Thursday, May 21, 2015

အုန်းမှုတ်ခွက်နင်းရောဂါကင်း (အပိုင်း-၁၂)


  အုန်းမှုတ်ခွက်၏ ပဲ့တင့်သံများ ပြန်ကြားချက်များ

၃၃။ လားရှိုးက ရဲဘော်

ရဲဘော်တစ်ဦးသည် လားရှိုးက ဆေးရုံမှာ သွက်ချာပါဒလေဖြတ်ရောဂါကြောင့် ခြောက်လမျှ အိပ်ရာထက် ပက်လက်ဖြစ်နေရ၏။ သူ့ကို ထမင်းခွံ့ပေးရသည်။ တစ်နေ့ သင့်ဘ၀ မဂ္ဂဇင်းတွင် စာရေးသူ၏ အုန်းမှုတ် ခွက်နင်း ဆောင်းပါးကို ခုတင်နီး လူနာ တစ်ဦးက ဖတ်ပြသဖြင့် သူသည် စိတ်ဝင်စားလှ၍ လူနှစ်ယောက် အကူအညီဖြင့် အုန်းမှုတ်ခွက်နင်းသည်။

သုံးလနင်းသည်။ ပျောက်ကင်းသွားသည်။ သွားနိုင်လာနိုင် အကောင်းပကတိဖြစ်လာတော့ ဝမ်းသာပီတိ ဖြစ် လျှက် လားရှိုးဈေးထဲမှာမီးရထားပေါ်မှာ ဇီဝိတ ဒါနအဖြစ် ထိုရဲဘော်က လေဖြတ်လျှင် အုန်းမှုတ်ခွက်နင်းကြ ဖို့ တိုက်တွန်းသည်။

လှုံ့ဆော်သည်။သူခံစားရသည့် ဝေဒနာ ပျောက်ကင်း၍ ကုသိုလ်လဲရအောင် တာဝန်ကြီး တစ်ရပ်ပမာ
 ဟောပြောသည်။ ဤအကြောင်းကို စာရေးသူ၏ မိတ်ဆွေ အမျိုးသမီး လားရှိုးကို ခရီးထွက်ရာမှာ တွေ့မြင်
ကြားသိခဲ့ရပုံကို အပြန်မှာ ဝင်ပြောခြင်းဖြစ်၏။

“ဒေါ်ဒေါ်ရယ် ၊ အဲဒီရဲဘော်လေးရဲ့ လိပ်စာကလေး တောင်းခဲ့ရောပေါ့၊ ကျွန်တော့် စာအုပ် ဒုတိယအကြိမ် မှာ ထည့်လိုက်ချင်လှတယ်” စာရေးသူက ပြောတော့…

“အေးလေ၊ ဒေါ်ဒေါ်လဲ ဒီလိုမှန်း မသိဘဲကိုး”



၃၄။ ဒါရိုက်တာ ဦးစိုးသန်း

မကွေးသို့ ယဉ်ကျေးမှု ကဇာတ် အမှတ်၉၂) ရောက်လာသည်။ စီမံကွပ်ကဲအုပ်ချုပ်လာသူက ဒါရိုက်တာ ဦးစိုးသန်း။ ဟိုတုန်းက တေးယမုံ ဦးစိုးသန်း အမည်ဖြင့် တေးသံချင်းပေါင်း မြောက်မြားစွာ ရေးသည်။ ယခု
တော့ ယဉ်ကျေးမှု အမှတ်(၂)မှာ အရာရှိ ဒါရိုက်တာ လုပ်နေသည်။ ပဏ္ဍိတ ကုမ္မာဇာတ်လမ်းသည် သူ့လက်ရာ ဖြစ်သည်။

သူတို့ ဇာတ်အဖွဲ့ ရောက်လာတော့ ဦးစိုးသန်းနှင့် ကျွန်တော် ပေါင်းဟောင်း သင်းဟောင်း။သူတို့ ရောက်လာ လျှင် အိမ်ရှင်ဖြစ်တဲ့ ကျွန်တော်က တာဝန်ကျေရသည်။ သည်တစ်ခေါက်တော့ သူက…
“ ဘာမှ လုပ်မနေနဲ့၊ ဘယ်မလဲ ခင်ဗျားရေးတဲ့ အုန်းမှုတ်ခွက်နင်း ရောဂါကင်း စာအုပ်၊ရန်ကုန်မှာဝယ်မရဘူး ၊ အဲဒါ တစ်အုပ်ရအောင် လုပ်ပေးပါ” ဟု ဆို၏။

ပြီးတော့သူက..
“ ကျုပ် ခင်ဗျားရေးတဲ့ ဆောင်းပါ ဖတ်ပြီးကတည်းက နင်းလာတာ ကောင်းသဗျာ၊ ဟိုတုန်းကများ ခါးခဏ ခဏ နာတာ၊ အိမ်သာ တက်ဖို့ဆိုရင် ကြောက်တောင်၊ ကြောက်တယ်၊ မထိုင်နိုင်ဘဲကိုး၊ အကြောတွေ တင်း ပြီး သိပ်နာတာ၊ ဒါနဲ့ ကိုရင်ပြောတဲ့ နည်းအတိုင်း၊ နင်းလိုက်တာ ဒီတစ်ပတ်၊ နှစ်ပတ် အတွင်းခါးနာကြီးလဲမရှိ
တော့ဘူး၊ ဇက်ကြောလဲ တင်းမနေတော့ဘူး၊ ကျန်းမာရေးအတွက် တကယ်ဟန် ကျသကိုး၊ ဒါကြောင့် ရုံးမှာ တစ်စုံ၊ အိမ် လလာဆောင်မှာ တစ်စုံ၊ အိမ်ခန်းမှာ တစ်စုံ၊ ဟော- ခုဇာတ်က ထွက်လာတာလဲတစ်စုံပါတယ်”
ဦးစိုးသန်းကို ပြောနေတုန်း ကိုမင်းကြည်( မင်းကြည် ယဉ်ကျေးမှုကလောင်အမည်ဖြင့်   ဆောင်းပါးရေးနေ သူ) ရောက်လာ၏။

