Monday, June 26, 2023

အညမညပစ္စယော


"အညမည" ဆိုသည်မှာ အချင်းချင်း အပြန်အလှန်ဟု အဓိပ္ပါယ်ရ၏။ အကြောင်းတရားနှင့် အကျိုးတရားသည် "ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ" ဆိုသကဲ့သို့ အပြန်အလှန် ကျေးဇူးပြုနေကြ၏ဟု ဆိုလိုသည်။

တုတ်သုံးချောင်း ထောက်ထားလျှင် တစ်ခုနှင့်တစ်ခု အပြန်အလှန် မှီနေကြသည့်အတွက် လဲကျ မသွားတော့ပေ။ ထိုနည်းတူစွာ အကြောင်းတရားနှင့် အကျိုးတရားတို့သည် အပြန်အလှန် ကျေးဇူးပြုပြီး ရပ်တည်နေကြ၏။

ထို့ကြောင့် အကြောင်းတရားကလည်း ရုပ်နှင့် နာမ်၊ အကျိုးတရားကလည်း ရုပ်နှင့် နာမ်ပင် ဖြစ်သည်။ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့် ပစ္စည်းကို "အညမညပစ္စည်း" ဟု ခေါ်သည်။


ပါဠိနှင့် ဘာသာပြန်

စတ္တာရော ခန္ဓာ အရူပိနော အညမညပစ္စယေန ပစ္စယော။

စတ္တာရော- ၄ ပါးကုန်သော၊ အရူပိနော- နာမ်ဖြစ်ကုန်သော။ ခန္ဓာ- ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာတို့သည်။ အညမညပစ္စယေန- အညမည ပစ္စယသတ္တိဖြင့်။ ပစ္စယော- ကျေးဇူးပြုသည်။ ဟောတိ- ဖြစ်ပါပေ၏။


အကြောင်း အကျိုး

၁။ ဝေဒနာက္ခန္ဓာ (ခံစားမှု)၊ သညာက္ခန္ဓာ ( မှတ်သားမှု) ၊ သင်္ခါရက္ခန္ဓာ ( စေ့ဆော်မှု)၊ ဝိညာဏက္ခန္ဓာ ( စိတ်) ဟူသော နာမ်ခန္ဓာ ၄-ပါးတို့သည် အပြန်အလှန် ကျေးဇူးပြုနေကြ၏။

ဝေဒနာက္ခန္ဓာက အကြောင်းဆိုလျှင် ကျန်ခန္ဓာ ၃- ပါးက အကျိုး ဖြစ်၏။

သညာက္ခန္ဓာက အကြောင်းဆိုလျှင် ကျန်ခန္ဓာ ၃- ပါးက အကျိုး ဖြစ်၏။

သင်္ခါရက္ခန္ဓာက အကြောင်းဆိုလျှင် ကျန်ခန္ဓာ ၃- ပါးက အကျိုး ဖြစ်၏။

ဝိညာဏက္ခန္ဓာက အကြောင်းဆိုလျှင် ကျန်ခန္ဓာ ၃- ပါးက အကျိုး ဖြစ်၏။


၂။ ပထဝီ ( မြေ)၊ အာပေါ (ရေ)၊ တေဇော (မီး)၊ ဝါယော (လေ) ဆိုတဲ့ ဓာတ် ၄- ပါးတို့သည်လည်း အပြန်အလှန် ကျေးဇူးပြုနေကြ၏။

ပထဝီက အကြောင်းဆိုလျှင် ကျန်ဓာတ် ၃- ပါးက အကျိုး ဖြစ်၏။

အာပေါက အကြောင်းဆိုလျှင် ကျန် ဓာတ် ၃- ပါးက အကျိုး ဖြစ်၏။

တေဇောက အကြောင်းဆိုလျှင် ကျန် ဓာတ် ၃- ပါးက အကျိုး ဖြစ်၏။

ဝါယောက အကြောင်းဆိုလျှင် ကျန် ဓာတ် ၃- ပါးက အကျိုး ဖြစ်၏။


၃။ မိခင်ဝမ်းကြာတိုက်၌ ပဋိသန္ဓေ နေသောအခါ ပဋိသန္ဓေစိတ် ( အစဆုံး ဖြစ်တဲ့ စိတ်) နှင့် ဟဒယဝတ္တု ( နှလုံး) တို့သည် အပြန်အလှန် မှီနေကြ၏။

