Sunday, May 10, 2015

အုန်းမှုတ်ခွက်နင်းရောဂါကင်း (အပိုင်း-၈)


၁၇။ ကိုယ်တွေ့အုန်းမှုတ်ခွက်နင်းကြသည့်ပုဂ္ဂိုလ်များ၏ ပြောပြချက်များ
ညောင်ကန်အရှင်ဣန္ဒက

စာရေးသူတို့ မကွေးမြို့သို့ ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာမှ တရားဟောဓမ္မကထိက(စာရေးဆရာ)
 ညောင်ကန် အရှင်ဣန္ဒက ကြွရောက်လာပါသည်။ ထိုနေ့ကား မှတ်မှတ်ရရ (၁၆.၁.၇၇) နေ့ ဖြစ်ပါသည်။ မကွေးမြို့မှ ဒကာ၊ဒကာမများထံ အုတ်အုတ်ကျက်ကျက် ကြည်ညိုဖူးမြော်ကြပြီး မကွေးမြို့ ဓမ္မာရုံတွင်တရား ပွဲ သုံးညတိုင် ဟောတော်မူပါသည်။ ဒုတိယညရောက်သောအခါ ညောင်ကန်အရှင်ဣန္ဒက…“ မကွေး ဝင်းမြင့် ကို သိသလား” ဟု အနားမှ ဒကာတစ်ယောက် ကိုမေး၏။

“ မှန်ပါ၊ သိပါတယ် ဘုရား ”
“ အေး…သိရင် သွားခေါ်ချေ ” ဟု မိန့်တော်မူသဖြင့် စာရေးသူကို လာရောက် ခေါ်ပါတော့သည်။ စာရေး သူသည် ညောင်ကန်အရှင်ဣန္ဒက သီတင်းသုံးရာ ဓမ္မာရုံသို့ လိုက်သွားခဲ့ပါသည်။ ညောင်ကန် အရှင်ဣန္ဒက
နှင့် ယခင်က သိကျွမ်းဖူးခြင်း မရှိပါ။ အရှင်ဣန္ဒက ရေးသည့် “ အညာတစ်ခွင် တရားဟော ထွက် စဉ်က ” စသော ဆောင်းပါးများကို ဖတ်ရသဖြင့် စာသမား ပေသမား ဆရာတော်ဟုသာ သိထား ပါသည်။ ပုဂ္ဂိုလ်ချင်း မရင်းနှီးခဲ့ဘူးပါ။


ယခုမှ ဆရာတော်တို့ကို ဝတ်ပြု ဖူးမြော်လိုက်သောအခါ….
“ဒကာကိုဝင်းမြင့်ရေးလိုက်တဲ့ အုန်းမှုတ်ခွက်နင်း ရောဂါကင်းဆောင်းပါးကြောင့် ဦးဇင်းတို့ ဘုန်းကြီးလောက မှာတော့ အုန်းမှုတ်ခွက်ချည်း နင်းနေကြပြီ၊ ကောင်းပါတယ်၊ ဒါဟာ ပထဝီ ကြောမိတာပဲ၊ ဦးဇင်းလဲနင်းတယ် ၊ ဒါကြောင့် အညောင်းအကိုက်ကင်းပြီး အနင်းအနှိပ်လုံး၀ မခံရတော့ဘူး” ဟု ညောင်ကန် အရှင်ဣန္ဒက ဒိုးဒိုးဒေါက်ဒေါက် မိန့်တော်မူပါသည်။

ညောင်ကန် အရှင်ဣန္ဒကနှင့် အတူပါလာသော ဆရာတော်ဦးကုဏ္ဍလနှင့် ဦးပညာဒီပတို့ကလည်းအုန်းမှုတ် ခွက်နင်းခြင်းကြောင့် အကျိုးကျေးဇူး ခံစားရပုံများကို အောက်ပါတိုင်း မှတ်ချက်အသီးသီးချီးမြှင့်သွားပါသည်။