“ ဟုတ်သဗျာ၊ ခင်းဗျားနည်း ကောင်းသဗျ၊ ဆရာ ဦးစိုးသန်း အုန်းမှုတ်ခွက်ကလေး နှစ်လုံးပါလာတာ ကျုပ်တို့ ဇာတ်က လူပေါင်း တစ်ရာ့ သုံးဆယ်ရှိတယ်။ အဲဒါ တစ်ယောက်ပြီး တစ်ယောက် တက်နင်းတာ ခုဆိုရင် အုန်းမှုတ်ခွက်ကလေးကို ချောနေတာပဲဗျ” ဟူ၏။


၃၅။ အုန်းမှုတ်ခွက် ပျောက်မှုကြောင့် ရပ်ကွက် တရားရုံးရောက်
တစ်နေ့ စာရေးသူသည် မကွေးက အလုပ်ရုံ အလုပ်သမား ဥပဒေ စစ်ဆေးရေး အရာရှိ ဦးသန်းအောင်နှင့် အတူ နတ်မောက်မြို့သို့ သွားသည်။ နတ်မောက်ဗိုလ်တဲမှာ တည်းသည်။ ညနေ(၅) နာရီလောက်တွင် ရပ် ကွက်ထဲ ဆူဆူညံညံ ကြားရသည်။ ဘာဖြစ်တာလဲဟု ဗိုလ်တဲစောင့်ကို ဦးသန်းအောင်က မေးသည်။
“ အလကား ပါ ဆရာ ရယ်၊ အုန်းမှုတ်ခွက်ဆိုလား၊ အဲဒီစာအုပ်ကို တစ်ယောက်က ငှားသတဲ့ ၊ ပြန်တောင်း
တော့ ပျောက်ပြီပြောတော့ အဲဒါ ရန်ဖြစ်ကြတာပဲ၊ ခု ရပ်ကွက် တရားရုံး ရောက်သွားကြလေရဲ့ ”
ဦးသန်းအောင်က စားပွဲတင် စာရေးနေသော ကျွန်တော့်ကို ပခုံးတွန့်ပြ၏။ ကျွန်တော်လည်း ခေါင်းငုံ့ပြုံးနေ လိုက်ရသည်။


၃၆။ မွန်ပြည်နယ်က စာအား အကြောင်းပြန်ရ
မွန်ပြည်နယ်က အမျိုးသမီးတစ်ဦးက မေးသည်။ သူ့မှာ ကိုယ်ဝန် (၇)လရှိပါသည်။ အုန်းမှုတ်ခွက်နင်း လို့ ဖြစ် ပါ့မလားဟူသော အမေးဖြစ်သည်။ အုန်းမှုတ်ခွက်နင်းလို့ ဖြစ်ပါ့မလားဟူသော အမေးဖြစ်သည်။ ဒါကြောင့် သူ့အမေးကို အကြောင်းပြု၍ အားလုံးသိအောင် ဖြေကြားရသော် အမျိုးသမီးများ   နှုတ်ငုံရှိ သည်မှ မွေးဖွား သည်အထိ အုန်းမှုတ်ခွက် နင်းနိုင်းပါသည်။ အကျိုးကား အညောင်းပြေပြီး အကြော များ လျော့သည်အပြင် မနာကျင်ဘဲ လွယ်ကူစွာ မွေးဖွားပါသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်များ နင်းကြ ပါဟူလို။

ကိုယ်ဝန်ဆောင်များ ၊ သက်ကြီးရွယ်အိုများ နင်းသောအခါ သိပ်ချွန်လွန်းအားကြီးသော အုန်းမှုတ်ခွက်ကို မနင်းဘဲ ပြေပြေချောချောများကိုသာ ရှာကြံ၍ နင်းက အကျိုးပိုမို ထိရောက်ပါသည်။ အုန်းမှုတ်ခွက် နင်းကြ ရာတွင် ဖင်ဘက်ခေါင်းဘက် မျက်ကွင်းပါသည့်ဘက် မရွေးပါ။ အားလုံးနင်းနိုင်ပါသည်။ သို့သော် မျက်ကွင်း ပါသည့်ဘက်တွင် ရှမှာ စိုးသည့်အတွက် ချောမွေ့စွာ ပြုလုပ်အသုံးပြုနိုင်ပါသည်။

အမှတ်(၆)၊ မဲထီးလမ်း၊ ဈေးရပ်၊ မကွေးမြို့



၃၇။ တောင်ကြီးမြို့ကစာ
တောင်ကြီးမြို့ ရှမ်းလူထုကတော့ အုန်းမှုတ်ခွက်နင်းသည်ကို ကျကျ နန လက်ခံပါသည်။ စာအုပ်ဝယ်မရပါ။ စာအုပ်အငှားဆိုင်တွင် ငှားဖတ်ကြပါသည်။ တစ်နေ့ ငှားရမ်းခ ၇- ကျပ်အထိ ယူနေကြပါသည်။ ထို့ကြောင့်
 နောက်ထုတ်လျှင် ရှမ်းပြည်ဒေသကို စာအုပ်များများရအောင် ပို့ပေးဖို့ တိုက်တွန်းပါရစေ။

