Tuesday, June 27, 2023

ဥပနိဿယပစ္စယော

 

"ဥပနိဿယ"ဆိုသည်မှာ အခြေအနေတစ်ခုကို ဖန်တီးနိုင်စွမ်းရှိသော အင်အားကြီး မှီရာဟု အဓိပ္ပါယ် ရ၏။

စိတ်နေစိတ်ထားကို အကြောင်းပြု၍ ဖြစ်စေ၊ လုပ်ရပ်တစ်ခုကို အကြောင်းပြု၍ ဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ယောက်ကို အကြောင်းပြု၍ ဖြစ်စေ အခြေအနေတခု ဖြစ်ပေါ်လာ၏။

ထိုအခြေအနေ ဖြစ်ပေါ်လာအောင် အထောက်အပံ့ ပေးသော အကြောင်းတရားမှန်သမျှသည် "ဥပနိဿယ" ပင် ဖြစ်သည်။

စိတ်နေစိတ်ထားကို အကြောင်းပြု၍ အခြေအနေတစ်ခု ဖြစ်ပေါ်လာလျှင် စိတ်နေစိတ်ထားက အကြောင်းတရား၊ ဖြစ်ပေါ်လာတဲ့ အခြေအနေက အကျိုးတရား ဖြစ်သည်။ ဥပမာ- အများအတွက်ဆိုသည့် စိတ်ထားနှင့် ပရဟိတ လုပ်ခြင်းမျိုးတည်း။

လုပ်ရပ်တစ်ခုကို အကြောင်းပြု၍ အခြေအနေတစ်ခု ဖြစ်ပေါ်လာလျှင် လုပ်ရပ်က အကြောင်းတရား၊ ဖြစ်ပေါ်လာသည့် အခြေအနေက အကျိုးတရား ဖြစ်သည်။ ဥပမာ- အလှူလုပ်ပြီး ပီတိ ဖြစ်နေခြင်းမျိုးတည်း။

ပုဂ္ဂိုလ်တစ်ယောက်ကို အကြောင်းပြု၍ အခြေအနေတစ်ခု ဖြစ်ပေါ်လာလျှင် ပုဂ္ဂိုလ်က အကြောင်းတရား၊ ဖြစ်ပေါ်လာသည့် အခြေအနေက အကျိုးတရား ဖြစ်သည်။ ဥပမာ- မိတ်ဆွေ ဖိတ်သည့် တရားပွဲကို သွား၍ နာခြင်းမျိုးတည်း။

ဥပနိဿယပစ္စည်း တစ်ခုလုံးကို ခြုံငုံ ကြည့်လျှင် အကြောင်းက ရုပ် နာမ် ပညတ်။ အကျိုးက နာမ်တရား ဖြစ်သည်။ ဤကဲ့သို့ အကြောင်း အကျိုး ဖြစ်နေသည့် ပစ္စည်းကို " ဥပနိဿယပစ္စည်း" ဟု ခေါ်သည်။



ပါဠိနှင့် ဘာသာပြန်

ပုရိမာ ပုရိမာ ကုသလာ ဓမ်မာ ပစ်ဆိမာနံ ပစ်ဆိမာနံ ကုသလာနံ ဓမ်မာနံ ဥပနိဿယပစ်စယနေ ပစ်စယော။

ပုရိမာ ပုရိမာ- ရှေးရှေး၌ ဖြစ်ကုန်သော။ ကုသလာ ဓမ္မာ- ကုသိုလ်တရားတို့သည်။ ပစ္ဆိမာနံ ပစ္ဆိမာနံ- နောက်နောက်၌ ဖြစ်ကုန်သော။ ကုသလာနံ ဓမ္မာနံ - ကုသိုလ်တရားတို့အား။ ဥပနိဿယပစ္စယေန- ဥပနိဿယပစ္စယသတ္တိဖြင့်။ ပစ္စယော- ကျေးဇူးပြုသည်။ ဟောတိ- ဖြစ်ပါပေ၏။



အကြောင်း အကျိုး

၁။ (က) ရှေ့ကုသိုလ်က နောက်ကုသိုလ်ကို ကျေးဇူးပြု၏။ အလှူဒါနကို အာရုံပြု၍ ဝမ်းမြောက်ခြင်းမျိုးတည်း။

ရှေ့ကုသိုလ်က အကြောင်း၊ နောက်ကုသိုလ်က အကျိုး ဖြစ်သည်။

(ခ) ရှေ့ကုသိုလ်က နောက်အကုသိုလ်ကို ကျေးဇူးပြု၏။ အလှူဒါနကို အကြောင်းပြု၍ မာန ဖြစ်ခြင်းမျိုးတည်း။

