၅၀။ မြန်မာ့ရိုးရာ အကြောပြင်လင်္ကာ
စာဖတ်သူသုတေသီများ ပိုမို သဘောပေါက်စေခြင်းငှာ ရည်သန်၍ သိမ်ဖြူဆရာတော် ရေးသားပြု စုတော် မူသော အကြောတတ်ပညာကျမ်း မှ မြန်မာ့ရိုးရာ အကြောပြင် လင်္ကာကို ကောက်နှုတ်ဖော်ပြ လိုက်ပါသည်။
ဤနည်းကိုကား ရှေးဟောင်း ပေတစ်ခုမှ ရရှိသည့်အတိုင်း မူရင်းမပျက် ဖော်ပြထားပါသည်။ ကျမ်းပြုစုသော ပေစာမူကိုသာ တွေ့ရ၍ ကျမ်းပြုပုဂ္ဂိုလ်၊ ခုနှစ်သက္ကရာဇ်တို့ကား ပြည့်ုစုံစွာ ဖော်ပြထားခြင်း မရှိပါသဖြင့် ရှေးမြန်မာ့ ရိုးရာ အကြောပြင်လင်္ကာဟူသော အမည်တပ်၍ ဖော်ပြထားခြင်း မရှိပါသဖြင့် ရှေးမြန်မာ့ရိုးရာ အကြောပြင်လင်္ကာဟု အမည်တပ်၍ ဖော်ပြထားပါသည်။ အကြောပြင်ဆရာ အကျော်အမော်များ စီရင်ခဲ့သော ယင်းအနှီလင်္ကာကျမ်းကို ရေးသား ဖော်ပြပါအံ့။
၁။ ကိုယ့်ဆယ့်ခြောက်ပါး ၊ ရောဂါများကို ၊ လက်ဖျားထိရောက် ၊ ကင်းကွာ ပျောက်လိမ့်၊ မှတ်လောက်စရာ၊
ရှေးဆရာတို့၊ သင်လာဥပဒေ၊ ထားခဲ့ပေသား၊ အသေအချာ နှိပ်ပုံမှာကား၊ ဂုပ်မှာ နားထင်၊ နောက် ဖယ်ပြင် ၌ ၊ နာကျင်သလို၊ အပူရှို၍ ၊ ရင်ကိုလေးပင့်၊ တအင့်အင့်နှင့်ခံတွင်းအိမ်ထဲ၊ တသွေးခဲ၍၊ ခေါင်းခဲ အနားထိုင်း ရောဂါသည်၊ ဆရာလက်သည်၊ ဉာဏ်ကြီးကျယ်သား၊ အလွယ်တကူ၊ မှတ်ယူခြားနား ၊ ဖော်ပြငြား အံ့၊ ဒူးဖျား အထက်၊ လေးသစ် တက်၍၊ နှိပ်ချတစ်ဖုံ ဆိုတုံမပျက်၊ ပုံအတွက်နှင့် နားရွက်နောက်ပါး၊ ဝဲယာခြား၊ မေးဖျား နားထင်၊ မျက်မှောက်ပြင်၌၊ လက်ပြင်ညွန့်ဖု၊ ခုလုလုဟု၊ လက်စုံချောင်းမွေ့၊ ထိထိတေ့၍၊ စေ့စေ့နှိပ် က ပျောက်နေကျတည်း၊ ပွဲရ အဟုတ်၊ ဆံပင် ချုပ်တော့ ။ ယူနုတ်ထူပစ်၊ စစ်စစ်ခေါင်းခဲ ၊ ပျောက်စမြဲတည်း။
၂။ မလွဲတစ်ချက်၊ နားလေထွက်၍၊ နားရွက်နားထူ၊ နားအူ နားလေး ၊ နားပြည်မှေး၍၊ ခေါ်မေးမရ၊ နားထိုင်းစ
