"နိဿယ" ဆိုသည်မှာ မှီရာဟု အဓိပ္ပါယ် ရ၏။ အကြောင်းတရားက အကျိုးတရားကို မှီရာအဖြစ်ဖြင့် ကျေးဇူးပြု၏ဟု ဆိုလိုသည်။
သစ်ပင်သည် မြေကြီးကို မှီရ၏။ မြေကြီး မရှိလျှင် သစ်ပင်လည်း မရှိနိုင်ပါ။ ထို့ကြောင့် မြေကြီးသည် သစ်ပင်ကို မှီရာ အဖြစ်ဖြင့် ကျေးဇူးပြုလျက် ရှိသည်။
ထိုနည်းတူစွာ အကျိုးတရားသည် အကြောင်းတရားပေါ်မှာ မှီရ၏။ ထို့ကြောင့် မှီရာဖြစ်သည့် ရုပ်နာမ်တို့သည် အကြောင်းတရား၊ မှီတတ်သည့် ရုပ်နာမ်တို့က အကျိုးတရား။ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့် ပစ္စည်းကို " နိဿယပစ္စည်း" ဟု ခေါ်သည်။
ပါဠိနှင့် ဘာသာပြန်
စတ္တာရော ခန္ဓာ အရူပိနော အညမညံ နိဿယပစ္စယေန ပစ္စယော။
စတ္တာရော- ၄ ပါးကုန်သော၊ အရူပိနော- နာမ်ဖြစ်ကုန်သော။ ခန္ဓာ- ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာတို့သည်။ အညမညံ- အချင်းချင်း။ နိဿယပစ္စယေန- နိဿယပစ္စယ သတ္တိဖြင့်။ ပစ္စယော- ကျေးဇူးပြုသည်။ ဟောတိ- ဖြစ်ပါပေ၏။
အကြောင်း အကျိုး
၁။ ဝေဒနာက္ခန္ဓာ (ခံစားမှု) သညာက္ခန္ဓာ ( မှတ်သားမှု) ၊ သင်္ခါရက္ခန္ဓာ ( စေ့ဆော်မှု)၊ ဝိညာဏက္ခန္ဓာ ( စိတ်) ဟူသော နာမ်ခန္ဓာ ၄-ပါးတို့သည် အပြန်အလှန် မှီရာဖြစ်၍ ကျေးဇူးပြုနေကြ၏။
ဝေဒနာက္ခန္ဓာက အကြောင်းဆိုလျှင် ကျန်ခန္ဓာ ၃- ပါးက အကျိုး ဖြစ်၏။
သညာက္ခန္ဓာက အကြောင်းဆိုလျှင် ကျန်ခန္ဓာ ၃- ပါးက အကျိုး ဖြစ်၏။
သင်္ခါရက္ခန္ဓာက အကြောင်းဆိုလျှင် ကျန်ခန္ဓာ ၃- ပါးက အကျိုး ဖြစ်၏။
ဝိညာဏက္ခန္ဓာက အကြောင်းဆိုလျှင် ကျန်ခန္ဓာ ၃- ပါးက အကျိုး ဖြစ်၏။
၂။ ပထဝီ ( မြေ)၊ အာပေါ (ရေ)၊ တေဇော (မီး)၊ ဝါယော (လေ) ဆိုတဲ့ ဓာတ် ၄- ပါးတို့သည်လည်း အပြန်အလှန် မှီရာဖြစ်၍ ကျေးဇူးပြုနေကြ၏။
ပထဝီက အကြောင်းဆိုလျှင် ကျန်ဓာတ် ၃- ပါးက အကျိုး ဖြစ်၏။
အာပေါက အကြောင်းဆိုလျှင် ကျန် ဓာတ် ၃- ပါးက အကျိုး ဖြစ်၏။
တေဇောက အကြောင်းဆိုလျှင် ကျန် ဓာတ် ၃- ပါးက အကျိုး ဖြစ်၏။
ဝါယောက အကြောင်းဆိုလျှင် ကျန်ဓာတ် ၃- ပါးက အကျိုး ဖြစ်၏။
၃။ မိခင်ဝမ်းကြာတိုက်၌ ပဋိသန္ဓေ နေသောအခါ ပဋိသန္ဓေစိတ် ( အစဆုံး ဖြစ်သည့် စိတ်) နှင့် ဟဒယဝတ္တု ( နှလုံး) တို့သည် အပြန်အလှန် မှီရာဖြစ်၍ ကျေးဇူးပြုနေကြ၏။
ပဋိသန္ဓေစိတ်က အကြောင်းဆိုလျှင် ဟဒယဝတ္ထုရုပ်က အကျိုး၊ ဟဒယဝတ္ထုရုပ်က အကြောင်း ဆိုလျှင် ပဋိသန္ဓေစိတ်က အကျိုး ဖြစ်၏။