(ဂ) ရှေ့ကုသိုလ်က နောက်အဗျာကကို ကျေးဇူးပြု၏။ ကုသိုလ်ကံကြောင့် ဝိပါက်စိတ် ( အဗျာကတ) ဖြစ်ခြင်းမျိုးတည်း။


၂။ ( က) ရှေ့အကုသိုလ်က နောက်အကုသိုလ်ကို ကျေးဇူးပြု၏။ လောဘကို အကြောင်းပြု၍ ဒုစရိုက်လုပ်ခြင်းမျိုးတည်း။

(ခ) ရှေ့အကုသိုလ်က နောက်ကုသိုလ်ကို ကျေးဇူးပြု၏။ စိတ်ထဲဖြစ်ပေါ်လာသည့် လောဘကို ဝိပဿနာရှုခြင်းမျိုးတည်း။

(ဂ) ရှေ့အကုသိုလ်က နောက်အဗျာကတကို ကျေးဇူးပြု၏။ အကုသိုလ်ကံကြောင့် ဝိပါက်စိတ် ( အဗျာကတ) ဖြစ်ခြင်းမျိုးတည်း။


၃။ (က) ရှေ့အဗျာကတက နောက် အဗျာကတကို ကျေးဇူးပြု၏။

ရဟန္တာပုဂ္ဂိုလ်က နိဗ္ဗာန် ( အဗျာကတ) ကို အာရုံပြု၍ ဆင်ခြင်မှု( ကိရိယာစိတ်) မျိုးတည်း။


(ခ) ရှေ့အဗျာကတက နောက်ကုသိုလ်ကို ကျေးဇူးပြု၏။

သောတာပန်ပုဂ္ဂိုလ်က နိဗ္ဗာန် ( အဗျာကတ) အာရုံပြု၍ ဆင်ခြင်မှု ( ကုသိုလ်စိတ်) မျိုးတည်း။


(ဂ) ရှေ့အဗျာကတက နောက်အကုသိုလ်ကို ကျေးဇူးပြု၏။

အဆင်း( ရုပ် အဗျာကတ)ကို အာရုံပြု၍ သာယာခြင်း ( အကုသိုလ်စိတ်) မျိုးတည်း။


အဗျာကတဟူသည်...

၁။ ဝိပါက်စိတ် ( အကျိုးစိတ်)

၂။ ကိရိယာစိတ် (ဘုရား ရဟန္တာတို့၏ စိတ်)၊

၃။ ရုပ်တရား

၄။ နိဗ္ဗာန်တို့ ဖြစ်သည်။


ကုသိုလ်ကြောင့် ကုသိုလ်ဖြစ်

တချို့လူများသည် အလှူအတန်း အပေးအကမ်း ဝါသနာပါ၏။ ဘုရားရောက်ပြီဆိုလျှင် ပန်းလေးလှူလိုက်ရမှ ကျေနပ်၏။ မိတ်ဆွေအပေါင်းအသင်း တွေ့လျှင် ကျွေးလိုက်ရမှ ကျေနပ်၏။ ဒုက္ခိတတွေ့လျှင် ပေးလိုက်ရမှ ကျေနပ်၏။

ထိုအလှူဒါနများကို တွေးပြီး ပီတိဖြစ်လျှင် ကုသိုလ်ကြောင့် ကုသိုလ် ဖြစ်သွားတော့၏။ ထို့ကြောင့် ဘာပဲ လှူလှူ ထိုအလှူကို မကြာမကြာ ဆင်ခြင်ရမည်။ ကိုယ်လှူခဲ့သည့် အလှူများကို မကြာမကြာ ဆင်ခြင်လျှင် "
စာဂါနုဿတိ" ကုသိုလ် ဖြစ်သွားလေတော့သည်။

သာသနာနှစ် ၃၈၃-ခုနှစ်မှာ ဒုဋ္ဌဂါမဏိဘုရင်သည် သီရိလင်္ကာနိုင်ငံ၏ ထီးနန်းကို သိမ်းပိုက်တော်မူလေသည်။ သီဟိုဠ်ကျွန်းတစ်ကျွန်းလုံး၏ ဧကရာဇ်ဘုရင် ဖြစ်၏။

ခမည်းတော်ဘုရင်ကြီးလက်ထက်က တစ်နိုင်ငံလုံးကို မအုပ်ချုပ်နိုင်ခဲ့ပါ။ သူ့လက်ထက် ရောက်သည့်အခါမှသာ ရန်သူများကို ချေမှုန်းသုတ်သင်ပြီး တနိုင်ငံလုံးကို အုပ်ချုပ်ခဲ့ပါသည်။