သော ၊ ဝေဒနာကို ၊ နှိပ်လိုပါမူ၊ ကဏ္ဏအထက်၊ နားသယ်ဇက်နှင့် နားရွက်၏ နောက်၊နားရွက်အောက်ကို၊ လျှောက် ၍ အပြီး၊ နှိပ်ပုံမှီးလော့၊ စည်တီးမကြား၊ ပင်းသည့်နားလည်း၊ ကြား၏ မသက်၊ ချက်ချင်းသက်၏။
၃။ လေတက်တုံလေ၊ မူးမှိုင်းချေ၍၊ မနေမသာ၊ ရှိလေပါသော်၊ ဂီဝါ ဂုပ်စောင်း၊ အလယ်ခေါင်းနှင့်၊တကြောင်း မျက်မှောက်ကြား၊ မျက်စုံနားရင်း၊ ဦးပြင်းဆံဇက်၊ နှိပ်ပုံထွက်၏။
၄။ တစ်ချက်ထိုမှ၊ လေပူထသော်၊ ကဏ္ဏနောက်(ပေါ်) ၊ နှိပ်ခါတော်လော့။
၅။ ထို့နောက် တစ်မျိုး၊ ကြို့ကြီးထိုးသော်၊ ဂုပ်ရိုးတစ်လျှောက်၊ နှိပ်လျှင် ပျောက်၏။
၆။ တစ်ထောက် ဒန္တာ၊ သွားဖုံးနာနှင့်၊ သွားနိုင်သွားကိုက်၊ သွားနှုတ်ရောဂါ၊ စွဲကပ်လာသော်၊ လျင်စွာပြောက်အောင်၊ လက်ထောက် မြဲမြဲ၊ မှန်မလွဲ၍ ၊ လက်ဝဲလက်ယာ၊ နှိပ်ဖိလာသော်၊ တဖြာတဝ၊ ဓားလျှင် ရှုသို့၊ သတ္တ တလေ၊ တက်တွေ တပြိုင်၊ မေးခိုင်ပါမူ၊ လက်နိုင်နှိပ်လု၊ ပုံအဆိုက လည်မျိုတစ်လျှောက်နားရင်း ရောက်အောင် ၊ နှိပ်မြောက်တုံလေ၊ လွတ်မြဲပေတည်း။
၇။ တတွေတဆန်၊ လေပုပ်ဆန်သော် အော့အန်တစ်မျိုး၊ ပခုံးရိုးက ဂုပ်ရိုးကျအောင်၊ ပြ၏ နှိပ်ချက်။
၈။ ပါဒရက်ကြောင့် ၊ လေတက်လက်တုန်၊ မျက်စိမှုန်၍၊ မျက်အုံဝေရီ၊ မျက်စိသီလျှက်၊ မျက်နီ မျက်ဝါ၊ မျက်စိ နာနှင့် သလာတိမ်ဖုံး၊ မျက်လုံး ကြောင်တောင်၊ မျက်စိအောက်၍၊ မျက်တောင် မကြွ၊ မျက်မှောင် ကျနှင့်၊ မျက်စပိုးရှိ၊ ကျိမ်းစက်ဘိသည်၊ မျက်စိဝေေ၀၊ မျက်ရည်တွေသာ၊ ဆိုတွေ တစ်ချက်၊ မျက်တွန့် တက်၍၊ လက် တစ်လှမ်းလှမ်း၊ ဖြတ်ခြင်ယမ်းသော်၊ မျက်ခမ်းမျက်နီ၊ မှုန်သီသီနှင့်၊ ဟန်ချီမရ၊ လမ်းမဂ္ဂကို၊ ထကြွဖြောင့်မတ်၊ မသွားတတ်အောင်၊ စွဲကပ်ရိုးစု၊ ရောဂါပြု၍၊ စက္ခုအနာ အာဗာဓာကု၊ မကြာလျှင်စွာ ၊ ပျောက်လိုငြားမူ၊ ကြွက် သားအဖုံ၊ ခြေသလုံးနှင့်၊ ပခုံးနှစ်ဖက်၊ အလယ်ချက်ကို၊ စုံတက်စစ်ကြော၊ နှိပ်တုံမော့သော် အဆောမကြာ၊ လွန်ချမ်းသာသည်၊ လွယ်ကနှိပ်ဖု့ စာတမ်းတည်း။
