Friday, July 04, 2014

လူ့သဘာဝနဲ့ ကိုက်ညီတဲ့ အစီအစဉ်တွေ ချမှတ်ကျင့်သုံးနိုင်စေဖို့

 

ဖျံနှစ်ကောင် ငါးအဝေမတည့်ဖြစ်တဲ့ ပုံပြင်ကလေးကို ကြားဖူးကြမယ် ထင်ပါတယ်။ ရေနက် ထဲမှာ ငါးကြီးတစ်ကောင်ကို စတွေ့တဲ့ ဖျံက သူတစ်ကောင် တည်း မဖမ်းနိုင်လို့ တခြားဖျံ တစ်ကောင်နဲ့ပေါင်းပြီး ငါးကြီးကို ရအောင် ဖမ်းကြ တယ်။ ငါးကြီး ကုန်းပေါ်ရောက်တော့ ဘယ်သူက ခေါင်းပိုင်းရသင့်တယ်၊ ဘယ်သူက အမြီးပိုင်းပဲ ယူသင့်တယ်ဆိုပြီး အဝေမတည့် ဖြစ်ကြတယ်။ အဲဒီမှာ မြေခွေးနဲ့ ယုန်ပညာရှိတို့ရဲ့ ကြားဝင်ဖြေရှင်းပေးပုံက မတူကြဘူး။ မြေခွေး က ငါးကို ခေါင်းပိုင်း၊ ကိုယ်ပိုင်း၊ အမြီးပိုင်း သုံးပိုင်း ပိုင်းပြီး ငါးကို စတွေ့တဲ့ ဖျံက ခေါင်းပိုင်းယူစေ၊ ငါးကို ကူဖမ်းပေးတဲ့ ဖျံက အမြီးပိုင်းယူစေ၊ သူ ကိုယ်တိုင် ကတော့ အငြင်းပွားမှုကို ဆုံးဖြတ်ပေး ရတဲ့ အခကြေးငွေအဖြစ် ကိုယ်ပိုင်းကို ယူမယ် လို့ ဖြေရှင်းလိုက်ပါတယ်။ သူ့ဖြေရှင်းချက်ကို ဖျံနှစ်ကောင်က လက်မခံနိုင်ကြောင်း သိတဲ့ အတွက် ချက်ချင်း ကိုယ်ပိုင်းကို ကိုက်ချီပြီး ထွက်ပြေးသွားပါတယ်။

ယုန်ပညာရှိကတော့ ငါးကို ခေါင်းကနေ အမြီးအထိ အညီအမျှ ထက်ခြမ်းခြမ်းပြီး ပေးလိုက်တဲ့အတွက်အငြင်းပွားနေတဲ့ဖျံနှစ်ကောင်စလုံး ကျေနပ် မှုရကြတယ်လို့ ဆိုပါတယ်။ ယုန်ပညာရှိအတွက်တော့ ဘာမှရတယ်လို့ ပုံပြင်ထဲ မှာမပါဘူး။ စေတနာ့ဝန်ထမ်းပညာရှိပဲ ဆိုပါတော့။ နောက်ပြီး ငါးကို ခေါင်းကနေ အမြီးထိ ထက်ခြမ်းခြမ်းရာမှာ ကျောရိုးကိုပါထက်ခြမ်း ခြမ်းသလား၊ ဒါမှမဟုတ် အရိုးမို့လို့ ဘယ်သူယူယူ၊ မယူယူ ထည့်မစဉ်းစားဘူးလား ဆိုတာ တော့ မသဲကွဲဘူး။