ဒုဋ္ဌဂါမဏိဘုရင်သည် သဒ္ဓါတရား အလွန်ကောင်း၏။ ထို့ကြောင့် သာသနာတော်ကြီးကို ဆွမ်းသင်္ကန်း ကျောင်း ဆေးဟူသော ပစ္စည်း ၄- ပါး ထောက်ပံ့လှူဒါန်းခဲ့ပါသည်။ နောက်ဆုံး တောထဲတောင်ထဲ ရောက်နေစေကာမူ တစ်ခုခု လှူပြီးမှ စားလေ့ရှိ၏။ မလှူဘဲ စားလေ့ မရှိပေ။ ထိုမျှလောက် သာသနာတော်ကြီးကို ကြည်ညို၏။

ဘုရင်ကြီးသည် နိုင်ငံတိုးတက်အောင်လည်း ဆောင်ရွက်ခဲ့၏။ လမ်း မရှိလျှင် လမ်းဖောက်၏။ တံတား မရှိလျှင် တံတား ခင်း၏။ ရေတွင်း ရေကန် မရှိလျှင် ရေတွင်း ရေကန်တူးပေး၏။ ကျောင်း မရှိလျှင် ကျောင်းဆောက်၏။

နတ်ရွာစံခါနီး အချိန်မှာ ရောဂါ အကြီးအကျယ် ဖြစ်လေတော့သည်။ ရောဂါက မသက်သာသည့်အတွက် သလွန်ပေါ်မှာပဲ နေရ၏။ သမားတော်များက ကုသပါသော်လည်း ရောဂါက မသက်သာ။


အလှူစာရင်း ဖတ်ခိုင်းပြီ

ဘုရင်ကြီးသည် " ငါတော့ ဒီတောင်က ကျော်နိုင်မှာ မဟုတ်တော့ဘူး" ဟု ရောဂါအခြေအနေကို ရိပ်မိသွားလေပြီ။ ထို့ကြောင့် မိမိ လှူခဲ့သည့် အလှူဒါနများကို နှလုံးသွင်းဆင်ခြင်နိုင်ရန်အတွက် အမတ်တစ်ယောက်အား ကောင်းမှုစာရင်းကို ဖတ်ခိုင်းလေသည်။

ဘုရင်ကြီး၏ ထူးခြားချက်ကား ပြုလုပ်ခဲ့သမျှ ကောင်းမှုများကို စာအုပ်နှင့် မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ အမတ်က ကောင်းမှုစာရင်းကို တစ်ခုခြင်း ဖတ်ပြသောအခါ ဘုရင်ကြီးသည် အာရုံစိုက်ပြီး နားထောင်လေ၏။

ထို့နောက် "တောထဲမှာ ငါ လှူခဲ့ရတဲ့ တနပ်စာဆွမ်းအလှူလေးကို ငါ ပီတိ ဖြစ်လိုက်တာကွယ်" ဟု အမိန့် ရှိလေသည်။ ဤကား အလှူဒါနကို အကြောင်းပြု၍ ပီတိ ဖြစ်နေခြင်းပင် ဖြစ်သည်။ ရှေ့ကုသိုလ်က နောက်ကုသိုလ်ကို ကျေးဇူးပြုခြင်းတည်း။

ထိုကဲ့သို့ ပီတိဖြစ်နေစဉ်မှာပင် နတ်ရွာစံ ကံတော်ကုန်ပြီး တုသိတာနတ်ပြည်သို့ ရောက်သွားလေသည်။

ဤဖြစ်စဉ်ကို ကြည့်ပြီး မိမိတို့သည် ကိုယ်လုပ်ခဲ့သည့် အလှူများကို စနစ်တကျ မှတ်တမ်းတင်သင့်ကြောင်း မှတ်သားထားရမည်။

မှတ်တမ်းစာအုပ် ရှိလျှင် အလှူစာရင်းကို ဖတ်လို့လည်းရ, နှလုံးသွင်းလို့လည်း ရသည့်အတွက် စာဂါနုဿတိကုသိုလ် ဖြစ်ဖို့ မခဲယဉ်းတော့ပေ။ ကိုယ်လုပ်ခဲ့သည့် အလှူများကို မကြာမကြာ ဆင်ခြင်လျှင် "စာဂါနုဿတိ" ကုသိုလ် ဖြစ်၏။ ယင်းကုသိုလ်သည် ဘဝကူးကောင်းဖို့အတွက် အထောက်အပံ့ ပေးနိုင်စွမ်း ရှိပါသည်။


