Friday, July 04, 2014

စိတ်ဓာတ်မြှင့်တင်အောင်ပွဲဆင်



စာဖတ်သူမိတ်ဆွေရ. . . မိတ်ဆွေကို ကျွန်တော် လေးလေးနက်နက် ပြောစရာရှိ ပါတယ်။ ကျွန်တော်အခုပြောမယ့် စကားတွေက မိတ်ဆွေကို တိုက်ရိုက်ပြောပြ ချင်တဲ့ အရိုးသားဆုံး၊ အမှန်ကန်ဆုံး စကားတွေပါပဲ။ ဒါကြောင့်မိတ်ဆွေ ကလည်းလေးလေး နက်နက် ဖတ်ရှုပေးစေချင်ပါတယ်။ ကျွန်တော်ပြောမယ့် အကြောင်းအရာက တခြားတော့ မဟုတ်ပါဘူး။

ဒီဆောင်းပါးကို ဖတ်ရှုနေတဲ့ မိတ်ဆွေရဲ့အကြောင်းကို ကျွန်တော် ပြောပြချင်လို့ ပါပဲ။ မိတ်ဆွေရဲ့အကြောင်း ကိုကျွန်တော့်ထက်စာရင် မိတ်ဆွေကသာ ပိုသိမှာပေါ့။ ဒါပေမယ့် လူတော်တော်များများဟာ ကိုယ့်အကြောင်းကိုယ်သိ တယ်လို့ ထင်နေကြပေမယ့် တကယ်တော့ ကိုယ့် အကြောင်းကိုယ် ထဲထဲဝင် ဝင်သေသေချာချာမသိကြတဲ့ သူတွေ အများကြီးရှိနေတတ်ကြပါတယ်။ ဒီလို ကိုယ့်အကြောင်းကိုယ် မသိကြတဲ့ သူတွေထဲမှာ မိတ်ဆွေပါချင်လည်းပါမယ်၊ မပါချင်လည်းမပါဝင်နိုင်ပါဘူး။ မိတ်ဆွေ သိပြီးသားလည်း ဖြစ်ကောင်းဖြစ်မယ်၊ မသိသေးတာလည်း ပါကောင်း ပါဝင်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ်မိတ်ဆွေကို ကျွန်တော် ပြောပြစရာ ရှိပါတယ်။


မိတ်ဆွေဟာကမ္ဘာပေါ်မှာရှိတဲ့ အတော်ဆုံးဆိုတဲ့ လူသားတွေထဲက တစ်ယောက်ဖြစ်တယ်ဆိုတာသိပါသလား။ ဟုတ်ပါတယ်။ မိတ်ဆွေဟာ အရမ်းတော်တဲ့လူတစ်ယောက်ပါ။ ကိုယ့်ကိုယ်ကိုယ်မတော်ဘူး၊ မထက်မြက်ဘူး၊ မအောင်မြင်နိုင်ဘူးလို့ ထင်မြင်ကောင်းထင်မြင်နေပေမယ့် အမှန်တကယ်တော့ မိတ်ဆွေဟာ အတော်ဆုံး၊ အထက်မြက်ဆုံးနဲ့ အောင်မြင်အောင်စွမ်းဆောင်နိုင် တဲ့ လူသားတစ်ယောက်ဖြစ်တယ် ဆိုတာပါပဲ။

မိတ်ဆွေက ဟုတ်ပါ့မလားလို့ ကိုယ့်ကိုယ်ကိုယ် သံသယ မဝင်ပါနဲ့။ မိတ်ဆွေရဲ့ အကြောင်းကို ကျွန်တော်လုံးဝသိပြီးသားပါ။ မိတ်ဆွေရဲ့ ဘဝမှာ မလုပ်နိုင်ဘူး ဆိုတဲ့အရာလုံးဝမရှိပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှုသာထားပါ။ အများစုက ကိုယ်လုပ်နိုင်တယ်ဆိုတဲ့အချက်ကို ကိုယ်တိုင် မယုံကြည်ကြပါဘူး။ဒီလိုလူမျိုးတွေ ဟာ ကိုယ့်အကြောင်းကိုယ်မသိသေး တဲ့သူတွေပါပဲ။ ဒါပေမယ့်မိတ်ဆွေကသူတို့ လိုမဟုတ်ပါဘူး။ ဘယ်အရာ မဆိုပြီးမြောက်အောင်မြင်အောင်လုပ်ဆောင်နိုင် တယ်ဆိုတဲ့ ယုံကြည်မှုတွေ မိတ်ဆွေမှာ ရှိနေပါတယ်။