ခင်မောင်
သတင်းထောက်
တောင်ကြီးမြို့



၃၈။ မသေကောင်း မပျောက်ကောင်း နိုင်ငံ့သားကောင်း
တစ်နေ့ စာရေးသူထံသို့ လူရွယ်တစ်ဦး ရောက်လာသည်။ ကျွန်တော့်အမည်ကို မေးသည်။

“ ကျွန်တော် ကိုဝင်းမြင့်ပါခင်ဗျာ၊ ဘာအကူအညီများ ပေးရမလဲ”

“ သြော်…ဆရာ့ကို တမင်တွေ့ချင်လွန်းလို့ လာခဲ့တာပါ။ ဒီလိုပါ၊ ဆရာဟာ ကျွန်တော့် ကျေးဇူးရှင်ပါ။

“ ဗျာ၊ ဘာဖြစ်လို့ ”

“ ဒီလိုပါ ခင်ဗျာ၊ ကျွန်တော့် နာမည် ရဲဘော်ရွှေရပါ။ ဆက်သွယ်ရေး တပ်ကပါ၊ ကျွန်တော် ရှေ့တန်း စစ်မျက်နှာမှာ တာဝန် ထမ်းဆောင်နေတုန်း၊ ညာဘက်ခြေထောက် ကွေးမရ၊ ဆန့်မရ ဖြစ်သွားပါတယ်”

“ ဘာဖြစ်လို့လဲ ”

“ ကျွန်တော့်တို့ ရှေ့တန်း စစ်မျက်နှာမှာ အင်မတန် အေးပါတယ်၊ နှင်းကလည်း ကျတယ်၊ ကျွန်တော်တို့ ရဲဘော်တွေက ကိုယ်ခံ ကျန်းမာရေးတွေ ကောင်းလွန်းလို့သာပေါ့၊ ဒါပေမယ့် ဆရာရယ်၊ တစ်ခါ တစ်လေ
 သွေးနဲ့ကိုယ်ဆိုတော့ အဆင်မသင့်တဲ့အခါ ဖျားတာ နာတာ ရှိသပေါ့ နည်းပါတယ်။ အဲဒီနေ့ကတော့ စက် ခလုတ်ခုံ အထမှာ ညာခြေထောက်လှမ်းမရဘဲ ခွေကျသွား ပါတယ်။

လေးဘက်ထောက်သွားရပါတယ်။ ခြေထောက်ကွေးလိုက်ရင် နာတာပဲ၊ ဆန့်လိုက်ရင်လည်း သိပ်နာတာပဲ ၊ ဇောချွေးများတောင် ပြန်တယ်ဆရာ၊ ဒါနဲ့ ကျွန်တော့်ကို ကျိုင်းတုံ ဆေးရုံကို ပို့တယ်ဆရာ၊ ကျိုင်းတုံ ဆေးရုံ မှာ ခုနှစ်ရက် ကြာပါတယ်။ အကြောရောဂါသည်တွေ ထားတဲ့အဆောင်မှာ ထားပါတယ်။ ဇနီးနဲ့ ယောက္ခမ များ လည်း လိုက်လာပါတယ်။ ကျွန်တော့်အဖြစ်က အိပ်ယာထက် ပက်လက်ဆရာ၊ ညာခြေထောက် ဆန့်မ ရတဲ့အပြင် ညာလက်ပါ လှုပ်လို့မရအောင် ဖြစ်လာတယ်၊ ကော်ဖီသောက်မလို့ မတ်ခွက်ကို ကိုင်ပြီး ပါးစပ် နားဖြည်းဖြည်းတေ့တော့မယ်ဆိုရင် အကြောတွေက ဖျင်းကနဲ၊ ဖျင်းက နဲ ဖြစ် သွားပြီး မတ်ခွက်လွတ် ကျတော့တာပဲ၊နာရီနဲ့ အမျှ ခံစားနေရတော့ လူလဲ ပိန်ချုံးလာတယ်၊ မိန်းမကလည်း ကျွန်တော် သေတော့ မှာပဲ ဆိုပြီး ငိုတယ်၊ ဆရာဝန်ကြီးကတော့ အကောင်းဆုံးဆေးတွေ၊ စားဆေးသောက်ဆေးတွေနဲ့ ကျကျနန ပြုစုယုယပါတယ်”

သူက စကားကို ခေတ္တရပ်ပြီး..

