Saturday, May 16, 2015

အုန်းမှုတ်ခွက်နင်းရောဂါကင်း (အပိုင်း-၁၁)


  လွယ်လွယ်နှင့်အဖိုးတန်သောနည်း

၃၀။ ကျေးဇူးတင်လွှာ

အထက်ပါ ဆောင်းပါးမှာ ၁၉၇၆ ခု၊ စက်တင်ဘာလထုတ် သင့်ဘ၀ မဂ္ဂဇင်း အတွဲ ၂၄၊ အမှတ်၊ ၂ မှာ ဖြစ် ပါသည်။ “ အာရောဂျံ၊ ပရမံ၊ လာဘံ”(ကျန်းမာခြင်းသည် မွန်မြတ်သော လာဘ်ကြီးတစ်ပါးဖြစ်၏ ) ဟူသည့် အတိုင်း လူတိုင်းလူတိုင်း၏ ကျန်းမာရေးအတွက် အထောက်အကူ ပြုနိုင်သည့် ဤစာတန်းငယ်ကို အခမဲ့ ကုသိုလ်ဖြစ် ရိုက်နှိပ်ကမ်းလှမ်းခြင်း ဖြစ်ပါသည်။

ဤစာတမ်းပါ နည်းလမ်းကို ကျွန်တော်နှင့် ကျွန်တော့်မိတ်တွေ သင်္ဂဟများပါ ဆောင်းပါး မထွက်ပေါ်မီကပင် စမ်းသပ် လေ့ကျင့်ခဲ့ရာ အမှန်အကျိုးရှိကြောင်း တွေ့ရှိရပါသဖြင့် ယုံယုံကြည်ကြည်ဖြင့် လေ့ကျင့်ကြပါရန် တိုက်တွန်းအပ်ပါသည်။

သင့်ဘ၀ မဂ္ဂဇင်းတိုက်ရှင်များနှင့် ဆောင်းပါးရှင် မကွေး ဝင်းမြင့် အားလည်းကောင်း၊ ဤကုသိုလ်ဖြင့် စာ တန်းဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးသူ ဓမ္မဃောသက ဦးမောင်မောင်အား လည်းကောင်း ၊ ကျေးဇူး တင်ရှိပါကြောင်း။


(၁-၂-၇၇)
အလှူရှင် ဦးစိန်ရိုး
၇-ကြိုးစက် ၂ လမ်း၊ လင်းလွန်းရပ်ကွက်
စမ်းချောင်း၊ ရန်ကုန်မြို့။


၃၁။ နိဂုံး

တစ်နေ့ စာရေးသူသည် မကွေးဈေးကြီးအတွင်းသို့ ရောက်သွားပါသည်။ ဈေးကြီးအရှေ့ဘက်တန်းတွင် ရှိ
သော ဘသက်ပေါ အုန်းငှက်ပျောဆိုင်နားသို့ မယောင်မလည် ရပ်ကြည့်နေမိပါသည်။ဘသက်ပေါ သည် အသက်ခြောက်ဆယ့်ငါးနှစ် ပတ်ဝန်းကျင်လောက် ရှိပါမည်။ နွေနွေ မိုးမိုးဆောင်းဆောင်း အင်္ကျီ ဝတ်လေ့ မရှိပါ။ အင်မတန်အေးပါမှ စွပ်ကျယ်လက်စကနှင့်သာ တွေ့ရတတ်ပါသည်။ 

စာရေးသူကား..ဘသက်ပေါဆိုင်သည် အုန်းသီး အမျိုးမျိုးကို ရောင်းရသည်။ အုန်းရည် ၊ အုန်းဆန်သာမက အုန်းမှုတ်ခွက်ပါရသည် စာရေးသူ မယောင်မလည် အကဲခတ်ကြည့်နေစဉ် အသက်ဆယ့်ရှစ်နှစ်အရွယ်ခန့်ရှိ မိန်းမငယ်တစ်သိုက်ဝင်လာပြီး ဘသက်ပေါထံမှာ အုန်းမှုတ်ခွက် ခြောက်လုံးကို တစ်လုံး တစ်ကျပ်ပေးပြီး ဝယ်ယူသွားပါသည်။