နောက်ပြီးဘဝမှာထိပ်တန်းအောင်မြင်မှုတွေ ရရှိအောင်လုပ်ဆောင်နိုင်တဲ့ အစွမ်း အစတွေ၊ အရည်အသွေးတွေဟာမိတ်ဆွေရဲ့ ကိုယ်ထဲမှာ ရှိပါတယ်။ ဒီစွမ်းရည်တွေက မိတ်ဆွေရဲ့ကိုယ်ထဲမှာ အပြည့်အဝရှိနေ ပြီးသားပါ။ ဒီအစွမ်း အစတွေ၊ အရည်အသွေးတွေကို သတိထားမိပြီး ထုတ်သုံးတဲ့အခါ မိတ်ဆွေဟာ အကြီးအကျယ်အောင်မြင်နိုင်ပါတယ်။ အခုလက်ရှိ လုပ်ကိုင်နေတဲ့ မိတ်ဆွေရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်း မှာလည်းမိတ်ဆွေဟာတကယ့်ကိုမရှိမဖြစ် အဖိုးတန်တဲ့ လူတစ်ယောက် ပါပဲ။ မိတ်ဆွေလုပ်တဲ့ အလုပ်မှာ မိတ်ဆွေဟာ ရတနာတစ်ပါးပါပဲ။

အခက်အခဲနဲ့ စိတ်ဖိစီးစရာ ပြဿနာတွေ မိတ်ဆွေရဲ့ ဘဝမှာ အများအပြားကြုံခဲ့ဖူးပါ တယ်။ ဒါပေမယ့် မိတ်ဆွေဟာ အဲ့ဒီအခက်အခဲ တွေကို ကျော်ဖြတ်နိုင်ခဲ့ တယ်လေ။ မိတ်ဆွေကြုံခဲ့ဖူးတဲ့ အကြီးမားဆုံးလို့ ထင်တဲ့ အခက်အခဲ ပြဿနာ ကြီးတွေကို အခုအချိန်မှာ ပြန်တွေးလိုက်ရင် အခုချိန်မှာ ဘာမှမဟုတ်တော့ တာကို မိတ်ဆွေသိမြင်မှာပါ။ ဒါကြောင့် မိတ်ဆွေဟာ အခက်အခဲတွေ ကိုကျော်ဖြတ်နိုင်သူဖြစ်ပါတယ်။

မိတ်ဆွေအခုလက်ရှိ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုရှုမြင်နေသလဲဆိုတာ တော့ ကျွန်တော်မသိပေမယ့် ကျွန်တော်သေချာသိတဲ့အချက်ကတော့ မိတ်ဆွေဟာ အကောင်းဆုံးလူသားတစ်ယောက်ပါပဲ။ မိတ်ဆွေဟာ စိတ်ဓာတ်ကြံ့ခိုင်တယ်။ အလုပ်လုပ်တဲ့ နေရာမှာသည်းခံတယ်၊ ဇွဲရှိတယ်၊ လုံ့လ ဝီရိယအားစိုက်ထုတ်ပြီး ကြိုးစားလေ့ရှိတယ်။ ဘဝမှာအောင်မြင်တဲ့သူ တစ်ယောက်ဖြစ်ရမယ်ဆိုတဲ့ ခံယူချက်ကိုလက်ကိုင်ထားတယ်။ ဖြစ်ချင်တဲ့အရာကို ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုး မိတ်ဆွေမှာရှိပါတယ်။ ဖြစ်အောင်လည်းစွမ်းဆောင်နိုင်တဲ့အရည် အချင်းတွေအပြည့်ရှိနေပါတယ်။