ကုသိုလ်ကြောင့် အကုသိုလ်ဖြစ်

လူတိုင်း ကောင်းကျိုး ရချင်၏။ ကောင်းကျိုး ရချင်သောကြောင့် အပင်ပန်းခံပြီး ကုသိုလ် လုပ်ကြခြင်း ဖြစ်သည်။ သို့သော် ကုသိုလ်လုပ်သည့်အခါ စိတ်ထားတတ်ဖို့တော့ အရေးကြီး၏။ စိတ်ထားမတတ်လျှင် ကုသိုလ် လုပ်ရင်းနှင့် အကုသိုလ် ဖြစ်သွားတော့သည်။ ထို့ကြောင့် ကုသိုလ်လုပ်သည့်အခါ အကုသိုလ် မဖြစ်စေဖို့ သတိထားရမည် ဖြစ်သည်။

တခါတရံ ကိုယ်လုပ်ခဲ့သည့် ကောင်းမှုကို ကြည့်ပြီး ဂုဏ်ယူတတ်၏။ ဂုဏ်ယူလွန်းလျှင် ကိုယ့်ကိုယ်ကို အထင်ကြီးပြီး သူများကို အထင်သေးတော့သည်။ " ငါပဲ လုပ်နိုင်တယ်၊ သူများတွေ မလုပ်နိုင်ဘူး" ဆိုပြီး မာန ဖြစ်လေတော့၏။ ရှေ့ကုသိုလ်က နောက်အကုသိုလ်ကို ကျေးဇူးပြုခြင်းပင် ဖြစ်သည်။

တခါတရံ တပည့်သားမြေးတို့ကို ဆုံးမသောအခါ စိတ်တိုင်းမကျလျှင် ဒေါသဖြစ်ပြီး ပေါက်ကွဲတတ်၏။ ယင်းဒေါသသည် ကရုဏာကို အကြောင်းပြု၍ ဖြစ်ပေါ်လာသောကြောင့် " ကရုဏာ ဒေါသော" ဟု ဆိုကြလေသည်။

သနားသည့်အတွက် ဒေါသ ဖြစ်ရသည်ဟု ဆိုလိုသည်။ ရှေ့ကုသိုလ်က နောက်အကုသိုလ်ကို ကျေးဇူးပြုခြင်းပင် ဖြစ်သည်။

အကုသိုလ်ကို အကြောင်းပြု၍ အကုသိုလ်ဖြစ်ခြင်းသည် မဆန်း။ ကုသိုလ်ကို အကြောင်းပြုပြီး အကုသိုလ်ဖြစ်သည်ကတော့ ဆန်းသွားတော့၏။

မှန်၏။ ကုသိုလ်ကို အကြောင်းပြုပြီး အကုသိုလ်ဖြစ်ခြင်းသည် " ခဲလေသမျှ သဲရေကျ" ဆိုသကဲ့သို့ သဲထဲ ရေသွန်ခြင်းပင် ဖြစ်၏။

ထို့ကြောင့် မည်သည့်ကုသိုလ်ပဲ လုပ်လုပ် မူလရည်ရွယ်ချက် မပျောက်ဖို့ လိုပါသည်။ "ငါ ကောင်းတာ လုပ်နေတာပါလား၊ ဒီအချိန်မှာတော့ အကုသိုလ်အဖြစ် မခံနိုင်ဘူး" ဟု သတိထားရမည် ဖြစ်သည်။


သူငယ်ချင်းနှစ်ယောက်

တခါက အလွန်ရင်းနှီးသော တံငါသည် သူငယ်ချင်း နှစ်ယောက်ရှိ၏။ တစ်ရက်လုပ်မှ တစ်ရက်စားရသောကြောင့်… ဥပုသ်နေ့မှာ ဥပုသ်စောင့်ချင်သော်လည်း နှစ်ယောက်အတူတူ ဥပုသ် မစောင့်နိုင်ကြ။

သို့နှင့် …တစ်ယောက်တစ်လှည့်စီ ဥပုသ်စောင့်ဖို့ တိုင်ပင်ကြလေသည်။ လပြည့်နေ့ရောက်သောအခါ တစ်ယောက်က ကျောင်းသို့ သွားပြီး ဥပုသ်စောင့်၏။

ကျန်ရစ်သူ ကိုတံငါသည်ကတော့ လှေတစီးနဲ့ ချောင်းထဲမှာ ကြိုစားပမ်းစားနှင့် ငါး ရှာရလေသည်။ သူငယ်ချင်းကိုလည်း ခွဲပေးရမည် ဖြစ်သောကြောင့် အခါတိုင်းထက် ပို၍ ရှာရ၏။