ပြဿနာပေါ်တိုင်း ပုံပြင်ထဲက ဖျံနှစ်ကောင် လို ပြင်ပက ဖြေရှင်းချက်ပေးမယ့်သူ လိုအပ်နေ မယ်ဆိုရင် ယုန်ပညာရှိနဲ့ တွေ့ဖို့ထက် မြေခွေးနဲ့ တွေ့ရဖို့က များပါ တယ်။ သူတစ်ပါး ပြဿနာကို ကူညီဖြေရှင်းပေးသူတိုင်းဟာ မြေခွေးလို ကိုယ်ကျိုးရှာ သမားတွေချည်းပဲလို့ ဆိုလိုတာ မဟုတ်ပါဘူး။ အခုခေတ်လို ဈေးကွက်စီးပွားရေး ကျင့် သုံးနေတဲ့အချိန်မှာ ယုန်ပညာရှိလို သူတစ်ပါး ပြဿနာကို ကိုယ့်အတွက် ဘာခံစားခွင့်မှ မရဘဲ ဖြေရှင်းပေးနိုင်ဖို့ မလွယ်ဘူးလို့ ဆိုလိုတာသာ ဖြစ်ပါတယ်။ အထူးသဖြင့် ဥပဒေတွေ၊ နည်း ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ် နည်း တွေ၊ သတ်မှတ်ချက်တွေ ရှုပ်ထွေးလေလေ၊ ပြဿနာဖြေရှင်းပေးနိုင်ဖို့ လိုအပ် တဲ့ လေ့လာ သင်ယူမှု၊ ကြိုးစားအားထုတ်မှု၊ အချိန်ပေးရမှု တွေ များလေလေ၊ စေ တနာ့ဝန်ထမ်း မလုပ်နိုင် လေလေ ဖြစ်တတ်ပါတယ်။

ပြဿနာတွေကတော့ မပေါ်ဘဲ နေမှာ တော့ မဟုတ်ပါဘူး။ ပေါ်လာ တဲ့ ပြဿနာတွေ ကို ဖြေရှင်းဖို့ ပြင်ပအကူအညီလည်း တတ်နိုင်သလောက် မယူချင် ဘူးဆိုရင် အချင်းချင်း လုပ်ပိုင်ခွင့် ခွဲဝေပြီး ပြဿနာ ဖြေရှင်းနိုင်မယ်လို့ စဉ်းစားမိပါ တယ်။ ဥပမာ ဖျံနှစ်ကောင် ငါးအေ၀ မတည့်တဲ့ ပြဿနာအတွက် တစ်ကောင်က ငါးကို နှစ်ပုံပုံပြီး ကျန်တဲ့တစ်ကောင်က နှစ်သက် ရာ တစ်ပုံကို ရွေးယူတဲ့ နည်း လမ်း ဖြစ်ပါတယ်။ ဒါဆိုရင် ငါးကို နှစ်ပုံပုံမယ့်ဖျံက တတ်နိုင်သလောက် မျှတအောင် ဝေပုံချရတော့မှာ ဖြစ် သလို ရွေးယူမယ့် ဖျံကလည်း သူသာမယ် ထင်တဲ့ အပုံကို ရွေးယူနိုင်မှာ ဖြစ်ပါတယ်။

ပေါ်လာနိုင်တဲ့ ပြဿနာအမျိုးအစားတွေ ပေါ်မူတည်ပြီး အချင်းချင်း လုပ်ပိုင်ခွင့် ခွဲဝေထားရှိပုံလည်း ကွဲပြားခြားနားနိုင်ပေမယ့် အခြေခံ သဘောတရားကတော့ တစ်ဖက်က ခွဲခြမ်းစိတ်ပိုင်းတဲ့ အလုပ်ကိုလုပ်ရင် တခြား တစ်ဖက်က ရွေးချယ်ခွင့် ရရှိရမှာ ဖြစ်ပါတယ်။ နှစ်ဖက်စလုံးရဲ့ များများလိုချင်တဲ့ လောဘစိတ် ကို အသုံးချ ပြီး ညီမျှမှုရအောင် စီမံတာ ဖြစ်တဲ့ အတွက် လောဘမရှိတဲ့ သူတော်စင်တွေ နဲ့ တွေ့ရင်တော့ ဒီနည်းလမ်း အလုပ်မဖြစ်တော့ဘဲ ရှိနိုင်ပါတယ်။