မိတ်ဆွေမှာအိပ်မက်တွေရှိပါတယ်။မိတ်ဆွေရဲ့မိသားစုကိုအကောင်းဆုံးထား ချင်တယ်။ ချမ်းသာကြွယ်ဝတဲ့ဘဝကို ရောက်စေချင်တယ်။ ကိုယ်တိုင်လည်း အောင်မြင်ပျော်ရွှင်တဲ့ လူသားတစ်ယောက်ဖြစ်ရမယ်လို့ ယုံကြည်ချက်ထားတယ်။ အဲ့ဒီယုံကြည်ချက်နဲ့ပဲ မိတ်ဆွေဘဝရဲ့ ခရီးကို လျှောက် လှမ်းနေပါတယ်။ ကျွန်တော်သိနေတယ်။ မိတ်ဆွေဟာ အောင် မြင်တဲ့သူ၊ စွမ်းအားပြည့်ဝတဲ့သူ၊ ထူးချွန်ထက်မြက်တဲ့သူဖြစ်တယ်ဆိုတာပေါ့။

ကျွန်တော်ပြောချင်တာကတော့ ဒါတွေပါပဲ။ အခုမိတ်ဆွေ အကြောင်း ကျွန်တော်ပြောပြပြီးပါပြီ။ ဒီလိုသိလိုက်ရတဲ့အတွက် အခုချိန်မှာ ဘယ်လိုဖြစ်နေ ပါသလဲ။ ကျွန်တော်ပြောပြတဲ့ အရာတွေကိုဖတ်ပြီး ဘယ်လို ခံစားရပါသလဲ။

အခု စာဖတ်သူမိတ်ဆွေဟာဆရာဝန်တစ်ယောက်ဆိုရင် ပိုကောင်း တဲ့ ဆရာဝန် တစ်ယောက်ဖြစ်လာနိုင်မလား။ ဝန်ထမ်းတစ်ယောက်ဆိုရင် ပိုကောင်း၊ ပိုတော် တဲ့ဝန်ထမ်းတစ်ယောက်ဖြစ်လာနိုင်မလား။ မိတ်ဆွေသာ အားကစားသမား တစ်ယောက်ဆိုရင် ပိုတော်တဲ့အားကစားသမား ဖြစ်လာနိုင်မလား။ မိတ်ဆွေ သာကျောင်း၏သားတစ်ယောက်ဆိုရင် ပိုတော်တဲ့ ကျောင်းသားတစ်ယောက်ဖြစ် လာနိုင်မလား။ ပိုပြီးထက်မြက်လာနိုင်မလား။ မိတ်ဆွေသာစီးပွားရေးသမား တစ်ယောက်ဆိုရင် ပိုကောင်း၊ ပိုတော်တဲ့ စီးပွားရေးသမားဖြစ်လာနိုင်မလား။ မိတ်ဆွေသာပရဟိတသမား ဆိုရင် ပိုပြီးကိုယ်ကျိုးစွန့်တဲ့ ပရဟိတသမားဖြစ် လာနိုင်သလား။

မိတ်ဆွေဘယ်သူပဲဖြစ်နေနေ၊ဘာတွေပဲလုပ်ဆောင်နေနေ မိတ်ဆွေ အနေနဲ့ ကျွန်တော်ပြောတဲ့အရာတွေကို လက်ခံမယ်ဆိုရင် မိတ်ဆွေကျင်လည်နေတဲ့ ပတ်ဝန်းကျင်မှာမိတ်ဆွေဟာပိုကောင်း၊ ပိုတော်တဲ့သူ တစ်ယောက် ဖြစ်လာမှာပါ။ ဟုတ်မှဟုတ်ပါ့မလားလို့စိတ်ထဲကထင်နေ ရင်တောင်မိတ်ဆွေရဲ့တကယ့် စိတ် အတွင်းမှာပိုပျော်လာတယ်မဟုတ်ပါလား။ ပိုပြီးစွမ်းအားတွေ၊ အရည်အသွေးတွေ တက်လာတယ်လို့ ခံစားရတယ်မဟုတ်လား။