“ အင်း… ဆက်ပြောပါဦး”

“ တစ်နေ့တော့ ကျွန်တော့် အစ်ကိုတစ်ယောက် လူနာလာမေးတယ်၊ သူက မိတ်တွေတစ်ယောက်အုန်းမှုတ် ခွက်နင်းလို့ အကြောရောဂါပျောက်ကြောင်း ပြောပါတယ်၊ ကျွန်တော့်ကိုလည်း နင်းဖို့ တိုက် တွန်းသည်၊ အဲဒီ တုန်းကတော့ ဆရာ့ စာအုပ်ထွက်ခါစ၊ ကောင်းကောင်းကြီး ကျွန်တော်မှတ်မိတယ်၊ အောက်တိုဘာလကြီး ၊ နောက် တစ်နေ့ အစ်ကိုက အုန်းမှုတ်ခွက် နှစ်လုံးယူလာပြီး ကျွန်တော့်ကို နင်းခိုင်းတယ်၊ အပေ့ါအပါးသွားဖို့ မတ်တပ်ရပ်က ခြေလှမ်းတာတောင်မှာ အသည်းခိုက်အောင် ဝေဒနာ ခံစားနေရတာ၊ အုန်းမှုတ်ခွက်နင်းဖို့ ကိစ္စကို မစဉ်းစားဝံ့ဘူး၊ ဘေးနားက ခုတင်နားနီးလူတွေက ကန့်ကွက်ကြတယ်၊တစ်ချို့က ပြောင်ကြ နောက် ကျသပေါ့လေ၊


ကျွန်တော်ကတော့ ပျောက်ချင်တဲ့ စိတ်ကြောင့် လူဆိုတာ ခံစားနေရတဲ့ ရောဂါ ပျောက်မယ်ဆိုရင် ဘာလုပ် ရ လုပ်ရပေါ့ ဆရာရယ်။ ဒါနဲ့ ကျွန်တော် နင်းဖို့ စရတော့တာပဲ၊ မိန်းမက တစ်ဖက်၊ အစ်ကိုက တစ်ဖက် တွဲ
စေပြီး ငါးမိနစ်လောက် နင်းလိုက် နားလိုက်၊ ဒီလိုနဲ့ သုံးရက်လောက်ရှိတော့ သိသိသာသာ သက်သာလာ တယ်၊ မင်္ဂလာဒုံ စစ်ဆေးရုံက ဆရာ၊ ဆရာမတွေ သိပ်အံ့သြသွားကြတယ်၊

သူတို့မျက်စိအောက်မှာ လုပ်နေတာကိုး၊ ခုတင်နီးမိတ်ဆွေတွေလည်း နင်းကုန်ကြတယ်၊ ကျွန်တော် ရှိတုန်း က ခုတင်တိုင်မှာ အုန်းမှုတ်ခွက်ကလေးတွေ ကိုယ်စီနဲ့ ခင်ဗျ။ ကျွန်တော် အခု သုံးလ နားခွင့်ရပါတယ်။ အဲဒါ ဆရာ့ကို အမှတ်တရ ကျေးဇူးပြုချင်လွန်းလို့ လာခဲ့တာပါဟု ပြောသည်။ 

သူ့မျက်နှာသည် ဝင်းပနေသည်။ မျက်လုံးအစုံသည် ရွှမ်းလဲ့နေ၏။ သူ့အသက်သုံးဆယ်ဝန်းကျင်။သူ့ကို ကြည့်
ပြီး စာရေးသူ ဝမ်းသာပီတိ ဖြစ်လိုက်သည်မှာ ဆိုဖွယ်ရာ မရှိ။ စိတ်ထဲကလည်း သြော်…မသေကောင်း မပျောက်ကောင်း နိုင်ငံကောင်း ရတနာ ကျန်းမာပါစေ၊ ချမ်းသာပါစေဟု ဆုတောင်းမိသေး၏။



၃၉။ ရခိုင်ကစာ

ဦးဝင်းမြင့်
စာရေးဆရာ သတင်းထောက်
အမှတ်(၆)၊ မဲထီးလမ်း၊
ရေးရပ်၊ မကွေးမြို့။

ရက်စွဲ၊ ၁၉၇၇ ခု၊ ဒီဇင်ဘာလ ၇ ရက်
အကြောင်းအရာ ။ ။ အုန်းမှုတ်ခွက်နင်း ရောဂါကင်း ရောဂါကင်း စာအုပ်ပို့ပေးရန် ကိစ္စ

လေးစားစွာဖြင့်
ဆရာ ဦးဝင်းမြင့်ခင်ဗျား-
ဆရာကိုယ်တိုင် သုတေသန ပြုစုရေးသား ထုတ်ဖေါ်လိုက်သော အုန်းမှုတ်ခွက်နင်း ရောဂါကင်းစာအုပ်ကို လွန်ခဲ့သော နှစ်ရက်ခန့်က တပည့်တစ်ဦး လာပြ၍ ဖတ်ရှုလိုက်ရပါသည်။ အဖတ်ရ၊ အသိရ နောက် ကျလှ သဖြင့် အားမရလှပါ။ ပြီး မာန်အောင်၊ သံတွဲ၊ စာအုပ်ဆိုင်တွေကို ထပ်ဆင့်မှာသော်လည်း မရလိုက်ပါ။ မာန်အောင် တစ်မြို့လုံး အုန်းမှုတ်ခွက်ပေါပါတယ်၊ အလကားလဲ ရပါတယ်။ အခုလို အုန်းမှုတ်ခွက် တန်ဖိုး သိကုန်လို့ ဈေးတွေ အဆမတန် တက်လာမှာ စိုးပါရဲ့။