၄။ စိတ်သည် စိတ္တဇရုပ်ကို မှီရာဖြစ်၍ ကျေးဇူးပြု၏။ စိတ်က အကြောင်း၊ စိတ်ကြောင့်ဖြစ်သည့် စိတ္တဇရုပ်က အကျိုး ဖြစ်၏။
၅။ ဓာတ် ၄- ပါးသည် ကျန်သည့် ရုပ်များကို မှီရာဖြစ်၍ ကျေးဇူးပြု၏။ ဓာတ် ၄- ပါးက အကြောင်း၊ ကျန်ရုပ်များက အကျိုး ဖြစ်၏။
၆။ မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်, နှလုံးဆိုတဲ့ ဝတ္ထုရုပ် ၆- ပါးသည် မြင်သိစိတ် ကြားသိစိတ် နံသိစိတ် စားသိစိတ် ထိသိစိတ် တွေးသိစိတ် (နာမ်) တို့ကို မှီရာအဖြစ်ဖြင့် ကျေးဇူးပြု၏။
ဝတ္ထုရုပ် ၆- ပါးက အကြောင်း၊ မြင်သိစိတ် စသည့် နာမ်တရားက အကျိုး ဖြစ်၏။
နိဿယပစ္စည်း တစ်ခုလုံးကို ခြုံငုံ ကြည့်လျှင် အကြောင်းကလည်း ရုပ်နှင့် နာမ်၊ အကျိုးကလည်း ရုပ်နှင့် နာမ်တို့ ဖြစ်ကြသည်။
အမှီရှိမှ ရပ်တည်နိုင်တယ်
ဓမ္မနယ်ပယ်မှာသာ "နိဿယ" ရှိသည် မဟုတ်၊ လောကနယ်ပယ်မှာလည်း "နိဿယ" ရှိသည်သာ ဖြစ်၏။ အကြောင်းတရားက အကျိုးတရားကို မှီရာအဖြစ်ဖြင့် ကျေးဇူးပြုလျှင် " နိဿယ" ပင် ဖြစ်သည်။
မိဘသည် သားသမီးတို့၏ မှီရာ ဖြစ်၏။ မိဘ မရှိလျှင် သားသမီး မရှိနိုင်။ နောက်ဆုံး မိဘနှစ်ပါးက သားသမီးကို ပစ်ထားသည် ဆိုစေဦးတော့၊ သားသမီးတို့ကို လူဖြစ်ခွင့် ပေးထားသည့် ကျေးဇူး ရှိ၏။ လူဖြစ်ခွင့် ပေးသည့်အတွက် လူ့ဘဝကို ရောက်လာခြင်း ဖြစ်၏။ ထို့ကြောင့် မိဘသည် သားသမီးတို့၏ မှီရာ ဖြစ်၏။
ယနေ့ခေတ်၌ကား လူဖြစ်ခွင့် မပေးသည့် မိဘများ ပေါများနေ၏။ ကိုယ့်ဝမ်းကြာတိုက်ထဲ ရောက်လာမည့် ကလေးကို သန္ဓေတည်ခွင့် မရအောင် ဆေးဝါးတွေ အမျိုးမျိုး သုံးပြီး တားဆီးနေကြ၏။ ကောင်းသော လုပ်ရပ် မဟုတ်ပါ။
သားသမီးဆိုသည်မှာ "သားရတနာ သမီးရတနာ" ဆိုသည့်အတိုင်း ရတနာလေးများပင် ဖြစ်၏။ မှန်၏။ မယ်တော်မာယာက သိဒ္ဓတ္ထမင်းသားလေးကို မွေးထုတ်ပေးခဲ့သောကြောင့် " ဘုရားဂေါတမ" ဟု ပေါ်ထွန်းလာခြင်း ဖြစ်သည်။ ထို့ကြောင့် သားသမီးတို့၏ တန်ဖိုးကား တိုင်းတာ၍ မရစကောင်းပေ။
အကောင်းအဆိုး ဒွန်တွဲနေသော လောကကြီးမှာ သားကောင်းသမီးကောင်း ရှိသကဲ့သို့ သားဆိုးသမီးဆိုးများလည်း ရှိပါ၏။ သို့သော် အနည်းစုသာတည်း။ ထို့ကြောင့် သားသမီးဆိုသည်မှာ မိဘများအတွက် ရတနာများပင် ဖြစ်သည်။ ရတနာဖြစ်သည့်အတွက် မဖျက်ဆီးကောင်းပါ။ ဖျက်ဆီးပါက အမင်္ဂလာ ဖြစ်သွားလေသည်။