ကျွန်တော်ပြောခဲ့တဲ့ အရာတွေ ကမိတ်ဆွေရဲ့ အကြောင်းအစစ် အမှန်မဟုတ်ဘူး လို့သိနေရင်တောင်မိတ်ဆွေ ရဲ့စိတ်ထဲမှာပိုတော်အောင်၊ ပိုကောင်းအောင် လုပ်ဆောင်နိုင်တာပဲ ဆိုတာသိမြင် သွားမှာပါ။ မိတ်ဆွေ အခုလက်ရှိဘယ်လို ပဲဖြစ်နေနေ၊ ဘာတွေပဲလုပ်နေနေ ကိုယ့်ကိုယ်ကိုအမြဲအကောင်းမြင်နေဖို့က အရေးကြီးပါတယ်။ ဘာတွေပဲဖြစ်နေနေ ကမ္ဘာပေါ် မှာမိတ်ဆွေဟာ အကောင်းဆုံး၊ အတော်ဆုံးလူသားလို့သာရှုမြင်ထားပါ။

ကိုယ့်ကိုယ်ကိုယ်မှအကောင်းဆုံး၊ အတော်ဆုံးလို့မမြင်နိုင်ရင်ဘယ်သူမှလည်း မိတ်ဆွေကိုအကောင်းဆုံး၊ အတော်ဆုံးလို့သတ်မှတ်ကြမှာ မဟုတ်ပါဘူး။ လူအများစုမအောင်မြင်ကြတာဟာကိုယ့်ကိုယ်ကိုအကောင်းဆုံး၊ အတော်ဆုံး လို့မသတ်မှတ်ရဲကြလို့ပါပဲ။ သူတို့တွေဟာသူတို့ လုပ်နိုင်တယ်၊ အောင်မြင်နိုင် တယ်၊ အစွမ်းအစတွေကိုယ်တွင်းမှာအပြည့်ရှိတယ်လို့ ယုံကြည်နေရမယ့်အစား မလုပ်နိုင်ပါဘူး၊ အောင်မြင်မှာ မဟုတ်ပါဘူး၊ ငါဟာ လူညံ့ပဲ၊ ငါ့မှာလုပ်ဆောင်နိုင် တဲ့အစွမ်းအစမရှိဘူးလို့ပဲ ကိုယ့်ကိုယ် ကိုယ် ထင်မြင်နေတတ်ကြပါတယ်။

ကိုယ့်ကိုယ်ကိုယ် အားပေးရမယ့်အစား အပြစ်တင်နေကြတယ်။ ကိုယ့်စိတ်ဓာတ် ကို ကိုယ်တိုင် မြှင့်တင်ရမယ့်အစား ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်တွေချနေတတ် ကြပါတယ်။ ကိုယ့်စိတ်ဓာတ်ကို ကျအောင် ချတဲ့သူဟာ တခြားသူတွေ မဟုတ်ပါ ဘူး။ မိမိကိုယ်တိုင်သာ ဖြစ်ပါတယ်။ တစ်လောကလုံးကမယုံကြည်ရင်နေပါစေ၊ ကိုယ့်ကိုယ်ကိုယ် လုပ်နိုင်တယ် လို့ယုံကြည်နေသူတိုင်းဟာအောင်မြင်တဲ့ လူသားတွေဖြစ်ကြပါတယ်။

ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကနေ့စဉ်နေ့တိုင်း အာဟာရတွေပြည့်၀ စေဖို့ အစား အသောက်တွေလိုအပ်သလို ကျွန်တော်တို့ရဲ့ စိတ်ဟာလည်း အာဟာရဖြည့် စရာတွေအမြဲတမ်းလိုအပ်နေပါတယ်။ ခန္ဓာကိုယ် အာဟာရ တွေ ပြည့်ဝမှ ကြံ့ခိုင်သန်စွမ်းသလို စိတ်ဟာလည်းအာဟာရတွေ ပြည့်၀ နေမှာ စိတ်ဓာတ် ကြံ့ခိုင်သန်စွမ်းမှာဖြစ်ပါတယ်။