ဟိုလူဒီလူက အစ အုန်းမှုတ်ခွက် နင်းကြဖို့ ပြောနေကြပြီဆရာ၊ ကျွန်တော်တို့ မိသားစုလည်း မနေ့ကစပြီး နင်းနေကြပါတယ်။ ဆရာပေးတဲ့ နည်းအတိုင်းပဲပေါ့၊ ညဘက်အိပ်ပျော်တာတော့ မပြောလိုက်နဲ့တော့ ဆရာရေ၊ အိမ်သူခိုးကပ်တာတောင် သိမည် မထင်ပါ။ ခုလို အဖိုးတန်တဲ့ စာအုပ်ကောင်းကျမှ အပိုင်မရ လိုက်လို့ (စာပေဝါသနာအိုး) တစ်ဦးအနေနဲ့ သိက္ခာကျလှတယ် ဆရာရေ။ ဒါကြောင့် အကြံတစ်ခုရပြီး ဆရာတို့ မကွေးမြို့က ဆရာ့လက်မှတ်လည်း အမှတ်တရ ဖြစ်အောင် ရေးထိုးပြီး လေကြောင်းက ဗွီပီပီနဲ့ ကျွန်တော့်ဆီ ပို့ပေးစေလိုပါတယ်ခင်ဗျာ။


အားကိုးလျှက်
ဦးသောင်းညွန့်
(ကျောင်းအုပ်ဆရာကြီး)
ကမားအစိုးရ အလယ်တန်းကျောင်း
ကမားမြို့နယ်ခွဲ၊ မာန်အောင်မြို့နယ်
ရခိုင်ပြည်နယ်။



၄၀။ အမျိုးသားရေးဖြစ်သွားပြီ
တစ်နေ့ စာရေးသူ၏ ဆရာလဲဖြစ် အစ်ကိုရင်းပမာ ချစ်ခင်ရသော တောင်တွင်းကြီးမြို့ အစိုးရအထက်တန်း
ကျောင်း မှ ကျောင်းအုပ်ဆရာကြီးဦးအောင်ဉာဏ်နှင့်တွေ့သည်။ သူက……

“ ဟေ့ကောင်…မင်းစာအုပ် စွံတယ်ဟေ့၊ တစ်ပြည်လုံးနင်းကုန်ကြပြီ။ အမျိုးသားေရေး ဖြစ်သွားပြီကွ ” ဟု ဝမ်းပန်းတသာ ပြောပါသည်။

ဟုတ်ပါသည်။ တစ်ပြည်လုံးနင်းလျှင် တစ်ပြည်လုံး ကျန်းမာကြပါမည်။ တစ်ပြည်လုံး တစ်မျိုးသားလုံး ကျန်းမာ ကြလျှင်မူကား ကုန်ထုတ်စွမ်းအား တိုးတက်၍ လုပ်အားအသီးအပွင့်တွေ တပြည်လုံး အတူတကွ ခံစားကြရ မည်။ စာရေးသူတွင် ယုံကြည်ချက် တစ်ခုရှိပါသည်။ ထိုယုံကြည်ချက်မှာ စစ်မှန်သော စေတနာဖြင့် ပြည်သူ ကို အလုပ်အကျွေး ပြုလျှင် ပြည်သူကလည်း ပြန်လည် ဂုဏ်ပြလိမ့် မည် ဖြစ်ပါ သတည်း။အုန်းမှုတ်ခွက် နင်းခြင်းဖြင့် ရောဂါခပင်း ကင်းဝေးကြပါစေ။


၄၁။ ဘုန်းကြီးတွေ သဘောကျ

၁၉၇၇ ခုနှစ်၊ဉာဏ်လင်း စာပေတိုက်မှ “ အုန်းမှုတ်ခွက်နင်း ရောဂါကင်း ” စာအုပ် ထုတ်ဝေခဲ့ပါသည်။ ကျွန်တော့်ကိုပင် နာမည်မခေါ်တော့ဘဲ “ အုန်းမှုတ်ခွက်ကြီး ” ဟု ခေါ်ပါတော့သည်။ ယနေ့အထိ ခေါ်တုန်း။
အချိန်အားဖြင့် (၁၂)နှစ်ကြာခဲ့ပါပြီ။ သို့သော် ယခုအထိ ဂယက်ထတုန်း။ ကျွန်တော်လည်း ကျွန်တော်ပဲ။ အိမ်မှာနေသည် မရှိ။ တစ်မြို့၊ တစ်ရွာ ရောက်နေတတ်သည်။ ရောက်သည့် မြို့ရွာတိုင်းမှာ အုန်းမှုတ်ခွက် နင်းကြသည်။ အချို့ တစ်ကြိမ်မျှ မနင်းရလျှင် မနေတတ် မထိုင်တတ်ဟု ဆို၏။ အချို့ကတော့ ညောင်းညာ ကိုက်ခဲမှ နင်းပါသည်ဟု ပြော၏။ တောင်ပုလု ဆရာတော် ဘုရားကြီးးကတော့ ခန္ဓာဝန်ချတော်မူသည်အထိ နင်းသွားပါသည်။ မဟာစည် ဆရာတော်ဘုရားကြီးလည်း ထိုနည်းလည်းကောင်းပါပဲ။

တစ်နေ့က ကမ္ဘာအေး သာသနာရေးဦးစီးဌာနသို့ ရောက်၏။ မှတ်မှတ်ရရဆိုရသော်(၄-၅-၈၈)ရက်နေ့၊ နံနက် ၁၀ နာရီခွဲအချိန်ဖြစ်ပါတော့သည်။ သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအံ့မောင်နှင့် အတူ ဆုံပါသည်။ ညွှန်ကြားရေးမှူးချုပ် ဦးအံ့မောင်သည် မောင်အံ့( မဟာဝိဇ္ဇာ) ကလောင်အမည်နှင့် ဗုဒ္ဓစာပေများ ကျမ်းကြီး ကျမ်းငယ် အဆူဆူကို ပြုစု ရေးသားခဲ့သော စာပေ ပညာရှင် တစ်ဦး ဖြစ်ပါသည်။ဆရာအံ့နှင့် အတူ စာကြောင်း၊ ပေကြောင်း ပြောဖြစ်ပါသည်။