ဘုန်းကြီးဟိုတုန်းက ပါတိမောက်ကို အစအဆုံးကုန်အောင်မရွတ်နိုင်ဘူး၊ ပါတိမောက်ရွတ်လို့ တစ်ဝက်
လောက်ကျရင် ဇက်ကြောတွေ၊ ကုပ်ကြောတွေ ထိုးတက်လာတာပဲ၊ မခံမရပ်နိုင်လောက်အောင် ထိုးတာ
နော်။ သင့်ဘဝမဂ္ဂဇင်းထဲမှာ ဒကာကိုဝင်းမြင့်ရဲ့ အုန်းမှုတ်ခွက်နင်း ရောဂါကင်း ဆောင်းပါးဖတ်ပြီး ဟုတ်လို ဟုတ်ငြား နင်းကြည့်လိုက်တယ်၊ တစ်လလောက်ပဲ နင်းရတယ်၊ ခုဆိုရင် ပါတိမောက် အစအဆုံး ရွတ်နိုင်ပြီ။ ဇက်ကြောတွေ၊ ကုပ်ကြောတွေ ထိုးတက်မလာတော့ဘူး။

ဦးကုဏ္ဍလ
နာယက ကမ္မဋ္ဌာနစရိယ
မဟာစည်သာသနာ့ရိပ်သာ
တာဝါးဆယ်ရပ်၊ ဟင်္သတာမြို့။


ဟိုတုန်းက ဘုန်းကြီး တစ်နေ့တစ်ခါ အနင်းအနှိပ်ခံရတယ်၊ ညောင်းသကိုး။ ပြီးတော့ တရားဟောရလို့ ထိုင်ရပါများတော့ ပေါင်တွေကိုက်တောင့်တင်းလာတယ်၊ ခုတော့ အနင်းအနှိပ် လုံး၀ မခံရတော့ဘူး၊ အင်မတန် ကောင်းတဲ့နည်းပဲ။

ဦးပညာဒီပ
မဟာစည်သာသနာ့ရိပ်သာ
ဝက်ပုပ်ရွာ၊ ပေါင်းတည်စာတိုက်
ပဲခူးတိုင်း


ဒကာရဲ့ အုန်းမှုတ်နင်း ရောဂါကင်း ဆောင်းပါး ဂယက်ဟာ တော်တော်ထတာပဲ၊ ကျုပ်တို့ ဘုန်းကြီးလောက မှာတော့ စာသင်သားတွေရော ဆရာတော်ပါ အုန်းမှုတ်ခွက်နင်းကြတယ်။ ဆွမ်းစားပင့်တိုင် အလှူအိမ်တွေ မှာ ဘုန်းကြီးတွေ အချင်းချင်း ဆုံကြတိုင်း ကျန်းမာချင်ရင် ရောဂါကင်းရှင်းစေချင်ရင် အုန်းမှုတ်ခွက် နင်းကြဖို့ ချည်း ပြောနေကြတယ် ဒကာရဲ့။
သီဟိုပြန် ဒေလီကိတ် အသျှင်ဦးကုဏ္ဍလ
စွယ်တော်အုပ်ချုပ်ရေးနာယက
ကဝက်ကျောင်းတိုင်၊ မြောင်းမြမြို့။


ဒေါ်ဒေါ်နဲ့ ကိုဘကျော်က ကျောင်းနေဘက် သူငယ်ချင်းတွေ။ “ အမာ အုန်းမှုတ်ခွက် နင်းကြည့်စမ်း ” ဆိုလို့ နင်းကြည့်တယ်။ သူ့နည်းက ဟန်အကျသားကွာ၊ အညောင်းပြေတာပေါ့ကွယ်၊ ဒါကြောင့် မင်းဦးလေး(လူထု ဦးလှ) ကိုလည်း အားတဲ့အခါ နင်းဖို့တိုက်တွန်းနေရတယ်။
လူထုဒေါ်အမာ 
မန္တလေး


ဆက်လက်ဖော်ပြပါမည်.....

တိုင်းရင်းဆေးဆရာ၊ စာရေးဆရာ မကွေးဝင်းမြင့်၏ ခွင့်ပြုချက်ဖြင့်တင်ပြပေးပါသည်။
 ရွှေလမ်းငွေလမ်းဝင်းကြည်

Subscribe Us