မြေခွေးနဲ့ ယုန်ပညာရှိရဲ့ ဖြေရှင်းပုံကို ကြည့်တဲ့အခါ ဖျံနှစ်ကောင်မှာ လုပ် ပိုင်ခွင့် ခွဲေ၀ ယူထားတာမရှိဘဲ ဖြေရှင်းချက် ပေးမယ့်သူကိုပဲ လုပ်ပိုင်ခွင့် အပြည့်ပေးထားတာကို တွေ့ရမှာပါ။ ခွဲခြမ်းစိတ်ပိုင်းတာလည်း သူပဲ၊ ဘယ်အပိုင်း ကို ဘယ်သူယူ ဆိုပြီး သတ်မှတ်ပေးတာလည်း သူပဲ ဆိုတဲ့ အနေအထားမှာ ယုန် ပညာရှိလို သိက္ခာ သမာဓိနဲ့ ဉာဏ်ပညာ အမြော်အမြင် ပြည့်စုံသူ က ဆုံးဖြတ် လိုက်တဲ့အခါ သက်ဆိုင်သူတွေ အားလုံးကျေနပ်ပြီး ကြားသိရသူတိုင်း နှစ်သက် သဘောကျတဲ့၊ လေ့လာအတုယူထိုက်တဲ့ ပြဿနာဖြေရှင်းပုံတွေ ထွက်ပေါ်လာ ပါတယ်။ ဒါပေမဲ့ မြေခွေးလို သိက်္ခာမဲ့သူနဲ့ ကြုံရတဲ့ အခါမှာတော့ လုပ်ပိုင်ခွင့်နဲ့ လုပ်စားသွားတာကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။

လက်တွေ့မှာ ယုန်ပညာရှိက ဘယ်နား ရှာရမှန်းမသိ၊ ယုန်ပညာရှိထင်လို့ အားကိုး တကြီး ဖြေရှင်းခိုင်းလိုက်တိုင်း မြေခွေးချည်း ဖြစ်နေတဲ့ အခက်အခဲကို ကြုံတွေ့ရတတ် ပါတယ်။ အဲဒီအခါ မရှိတဲ့ သူတော်ကောင်းကို လိုက်ရှာနေမယ့် အစား ပေါပေါများများ ရှိနေတဲ့ သူတော်မကောင်းတကောင်းတွေ အချင်းချင်းပဲ ချိတ်ဆက်စုဖွဲ့ပြီး လုပ်ပိုင်ခွင့်တွေ ခွဲဝေယူခြင်း အားဖြင့် ပြဿနာ ပြေလည်နိုင် မလားဆိုတာ စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ့် ကိုယ်ကိုယ်နားလည် ဖို့တော့ အရေးကြီးပါတယ်။ လုပ်ပိုင်ခွင့်မရခင်က ယုန်ပညာရှိ ဖြစ်ခဲ့ပေမဲ့ လုပ်ပိုင်ခွင့် ရတဲ့အခါ မြေခွေးဖြစ်သွားတတ်တဲ့ လူ့သဘာဝကို နားလည်လက်ခံ ပြီး လူ့သဘာဝနဲ့ ကိုက်ညီတဲ့ အစီအစဉ်တွေ၊ စနစ်တွေကို ဝိုင်းဝန်း စဉ်းစား ချမှတ်ကျင့်သုံးရမှာ ဖြစ်သလို အဲဒီအစီ အစဉ်တွေ၊ စနစ်တွေ ဘာကြောင့် ချမှတ်ထားရ သလဲဆိုတာကိုလည်း အားလုံးက နားလည် သဘောပေါက်ပြီး ဝိုင်းဝန်း ထိန်းသိမ်းကြဖို့ လိုပါတယ်။

Subscribe Us