Monday, April 07, 2014

စစ်ဦးဘီလူး ယက္ခဗျူဟာ အိုဘယ့်ကျမ်းလာ

 


(ရေးသားရခြင်း ရည်ရွယ်ချက်။ ။စစ်ဦးဘီလူး ယက္ခဗျူဟာစာအသုံး ဘလော့ဂါတစ်ယောက် သုံးသည်ကို သတိထားမိသဖြင့် ယင်းအသုံးနှင့် ပတ်သတ်ပြီး အကျယ်အားဖော်ပြပါက နှောင်းလူတို့ အကျိုးများမည်ဟု ယူဆမိ သည့်အတွက် တတ်အားသမျှ ကြိုးစားတင်ပြလိုက်ရသည်။အမှားရှိပါက ပညာရှင်များ ပြုပြင် သုတ်သင်ဝေဖန်နိုင်ပါသည်)


စစ်ဦးဘီလူး ယက္ခဗျူဟာတွင် ပါရှိသည့် စစ်ဦးဆိုသည်မှာ စစ်ဖျား၊စစ်လျင် ဟုလည်း ခေါ်ဆိုပြီး “စစ်ဦးခေါင်း” ဟူ၍လည်း ဝိဂြိဟ်ပြုကြသေးသည်။ဗိုလ်ချုပ်(ဖခင်အောင်ဆန်း)က စစ်ဦးခေါင်းနှင့်ပတ်သတ်ပြီး

“စစ်ဦးခေါင်း(သို့ )စစ်ဖျားစစ်လျင်မှာ ကင်းထောက်ရှေ့ပြေးတပ် သဖွယ် ပင်ဖြစ် သည်။ယခုအခါတွင် ထိုစစ် လျင်စစ်ဖျားနေရာကို လေတပ်ဖြင့် လည်းကောင်း၊ယန္တယား Tank အပေါ့စားတပ်ဖြင့် လည်းကောင်း   စေလွှတ်ပေ မည်။သို့သော် သဘောမှာ အတူတူအလိုပင်ဖြစ်ပေသည်”ဟု ဗိုလ်ချုပ်၏ သေနင်္ဂဗျူဟာကျမ်း ဥယောဇဉ်တွင် ဖော်ပြထားသည်။



ယင်းစကားစုရှိ နောက်ဆက်တွဲ ယက္ခဗျူဟာမှာ သေနင်္ဂဗျူဟာပါရဂူ မင်းလက်ဝဲသုန္ဒရပြုစုသည့် “စစ်ဆင် စစ်ထိုး ၂၉”ပါးထဲရှိ ဗျူဟာတစ်ရပ်ကို ဆိုလိုပေသည်။ယင်းကို မိုင်းခိုင်မြို့စားမှ တစ်ဆင့် စကားပြေပြုကာ “လောကီ၊လောကုတ္တရာကျမ်း”တွင် ပြန်လည်ဖော်ပြထားသည်။ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်ပြီး မလို အပ်သည့် စကားအချီးတို့ကို သုတ်သင်ကာ လိုရင်းကို အာဘော်မပျက်၊လိုရင်းမထိစေ ဘဲ ဖော်ပြ လိုက်ရသည်။


၁။မဏ္ဍူက ဗျူဟာ

ဖားကို အကောင်ငယ်သည်ဟု အထင်သေးအမျက်ရှရာမှ လိုက်လံဟိန်းဟောက်ပြီး အမောဆို့ ရင်ကွဲနာကျကာ သေဆုံးခဲ့ရသည့်နည်းအတိုင်း စစ်ဆင်ခြင်းကို ဆိုလိုသည်။


၂။သပ ဗျူဟာ

နောင်တော်ခြင်္သေ့သေဆုံးခဲ့ရပုံကို သင်ခန်းစာယူကာ မြွေတို့၏ အကူအညီကို ဖားတို့သေကျေပျက် စီးစေသည့် နည်းနာကို ဆိုလိုသည်။