၉။ လက်ခွဲတဖြာ၊ မိန့်မှာလိုက်အံ့၊ ကံလျှာရှုဖွယ်၊ သားမိမယ်တို့၊ ကိုယ်ဝန်စွဲကပ်၊ တေဇောဓာတ်ကြောင့်၊ မီး ယပ်ရင်သို့၊ ဖြစ်တုံပျို့သော်၊၊ စိမ်းညို့ဖတ်ဖတ်၊ သားမြတ်အထက်၊ မွေ့မွေ့ညက်ဘိ၊ မောင်ဆက်အနား၊ ရင်နို့ သားကို ၊ နှိပ်ငြားတုံပါ လွန်ချမ်းသာလိမ့်။
၁၀။ ဟတ္တလက်ကပ်၊ လက်သေလတ်သော်၊ သားမြတ်ထက်မှာ၊ လေးသစ်ကျနှင့်၊ ရင်ဝအောက်နား၊ မောင်းကွေ့ခြားတည်း။
၁၁။ မှတ်သားတုံမြု့၊ လေဗူးဆို့လျှင်၊ ရင်ဆို့ရင်ကျပ်၊ လေထိုးလတ်သော်၊ လက်ဖို့ လက်ပြန်၊ တစ်ဖန်မဆွံ ပုံအရနှင့် ၊ ရင်ဝလေကြော၊ တသွယ်မှတ်ရာ။
၁၂။ နံဘေးနာနှင့် ဒူလာလေနာ၊ ရင်ဘတ်နာသော်၊ မှန်စွာမပျက်၊ နှစ်ဘက်ဘေးကြော၊ ချက်အောက်လျှော ၍၊ နှိပ်သောဆရာ၊ သုံးသစ်ခွာ၍၊ ပုတ္တာဖွားမိ၊ ပယ်အိမ်ထဲကြောင့်၊ သွေးထိမကျ၊ ရှိကနှိပ်မူ၊ ရာသီခု၍၊ ဥတု မဖြောင့်၊ ဆီးကျင့်အောက်သော်၊ မီးညှောင့် အထက်၊ နှစ်သစ်တက်၍ နှိပ်ချက်အဖုံ၊ လက်ကုန်ထိုးသိပ်၊ ကောင်းစွာ နှိပ်လော။
၁၃။ အိပ်လည်း မပျော်၊ ရှိတုံသော်လည်း ဒူးဘေးတစ်လျှောက်၊ ပေါင်ခြံရောက်အောင်၊ ထို့နောက် နှိပ်ရိုး ၊ ခြေဖမိုးရင်း၊ ဖနှောင့်သွင်းဖို့။
၁၄။ ကိုက်ခြင်းဆစ်မျက်၊ မုံဝေတက်သော်၊ ခြေမျက်စိနဲ့၊ ရောဂါထဲတွင်၊ အိပ်လည်း မပျော် ၊ ခြေဆန့်သော် လျှင်၊ ချက်ကျော်ဝဲယာ၊ ဉာဏ်ဖွေရှာ၍၊ နှိပ်ခါမယွင်း ဒူးဖျားတွင်းက၊ နာရင်း ရောက်အောင်၊ လက်ဝါးစောင်းနှင့်၊ ထောင်၍ နှိပ်လျှင်၊ ပျောက်မြဲပင်တည်း။
၁၅။ မီးတွင်းအတူ ခြေဒူးပူသော်၊ ထိုသူမယွင်း၊ပုဆစ်တွင်းကို မပျင်းမလျော့၊ လက်နုချောနှင့်၊ နှိပ်လော့မှန်စွာ၊ ပျောက်၏ မှန်သည်၊ ချမ်းသာ ဧကန် မလွဲတည်း။
၁၆။ မလွဲမှန်စွာ၊ ငါမိန့်မှာအံ့၊ ခါးနာခါးကိုက်၊ ခါးနှိုက်ဝေဒနာ၊ စွဲကပ်လာသော်၊ ခြေမှာ ခေါင်ရိုး၊ ခြေဖမိုးက ဒူးဆစ်ကျအောင် နှိပ်ကမှန်စွာ၊ ပျောက်မည် သာတည်း။