သားသမီးများကို မွေးထုတ်ပေးသော မိဘတို့သည် " မာတာပိတုဂုဏော အနန္တော" ဆိုသည့်အတိုင်း သားသမီးတို့အတွက် အနန္တဂိုဏ်းဝင် ကျေးဇူးရှင် ဖြစ်ပါ၏။ ထို့ကြောင့် သားသမီးများအနေဖြင့် မိဘကျေးဇူးကို မဖြစ်မနေ ပြန်ဆပ်ရမည် ဖြစ်သည်။
ဆရာ့ကျေးဇူး
ဆရာသည် တပည့်တို့၏ မှီရာ ဖြစ်၏။ တပည့်တို့သည် ဆရာရှိသည့်အတွက် အတတ်ပညာအမျိုးမျိုး တတ်မြောက်လာခြင်း ဖြစ်သည်။
သာမန်လူများ မဆိုထားဘိ။ ပညာအရာမှာ အသာဆုံးဖြစ်သည့် အရှင်သာရိပုတ္တရာသည်ပင် အရှင်အဿဇိထံ၌ တရားနာခဲ့ရ၏။ ဆရာထံမှာ နည်းခံပြီး တရားနာယူခဲ့သောကြောင့်သစ္စာတရားကို ထိုးထွင်း သိမြင်သွားလေသည်။ ထို့ကြောင့် ဆရာသည် တပည့်တို့၏ မှီရာဖြစ်သည်။ ဆရာမရှိလျှင် မည်သည့်အတတ်ပညာမျှ တတ်မြောက်မည် မဟုတ်ပါ။
ထို့ကြောင့် လယ်တီဆရာတော်ကြီးက " ငါ့ဗိုက်ထဲက စာတွေဟာ ငါ့ဆရာရဲ့ စာတွေပဲ" ဟု ပြောခဲ့ခြင်း ဖြစ်သည်။ "ဆရာက သင်ပေးလို့ စာတတ်လာခြင်း ဖြစ်၏" ဟု ဆိုလိုပေသည်။
မှန်၏။ မိမိတို့အားလုံး ဘဝတစ်ခု ရပ်တည်နိုင်ခြင်းမှာ ဆရာတို့က သင်ပေးလိုက်သည့် အတတ်ပညာကြောင့် ဖြစ်၏။ ထို့ကြောင့် " အာစရိယဂုဏော အနန္တော" ဆိုသည့်အတိုင်း ဆရာ့ကျေးဇူးကိုလည်း အတုံ့တဖန် ဆပ်ရမည် ဖြစ်ပေသည်။
အနှိုင်းမဲ့ ကျေးဇူးရှင်
ပုထုဇဉ်လူသားတို့သည် သံသရာခရီးသည်များ ဖြစ်သောကြောင့် ဘဝအမျိုးမျိုး ကျင်လည်ရဦးမည် ဖြစ်သည်။ ထိုသို့ ကျင်လည်သောအခါ လမ်းကြောင်းတည့်ဖို့ အရေးကြီး၏။
လမ်းကြောင်းတည့်ဖို့အတွက် လမ်းညွှန် သိရမည်။ "လမ်းညွှန်" ဆိုသည်ကား အခြား မဟုတ်၊ မြတ်စွာဘုရား ဟောကြားခဲ့သည့် "ဓမ္မ" ပင် ဖြစ်သည်။
မြတ်စွာဘုရားသည် ဘုရားဖြစ်သည့် အချိန်က စပြီး နောက်ဆုံး ပရိနိဗ္ဗာန်စံသည့်အချိန်ထိ " ဒါ ကုသိုလ်၊ ဒါ အကုသိုလ်၊ ဒါ ဒုက္ခ၊ ဒါ ဒုက္ခငြိမ်းရာ နိဗ္ဗာန်၊ ဒါ နိဗ္ဗာန်ရောက်ကြောင်းတရားပဲ" ဟု ဟောကြားတော်မူခဲ့၏။
လူနတ်ဗြဟ္မာ သတ္တဝါတို့သည် ဘုရားကျေးဇူးကြောင့် "ဓမ္မ" ကို သိခွင့် ကျင့်ခွင့် ရကြခြင်း ဖြစ်၏။ ထို့ကြောင့် မြတ်စွာဘုရားသည် တစ်လောကလုံး၏ မှီရာ ဖြစ်၏။ အမှန်တကယ်ကား မြတ်စွာဘုရားသည် လောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင်ဟု ဆိုရမည်ပင်။
လူ့စိတ်ကလည်း ခက်၏။ အလွယ်တကူရလျှင် တန်ဖိုးထားရကောင်းမှန်း မသိ။ ခက်ခဲမှ တန်ဖိုးထားရကောင်းမှန်း သိ၏။