ကြိုးစားပြီး ရှာသောကြောင့် သူတို့နှစ်ယောက်စာအတွက် ငါးများ ရရှိလာလေသည်။ ထို့ကြောင့် ဝါးတဲထဲ၌ အနားယူလေတော့သည်။ ထိုသို့ အနားယူရင်း ဥပုသ်စောင့်သွားသည့် သူငယ်ချင်းကို သတိရနေ၏။

"အင်း ငါ့သူငယ်ချင်းကတော့ ဘုန်းကြီးထံကနေ သီလဆောက်တည် ပြီးရော့မယ်၊ အခုချိန်မှာ ဘုရားရိပ်မှာ
နေပြီးတော့ ပုတီးစိပ် တရားထိုင် လုပ်နေရော့ပေါ့ .. အော် သူ့မှာတော့ ကုသိုလ်တွေ အများကြီး ရနေရော့မယ်၊ ဘုရားရိပ်နေရတာ အလွန်ငြိမ်းချမ်းပဲ"ဟု စဉ်းစားပြီး သာဓုခေါ်နေတော့၏။

လူက တံငါတဲ၌နေသော်လည်း စိတ်က ကျောင်းရောက်နေ၏။ ထိုအခိုက်အတန့်မှာတော့ ကုသိုလ်စိတ် ဖြစ်နေတော့၏။

ကျောင်းသွားပြီး ဥပုသ်စောင့်သော တံငါသည်ကလည်း …ပုတီး ကိုင်ထား၏။ ထိုသို့ကိုင်ထားသော်လည်း
စိတ်က ပုတီးထဲ မရောက်။ ကျန်ရစ်သူ သူငယ်ချင်းကို သတိရနေတော့၏။


"ငါ့သူငယ်ချင်းတော့ ငါးတွေ ရှာနေရော့မယ်၊ ရမှရပါ့မလား၊ မရရင်တော့ ဒုက္ခပဲ"ဟု တွေးမိလေ၏။

လူက ကျောင်းမှာနေသော်လည်း စိတ်က ပိုက်ကွန်ထဲမှ မထွက်ပေ။ ရှ့ကုသိုလ်က နောက်အကုသိုလ်ကို ကျေးဇူးပြုခြင်းပင် ဖြစ်သည်။

ထို့ကြောင့် ရှေးဆရာတော်များက " ကုသိုလ်လုပ်တဲ့အခါ အကုသိုလ် မရောစေနဲ့" ဟု ဆုံးမခဲ့ကြခြင်း ဖြစ်သည်။ မှန်၏။ ကုသိုလ်လုပ်သည့်အခါ မည်သည့်အကြောင်းကြောင့်မျှ အကုသိုလ် မဖြစ်စေရ။ အကယ်၍ အကုသိုလ်ဖြစ်သွားလျှင် ဆွမ်းဆန်ထဲ ကြွက်ချေးရောဆိုသကဲ့သို့ ကုသိုလ်က မသန့်ရှင်းတော့ပေ။

အကျိုးပေးသည့်အခါလည်း "အဆီတဝင်းဝင်း သဲတရှပ်ရှပ်" ဆိုသကဲ့သို့ ခပ်ညံ့ညံ့အကျိုးကိုသာ ပေးလေတော့သည်။ ထို့ကြောင့် မည်သည့်ကုသိုလ်ပဲလုပ်လုပ် အကုသိုလ် မရောမိစေဖို့ အရေးကြီးလှပေသည်။

စေတနာသန့်သန့်နှင့် လုပ်လျှင် ကုသိုလ်လည်း သန့်သွား၏။ ကုသိုလ်သန့်လျှင် အကျိုးပေးလည်း သန့်သွားလေတော့၏။ အကျိုးပေးသန့်မှ ပြည့်စုံသောဘဝကို ရရှိမည် ဖြစ်ပေသည်။


အကုသိုလ်ကြောင့် အကုသိုလ်ဖြစ်

ပုထုဇဉ်လူသားတို့သည် အဝိဇ္ဇာလွှမ်းမိုးလာသည့်အခါအမှားကို အမှန်ထင်ပြီး အမှန်ကို အမှားထင်တတ်၏။ တချို့ဆိုလျှင် "ငါတို့က မဟုတ်မခံ၊ ပါးကိုက်ရင် နားကိုက်မှာပဲ" ဆိုပြီး ပြောကြသေး၏။ ကိုယ့်ဒေါသကို ဂုဏ်ယူနေခြင်းပင် ဖြစ်သည်။

ဒေါသသည် ဂုဏ်ယူစရာ မဟုတ်ပါ။ ဂုဏ်ယူစရာ မဟုတ်သည်ကို ဂုဏ်ယူခြင်းသည် အကုသိုလ်ပင် ဖြစ်၏။ ရှေ့အကုသိုလ်က နောက်အကုသိုလ်ကို ကျေးဇူးပြုခြင်းပင်တည်း။