ပဋိသန္ဓေစိတ်က အကြောင်းဆိုလျှင် ဟဒယဝတ္ထုရုပ်က အကျိုး၊ ဟဒယဝတ္ထုရုပ်က အကြောင်း ဆိုလျှင် ပဋိသန္ဓေစိတ်က အကျိုး ဖြစ်၏။

အညမညပစ္စည်း တစ်ခုလုံးကို ခြုံငုံ ကြည့်လျှင် အကြောင်းကလည်း ရုပ်နှမ့် နာမ်၊ အကျိုးကလည်း ရုပ်နှင့် နာမ်တို့ ဖြစ်ကြသည်။

စိတ် ဘယ်မှာ ဖြစ်လဲ

လူမှန်သမျှ မိခင်၀မ်းကြာတိုက်မှာ ပဋိသန္ဓေ နေရ၏။ ထိုပဋိသန္ဓေခဏ၌ အလွန်သေးငယ်သည့် အစိုင်အခဲလေး တစ်ခု ဖြစ်လာ၏။ " ကလလရေကြည်" ဟု ခေါ်၏။

အပ်ဖျားကို ဆီထဲနှစ်ပြီး ခါချလိုက်သောအခါ အပ်ဖျားတွင် အစက်အပြောက်လေး ကျန်ရစ်၏။ "ကလလရေကြည်" သည် အပ်ဖျားမှာ ကပ်နေသော အစက်ပြောက်လောက်ပဲ ရှိ၏။ မိဘနှစ်ပါး၏ သွေးပင်တည်း။ လူသားမျိုးစေ့ဟု ဆိုရမည်ပင် ဖြစ်သည်။

ထိုကလလ ရေကြည်တွင် အဓိကကျသော ရုပ် ၃- မျိုး ပါဝင်၏။ ကာယ ( ကိုယ်)၊ ဘာဝရုပ် ( ယောကျာ်း မိန်းမဗီဇ) ၊ ဟဒယဝတ္ထုရုပ် ( နှလုံး) တို့ဖြစ်သည်။

မိခင်ဝမ်းကြာတိုက်၌ ပဋိသန္ဓေတည်သောအခါ ပဋိသန္ဓေစိတ်နှင့် ဟဒယဝတ္ထုတို့သည် အပြန်အလှန် မှီကြ၏။ ထို့ကြောင့် စိတ်၏မှီရာသည် ဟဒယဝတ္ထုရုပ် ( နှလုံး) ဖြစ်သည်။

သို့သော် ယနေ့ခေတ် ပညာရှင်တချို့က "စိတ်သည် ဦးနှောက်မှာ ဖြစ်၏" ဟု ယူဆကြ၏။

သဘာဝယုတ္တိနည်းဖြင့် ကြည့်လျှင် စိတ်သည် နှလုံးမှာ ဖြစ်ကြောင်း ပို၍ ထင်ရှား၏။ ဘာကြောင့်နည်း၊ ထိတ်လန့်စရာ ကောင်းသည့် သတင်းတစ်ခု ကြားရလျှင် ရင်တုန်သွားသောကြောင့်တည်း။


မှန်၏။ ထိတ်လန့်ဖွယ် သတင်းကို ကြားလိုက်ရသည့်အခါ စိတ်ခံစားမှုသည် နှလုံးကို ရိုက်ခတ်သောကြောင့် ရင်ထဲ၌ ဒိန်းကနဲ ဖြစ်သွားလေတော့သည်။ ထို့ကြောင့် စိတ်သည် နှလုံးမှာ မှီကြောင်း ထင်ရှားလှပေသည်။

အကြောင်းအရာတစ်ခုကို စဉ်းစားသောအခါ၌ကား ဦးနှောက်နှင့် စဉ်းစားရ၏။ ထို့ကြောင့် "စဉ်းစားလိုက်ရတာ ဦးခေါင်းကို ပူသွားတာပဲ" ဟု ပြောကြခြင်း ဖြစ်သည်။ ပြဿနာရှိလျှင် ပိုပြီး စဉ်းစားရ၏။ စဉ်းစားလေ ဦးခေါင်း ပူလေပင်တည်း။ ထို့ကြောင့် စိတ်သည် ဦးနှောက်နှင့် ဆက်စပ်မှု ရှိကြောင်းလည်း တွေ့ရပါသည်။

