိုယ် ကိုယ်တော့ ခေါင်းဆောင်ကြရပါသည်။ ထိုထက်လွန်လျှင် အစုအဖွဲ့တို့ကို ခေါင်းဆောင်ခွင့်ရလာကြရပြန်ပါသည်။ သို့သော်လည်း အဆုံးစွန်သော ခေါင်းဆောင်မှုမျိုးမှာမူ တစ်ဘဝတည်း၏ ကံတရား၊ တစ်ဘဝတည်း၏ ကြိုးစားမှု၊ တစ်ဘဝတည်း၏ ဉာဏ်ပညာဖြင့် ရတတ်ကြသည်မဟုတ်ပါ။ အတိတ်နှင့် ပစ္စုပ္ပန် အကြောင်းတရားများ၏ အကျိုးပေးအစုအပေါင်းဟူ ၍ လက်ခံနိုင်ကြရန် ဖြစ်ပါသည်။

ဘီလ်ဂိတ်သည် (၂၀၁၄)ခုနှစ်၏ ကမ္ဘာ့အချမ်းသာဆုံးသူကြွယ် ဖြစ်ပါ၏။ အခြားနိုင်ငံမှ မွေးဖွားသူမှာ ဘီလ်ဂိတ်ကဲ့သို့ အခွင့်အရေးရမည် မဟုတ်ပါ။ ဘီလ်ဂိတ်ထက် ကြိုးစားမှု ပိုနိုင်ပါသည်။ ဘီလ်ဂိတ်ထက် ဉာဏ်ရည်သာနိုင် ပါသည်။ သို့သော်လည်း အတိတ်ဘဝ၏ အကျိုးပေးအရ ဘီလ်ဂိတ်လောက် အကျိုးပေးသန်နိုင်မည်မဟုတ်ပါ။ ထိုနည်းတူစွာ စင်ကာပူမှ လီကွမ်ယုကို လူတော်တစ်ဦး၊ လူထက်တစ်ဦးဖြစ်ကြောင်း တစ်ကမ္ဘာလုံးက လက်ခံထားခဲ့ ကြပြီးဖြစ်ပါသည်။ သို့သော်လည်း လီကွမ်ယုသည် အတိတ်အကျိုးပေးအရ လူ (၆) သန်းမျှသာရှိသော စင်ကာပူ ၏ခေါင်းဆောင်အဖြစ်မျှသာ ဖြစ်ခွင့်ရှိပါ၏။ လူ သန်း (၃၀၀) မျှရှိသော အမေရိကန်၏သမ္မတဖြစ်ခွင့်မရှိခဲ့ရှာပါ။ လီကွမ်ယု ကျေ နပ်ရောင့်ရဲရပါ လိမ့်မည်။ လီကွမ်ယု လက်ခံရပါလိမ့်မည်။

လောကသည် ဆန်းကျယ်လှ၏။ အထူးသဖြင့် ဘဝတို့သည် ဆန်းကျယ် သိမ်မွေ့လှ၏။ ထိုထက်ဆိုသော် အကြောင်းနှင့်အကျိုးတို့၏ ဆက်စပ်မှု၊ အတိတ်နှင့် ပစ္စုပ္ပန်တို့၏ အဆက်အစပ်သည် ပို၍ ဆန်းကျယ်လှ သည်ဟု မြင် ပါသည်။ ဤသည်ကို လက်ခံနိုင်ကြလျှင် ဘဝတစ်ခုသည် ကျေနပ်ဖွယ်ရာဖြစ်ပြီး၊ ဤသည်ကို လက်မခံနိုင်ပါက ကျေနပ်သောဘ၀ ကို ပိုင်ဆိုင်နိုင်ကြမည် မဟုတ် ပါချေ။ မည်သို့ဆိုစေ နောက်ဆုံးတွင် လူတို့သည် လက်မခံလိုသော်လည်း လက်ခံဖြတ်သန်းကြရသည်သာဖြစ် သည်။ ထို့ကြောင့် စောစီးစွာ၊ ပညာရှိစွာ လက်ခံထားခြင်းဖြင့် ကျေနပ် သောဘဝများကို ဖြတ်သန်းနိုင်ကြပါစေဟုသာ ဆန္ဒပြုလိုပါသည်။

မြန်မာ့လက်ရှိနိုင်ငံရေး အခြေအနေအပေါ် “အသွင်ကူးပြောင်းကာလ” ဟူသည့် အချက်အား ထည့်သွင်းစဉ်းစားနိုင်ကြသူများ၊ “နိုင်ငံတကာ အသွင် ကူးပြောင်းမှုအကြောင်း လေ့လာနိုင်ခဲ့ကြပြီးသူများ”က တစ်စုံတရာ လက်ခံနိုင် ကြသည်ကို တွေ့ရသော်လည်း၊ ဤသော အခြေအနေကို အသိအမှတ်မပြုနိုင် ကြသူများအနေဖြင့် လက်မခံနိုင်ကြသည်ကို တွေ့ရပြန်သည်။ ဖြစ်လာနိုင်သည့် အကျိုးဆက်တို့ကို မှန်ကန်စွာ တွက်ချက်နိုင် ခြင်းသည် လွန်စွာအရေးကြီးသည် ဟု မြင်သည်။ ပိုမိုတိုးတက်လာနိုင်သည်လား သို့မဟုတ် တစ်က ပြန်စကြရမည် လားဟူသည် အနာဂတ်နှင့် ထပ်ရမည့်လောင်းကြေးဖြစ်လာ၏။ ထိုတစ်ချိန်တုံး ကလို ပြည်တွင်းပြည်ပ အခြေနေမျိုးမဟုတ်တော့သည်က သေချာသည်။ အဓိကအဆုံးအဖြတ် ပေးနိုင်ကြသည့်သူများ၏ ပညာဉာဏ်၊ မြော်မြင်မှုအပေါ် များစွာမူတည် နေပါလိမ့်မည်ဟုသာယူဆရပါ၏။ ဖြတ်သန်းခဲ့ပြီးသော ခရီး၏ မဟာဗျူဟာများက အဖြေအချို့အဝက်မကကို ပေးထားခဲ့သည်ဟု မြင်တွေး မိပါသည်။ အားလုံးအကျိုးဖြစ် 'All win ' လမ်းကို ပေးဆပ်မှု အနည်းဆုံး ဖြင့် လျှောက်လှမ်းနိုင်ကြရန် ဆန္ဒဖြစ်ရပါသည်။

နေဇင်လတ်
၃၀-၃-၂၀၁၄ (၁၂၆၁)

Subscribe Us