တချို့လူများသည် အကုသိုလ်ကို အကုသိုလ်ဟု သဘောမထား။ လျှော့တွက်ကြ၏။ " ဒီအပြစ်လေးက မပြောပလောက်ပါဘူး၊ ဒါလေးက မဖြစ်စလောက်လေးပါ၊ ဒီလောက်ထိ ကြောက်စရာ မလိုပါဘူး" ဟု ပြောကြသေး၏။ တချို့ဆိုလျှင် " ဒီလိုအပြစ်ကတော့ သူသူကိုယ်ကိုယ် လုပ်နေကြတာပဲ" ဟု သူများကိုတောင် အဖော်ညှိလိုက်သေး၏။

မည်သည့်အကုသိုလ်ဖြစ်ဖြစ် အကုသိုလ်မှန်သမျှ ဆွဲအား ရှိ၏။ အစ မရှိလျှင်သာ ရှောင်နိုင်၏။ အစ လုပ်မိသွားလျှင် နောက်ဆုတ်ဖို့ ခဲယဉ်း၏။ အကုသိုလ်တစ်ခုခု လုပ်မိလျှင် အကုသိုလ်များကို ဆက်တိုက် လုပ်တတ်လေသည်။

အရက်ကြိုက်သူများဆိုလျှင် အစက နည်းနည်း သောက်၏။ ကြာလာတော့ မသောက်ရလျှင် မနေနိုင်သည့် အဆင့် ရောက်သွားပြီး ယဇ်ထုပ်ကြီး ဖြစ်သွားလေတော့သည်။ ယဇ်ထုပ်ကြီး ဖြစ်သွားသည့်အတွက် ဆဲလိုက်ဆိုလိုက် အော်လစ်ဟစ်လိုက်နှင့် သောင်းကြမ်းလေတော့သည်။ ဤကား ရှေ့အကုသိုလ် (သုရာမေရယ) က နောက်အကုသိုလ် ( ဖရုသဝါစာ) ကို ကျေးဇူးပြုခြင်းပင် ဖြစ်သည်။

ထို့ကြောင့် မည်သည့် အကုသိုလ်ဖြစ်ဖြစ် လျှော့မတွက်သင့်သကဲ့သို့ အစလည်း မလုပ်သင့်ပါ။ "တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်" ဆိုသကဲ့သို့ နည်းနည်း များများ အကုသိုလ်သည် အကုသိုလ်ပင် ဖြစ်၏။ ထို့ကြောင့် မြတ်စွာဘုရားက " န စ ခုဒ္ဒ မာစရေ ကိဉ္စိ - အကုသိုလ်ဆိုလျှင် နည်းနည်းမျှ မလုပ်ကြနဲ့" ဟု မိန့်တော်မူခဲ့ခြင်း ဖြစ်ပါသည်။


အကုသိုလ်ကြောင့် ကုသိုလ်ဖြစ်

အကုသိုလ်ကို အကြောင်းပြုပြီး အကုသိုလ် ဖြစ်သကဲ့သို့ အကုသိုလ်ကို အကြောင်းပြု၍ ကုသိုလ် ဖြစ်သည်လည်း ရှိ၏။

ဝိပဿနာအားထုတ်သည့်အခါ ရုပ်တရား နာမ်တရားတို့ကို ရှုမှတ်ရ၏။ ကိုယ့်သန္တာန် လောဘဖြစ်လျှင် လောဘကို ရှုမှတ်ရ၏။ ဒေါသဖြစ်လျှင် ဒေါသကို ရှုမှတ်ရ၏။ ယင်းသို့ ရှုမှတ်လိုက်သည့်အတွက် လောဘ ဒေါသများ ချုပ်ငြိမ်းသွားလေတော့သည်။

လောဘဖြစ်ခြင်းသည် လိုချင်စရာ အာရုံကြောင့်တည်း။ ထို့ကြောင့် လောဘဖြစ်လျှင် ကိုယ့်စိတ်ကို ပြန်ကြည့်ရမည်။ ကိုယ့်စိတ်ကို ပြန်ကြည့်လိုက်သောအခါ စိတ်က လိုချင်စရာ အာရုံနောက် မလိုက်တော့။ အာရုံနောက် မလိုက်သည့်အတွက် လောဘလည်း မဖြစ်တော့ပါ။

ဒေါသဖြစ်လျှင်လည်း ဒေါသကို ရှုမှတ်ရမည်။ ဒေါသဖြစ်ခြင်းသည် မကျေနပ်စရာ အာရုံကြောင့်တည်း။