စိတ်အာဟာရပြည့်ဝကြံ့ခိုင်စေဖို့ဆိုရင် စိတ်ဓာတ်ခွန်အားတွေဖြစ် စေမယ့် အတွေးတွေ၊ စကားလုံးတွေ၊ စာပေတွေနဲ့ ဖြည့်သွင်းနေမှ ပြည့်ဝမှာဖြစ်ပါတယ်။ စိတ်ဓာတ်ခွန်အားတွေဖြစ်စေမယ့်အစား စိတ်ဓာတ်ချည့်နဲ့ စေမယ့်အတွေးတွေ၊ စကားလုံးတွေကိုရှောင်ရှားသင့်ပါတယ်။ ကိုယ့်ကိုယ် ကိုယ် အမြဲအကောင်းပြောနေ၊ မြင်နေဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့လည်း အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ်မှ အကောင်း မမြင်နိုင်ရင် လောကကြီး ကိုလည်း အကောင်းမြင်မှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်မှ မချစ်တတ်ရင် ဘယ်သူ့ကိုမှလည်း ချစ်တတ်၊ ခင်တတ်၊ မေတ္တာထားတတ်မှာမဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကိုယ်မှ မယုံကြည်သူဟာ သူများတွေကိုလည်း ယုံကြည်မှု ပေးနိုင်မှာ မဟုတ်ပါဘူး။ မိမိကိုယ်ကို စိတ်ဓာတ်ကျအောင် လုပ်ဆောင် နေသူဟာ လောက မှာလုံးဝရှုံးနိမ့်မယ့်သူတွေပါပဲ။ ဒါကြောင့် ကိုယ့်ကိုယ် ကိုယ် အမြဲစိတ်ဓာတ်မြှင့် တင်နိုင်ရပါမယ်။ ကိုယ့်ကိုယ်ကိုယ်မှ စိတ်ဓာတ် မမြှင့်တင်နိုင်သူဟာကိုယ့် ပတ်ဝန်းကျင်ကမိတ်ဆွေတွေကိုလည်းစိတ်ဓာတ် မြှင့်တင်ပေးနိုင်မှာမဟုတ်ပါဘူး။

တကယ်တော့လောကမှာအောင်ပွဲဆင်ကြတဲ့ အောင်မြင်သူတွေ ဟာ မိမိကိုယ် ကိုအမြဲစိတ်အားမြှင့်တင်နိုင်ကြသူတွေပါပဲ။ တကယ့် အောင်မြင်ကျော်ကြား တဲ့ ခေါင်းဆောင်ကြီးတွေဆိုရင် သူတို့ကို သူတို့ စိတ်ဓာတ်မြှင့်တင်နိုင်ကြ ရုံသာမက လူအများကိုလည်း တက်ကြွလာအောင်၊ အောင်မြင်မှုပန်းတိုင်တွေ ရအောင်လှုံ့ဆော် မြှင့်တင်နိုင်ကြသူတွေပါပဲ။ ဒါကြောင့် "စိတ်ဓာတ်မြှင့်တင် အောင်ပွဲဆင်" ဆိုတဲ့အတိုင်း မိမိကိုယ်ကို အကောင်းမြင် စိတ်တွေနဲ့ စိတ်အားတွေမြှင့်တင်နိုင်ပြီး အောင်မြင်မှုတွေရရှိနိုင်ကြပါစေ။ မိတ်ဆွေရ. . . သင်ဟာ အတော်ဆုံး၊ အကောင်းဆုံးဆိုတာ မမေ့ပါနဲ့။

Let's Fly Together!
ဖူးကျော်ဇင် (Future Wave)

Subscribe Us