၁၇။ ကျင်ဝါကျင်အောင့်၊ ကျင်မဖြောင့်သော်၊ ဖနောင့်အထက်၊ ကြွက်သား သက်ကို၊ လျှောက်ကာ နှိပ်ပါ၊ လွန် ချမ်းသာတည်း။
၁၈။ ပူကာ တစ်ဖန်၊ ချမ်းကာ တစ်ဖုံ၊ ဖျားနာတုံသော်၊ နှိပ်ပုံအရ၊ မှန်စွာပြအံ့၊ ခြေမအကြား၊ ခြေဖဝါးမှာ၊ နှိပ် ပါလေလော့။
၁၉။ ကြီးစွာ အဖျား၊ တက်သော အားကြောင့်၊ မေးငြားမရ ၊ ငန်းလျှင်ကြွ၍ ခေါ်ကမထူး၊ အပူအအေး ၊ ရောဂါ
လေးသော်၊ နှိပ်လေအသော့၊ ဖနောင့်ကြောတည်း။
၂၀။ မှတ်လော့တစ်ခန်း၊ ငန်းငူဖမ်းသော်၊ နှိပ်လမ်းမပျက်၊ ပုံမှာတွက်သား၊ ခြေမျက်စိအောက်၊ နာနာ
ထောက်လော့။
၂၁။ ထို့နောက် တခြား၊ တုန်၍ ဖျားသော် ခြေမခွကြား၊ ခြေဖဝါးလယ်၊ ဖနောင့်သွယ်ကို၊ နယ်ကာ နှိပ်မူ ၊ ပျောက်မြဲဟူရှင့်။
၂၂။ ခြေမူချည့်နဲ့၊ ဖြစ်တုံခဲ့သော်၊ တဲ့တဲ့ဒူးဖျား၊ နှိပ်ချက်ထား၏။ မှတ်သားကုန်ပါ၊ ရှေးပုံလာ၍၊ လင်္ကာချိုပြား၊ သီကုံးထားရှင့်၊ နှိပ်ငြားလိုမ၊ စံပုံယူ၍ ၊ နာသူတို့ကို ကယ်စေလိုသည်၊ မဂ်ဖိုလ် နိဗ္ဗာန် စာတမ်းတည်း။
လင်္ကာ အဓိပ္ပါယ် ရှင်းလင်း ဖော်ပြချက်
ကိုးဆယ့်ခြောက်ပါးသော ရောဂါဝေဒနာများကို အကြောပြင်ဆရာ၏ လက်နှင့်ထိတွေ့ပါ။ထို ရောဂါ ဝေဒနာ များ ပျောက်ကင်းသွားလိမ့်မည် ဖြစ်ပေသည်။
၁။ ဇက်ကြောတင်ခြင်း၊ ဂုတ်နားထင် နောက်ဖယ်တို့၌ နာကျင်သကဲ့သို့ အပူရှိခြင်း၊ ရင်ခေါင်းကို လေပင့် သဖြင့် တအင့်အင့်နေခြင်း၊ ခံတွင်း၌ သလိပ်ခဲခြင်း၊ ခေါင်း ထိုင်းမှိုင်း လေးလံခြင်း၊ ဝေဒနာတို့ကို ဉာဏ်ရှိ
သော အကြောပြင်ဆရာသည် ဒူးဖျားအထက် လက်လေးသစ် အကွာရှိ( ရေအိုးတွင် ပါဒရက်ကြော) ကို လည်းကောင်း၊ နားရွက်နောက်ပါးတွင် ရှိသော ( ဦးဆက်ကြော)များသို့ လည်းကောင်း၊ နားရွက်အထက် ရှိ နားထင်ကြောများကိုလည်းကောင်း၊ လက်ပြင်ညွန့်ဖုတွင် ရှိသော အကြောခုလုလု အကြောထုံးလေးများ ကိုလည်းကောင်း၊ အကြောပြင်ဆရာ၏ လက်ချောင်းကလေးများဖြင့် စု၍စု၍ဆွဲသဖြင့် အကြောကို ပြုပြင်ပေး ရာ၏။