၃။ဥပါယ ဗျူဟာ

မချစ်သော်လည်း အောင့်ခါနမ်းဆိုသလို၊ ပရိယာဝေဝုစ်သုံးကာ ရန်စစ် ပျက်စေသောနည်း။ (ကမ္ဘာစစ်ပွဲဖြစ်စဉ်ထဲက ထိုင်းကို ရှု့)


၄။ဣတ္တိယဗျူဟာ

မိန်းမမာယာဖြင့် ရန်သူကို မြူဆွယ်ပြီး ချေမုန်းသောနည်း။ (ဥပမာ-မိန်းမသူလျှိုများ)


၅။သု၀ ဗျူဟာ

ကျေးသားကို လူ့စကားသင်စေပြီး လူဇာတ်သွင်းစေသကဲ့သို့ ရန်စစ်ကို သက်သေ၊ဥပဒေ၊ထုံးစံ တို့ပြပြီး စစ်ပြေငြိမ်းစေသောနည်း။


၆။မေဃ ဗျူဟာ

မိုးကြိုးပစ်သကဲ့သို့ မိုးလုံးပြည့်ရွာသကဲ့သို့ ဗိုလ်ပါစစ်သည်အပေါင်း ညီညာတိုက်ခိုက်သည့်နည်း။


၇။ပတ္တ ဗျူဟာ

သူလျှိုထားပြီး တစ်ဖက်ရန်အကုန်အစင်သိပြီးမှ ရန်ကို ချေသော်နည်း။


၈။ဝိဒ္ဓ ဗျူဟာ

ရန်သူ၏ မာယာကို မမိစေရန် စဉ်းစားဆင်ခြင်ပြီး တိုက်ခိုက်သည့်နည်း။


၉။ဓာရဏာ ဗျူဟာ

တပ်ချတိုင်း အရပ်လေးမျက်နှာတွင် ဖိုခနောက်ဆိုင် ရှစ်ကွက်၊ကိုးကွက်စိချကာ တပ်ဆင်တပ်ချသော်နည်း။


၁၀။ပဒုမ ဗျူဟာ

ကြာပွင့်ကြာချပ်ကဲ့သို့ စစ်ဆင်စစ်ထိုးသော်နည်း။


၁၁။မဒု ဗျူဟာ

ပျားကဲ့သို့ အုံထိပါက ပျားမျိုးလုံးကျွတ် လိုက်လံတိုက်ခိုက်သကဲ့သို့ တစ်ဖက်ရန်စလာပါမှ အုံနှင့်ကျင်းနှင့် ဝိုင်းဝန်းဖြဖြ တိုက်ခိုက်သော်နည်း။


၁၂။ဘေရီ ဗျူဟာ

တပ်အပေါင်းတို့ကို တစ်သွေးတစ်သံတစ်မိန့်တည်းဖြင့် သိမ်းဆည်းချုပ်ချယ်ပြီး တိုက်ခိုက်သည့်နည်း။


၁၃။ကီဋက ဗျူဟာ

ပိုးရွ၊ခြ၊ပရွတ်တို့သည် အကောင်ငယ်လျင့်ကစား ပစ္စည်းဝတ္တူတို့များစွာ ဆောင်ယူနိုင်သကဲ့သို့ ညီညီ ညွှတ်ညွှတ်ဖြင့် ရွပ်ရွပ်ချွံချွံတိုက်ခိုက်သည့်နည်း


၁၄။ရုက္ခ ဗျူဟာ

သစ်စေ့ကို စိုက်ပျိုးပါက တစ်နေ့ထက်တစ်နေ့ ကိုင်းခက်၊ပင်စည်အဖြစ်သို့ တိုးပွားရောက်ရှိသကဲ့သို့ ဗိုလ်ပါ စစ်သည်လက်နက် အင်အားများစွာဖြည့်တင်းစေပြီး တိုက်ခိုက်သည့်နည်း။

(ဥပမာ-ဘုရင်နောင်.ယိုးဒယားစစ်ပွဲများရှု့)