“ အဘ ဟိုအမျိုးသမီးတွေ အုန်းမှုတ်ခွက်တွေ ဝယ်လှချည့်လား ဘယ်ကလဲ ဘာလုပ်ကြတာတုန်း”
ဘသက်ပေါက စာရေးသူကို အတော်ထူးသည့် သူငယ်ပဲဟူသော အကြည့်ဖြင့်

“ အိုး…သုူငယ် မသိဘူးလား၊ အဲဒါ မကွေးကောလိပ်ကျောင်းသူတွေကွယ့်၊ အုန်းမှုတ်ခွက် ဆယ်လုံးတောင် လို ချင်လို့ မနေ့ညနေကတည်းက လာမှာထားတာ၊ ပေးရမယ့်သူတွေက များလွန်းလို့ မနက်ဖြန် လေးလုံးယူ ပါလို့ တောင်းပန်လွှတ်ရတယ်”

ဘသက်ပေါက အုန်းမှုတ်ခွက်ကို ဓားဖြင့် အချောသတ်နေရာမှာ ပြော၏။

“ဘာလုပ်ဖို့ ဝယ်ကြာတာတုန်း အဘရဲ့”

“ ရော..ခက်ပြီ၊ မင်းမသိဘူးလား ခုတလော အုန်းမှုတ်ခွက် ရောဂါ ထနေကြတာလေ”

“ဟင့်အင်း မသိပေါင်၊ ဘာလုပ်ဖို့”

“ ဟ နင်းတာကွ နင်းတာ။ အုန်းမှုတ်ခွက်နင်းရင် ကျန်းမာရေးကောင်းသတဲ့၊ လေငန်း-သွေးတိုး၊ ဇက်ကြော တက်တွေပါ ပျောက်သတဲ့”

“ဘကော နင်းကြည့်ဖူးသလား၊ တကယ်အညောင်းအကိုက်ပျောက်ရဲ့လား”

“ အေး၊ ပျောက်မပျောက်တော့ မသိဘူး၊ ငါလဲ အလုပ်မအားလို့ နင်းမကြည့်ရသေးဘူးအုန်းမှုတ်ခွက် ရောင်း
ကောင်း တာတော့ မတရားဘဲ”

“ ဘ အုန်းမှုတ်ခွက် နင်းဖို့ကောင်းတယ်”

“ အင်း ညတော့ နင်းကြည့်ဦးမယ်လို့ စိတ်ကူးမိတာ”

“ ဒါနဲ့ အုန်းမှုတ်ခွက် တစ်လုံး ဘယ်လောက်လဲ အဘ”

“ တစ်လုံး တစ်ကျပ်ကွ”
 
“ များဘူးလား အဘရာ”

“ မများပါဘူး၊ မများဘူး ဟိုတုန်းက အုန်းမှုတ်ခွက်ကို လက်ကိုင်ရိုးတပ်ပြီး ရေမှုတ်လုပ်တယ် ၊ ဆေးလိပ်ခွက် လုပ်သုံးကြတယ်၊ ခုအုန်းမှုတ်ခွက်နင်းဖို့ ဆိုပြီး ဟိုလူလာလဲ အုန်းမှုတ်ခွက်နင်းဖို့၊ ဒီလူလာလည်း အုန်းမှုတ် ခွက် နင်းဖို့နဲ့။ (ချီးမှပဲ) ခုတလော အုန်းမှုတ်ခွက် ရောဂါ ထ ထနေလိုက်ကြာ လွန်ပါရော”

အဘိုးကြီး ပြောရင်း ဆိုရင်း ဒေါဖောင်းလာ၏။ စာရေးသူလည်း ခတ်မဆိတ်နေပြီး ဘသက်ပေါဆိုင်ရှေ့မှ အသာခွာခဲ့ရပါသည်။ ဓားမတို တစ်ချောင်းဖြင့် အုန်းမှုတ်ခွက်တစ်လုံး အချောသတ်နေသော ဘသက်ပေါ ကတော့ ကျွန်တော် ဘယ်သူဘယ်ဝါမှန်း မသိပါ။