၂။ နားလေထွက်ခြင်း၊ နားထူခြင်း၊ နားအူခြင်း၊ နားလေးခြင်း၊ နားပြည်ယိုခြင်း၊ နားထိုင်းခြင်း၊ စည်တီး နား
မကြား နင်းပင်းခြင်းစသော နားနှင့် ပတ်သက်သော ဝေဒနာများ ဖြစ်လျှင် နား၏ အထက် နားသယ်ကြောကို လည်းကောင်း၊ ဇက်ကြောကိုလည်းကောင်း၊ နားရွက်၏ အောက် နားကြောကို လည်းကောင်း အစဉ်အတိုင်း ဖော်ပြပါ နှိပ်ကွင်း နှိပ်ကွက်တို့ကို ပြုပြင်ပေးရာ၏။
၃။ လေတက်ခြင်း၊ တုန်တုန်ယင်ယင်ရှိခြင်း၊ မူးခြင်း၊ မှိုင်တွေခြင်း ဖြစ်လျှင် လည်ဂုတ်စောင်းရှိ အကြောကို လည်းကောင်း၊ ဦးခေါင်း၏ အလယ်တွင် ရှိသော ငယ်ထိပ်ကြောကို လည်းကောင်း ပြုပြင်ပေးရာ၏။
၄။ လေပူထလျှင် နား၏နောက် ဦးဆက်ကြောကို နှိပ်နယ်ပြုပြင်ပေးရာ၏။
၅။ ကြိ့ကြီးထိုးလျှင် ဂုတ်ရိုးတစ်လျှောက်ရှိ အကြောများကို ပြုပြင်ပေးရာ၏။
၆။ သွားနာခြင်း၊ သွားဖုံးနာခြင်း ၊ သွားကိုက်ခြင်း စသော သွားနှင့် ပတ်သက်သော ရောဂါ များ ဖြစ်ခဲ့သော်
နှုတ်ခမ်းပါး စောင်းတွင် ရှိသော ပါးအကြောများကို လည်းကောင်း၊ မေးရိုး တစ်လျှောက်မှ နားဖျား အထက်ရောက်အောင် မေးကြောများကို လည်းကောင်း၊ လက်ဝဲ လက်ယာဖြန့်၍ လက်ချောင်းဖြင့် ထောက်၍ ဆွဲ၍ နှိပ်ရာ၏။
၇။ လေပုပ်ဆန်ခြင်း၊ အော့အန်ခြင်း ဖြစ်ခဲ့သော် ပခုံးစွန်း အရိုးမှ လည်ဆစ်ဂုတ်ရိုးအထိ ဆန့်တန်းလျှက် ရှိသော ပုခုံးကျောကို ထစ်၍ ထစ်၍ ညစ်၍ ညစ်၍ နှိပ်ပေးရာ၏။
၈။ ပါဒရက်ကြောင့် အထက်သို့ သည်းခြေ ဒေါသလေခိုးတက်၍ မျက်စိမှုန်ခြင်း၊ မျက်စိ ဝေရီခြင်း၊ မျက်စိ သီခြင်း၊ မျက်စိနီခြင်း၊ ဝါခြင်း၊ နာခြင်း၊ သလ္လာတိမ်ဖုံးသဖြင့် မျက်စိ ကြောင်တောင် ကွယ်ခြင်း၊ မျက်စိအောင့်ခြင်း၊ မျက်စိ မှေးခြင်း၊ မျက်တွန့်တက်ခြင်း( မျက်စိ၌ ဖြုတ်၊ ခြင်များ နားနေသည်ဟု ထင်ခြင်း)၊ မျက်ခမ်း စပ်ခြင်းဟူသော မျက်စိရောဂါတို့ကြောင့် လမ်းဖြောင့်မတ်စွာ မသွားတတ်အောင် ဖြစ်နေပါ က ခြေသလုံးကြွက် သွား၏ အောက်စွန်းရှိ( သလုံးကြော)ကိုလည်းကောင်း၊ ပခုံးစွန်း နှစ်ဘက်မှ ဂုတ်ဆက် သို့ သွယ်တန်းလျှက် ရှိသော ပုခုံးကြောကို လည်းကောင်း၊ နှိပ်ပေးရာ၏။