၁၅။ဥဂ္ဂတ ဗျူဟာ

တိုက်ရည်ခိုက်ရည်ရှိသော် စစ်ရဲသော စစ်သည်တို့ကို ရှေ့တန်းတွင် ထားကာ အင်အားနည်း၊ သတ္တိနည်း၊ ဗျတ္တိနည်းသည့်စစ်သည်တို့အားအလယ်တွင်ထား၍ တိုက်ခိုက်သည့်နည်း။

(ဥပမာ-ကျန်စစ်သား၊ငလုံးလက်ဖက်တို့တိုက်သည့် စစ်ပွဲများ)


၁၆။အဂ္ဂိ ဗျူဟာ

မီးတို့သဘောသည် အမှိုက်ကအစ ပြသာဒ်အထိ လောင်ကျွမ်းသကဲ့သို့ အသေးအမွှား၊ရွာသိမ်၊ရွာငယ်
များမှတစ်ဆင့် တိုက်ခိုက်သည့်နည်း(ဥပမာ-စန္ဒဂုတ်ကို ရှု့)


၁၇။ကာက ဗျူဟာ

ပြောက်ကျားနည်း (ကျီး အမဲသုတ်သကဲ့သို့ အလစ်အငိုက် ဝင်တိုက်သည်)


၁၈။ဗျဂ ္ဃ

ပြောက်ကျားနည်း (ကျား သားတစ် ချီ သကဲ့သို့ အလစ်အငိုက် တိုက်ခိုက်သည်)


၁၉။မက္ကဋ ဗျူဟာ

တပ်ကို လျှို့ဝှက်ပြီး ဖြည်းညင်းစွာ စည်းရုံး တိုက်ခိုက်သည်။


၂၀။ဓိရ ဗျူဟာ

မြို့ကို စစ်တပ်ပေါင်းစုံ ဝိုင်းရံပြီး အစာရေစာလုံလောက်စွာဖြင့် နှစ်ရှည်လများ ကြံစည်တိုက်ခိုက် သည်။ (ဥပမာ-ဘုရင်နောင်-ယိုးဒယားစစ်ပွဲရှု့)


၂၁။ဟာသ ဗျူဟာ

စစ်ပွဲတွင် စစ်အိုလာပါက စစ်သားတို့ စစ်မနွမ်းအောင် စားဝတ်နေရေးမှအစ ဖျော်ဖြေရေး အဆုံး   ထောက်ပံ့ပေးသည်။(ဥပမာ-ဦးအောင်ဇေယျတိုက်ပွဲများရှု့)


၂၂။သသ ဗျူဟာ

ဘယ်ဘက်ကို တိုက်ခိုက်လျှင် ညာဘက်က ကူသည်။ညာဘက်ကို တိုက်ခိုက်လျှင် ဘယ်ဘက်က ကူသည့်နည်း။


၂၃။ဥဒက ဗျူဟာ

ပညာဖြင့် တစ်ဖက်ရန်စစ်ကို ပျက်အောင် အောင်သည့်နည်း။


၂၄။စန္ဒ ဗျူဟာ

လကို ကြယ်ရံသည့်အတိုင်း တစ်ဖက်ရန်ကို တိုက်ခိုက်သည့်နည်း။(ဥပမာ-မြန်မာ-မွန် စစ်ပွဲများ ရှု့)


၂၅။သူရိယ ဗျူဟာ

နေမင်းသည် ထီးထီးကြီးနှင့် နေရာအနှံ့ထွန်းလင်းစေသကဲ့သို့ ဘုရင်၊စစ်သူကြီးဦးဆောင်၍ ရှေ့ထွက်တိုက်ခိုက်သည့်နည်း ။(ဥပမာ-မြန်မာ-မွန် စစ်ပွဲများ ရှု့)