ဆရာအံ့က
“အေးဗျာ၊ ခင်ဗျား အုန်းမှုတ်ခွက်နင်း ရောဂါကင်း စာအုပ်ကို ဘုန်းကြီးတွေ သိပ်သဘောကျတယ်ဗျ” ဟု ဝမ်းသာအားရ ပြော၏။

ဆရာအံ့ပြောသည့်အတိုင်း မှန်ပါသည်။ ဘုန်းတော်ကြီးများ သဘောကျရခြင်း အကြောင်းမှာ ဘုန်းတော်ကြီး များသည် စာအံ စာကျက်ကြရပါသည်။ သာသာနာတော် အရှည်တည်တံ့ရေးအတွက် ဗုဒ္ဓစာပေ ပိဋကတ် များကို နှုတ်ငုံ အာဂုံရအောင် စာအံ၊ စာပြန်၊ စာတက်၊ စာကျက်၊ ဆွမ်းခံ၊ ဝိနည်းတော်နှင့် အညီ နေကြရပါ သည်။ ထို့ကြောင့် ညောင်းညာ ကိုက်ခဲကြပါသည်။ ညဉ့်မကျိန်းစက်မီ ကျောင်းသားများကို ဆရာတော်ကြီး များက “ ငါ့ခြေဖဝါးကို တစ်ထောင်ဆစ်နဲပ နာနာထောင်းစမ်းဟဲ့” ဟု မိန်တော်မူတတ်၏။

“အုန်းမှုတ်ခွက်နင်း ရောဂါကင်း” စာအုပ် ထွက်လာသောအခါ ဦးပဉ္ဇင်းများနှင့် ကျောင်းထိုင်ဆရာတော်များ အတွက်အံဝင်ခွင်ကျ ဖြစ်သွားရပါတော့ည်။ ညောင်းညာကိုက်ခဲလျှင် ကျောင်းသားများကို ခြေဖဝါးအလည်ခေါင်
တံတောင်နှင့် ထောင်းခိုင်းစရာ မလိုတော့ပေ။ မိမိတို့ ကိုယ်တိုင် စာအံမပျက် အုန်းမှုတ်ခွက်ပေါ် တက်နင်း ရင်းဖြင့် ရောဂါခပင်း ကင်းဝေစေပါတော့သတည်း။


၄၂။ အုန်းမှုတ်ခွက်နင်း အမြောက်သံကင်း
ကျွန်တော်သည် လားရှိုးမြို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ကမ္ဗောဇခင်လှိုင်၏ ပံ့ပိုးကူညီမှုဖြင့် လားရှိုးမြို့ဝန်း ကျင် ဒေသပေါက် တိုင်းရင်းဆေးဝါးပင်များ လေ့လာခွင့်ရရှိပါသည်။ (၂၇-၂-၈၇) ရက်နေ့တွင် ဒေါက်တာ ကမ္ဗောဇခင်လှိုင်၏ အစီအစဉ်ဖြင့် တိုင်းရင်းဆေး ဝါသနာရှင်များ၊ သုတေသီများနှင့် တွေ့ဆုံပါသည်။ထို့နေ့  ညနေစောင်းတွင် လားရှိုးမြို့ သိန္နီလမ်း၊ တွင်ခုံစက်ပြင် ဆရာကြီး ဦးကြီးခိုင်နှင့် တွေ့ဆုံပါသည်။

လားရှိုးမြို့ ၊ ဦးကြီးခိုင်နှင့် မိတ်ဆက်ပေးသူမှာ လားရှိုးမြို့ “ကဗျာဆရာ မောင်ပင်နီ(ကျေးလက်) ဖြစ်ပါ သည်။

“ ဦးကြီးခိုင်၊ ဒါစာရေးဆရာ မကွေးဝင်းမြင့်ပဲ၊ အဲအဲ..အဲ..အုန်းမှုတ်ခွက်” ဟု ခပ်ရွှန်းရွှန်းကလေး မိတ်ဆက်
ပေးတော့ ဦးကြီးခိုင်က ကျွန်တော့်ကို ပြုံးစိစိနှင့် ခေါင်းညိတ် အသိအမှတ်ပြုပါသည်။

“ အေးဗျ၊ ခင်ဗျားကို ကြုံတုန်း ပြောရအုံးမယ်၊ ၁၉၇၇ ခုနှစ်လောက်ကပေါ့၊ ကျုပ်တို့ လားရှိုးမြို့တစ်မြို့လုံး ခင်ဗျား အုန်းမှုတ်ခွက်ဂယက် သိပ်ရိုက်ခတ်နေတယ်၊ ရေပန်းစားကြတယ်ပေါ့၊ ကျုပ်လဲ သူပြောငါပြောနဲ့ မဟုတ်ပါဘူး၊ ကျကျနန စာအုပ်ဖတ်ပြီး ညတိုင်းနင်းအိပ်တာပါ၊အဲ…တစ်ညမှာပေါ့၊ ထုံးစံအတိုင်း အုန်းမှုတ် ခွက်နင်းပြီး တချိုးတည်း ကျုပ်အိပ်ပျော်သွားတာပေါ့။