၉။ အမျိုးသမီး ပဋိသန္ဓေတည်သောအခါ ကိုယ်ဝန်၏ တေဇောဓာတ်ကြောင့် မီးယပ်အခိုးတို့သည် အထက် သို့ တက်၍ ရင်ဆို့ခြင်း၊ ပျို့အန်ခြင်း၊ ရင်ခံခြင်းတို့ ဖြစ်ခဲ့သော် သားမြတ်၏အထက် လက်မောင်းဆက်၏ အနီးတွင် ရှိသော သားမြတ်ကြောကို နှိပ်ပေးရာ၏။
၁၀။ လက်ကပ်ခြင်း၊ လက်သေခြင်းတို့ ဖြစ်ခဲ့သော် သားမြတ်၏ အထက် လက်လေးသစ်ရှိ သားမြတ်ကြော ကို လည်းကောင်း၊ ရင်ဝ၏ အဝင်ကြောကို လည်းကောင်း၊ လက်မောင်းအောက် သားမြတ်ကြောဘေး ရှိ
မောင်းကွင်းကြော ကိုလည်း နှိပ်ပေးရာ၏။
၁၁။ လေဆို့ခြင်း၊ ရင်ဆို့ခြင်း၊ ရင်ကျပ်ခြင်း၊ လေထိုးခြင်းတို့ ဖြစ်ခဲ့သော လက်ပြင်ကြောကို လည်းကောင်း ၊ နောက်ကြော၏ အလယ်ကို လည်းကောင်း၊ နှိပ်ပေးရာ၏။
၁၂။ နံဘေးထိုးခြင်း၊ နာခြင်း၊ ဒူလာ ညောင်းကိုက်ခြင်း၊ လေနာခြင်း၊ ရင်ဘတ်နာခြင်းတို့ ဖြစ်ခဲ့သော် နံဘေး
ကြောကို လည်းကောင်း၊ ချက်အောက် လက်သုံးသစ်အကွာရှိ ဝမ်းကြောကို လည်းကောင်း ၊ နှိပ်နယ်ပြုပြင်
ပေးရာ၏။ ထိုသို့ ဝမ်းကြောကို နှိပ်သောအခါ သားအိမ်ကို ထိသွားတတ်သည်။ သားအိမ်သည် ဝမ်းကြောနှင့် ကပ်နေသည်။ သားအိမ်ကို နှိပ်သဖြင့် ဥတု သွေးထိန်ခြင်း၊ မမှန်ခြင်း၊ ဆီးကျင်ခြင်း ၊ အောင့်ခြင်း ဖြစ်လျှင် မီးညှောင့်အထက် လက်နှစ်သစ်ရှိ မိလ္လာကြောကို လက်ကုန်ထိုးသိပ်နှိပ် ရာ၏။ ပြုပြင်ရာ၏။
၁၃။ အိပ်မပျော်လျှင် ပေါင်တွင်း အာရုံကြော တစ်လျှောက်ကိုလည်းကောင်း၊ ခြေဖမိုးဆိုင် များ ကြောကို လည်းကောင်း၊ ဖနောင့်အနီး ခြေမျက်စိအောက်ရှိ ပထဝီသွေးကြောကိုလည်းကောင်း နှိပ်ရာ၏။