၂၆။ဓည ဗျူဟာ

တောင်သူတို့ လယ်မြေကွက်အလိုက် ပျိုးရင့်၊ပျိုးနုတို့ အစီအစဉ်တကျ သင့်တင့်အောင် စိုက်ပျိုးသကဲ့သို့ စစ်တပ်ကို အစီအစဉ်အလိုက် ကျနအောင် စီမံအုပ်ချုပ်ကာ စစ်ဆင်သည်။


၂၇။ယက္ခ ဗျူဟာ

သားကောင်ကဲ့သို့ ရန်သူကို စားမတတ်၊ဝါးမတတ် ဘီလူးအလား လိုက်လံချေမုန်းတိုက်ခိုက်သည့်နည်း။


၂၈။နိဂြောဓ ဗျူဟာ

ညောင်ပင်ရှိ လက်တက်၊မြစ်၊အနွယ်များကြောင့် ညောင်ပင်သည် လေမုန်တိုင်းဒဏ်အား ထီးထီးကြီး ရပ်တည်နိုင်သည့်အတိုင်း စစ်တပ်အား တပ်မြွာ၊တပ်စိတ်များဖြင့် အင်အားတောင့် တင်းအောင် ပြုလုပ်ပြီး စစ်ဆင်သည်။


၂၉။သိဒ္ဓိ ဗျူဟာ

စစ်နိုင်သောနိုင်ငံမှ စစ်ရှုံးနိုင်ငံ၏ သံယံဇာတ၊အရင်းအမြစ်များအား အကုန်အစင်သိမ်းကျုံးယူငင်ကာ စစ်နာလံမထူစေရန် ပြုလုပ်သည့်နည်း။ကိုယ့်လူအား စစ်ရှုံးနိုင်ငံတွင် အုပ်ချုပ်စေသည့် နည်း။(ဥပမာ-မြန်မာ-ယိုးဒယားစစ်ပွဲများရှု့)

ယင်းတို့အပြင် ကာမဏီကျမ်းတွင် ဖော်ပြပါ စစ်ဗျူဟာ၂၉မျိုးအပြင် နောက်တိုးဗျူဟာ သုံးမျိုးလည်း ထပ်တိုးထားသည်ကို တွေ့ရသည်။ယင်းကိုပါ ဗဟုသုတအဖြစ် ဖော်ပြလိုက်ရသည်။


၃၀။သီဟ ဗျူဟာ

ခြင်္သေ့သည် သားကောင်များနှင့်ရင်ဆိုင်တိုက်ခိုက်ပါက အကြီးဆုံးသတ္တဝါအား ဦးစွာတိုက်ခိုက်သည့် အတိုင်း စစ်ပွဲရှိ စစ်ဘုရင်၊စစ်သေနာပတိအား ဦးစွာတိုက်ခိုက်အနိုင်ယူသည့်နည်း။


၃၁။မာယာ ဗျူဟာ

တပ်ချလျှင် ငါးယောက်တစ်အိုးစားကို တစ်ယောက်၊နှစ်ယောက် တစ်အိုးစားပုံစံဖြင့် လူနည်းစုအား လူအများ စစ်ချီလာသည်ဟု ထင်မြင်စေရန် မာယာသုံး စစ်ဆင်သည့်နည်း။


၃၂။ပတ္တ ဗျူဟာ

ယင်း ဗျူဟာသည် အထက်တွင်ဖော်ပြခဲ့သည့် ဗျူဟာနှင့်သဘောသဘာဝခြင်း မတူညီပေ။တစ်ဖက်ရန်သူမှ အညံ့ခံဝင်ရောက်လာသည့် ရဲမက်များအား သူကောင်းပြုချီးမြင့်ကာအမှုစေရန် သစ္စာစောင့်သိစေ ရန် သုံးသည့် စစ်ဆင်နည်း ဖြစ်သည်။


ယင်းဖော်ပြပါနည်းတို့ကို စစ်ရေး၌သာ အသုံးမချအပ်။လူမှုရေး၊စီးပွားရေး စသည့်နယ်ပယ်များတွင်လည်း ညဏ်ရှိသလို ဆက်စပ်အသုံးချသင့်သည်။

