Saturday, July 05, 2014

ရွှံမြေနှင့် တောင်မြေ



ဆရာသုတ

JOB seekers Journal Vol.3, No.1

ထီပေါက်ချင်တဲ့သူတွေ ထီထိုးတဲ့သူတွေများလွန်းလို့ အောင်ဘာလေထီ၊ ချဲထီ၊ သုံးလုံးထီ၊ နှစ်လုံးထီ စသည်ဖြင့် ထီပေါင်းစုံပေါများတဲ့ ခေတ်ကြီးမှာ “ထီမပေါက် ချင်တဲ့သူကော ရှိနိုင်သလား”” လို့ မေးမယ်ဆိုရင် ဘုဂလန့် မေးတယ်၊ ထီပေါက် ချင်လွန်းလို့ နည်းလမ်းအမျိုးမျိုးတဲ့ ကြိုးစားနေကြပါတယ်ဆိုမှ ထီမပေါက်ချင်တဲ့သူ ရှိသလားလို့ မေးမှ မေးရက်တယ်လို့ အပြောခံရနိုင်ပါတယ်။ ဒါပေမဲ့ ထီမပေါက် ချင်တဲ့သူတွေ အမှန်ရှိပါတယ်။ ထီကို အလွန်အကျွံဖိထိုးပြီး စည်းစိမ်ဥစ္စာရှိ သမျှ ပြုတ်ပြုတ် ပြုန်းကုန်လို့ စိတ်နာပြီး ထီမထိုးတော့တဲ့သူတွေကို မဆိုလိုပါဘူး။ ထီအ ကြောင်းကို မကြားဖူးလို့ မထိုးတတ်လို့ မထိုးရဲလို့ စသည်ဖြင့် အကြောင်း အမျိုးမျိုးကြောင့် ထိုးခွင့်မသာလို့ မထိုးတဲ့သူတွေကိုလည်း မဆိုလိုဘူး။ ထီလက်မှတ်ဖိုးတောင်မှ မတတ်နိုင်လို့ မထိုးရတဲ့ သူတွေကိုလည်း မဆိုလိုဘူး။ ထီအကြောင်းကို ကောင်းကောင်းသိနားလည်ပြီး ထီလက်မှတ်ဖိုးလည်း တတ်နိုင် တယ်၊ ထိုးချင်ရင်လည်း ထိုးလို့ရတယ်၊ အဲဒီကြားထဲကမှ ထီပေါက်လို့ရ မယ့် ငွေကို မလိုကို မလိုချင်ဘူးဆိုတဲ့ ထီမပေါက်ချင်သူတွေကို တွေ့ဖူးပါတယ်။

အဲဒီထီမပေါက်ချင်သူတွေကို “ခင်ဗျားတို့က ထီမပေါက်ချင်လို့ ထီမထိုးပေ မယ့် အခြားသူက ထီလက်မှတ် လက်ဆောင်လာပေးလို့ အဲဒီ ထီလက်မှတ် က ပေါက်နေရင်ကော အဲဒီပိုက်ဆံကို ယူမှာလား” လို့ မေးဖူးပါတယ်။ တကယ့် အပြင်းစား ထီမပေါက်ချင်သူတွေက လက်ဆောင်ရတဲ့ ထီလက်မှတ်က ပေါက်လို့ ရတဲ့ငွေကိုလည်း မလိုချင်ဘူးတဲ့။ ““အဲဒီငွေကို ထီလက်မှတ် လက်ဆောင် ပေးတဲ့ သူကိုပဲ ပြန်ပေးလိုက်မယ်၊ သူက မယူလို့ရှိရင်လည်း သူ့နာမည်နဲ့ လှူပေးလိုက် မယ်” စသည်ဖြင့် ဖြေကြ တယ်။ ဆိုလိုတာက ထီမပေါက်ချင်ရုံတင်မကဘူး၊ ထီပေါက်လို့ ရတဲ့ ငွေကိုပါ မလိုချင်တာ၊ အလကားရတဲ့ငွေကို မသုံးချင် တာ ဖြစ်ပါတယ်။

သူတို့ကို ကြည့်လိုက်တော့ သိပ်ချမ်းသာနေတဲ့ လူတွေလည်း မဟုတ်ဘဲနဲ့ ဘာဖြစ်လို့ အလကားရတဲ့ငွေကို မလိုချင်ရတာလဲဆိုတော့ အလကားရတာတွေ မှာ နှစ်မျိုးရှိပါသတဲ့။ တစ်မျိုးက တကယ်တမ်း ပေးဆပ်ရမှာတွေကို ဖုံးကွယ်ထား တဲ့ အလိမ်အညာတွေဖြစ်ပြီး နောက်တစ် မျိုးက အမှန်တကယ် အလကားရပေ မယ့် စိတ်ဓာတ်ကို ပျက်ပြားစေ တတ်တယ်ဆိုပဲ။ ဘယ်လို စိတ်ဓာတ်ပျက်ပြား တာလဲဆိုတော့ အလကား ရတယ်ဆိုပြီးရလေလိုလေ ကိုယ့်လုပ်အား စစ်စစ်နဲ့ မရနိုင်တဲ့ ကိုယ်နဲ့ မတန်မရာတွေကို လိုချင်လာတတ်တယ်။ အဲဒါတွေ မရှိရင်ဘဲ မဖြစ်တော့ သလိုအကျင့်ပျက်လာတယ်။ ဒါကြောင့် ထီအပါအဝင် အလကားရ တာ တွေ အားလုံးကို မလိုချင်ပါဘူးတဲ့။