သို့သော် စိတ်သည် ဦးနှောက်မှာ ဖြစ်သည်ထက် နှလုံးမှာ ဖြစ်သည်က ပိုပြီး ထင်ရှား၏။ တချို့လူများဆိုလျှင် စိတ်ခံစားမှုကို မထိန်းနိုင်သောကြောင့် နှလုံးရပ်ပြီး သေဆုံးသွားလေတော့သည်။ ထို့ကြောင့် "စိတ်သည် နှလုံးမှာ ဖြစ်၏" ဟု ကောက်ချက် ချရမည် ဖြစ်ပေသည်။


အညမည သဘောတရား

ဓမ္မနယ်ပယ်မှာသာ "အညမည" ရှိသည် မဟုတ်၊ လောကနယ်ပယ်မှာလည်း "အညမည" ရှိ၏။ အကြောင်း အကျိုး အပြန်အလှန် ကျေးဇူးပြုလျှင် " အညမည" ပင် ဖြစ်သည်။

မိဘနှင့် သားသမီးတို့သည် အပြန်အလှန် ကျေးဇူးပြုနေကြ၏။ မိဘရှိသည့်အတွက် သားသမီး ဖြစ်လာ၏။ သားသမီး ရှိသည့်အတွက် မိဘ ဖြစ်လာ၏။


ဆရာနှင့် တပည့်တို့သည် အပြန်အလှန် ကျေးဇူးပြုနေကြ၏။ ဆရာရှိသည့်အတွက် တပည့် ဖြစ်လာ၏။ တပည့် ရှိသည့်အတွက် ဆရာ ဖြစ်လာ၏။


အလုပ်ရှင်နှင့် အလုပ်သမားတို့သည် အပြန်အလှန် ကျေးဇူးပြုနေကြ၏။ အလုပ်ရှင်ရှိသည့်အတွက် အလုပ်သမား ဖြစ်လာ၏။ အလုပ်သမား ရှိသည့်အတွက် အလုပ်ရှင် ဖြစ်လာ၏။


ခေါင်းဆောင်နှင့် နောက်လိုက်တို့သည် အပြန်အလှန် ကျေးဇူးပြုနေကြ၏။ ခေါင်းဆောင် ရှိသည့်အတွက် နောက်လိုက် ဖြစ်လာ၏။ နောက်လိုက် ရှိသည့်အတွက် ခေါင်းဆောင် ဖြစ်လာ၏။


ပြည်သူနှင့် အစိုးရတို့သည် အပြန်အလှန် ကျေးဇူးပြုနေကြ၏။ ပြည်သူရှိသည့်အတွက် အစိုးရ ဖြစ်လာ၏။ အစိုးရ ရှိသည့်အတွက် ပြည်သူ ဖြစ်လာ၏။


ခြုံငုံကြည့်လိုက်လျှင် လူသားအားလုံးသည် အပြန်အလှန် ကျေးဇူးပြုနေကြ၏။ ဤကား " အညမည သဘောတရား" တည်း။ ထို့ကြောင့် အညမည သဘောတရားကို နားလည်လျှင် လူသားအားလုံးသည် အပြန်အလှန် ကျေးဇူးပြုနေကြသည်ကို နားလည်သွား၏။ အပြန်အလှန် ကျေးဇူးပြုနေကြသည်ကို နားလည်လျှင် မေတ္တာ ကရုဏာ ဖြစ်ဖို့ လွယ်ကူသွားပေတော့သည်။


ဗြဟ္မစိုရ်တရား

" ဗြဟ္မစိုရ်" ဆိုသည်ကား " ဗြဟ္မစရိယ" ဟူသော ပါဠိစကားကို မြန်မာမှုပြုထားခြင်း ဖြစ်၏။ " မြတ်သောအကျင့်" ဟု အဓိပ္ပါယ်ရ၏။( ဗြဟ္မ- မြတ်သော၊ စရိယ- အကျင့်)။ ဗြဟ္မစိုရ်တရားသည် ၄- ပါး ရှိ၏။ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ တို့ ဖြစ်သည်။