ဆက်စပ်ပြီး အလျဉ်းသင့်သဖြင့် စစ်ဘုရင်ဆွန်ဇူး၏ စီးပွားရေးလုပ်ငန်းသုံး စစ်ဗျူဟာ (၃၆)ရပ်ကိုပါ ဖော်ပြလိုက်သည်။


ဆွန်ဇူး၏ စီးပွားရေး လုပ်ငန်းသုံး စစ်ဗျူဟာ (၃၆)ရပ်


၁။မိုးကောင်းကင်ကို လှည့်စားပြီး ပင်လယ်ဖြတ်ခြင်း ဗျူဟာ။

၂။ကျောက်(နိုင်ငံ)ကို ကယ်ဖို့ ဝေ့(နိုင်ငံ)ကို တိုက်ခြင်း ဗျူဟာ။

၃။ဓားအငှားနဲ့ လူသတ်ခြင်းဗျူဟာ။

၄။ရန်သူပန်းအောင်လုပ်ပြီး အားမွေးခြင်း ဗျူဟာ။

၅။မီးလောင်နေတဲ့အိမ် ဝင်လုခြင်း ဗျူဟာ။(စတော့စ်ဈေးကွက်ကျနေချိန် စတော့ခ်ရှယ်ယာများ ဝယ်ခြင်း)

၆။အရှေ့ကို အယောင်ပြပြီး အနောက်ကိုတိုက်ခြင်း ဗျူဟာ။

၇။မရှိတဲ့အထဲက ရှိအောင် ဖန်တီးခြင်း ဗျူဟာ။(Recycle စွန့်ပစ်ပစ္စည်းများအား အသုံးချသည့်နည်း)

၈။ကျင်းကန်(နိုင်ငံ)ကို ဖြတ်ပြီး ပြေးခြင်း ဗျူဟာ။

၉။မြစ်တစ်ဖက်ကမ်းမှ မီးကို စောင့်ကြည့်ခြင်း ဗျူဟာ။

၁၀။အပြုံးဓားအိမ်စွပ်ထားတဲ့ ဓားမြောင် ဗျူဟာ။

၁၁။မက်မွန်သီးမသေဘဲ ဆီးသီးသေတဲ့ ဗျူဟာ။

၁၂။လမ်းကြုံရှာ ဆိတ်ခိုးတဲ့ဗျူဟာ။

၁၃။မြွေချောက်ဖို့ မြက်ရိတ်တဲ့ ဗျူဟာ။

၁၄။အသက်ပြန်သွင်းဖို့ အလောင်းရှာတဲ့ ဗျူဟာ။

၁၅။တွင်းထဲကကျား အလောင်းငှားတဲ့ ဗျူဟာ။

၁၆။ရန်သူကိုနောက်မှ ဖမ်းဖို့ လွှတ်လိုက်တဲ့ ဗျူဟာ။

၁၇။ကျောက်စိမ်းရဖို့ အုတ်ခဲလွှင့်ပစ်တဲ့ ဗျူဟာ။(ငယ်သားကို လွှတ်ပြီး ခေါင်းဆောင်နေရာသိဖို့ လွှတ်ပေးလိုက်ခြင်း)

၁၈။ဓားပြဂိုဏ်းဖြိုခွဲဖို့ ခေါင်းဆောင်ဖမ်းတဲ့ ဗျူဟာ။

၁၉။ဒယ်အိုးအောက်က ထင်းဆွဲထုတ်တဲ့ ဗျူဟာ။

၂၀။ပွဲလန့်တုန်း ဖျာခင်းတဲ့ ဗျူဟာ။(တောင်၊မြောက်ကိုရီးယားအကွဲပြသနာအစကိုရှု့)