၁၄။ အဆစ်အမြစ် ကိုက်ခဲခြင်း၊ မျက်စိမှုန်ခြင်း၊ တသမ်းသမ်းတက်ခြင်း၊ ခြေထောက်နှင့် ခြေမျက်စိ မျက်ခြင်း။ အိပ်၍ မပျော်ခြင်း၊ ခြေထောက်ဆန့်တန်းနေခြင်းတို့ ဖြစ်လျှင် ချက်၏ အထက် ဘဝင်ကြောကို လည်းကောင်း ၊ ချက်ဝဲယာ သကြီး(သူကြီး) ကို လည်းကောင်း၊ ဒူးဖျားအတွင်း၊ တကောက်ကြောများမှ နားရင်းအထိပါဒရက်လိုင်းကြောကို လည်းကောင်း၊ လက်ဝါးစောင်းဖြင့် ထောင်လျက် နှိပ်ရာ၏။
၁၅။ မီးတွင်းသကဲ့သို့ ခြေဒူးပူခဲ့သော် ဒူးဆစ်အတွင်း တကောက်ကြောကို နှိပ်နယ်ပြုပြင်ပေးရာ၏။
၁၆။ ခါးနားခြင်း၊ ခါးကိုက်ခြင်း၊ ခါးပူခြင်း၊ ခါးအောင့်ခြင်း၊ ခါးမျက်ခြင်း၊ ခါးစောင်းခြင်း၊ ခါးတောင့်ခြင်း စသော ခါးနှင့် ပတ်သက်သော ရောဂါများ ဖြစ်ခဲ့သော် ခြေဖမိုးမှ ဒူးဆစ်အထိ ပါဒရက်ကြောကို နှိပ်နယ်ပြုပြင်ပေး ရာ၏။
၁၇။ ဆီးဝါခြင်း၊ ဆီးအောင့်ခြင်း၊ ဆီးမဖြောင့်ခြင်း( မုတ္တကိစ်) တို့ ဖြစ်လျှင် ဖနောင့်အထက် မိုးခိုကြော တစ်လျှောက် နှိပ်ပေးရာ၏။
၁၈။ ပူတစ်ခါ ချမ်းတစ်လှည့် ငှက်ဖျားကဲ့သို့ ဖျားခဲ့သော် ခြေမအကြားရှိ ပါဒရက် ဆုံကြောကို လည်းကောင်း
၊ ခြေဖဝါးရှိ ပထဝီကြောကို လည်းကောင်း။
၁၉။ အဖျားပြင်းစွာ ကတ်သောကြောင့် မေးမြန်းမရ ငန်းဖမ်းသည် အထိ ဖြစ်ခဲ့သော် ဖနောင့်ကြော ကြွက်
သား မောင်းကြောထိပ်ကို လျှင်မြန်စွာ ပြုပြင်နှိပ်ပေးရာ၏။
၂၀။အပူကြီး၍ ငန်းဖမ်းသော် ခြေမျက်စိအောက် အပြင်ဒူလာ ပါဒရက်ကြောကို လည်းကောင်း၊အတွင်းပထဝီကြောကို လည်းကောင်း နှိပ်ရာ၏။
၂၁။ တုန်၍ ပြင်းထန်စွာ ဖျားသော် ခြေမခွကြားရှိ အကြောကိုလည်းကောင်း၊ ဖြေဖဝါးရှိ ပထဝီကြော ကို လည်းကောင်း၊ ဖနောင့်အထက်ရှိ ပါဒရက်ကြောကို လည်းကောင်း၊နယ်၍နယ်၍ နှိပ်ရာ၏။
၂၂။ ခြေထောက် ချည့်နဲ့ဖြစ်ခဲ့လျှင် ဒူးဖျားအောက်ရှိ ညို့သကြီး (သူကြီး) နှိပ်ရာ၏။
ဤကား ပေမူမှ ရရှိသော ရှေးဟောင်း မြန်မာရိုးရာ အကြောပြင် နည်းတစ်ရပ် ဖြစ်ပါသည်။