မနက်လင်းတော့ ကျုပ်တပည့်တစ်ယောက်က ဘာပြောတယ်မှတ်သလဲ၊ သူပြောတာက ဆရာရယ်… ညက သောင်းကျန်းသူတွေက ခြင်တောင်ကနေပြီး အမြောက်နဲ့ လှမ်းထုတာ ဆရာရဲ့။ တစ်မြို့လုံး တ ထိတ်ထိတ်တလန့်လန့်နဲ့ မအိပ်ရဘူး၊ ဟင်းဆရာကဖြင့် တခေါခေါနဲ့ အိပ်မောကျနေလိုက်တာ ၊ နိုးကို မနိုး ဘူးတဲ့။ အဲဒီတော့ ကျုပ်က ပြန်ပြောလိုက်တယ်။ ဟကောင်တွေရ၊ ငါက အုန်းမှုတ်ခွက်နင်း အိပ်တာကွ၊ ဒါကြောင့် အုန်းမှုတ်ခွက်နင်း အမြောက်သံကင်းကွ..ဟား ..ဟား .ဟား ကျုပ်တို့ လားရှိုးမှာ ၁၉၇၇ ခုနှစ်
လောက် ဝန်းကျင်လောက်က အခုလို မအေးချမ်းသေးဘူး ဆရာ၊ အလစ်လစ်မှ အမြောက်နဲ့ ထုချင်တယ်” ဟုတွင်ခုံ စက်ပြင်ဆရာကြီး ဦးကြီးခိုင်က ပြောပါသည်။

ကျွန်တော်က …
“ ခုကော ဦးကြီးခိုင် အုန်းမှုတ်ခွက် နင်းသေးလား”
နင်းတာပေါ့ဗျာ၊ သိပ်နင်း၊ နင်းမှလဲ အိပ်ကောင်းတာဗျ” ဟူ၏။


၄၃။ နှလုံးခုန် သိပ်မြန်နေသူ တစ်ဦး
သူကတော့ တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံကြီးမှ ဘဏ္ဍာစိုး ဦးအုန်းဖြစ်ပါသည်။ ဦးအုန်းသည် ကျွန်တော်
နှင့် သိဟောင်း ကျွမ်းဟောင်း ဖြစ်ပါသည်။ကျွန်တော် တောင်ကြီးမြို့သို့ ရောက်တိုင်း ဓာတ်ပုံ သန်းေ၀ ( တောင်ကြီး)နှင့် သတင်းထောက်ခင်မောင်၊ မြို့လယ် ဓမ္မာရုံဂေါပက တွဲဘက် အတွင်းရေးမှူး ဦးထွန်းအေး တို့နှင့် တွေ့ဆုံသလို ဦးအုန်းထံသို့ ရောက်လေ့ရှိပါသည်။ (၂၀-၅-၈၆)ရက်နေ့က ဦးအုန်းနှင့် တွေ့တော့ ဦးအုန်းက…

“ဆရာ ဝင်းမြင့်ရာ၊ ကျုပ်ဗျာ ဟိုတစ်လောက နှလုံးခုန်သိပ်မြန်နေတာဗျ၊ နှလုံးခုန်တော့ မူးတာပေါ့ ဗျာ၊ ခေါင်း ကို နောက်နေတာပဲ၊ အိပ်ရာထဲလှဲနေရတယ်။ ကျုပ်က ပြည်နယ်ဆေးရုံ ဘဏ္ဍာစိုး ဆိုတော့ ဆေးရုံအုပ်ကြီး၊ ဆရာဝန်၊ သူနာပြု၊ ဆေးရုံအလုပ်သမားတွေကအစ ရင်းနှီးကျွမ်းဝင်တယ်လေ..။ 

ဒါကြောင့် ကောင်းပေ့ဆိုတဲ့ ဆေးတွေ ထိုးပေး၊ ဆေးတွေ ကျွေးပေ့ါဗျာ၊ မပျောက်ပါဘူးဗျာ၊ တစ်နေ့ တစ်ခြား ပိုတောင် ဆိုးလာတယ်၊ အဲ ကျူပ်တို့ ဆေးရုံအုပ်ကြီးက ရန်ကုန်ကို ဆေးကုဖို့ ကျုပ်ကို တစ်ခါတည်း ခေါ် တယ်၊ ရန်ကုန် ဆေးရုံကြီးမှာ ဆရာကြီးက အပ်နှံ ဆေးကုစေတာပေါ့၊ ဆေးရုံမှာ တစ်လခွဲတိတိပါပဲဗျာ၊ သက်သာတယ် ဆိုရုံပါပဲ၊ မပျောက်ပါဘူး၊ ဒါနဲ့ တောင်ကြီး ပြန်လာခဲ့တယ်။ ရုံးမတက်နိုင်ဘူးပေါ့ဗျာ၊ အိပ်ရာ ထဲ လဲှနေရတယ်”

ဦးအုန်းသည် စကားကို ခေတ္တရပ်ကာ ရေနွေးကြမ်းတစ်ခွက်ကောက် သောက်လိုက်သည်။
“ ခဏ ဦးအုန်း၊ ကျွန်တော် မရှင်းတာလေး မေးပါရစေဦး၊ နှလုံးသိပ်ခုန်တာ ဘယ်လောက်အထိ မြန်လို့လဲ”