၂၁။ရွှေပိုးကောင်လို အရေခွံလဲပြီး တိတ်တိတ်ကလေး ထွက်ပြေးတဲ့ ဗျူဟာ။

၂၂။သူခိုးဖမ်းဖို့ တံခါးတွေပိတ်တဲ့ ဗျူဟာ။

၂၃။အနီးက ရန်သူကိုတိုက်ဖို့ အဝေးကို လှမ်းမဟာမိတ်ဖွဲ့တဲ့ ဗျူဟာ။(အင်္ဂလိပ်ကိုတိုက်ဖို့ ဂျပန်ကို မဟာမိတ်ပြု)

၂၄။ကော့(နိုင်ငံ)ကို တိုက်ဖို့ လမ်းကြောင်းရှာတဲ့ ဗျူဟာ။

၂၅။တုတ်ကောင်း၊တိုင်ကောင်းတွေကို အညံ့စားတွေနဲ့အစားထိုးတဲ့ ဗျူဟာ။

၂၆။ပိုးစာပင်ကို လက်ညိုးထိုးပြီး လိုးကပ်စ်ပင်ကို ရှုတ်ချတဲ့ ဗျူဟာ။

၂၇။ရူးချင်ယောင်ဆောင်တဲ့ ဗျူဟာ။

၂၈။ရန်သူအိမ်ခေါင်မိုးပေါ်ရောက်မှ လှေခါးဖြုတ်တဲ့ဗျူဟာ။

၂၉။သစ်ပင်ကို ပန်းတွေနဲ့ ဝေဆာစေတဲ့ ဗျူဟာ။

၃၀။ဧည့်သည်က အိမ်ရှင်ဟန်ဆောင်တဲ့ ဗျူဟာ။

၃၁။အလှပရိယာယ်ဗျူဟာ။

၃၂။လူမရှိတဲ့မြို့ ပရိယာယ်ဗျူဟာ။

၃၃။နှစ်ဖက်ချွန် စီမံချက် ဗျူဟာ။

၃၄။ကိုယ်ကိုယ်ကို ဒဏ်ရာရအောင်လုပ်တဲ့ဗျူဟာ။

၃၅။သံကွင်းဆက်စီမံချက် အဆင့်ဆင့် ဗျူဟာ။

၃၆။ထွက်ပြေးခြင်းဟာ အကောင်းဆုံးပရိယာယ်ဗျူဟာ။


တို့ပင် ဖြစ်သည်။တခြားကျမ်းလာ ဗျူဟာများလည်း ရှိပေသေးသည်။ဘလော့ခ်ဖြစ်၍ အကျဉ်းမျှသာ ဖော်ပြ လိုက်ရသည်။


ဖော်ပြပါဗျူဟာအပေါင်းအား စစ်ရေး၌သာ အသုံးမချစေဘဲသင်တို့ ၏ လူမှုရေး၊စီးပွားရေးတို့တွင်ပါ ညဏ်ရှိသလို အသုံးချပါက အကျိုး သက်ရောက်မှုများ ဧကန်တိုးပွားလာမည် ဖြစ်သည်။

စစ်တို့မည်သည် အင်အားနည်းသည်၊များသည် မရှိ၊လုပ်ရည်ကိုင် ရည်နှင့်ကြံ ရည်ဖန်ရည်သာ ပဓာန
ကျ သည်။ဆွန်ဇူးက ဘယ်တောင်ပံ စစ်အားသာလျှင် ညာတောင်ပံအားနည်းမည်။ညာအားသာလျှင် ဘယ်ဘက် အားနည်းမည်စသဖြင့် ဆိုထားသည်။

စစ်တိုက်မည်ဆိုပါက အစစအရာရာကြိုတင်ပြင်ဆင်မှု အပြည့်အဝရရှိပြီးမှသာ တိုက်သင့်သည်ဟုလည်း အကြံပြုထားသည်ကို မှတ်သားဖူးသည်။ဤဘလော့ခ်ကြောင့် သင့် တစ်စုံတစ်ရာ ရရှိခဲ့သည်ဆိုပါက ကျွန် တင်ပြ ရကျိုးနပ်ပြီဟု ယူဆသည်။


လေးစားစွာဖြင့်

သီဟပျံချီ

Subscribe Us