ထို့ကြောင့် ဒေါသဖြစ်လျှင် ကိုယ့်စိတ်ကို ပြန်ကြည့်ရမည်။ ကိုယ့်စိတ်ကို ပြန်ကြည့်လိုက်သောအခါ စိတ်က မကျေနပ်စရာ အာရုံနောက် မလိုက်တော့။ အာရုံနောက် မလိုက်သည့်အတွက် ဒေါသလည်း မဖြစ်တော့ပါ။

ကိလေသာတရားဆိုးတို့သည် ဖြစ်မှန်း မသိသည့်အတွက် ဖြစ်နေကြခြင်းဖြစ်သည်။ ဖြစ်မှန်း သိလျှင် မဖြစ်တော့ပါ။ ထို့ကြောင့် ကိလေသာ ဖြစ်မှန်းသိဖို့အတွက် ဝိပဿနာ ရှုမှတ်ရခြင်း ဖြစ်သည်။ ဤကား ရှေ့အကုသိုလ် ( လောဘ ဒေါသ) က နောက်ကုသိုလ် ( ဝိပဿနာ) ကို ကျေးဇူးပြုခြင်းပင်တည်း။


နောင်တကို ကုသိုလ်နှင့် အစားထိုးပါ

တချို့လူများသည် ကိုယ်လုပ်ခဲ့သည့် အပြစ်ကို တွေးပြီး စိတ်မကောင်း ဖြစ်နေ၏။ စိတ်မကောင်း ဖြစ်သောကြောင့် ကိုယ်လုပ်ခဲ့သည့် အပြစ်သည် ပပျောက်သွားမည် မဟုတ်ပါ။ ထို့ကြောင့် စိတ်မကောင်း ဖြစ်နေခြင်းသည် ကိုယ့်ကိုယ်ကို ဒုက္ခပေးခြင်းပင် ဖြစ်သည်။

တချို့ကား အပြစ် မသိခင်က အပြစ် လုပ်ခဲ့၏။ အပြစ်သိသောအခါ နောင်တ ရသွားလေသည်။ ယင်းနောင်တကြောင့် ကုသိုလ်ကောင်းမှုများကို ကြိုးစား၍ ပြုလုပ်လေတော့သည်။ ဤကား မှန်ကန်သော ကျင့်စဉ် ဖြစ်သည်။

အရှင်သုဓမ္မဆိုလျှင် ကျောင်းဒကာကြီး စိတ္တသူကြွယ်ကို အထင်လွဲပြီး မျိုးရိုးကို နှိမ်လေ၏။ မြတ်စွာဘုရားက ထိုအကြောင်း သိသောအခါ တောင်းပန်ခိုင်း၏။

အရှင်သုဓမ္မကလည်း ကျောင်းဒကာကြီးထံ ကိုယ်တိုင်သွားပြီး အပြစ်ကို အပြစ်မှန်း မသိလို့ လွန်ကျူးခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုအပြစ်ကို ခွင့်လွှတ်ပါကြောင်း တောင်းပန်လေသည်။ ကျောင်းဒကာကြီးကလည်း ခွင့်လွှတ်ပါကြောင်း လျှောက်ထားလေ၏။

ယင်းနောင်တကြောင့် သံဝေဂ ဖြစ်သွား၏။ သံဝေဂဆိုသည်ကား ထိတ်လန့်သည့်ဉာဏ်ပင် ဖြစ်သည်။ ဤကား ရှေ့အကုသိုလ် ( နောင်တ) က နောက် ကုသိုလ် ( သံဝေဂ) ကို ကျေးဇူးပြုခြင်း ဖြစ်သည်။

အရှင်သုဓမ္မသည် သံဝေဂရပြီးနောက် ဝိပဿနတရားကို ကြိုးစားပမ်းစား အားထုတ်လေသည်။ ထို့ကြောင့် လူနတ်ဦးခိုက် ပူဇော်ထိုက်သည့် ရဟန္တာပုဂ္ဂိုလ် အဖြစ်သို့ ရောက်ရှိသွားလေတော့သည်။


ပုဂ္ဂိုလ်ကြောင့် ပြောင်းလဲနိုင်တယ်

ပုဂ္ဂိုလ်တစ်စုံတစ်ယောက်ကို (ပညတ်) အကြောင်းပြု၍ ကုသိုလ်ဖြစ်သည်လည်း ရှိ၏။ အကုသိုလ် ဖြစ်သည်လည်း ရှိ၏။ မှန်၏။ လူကြီးမိဘ မိတ်ကောင်းဆွေကောင်းတို့၏ ကူညီစောင့်ရှောက်မှု ရလျှင် စိတ်နေစိတ်ထားလည်း ပြောင်းသွား၏။ ကုသိုလ်ကောင်းမှုလည်း ပို၍ လုပ်ဖြစ်သွား၏။