လူ့သဘာဝသည် ကိုယ်နှင့် သဘောထား မတိုက်ဆိုင်လျှင် အမြင်မကြည် ဖြစ်ပြီး မုန်းတီးတတ်၏။ ထို့ကြောင့် မုန်းစရာရှိလျှင် မေတ္တာနှင့် ဖြေရ၏။ မေတ္တာဆိုသည်ကား ချစ်ခင်သည့် စိတ်, အကောင်းမြင်စိတ်ပင် ဖြစ်သည်။


လူ့သဘာဝသည် ကိုယ့်ကို ဒုက္ခပေးလျှင် မေ့လို့ မရ။ ပြန်ပြီး ဂလဲ့စားချေချင်၏။ တွေးလိုက်တိုင်း စိတ်ထဲမှာ နာကျင်နေတော့၏။ ထို့ကြောင့် နာစရာရှိလျှင် ကရုဏာနှင့် ဖြေရ၏။ ကရုဏာဆိုသည်ကား သနားသည့်စိတ်, ခွင့်လွှတ်သည့် စိတ်ပင် ဖြစ်သည်။


လူ့သဘာဝသည် ကိုယ်က သူများထက် သာလျှင်သာ လက်ခံနိုင်၏။ သူများက ကိုယ့်ထက် သာသွားလျှင် လက်ခံနိုင်ဖို့ မလွယ်ကူတော့ပေ။ ထို့ကြောင့် မနာလိုစရာ ရှိလျှင် မုဒိတာနှင့် ဖြေရ၏။


မုဒိတာဆိုသည်ကား ဝမ်းသာသည့် စိတ်, သူတပါး၏ အောင်မြင်မှုကို အသိအမှတ် ပြုသည့် စိတ်ပင် ဖြစ်သည်။


လူ့သဘာဝသည် ကိုယ်နှင့် ပတ်သက်သူများ အဆင်ပြေလျှင် အူးယားဖားယား ပျော်၏။ အဆင်မပြေလျှင်တော့ ဝမ်းနည်းပက်လက် ဖြစ်သွားလေသည်။ ဂနာမငြိမ်သည့် သဘောတည်း။


ထို့ကြောင့် စိတ် ဂနာမငြိမ်ဖြစ်နေလျှင် ဥပေက္ခာနှင့် ဖြေရ၏။ ဥပေက္ခာဆိုသည်ကား သူ့ထိုက်နှင့်သူ့ကံဟု နှလုံးသွင်းသည့် စိတ်, ရင့်ကျက်သည့် စိတ်ပင် ဖြစ်သည်။


" ဗြဟ္မစိုရ် တရား" သည် ဘဝငြိမ်းချမ်းရေး ကျင့်စဉ် ဖြစ်သည်။ ယင်းဗြဟ္မစိုရ်တရားကို လိုက်နာကျင့်သုံးနိုင်ဖို့အတွက် အညမည သဘောတရားကို ဆင်ခြင်ရမည်။


အညမည သဘောတရားကို ဆင်ခြင်လျှင် တစ်ယောက်နှင့် တစ်ယောက်၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ အပြန်အလှန် ကျေးဇူးပြုနေသည်ကို နားလည်သွား၏။ ယင်းသို့ နားလည်လျှင် မုန်းတီးစိတ် ရန်လိုစိတ် မနာလိုစိတ် ဘက်လိုက်စိတ်ဟူသော အဆိုးမြင်စိတ်များ လျော့နည်းသွားလေတော့သည်။ အဆိုးမြင်စိတ်များ လျော့နည်းသွားခြင်းသည်ပင် " ဗြဟ္မစိုရ်တရား" ဖြစ်ပါပေ၏။ ဗြဟ္မစိုရ်တရား ရှိလျှင် လောကကြီးသည် ကျေနပ်စရာအတိ ဖြစ်သွားလေတော့သည်။


"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"

သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ 


ဟေတုပစ္စယော

အာရမ္မဏပစ္စယော

အဓိပတိပစ္စယော

အနန္တရပစ္စယော

သမနန္တရပစ္စယော

သဟဇာတပစ္စယေ

Subscribe Us