အဲဒီလို ထီမပေါက်ချင်သူတွေကို “အတိတ်ဘဝက ကုသိုလ်ကံ မွဲတေခဲ့လို့ အခုဘဝမှာ ထီပေါက်ရင်တောင် ဒါမှမဟုတ် သူတစ်ပါးက အလကားပေး ရင်တောင် အဲဒီငွေကြေးကို လိုချင်စိတ်မရှိတာ၊ သုံးစွဲဖို့ စိတ်မညွှတ်တာ” လို့ ပြောမယ်ဆို ပြောနိုင်မယ် ထင်ပါတယ်။ တစ်ခါ ကောင်းတဲ့ဘက်က ကြည့်ပြန်တော့ အဲဒီလိုလူတွေဟာ ကိုယ့်လုပ်အားနဲ့ ဘဝကို တည်ဆောက် သူတွေ၊ မိမိရဲ့လုပ်ရည်ကိုင်ရည်နဲ့ အစွမ်းအစကို ယုံကြည်သူတွေ၊ မိမိကိုယ်တိုင် မှတစ်ပါး အခြားဘယ်သူ့ကိုမှ အားမကိုး သူတွေ၊ သူတို့ဘဝကို သူတို့ကျေနပ် သူတွေ ဖြစ်ကြတယ်လို့ ဆိုမယ် ဆိုရင်လည်း ဆိုနိုင်မယ် ထင်ပါတယ်။

တစ်ခုတော့ရှိတယ်။ ထီပေါက်တဲ့အခါ ဒါမှမဟုတ် စွမ်းနိုင်တဲ့ သူတွေ က မစလိုက်လို့ မိမိဘဝအကြီးအကျယ် တိုးတက်ပြောင်းလဲသွားတဲ့အခါ ဒါမှမဟုတ် ကံအားလျော်စွာ မပင်မပန်းနဲ့ ငွေတွေအများကြီး အလကား ဒါမှမဟုတ်အလကား နီးပါးရလိုက်တဲ့အခါ လူတွေဟာ ထခုန်ရလောက် အောင် ဝမ်းသာကြတာ ဆိုတော့ ထီလည်း မပေါက်ချင်ဘူး၊ ပေါက်လည်း မယူဘူး၊ သူတစ်ပါးမစတာ လည်း မလိုချင်ဘူး၊ အလကား ရတာတို့ အလကားနီးပါးတို့လည်း မယူဘူး၊ ကိုယ့်လုပ်အားနဲ့ ရတာပဲ ယူမယ် ဆိုရင် အဲဒီလို လူမျိုးဟာ ဘဝမှ ထခုန် ရလောက်အောင် ဝမ်းသာပျော်ရွှင် ရတာမျိုး နည်းသွားမှာကတော့ ကျိန်းသေပဲ။

ဒါပေမဲ့ ဒီလိုလူမျိုးတွေဟာ နှစ်ရှည်လများ ကိုယ့်လုပ်အားနဲ့ လုပ်လို့ ရလာတဲ့ အောင်မြင်မှု အသီးအပွင့်တွေကို ဘယ်သူတွေ ဘာပြောနေနေ တန်ဖိုးထားမှာ ဖြစ်ပါတယ်။ အဲဒီအောင်မြင်မှု အသီးအပွင့်တွေကို တစ်နည်းနည်း နဲ့ ဖျက်လိုဖျက်ဆီး လုပ်မယ်ဆိုရင်လည်း အပြင်းအထန် ကာကွယ်ကြဖို့ ရှိပါတယ်။ ဆိုလိုတာက အလကား မယူသူတွေဟာ အလကားလည်း ပေးမှာ မဟုတ်ဘူး။ သူတို့ ရသင့်ရထိုက်တာတွေကို ရယူဖို့နဲ့ အလကားလိုချင်သူတွေ ရဲ့ရန်က ကာကွယ်ထိန်းသိမ်းဖို့ သတ်္တိအရာမှာ တော့ အင်မတန်ပြောင်မြောက် လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အလကားယူတတ်သူတွေဟာ အလကားပေးနိုင်သူတွေရဲ့ လိုသလို ခြယ် လှယ်ပုံသွင်းမှု၊ လူလိမ်လူကောက်တွေရဲ့ မက်လုံးပေး လိမ်ညာမှုကို ခံကြရဖို့ ရှိပေမယ့် အလကားမယူတတ်သူတွေကတော့ ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင် ကိုယ်သာ လျှင် အမှန်ဖြစ်တာမို့ လူလိမ်လူကောက်တွေ အနားတောင် မကပ်ရဲသူတွေ၊ ဘယ်လိုအခက်အခဲရှိရှိ ပန်းတိုင်ရောက်ဖို့ လမ်း မရှိရင်တောင် ကိုယ့်လမ်း ကိုယ်ဖောက်ပြီး အရောက်သွားမယ့် လူစားမျိုး တွေဖြစ်တတ်ကြပါတယ်။

ဘာနဲ့ တူသလဲဆိုတော့ ရွှံ့မြေနဲ့ တောင်မြေလိုပေါ့။ ကမ္ဘာမြေပြင် ပေါ်မှာ ရွှံ့နွံလို မိုးဖွဲကလေး နည်းနည်းရွာလိုက်တာနဲ့ ပျော့ဆင်းသွားတဲ့ မြေမျိုးရှိသလို မိုးမကလို့ မုန်တိုင်းပဲတိုက်တိုက် ဒီအတိုင်းပဲဆိုတဲ့ မာ ကျောတဲ့ တောင်မြေမျိုးလည်း ရှိပါတယ်။ —

Subscribe Us