တချို့ဆိုလျှင် ပင်ကိုယ်ဗီဇက ညံ့ဖျင်းသည့်အတွက် မကောင်းမှု လုပ်ချင်၏။ သို့သော် မိဘ ဆရာ မိတ်ကောင်းဆွေကောင်းတို့၏ ကူညီစောင့်ရှောက်မှုကြောင့် မကောင်းသည့် ဗီဇလေး ပပျောက်သွားတော့၏။ သူတော်ကောင်းဓာတ် ကူးစက်သွားခြင်းပင် ဖြစ်သည်။ ထို့ကြောင့် " ဘုရားဒကာနား နီးတော့ ဘုရားဒကာ" ဟု ပြောကြခြင်း ဖြစ်သည်။

တချို့ဆိုလျှင် ပင်ကိုယ် သဘာဝက ရှုတ်ရှုတ်ယှက်ယှက် မရှိ၊ အေးအေးဆေးဆေးပဲ နေတတ်၏။ သို့သော် လူပွေလူရှုတ်နှင့် ပေါင်းလိုက်သည့်အတွက် ဘီယာဆိုင် ရောက်သွားတော့၏။ ထို့ကြောင့် ကိုယ်နှင့် နီးစပ်သည့် ပုဂ္ဂိုလ်များသည် ကိုယ့်ဘဝကို ပြောင်းလဲသွားအောင် ဖန်တီးနိုင်စွမ်း ရှိပါသည်။ သတိထားရမည့် အချက်တည်း။

ထို့ကြောင့် သူတော်ကောင်းမျိုးစေ့ကို ချပေးသော၊ ဒုစရိုက်လုပ်ခြင်းကို အားမပေးသော၊ ကောင်းမှုလုပ်ဖြစ်ဖို့အတွက် အထောက်အပံ့ ဖြစ်စေသော ပုဂ္ဂိုလ်တို့ကိုသာလျှင် တရင်းတနှီး ပေါင်းသင်းဆက်ဆံရမည် ဖြစ်ပေသည်။

ဤ၌ ပုဂ္ဂိုလ်က အကြောင်းတရား၊ ကုသိုလ် အကုသိုလ်က အကျိုးတရား ဖြစ်သည်။ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့် ပစ္စည်းကို " ဥပနိဿယပစ္စည်း" ဟု ခေါ်ပါသည်။


သာယာသည့် ဘဝခရီး

 တခါတရံ ကုသိုလ်ကို အကြောင်းပြုပြီး အကုသိုလ် ဖြစ်တတ်၏။ ထို့ကြောင့် ကုသိုလ်လုပ်သည့်အခါ မည်သည့်အကြောင်းကြောင့်မျှ အကုသိုလ် မဖြစ်စေရဟု အဓိဋ္ဌာန်ထားရမည်။

တခါတရံ အကုသိုလ်ကို အကြောင်းပြုပြီး ကုသိုလ် ဖြစ်တတ်၏။ ထို့ကြောင့် အကုသိုလ်လုပ်မိသည့်အခါ ကုသိုလ်နှင့် အစားထိုးရမည်။ အကုသိုလ် လုပ်မိသည့်အတွက် စိတ်မကောင်း ဖြစ်နေမည့်အစား ကောင်းမှု လုပ်ရမည်ဟု ဆိုလိုသည်။

ထို့ကြောင့် စိတ်နေစိတ်ထားကိုလည်း ပြုပြင်ပေးရမည်။ မိဘ ဆရာ မိတ်ကောင်းဆွေကောင်းတို့ကိုလည်း တန်ဖိုးထားရမည်။ လုပ်ရပ်နှင့် ရည်ရွယ်ချက်ကိုလည်း ကိုက်ညီအောင် ကြိုးစားရမည်။ ဒုစရိုက် လုပ်ခဲ့လျှင်လည်း ကုသိုလ်နှင့် အစားထိုးရမည်။ သို့မှသာ ကိုယ်လျှောက်လှမ်းနေသည့် ဘဝခရီးသည် နိဗ္ဗာန်တိုင်ထိ သာယာဖြောင့်ဖြူးမည် ဖြစ်ပါပေ၏။


"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"

သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ


ဟေတုပစ္စယော

အာရမ္မဏပစ္စယော

အဓိပတိပစ္စယော

အနန္တရပစ္စယော

သမနန္တရပစ္စယော

သဟဇာတပစ္စယေ

အညမညပစ္စယေ

နိဿယပစ္စယေ

Subscribe Us