မည်သို့ပင် ဖြစ်စေ၊ ဘသက်ပေါဆိုင် အုန်းမှုတ်ခွက် လှိုင်လှိုင် ရောင်းနေရလျှင် ကျွန်တော် ဝမ်းသာပါသည်။
ပြည်သူတွေ၏ ကျန်းမာရေး၊ အလုပ်သမား၊ လယ်သမား၊ တက္ကသိုလ် ကောလိပ်တို့မှ ပါမောက္ခမှခေါင်း ရွက် ဗျတ်ထိုးအထိ ကျန်းမာမှုနှင့် ပြည့်စုံနေကြလျှင် စာရေးသူသည် လေ့လာရေးသား ကြိုးပမ်းရကျိုးနပ်ပြီ ဟူ၍။
အုန်းမှုတ်ခွက် နင်းခြင်းဖြင့် ရောဂါခပင်း ကင်းဝေးကြပါစေ။


မကွေးဝင်းမြင့်
စာပေလုပ်သား အမှတ်(၀၀၁၆)
အမှတ်(၆)မဲထီးလမ်း။ ဈေးရပ်၊ မကွေးမြို့။



၃၂။ လွယ်လွယ်နှင့် တန်ဘိုးကြီးသောနည်း
အုန်းမှုတ်ခွက်နင်း ရောဂါကင်း သတင်းများကို ဟိုကကြား၊ ဒီကကြားနှင့် ကြားနေရသည်မှာ ကြာပြီ။ ကြားရုံ သာမဟုတ်။ ရောက်လေရာ အိမ်၊ ကျောင်းအချို့တွင်လည်း အုန်းမှုတ်ခွက်များပြင်ဆင် ထားသည်ကို တွေ့ရ သည်။

စာပေနှင့် စတင်လှုံ့ဆော်သူမှာ သင့်ဘဝမဂ္ဂဇင်းတွင် သတင်းထောက် မကွေး ဝင်းမြင့်၏ ဆောင်းပါးဖြစ် ၏။ ကြေးမုံတွင်လည်း လူထုအော်သံဖြင့် အုန်းမှုတ်ခွက် လှုံ့ဆော်မှု တစ်ရပ် ဖတ်ရသည်။

မကွေးဝင်းမြင့်ကပင် ယခု သီးခြား စာအုပ်ငယ်ဖြင့် တင်ပြလှုံ့ဆော်လာသည်ကို တွေ့ရပြန်သည်။ နှယ်နှယ် ရရ မဟုတ်။ အုန်းမှုတ်ခွက်ကြောင့် ရောဂါ ကင်းပုံကို ဆရာတော်နှင့် လူပေါင်းများစွာတို့၏ ဖွင့်ဟ ထောက် ခံမှုနှင့် ကွင်းဆင်း မေးမြန်းချက်များကို နေရပ်လိပ်စာများနှင့် ဖော်ပြထားသည်။

သာမန် အညောင်းပြေမဟုတ်။ လေငန်း၊ သွေးတိုးရောဂါများပင် ပျောက်ကင်းကြောင်း ဖော်ပြထားသည်။ ကိုယ်တွေ့ ထောက်ခံသူများတွင် စာရေးဆရာ သတင်းထောက်များ အပါအဝင် လူထုဒေါ်အမာတို့ပင်
 တွေ့ ရ၏ကျန်းမာစေကြောင်း အခြားနည်းလမ်းကောင်းများ ပူးတွဲပါရှိပါ၏။ ကျွန်တော်မူကား ဘာရောဂါမျှ မရှိစေကာမူ စာအုပ်ဖတ်ပြီးသည်နှင့် တစ်ပြိုင်နက် အုန်းမှုတ်ခွက်နှစ်လုံး ပြင်ဆင်လိုက်သည်။ လွယ်လွယ်နှင့် တန်ဖိုးကြီးသော နည်းလမ်းဖြစ်၍ စမ်းသပ်ကြည့်ကြပါကုန်ဟု နှိုးဆော်လိုက်ရပါသည်။


ဦးကြီးမောင်( ငွေဥဒေါင်း)


ဆက်လက်ဖော်ပြပါမည်.....
တိုင်းရင်းဆေးဆရာ၊ စာရေးဆရာ မကွေးဝင်းမြင့်၏ ခွင့်ပြုချက်ဖြင့်တင်ပြပေးပါသည်။
 ရွှေလမ်းငွေလမ်းဝင်းကြည်


Subscribe Us