မြန်မာစာတတ်ချင်တယ်တဲ့
လွန်ခဲ့တဲ့ ၁၅- နှစ်လောက်က ဗီယက်နမ်နိုင်ငံက ဦးဇင်းတစ်ပါး တွေ့ဖူး၏။ သူသည် မြန်မာနိုင်ငံ ထေရဝါဒတက္ကသိုလ်မှာ ကျောင်းတက်နေ၏။ သူပြောခဲ့သည့် စကား ယခုအချိန်ထိ အမှတ်ရနေတုန်းပင်။ " ဘုန်းကြီး တပည့်တော် မြန်မာစာ တတ်ချင်တယ်" ဟူ၏။
မိမိက "ကမ္ဘာကြီးမှာ အင်္ဂလိပ်စာ တတ်ရင် အလုပ်ဖြစ်ပါတယ်၊ မြန်မာစာ မတတ်ရင်လည်း အရေးမကြီးပါဘူး" ဟု ပြောလိုက်ပါသည်။
သူက ပြန်လျှောက်၏။ " တပည့်တော်က မြန်မာစာတတ်ရင် မြန်မာလိုရေးထားတဲ့ တရားစာအုပ်တွေ ပိဋကတ် ဘာသာပြန်တွေ ဖတ်ချင်တယ်၊ လေ့လာချင်တယ်၊ ဒါကြောင့် မြန်မာစာ တတ်ချင်တယ်ဘုရား"။
" အရှင်ဘုရားတို့ ကံကောင်းတယ်တဲ့၊ တပည့်တော်တို့က မြန်မာစာ မတတ်လို့ ကံမကောင်းဘူးတဲ့၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာလိုရေးထားတဲ့ မြတ်ဗုဒ္ဓတရားစာအုပ်တွေ မဖတ်နိုင်လို့ပါဘုရား"။
မှန်၏။ မြန်မာစာ မတတ်လျှင် ပိဋကတ်ကျမ်းဂန်များကို လေ့လာဖို့ မလွယ်တော့။ ထို့ကြောင့် ဗီယက်နမ်ဦးဇင်းလေးသည် မြန်မာစာ တတ်ချင်နေခြင်း ဖြစ်သည်။
ဗီယက်နမ်ဦးဇင်းလေး ပြောတော့မှပဲ ကိုယ့်ကိုယ်ကို "ကံထူးရှင်ကြီးပါလား" ဟု စဉ်းစားမိတော့၏။ မှန်၏။ မိမိတို့သည် ဘုန်းကံရှိသောကြောင့်သာ သာသနာနှင့် တွေ့နေကြခြင်း ဖြစ်သည်။ ကိုယ့်ကိုယ်ကို လျှော့ မတွက်သင့်ပါ။
ဘုရားကျေးဇူး သိဖို့ လိုသကဲ့သို့ ကိုယ့်အခွင့်အရေးကိုလည်း နားလည်ဖို့ လိုပေသည်။ သို့မှသာ သီလ သမာဓိ ပညာကို ကျင့်ကြံကြိုးကုတ် အားထုတ်မည် ဖြစ်၏။ သီလ သမာဓိ ပညာသည်သာ ဘဝ၏ အနှစ်သာရ ဖြစ်သည် မဟုတ်ပါလော။
ဘယ်မှာ မြစ်ဖျားခံလဲ
မိဘ မရှိလျှင် ကိုယ့်ဘဝသည် ဖြစ်စရာ အကြောင်း မရှိ။ ထို့ကြောင့် "ကိုယ့်ဘဝ" သည် မိဘမှာ မြစ်ဖျားခံ၏။
ဆရာ မရှိလျှင် မည်သည့် အတတ်ပညာကို မတတ်မြောက်နိုင်ပါ။ ထို့ကြောင့် "ကိုယ့်အတတ်" သည် ဆရာမှာ မြစ်ဖျားခံ၏။
ဘုရား မပွင့်လျှင် ကုသိုလ် အကုသိုလ် မသိနိုင်ပါ။ ထို့ကြောင့် "ကိုယ့်အသိ" သည် ဘုရားမှာ မြစ်ဖျားခံ၏။
သို့ဖြစ်ရကား ဘယ်မှာပဲ နေနေ၊ ဘယ်အခြေအနေပဲ ရောက်ရောက် မြစ်ဖျားခံရာ ကျေးဇူးရှင်တို့၏ ကျေးဇူးတရားကို အသိအမှတ်ပြုရမည် ဖြစ်၏။ ဤကား သူတော်ကောင်းလက္ခဏာပင် ဖြစ်ပေသည်တကား။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