“ ဟာ …တစ်မိနစ် အကြိမ် ၉၀ ကျော်တာ ၊ ခေါင်းကို မူးနေတာပဲ၊ အဲ..ကျုပ်လဲ အိပ်ရာထဲ လှဲနေရတာ စိတ် ညစ် စိတ်ပျက်လာတယ်၊ ဘုရားစင်ပေါ်ကို လှမ်းကြည့်လိုက်တော့ ဘုရားစင်ပေါ်မှာ ခင်ဗျား ကျုပ်ကိုလက်
ဆောင်ပေးထားတဲ့ အုန်းမှုတ်ခွက်နင်း ရောဂါကင်း ဆိုတဲ့ စာအုပ်ကလေး ပြေးမြင်တယ်။ စိတ်တော့မရှိနဲ့ဗျာ။ အဲဒီစာအုပ် ခင်ဗျားပေးလို့သာ ယူထားလိုက်ရတယ်။ ဖတ်မကြည့်ဖြစ်ဘူး၊ အလုပ်ကလည်း များတာ တစ်ကြောင်းပေါ့ဗျာ၊

ခုတော့ ရောဂါက နှိပ်စက်လာတော့ ရောဂါပျောက်နိုးနိုး မျှော်လင့်ချက်ကလေးနဲ့ ဖတ်ကြည့်မိတယ်၊ အကြာ ကြီး မဖတ်နိုင်ပါဘူး၊ နားနားပြီး ဖတ်ရတယ်။ ခင်ဗျား စာအုပ်ထဲမှာ နှလုံးခုန်နှုန်းသိပ်မြန်ရင် နင်းရမယ် ဆို တာတော့ မပါဘူးဗျ၊ ဘာပဲဖြစ်ဖြစ် “ အုန်းမှုတ်ခွက်နင်းလို့ ဆိုထားတာကြောင့် ခံစားနေရတဲ့ ရောဂါ ပျောက် လို ပျောက်ငြား၊ အုန်းမှုတ်ခွက် နင်းကြည့်ဖို့ စိတ်ကူးမိတယ်။ အုန်းမှုတ်ခွက်က(၂)လုံး လိုတာဆိုတော့ အုန်းသီးဝယ်ပြီး မိသားစု အုန်းထမင်းချက်စားကြရသေးတယ်။

ဟဲ..ဟဲ ကျုပ်ကတော့ အုန်းထမင်း မစားပါဘူး။ အုန်းမှုတ်ခွက် နှစ်လုံးရှိရင်ပဲ ဝမ်းသာအားရ မြေ မှာမှောက် ပြီး ဘယ်/ညာ အကြိမ် တစ်ရာစီ နင်းလိုက်တယ်။ အမယ်..ဘယ်က ဘယ်လို အဆင်သင့်သွားလဲ မဆိုနိုင် ဘူး။ နှလုံးခုန် ပုံမှန် ဖြစ်သွားသဗျ။ ကျုပ်လဲ သိပ်ဝမ်းသာသွားတယ်။ အံ့လည်း အံ့သြမိတယ်လေ။ အိပ်လို့ လဲ ကောင်းတယ်။ ဒါနဲ့ှ နှစ်ရက်လောက်ကျတော့ ရုံးတက်နိုင်တယ်။ ဆရာဝန်တွေ ၊ ဆေးရုံဝန်ထမ်းတွေက လဲ တအံ့တသြ မေးကြမြန်းကြတယ်။

ကျုပ်ကတော့ ခင်ဗျား အုန်းမှုတ်ခွက်ကို သဘောကျသွားပြီ။ ဒါကြောင့် ညတိုင်း ၊ အိပ်ရာဝင်တိုင်း နင်းအိပ် တယ်။ စားလု့ိကောင်း၊ အိပ်လို့ပျော်၊ နှလုံးခုန် ပုံမှန်ဖြစ်နေပြီလေ။ ဒီလိုနဲ့ ခြောက်လလောက် ကြာတော့ အုန်းမှုတ်ခွက် မနင်းဘဲ ရက် ၂၀ ရပ်ထားကြည့်တယ်။ မကြာဘူးဗျို့၊ ဒိတ်ဒိတ် ဒိတ်ဒိတ်နဲ့ နှလုံးခုန်မြန်လာ တယ်။ လူလဲ ထိတ်လန့်သွားတယ်။ ညဉ့် အိပ်ရာဝင်တိုင်း ဘယ် ညာ အကြိမ် တစ်ရာ တိတိ နင်းအိပ် ပါ တယ်။ အခုဆိုရင် ၈ လတင်းတင်း ရှိပါပြီ။ အိုကေပါပဲ။ ခင်ဗျား ရောက်လာတာ အတော်ပဲ။ အဲဒီအကြောင်း
 ပြောချင်နေတာ ” ဟု ဦးအုန်းက အားရပါးရ ပြောပြပါသည်။

ကဲ…စာရှုသူ မိတ်ဆွေ။ နှလုံးခုန် မြန်လျှင် အုန်းမှုတ်ခွက် နင်းလျှင် ပျောက်ကင်း သက်သာကြောင်း အစီရင်ခံပါရစေ။

ဆက်လက်ဖော်ပြပါမည်.....
တိုင်းရင်းဆေးဆရာ၊ စာရေးဆရာ မကွေးဝင်းမြင့်၏ ခွင့်ပြုချက်ဖြင့်တင်ပြပေးပါသည်။
 ရွှေလမ်းငွေလမ်းဝင်းကြည်