Tuesday, June 27, 2023

ပုရေဇာတပစ္စယော

 



"ပုရေဇာတ"ဆိုသည်မှာ ရှေ့က ဖြစ်ခြင်းဟု အဓိပ္ပါယ်ရ၏။ အကြောင်းတရားက အကျိုးတရားကို ရှေ့က ဖြစ်နှင့်ပြီး ကျေးဇူးပြုသည်ဟု ဆိုလိုသည်။

မိဘနှင့် သားသမီးဆိုလျှင် မိဘက ရှေ့က ဖြစ်၏။ ထို့ကြောင့် မိဘက သားသမီးကို နို့ချိုတိုက်ကျွေး အစာပေးပြီး ကျေးဇူးပြုနိုင်ခြင်း ဖြစ်သည်။

ထိုနည်းတူစွာ ရှေ့ကဖြစ်သော ရုပ်တရားက နောက်မှဖြစ်သည့် နာမ်တရား ( စိတ် စေတသိက်)တို့ကို ကျးဇူးပြု၏။ ထို့ကြောင့် ရုပ်က အကြောင်းတရား၊ နာမ်က အကျိုးတရား ဖြစ်သည်။ ဤကဲ့သို့ အကြောင်းကျိုး ဖြစ်နေသည့်ပစ္စည်းကို "ပုရေဇာတပစ္စည်း" ဟု ခေါ်သည်။


ပါဠိနှင့် ဘာသာပြန်

စက်ခာယတနံ စက်ခုဝိညာဏဓာတုယာ တံသမ်ပယုတ်တကာနဉ်စ ဓမ်မာနံ ပုရဇောတပစ်စယနေ ပစ်စယော။

စက္ခာယတနံ- စက္ခုပသာဒရုပ် ( မျက်စိ) သည်။ စက္ခုဝိညာဏဓာတုယာ စ - မြင်သိစိတ်အားလည်းကောင်း၊ တံသမ္ပယုတ္တကာနံ- ထိုမြင်သိစိတ်နှင့် ယှဉ်ကုန်သော၊ ဓမ္မာနဉ္စ- စေတသိက် တရားတို့အားလည်းကောင်း၊ ပုရေဇာတပစ္စယေန- ပုရေဇာတပစ္စယသတ္တိဖြင့်၊ ပစ္စယော- ကျေးဇူးပြုသည်။ ဟောတိ- ဖြစ်ပါပေ၏။

ဝတ္ထုရုပ် ၆- ပါးနှင့် စိတ်

၁။ မျက်စိက အဆင်းကို မြင်လျှင် မြင်သိစိတ် ဖြစ်ပေါ်လာ၏။ မျက်စိနှင့် မြင်သိစိတ်တွင် မျက်စိက ရှေးဦးစွာ ဖြစ်၏။

အဘိဓမ္မာစကားနှင့် ပြောရလျှင် မျက်စိ ( ရုပ်) က မြင်သိစိတ်ထက် စိတ္တက္ခဏ ၄- ချက် စောပြီး ဖြစ်၏။ စိတ္တက္ခဏ ၄- ချက်ဆိုသည်မှာ ၁ - စက္ကန့်လောက်တောင် မကြာပါ၊ အလွန်မြန်သော အချိန်လေးတည်း။

ထို့ကြောင့် မျက်စိ (ရုပ်) က အကြောင်းတရား၊ မြင်သိစိတ် ( နာမ်) က အကျိုးတရား ဖြစ်၏။

၂။ နားနှင့် ကြားသိစိတ်တွင် နားက ရှေးဦးစွာ ဖြစ်ပြီး ကြားသိစိတ်က နောက်မှ ဖြစ်၏။ ထို့ကြောင့် နား (ရုပ်) က အကြောင်းတရား၊ ကြားသိစိတ် ( နာမ်) က အကျိုးတရား ဖြစ်၏။

၃။ နှာခေါင်းနှင့် နံသိစိတ်တွင် နှာခေါင်းက ရှေးဦးစွာ ဖြစ်ပြီး နံသိစိတ်က နောက်မှ ဖြစ်၏။ ထို့ကြောင့် နှာခေါင်း (ရုပ်) က အကြောင်းတရား၊ နံသိစိတ် ( နာမ်) က အကျိုးတရား ဖြစ်၏။

၄။ လျှာနှင့် စားသိစိတ်တွင် လျှာက ရှေးဦးစွာ ဖြစ်ပြီး စားသိစိတ်က နောက်မှ ဖြစ်၏။ ထို့ကြောင့် လျှာ (ရုပ်) က အကြောင်းတရား၊ စားသိစိတ် ( နာမ်) က အကျိုးတရား ဖြစ်၏။

၅။ ကိုယ်နှင့် ထိသိစိတ်တွင် ကိုယ်က ရှေးဦးစွာ ဖြစ်ပြီး ထိသိစိတ်က နောက်မှ ဖြစ်၏။ ထို့ကြောင့် ကိုယ် (ရုပ်) က အကြောင်းတရား၊ ထိသိစိတ် ( နာမ်) က အကျိုးတရား ဖြစ်၏။

၆။ နှလုံး ( ဟဒယဝတ္ထုရုပ်) နှင့် တွေးသိစိတ်တွင် ပဋိသန္ဓေတည်ပြီးချိန်မှ စ၍ နှလုံးက ရှေးဦးစွာ ဖြစ်ပြီး စိတ်က နောက်မှ ဖြစ်၏။ ထို့ကြောင့် နှလုံး (ရုပ်) က အကြောင်းတရား၊ တွေးသိစိတ် ( နာမ်) က အကျိုးတရား ဖြစ်၏။

အာရုံ ၅- ပါးနှင့် စိတ်
---------------------

၁။ အဆင်း (ရုပ်) နှင့် မြင်သိစိတ် ( နာမ်) တွင် အဆင်းက ရှေးဦးစွာ ဖြစ်ပြီး မြင်သိစိတ်က နောက်မှ ဖြစ်၏။

အဆင်း(ရုပ်) က မြင်သိစိတ်ထက် စိတ္တက္ခဏ ၄- ချက် စောပြီး ဖြစ်သည်။ ထို့ကြောင့် အဆင်း (ရုပ်) က အကြောင်းတရား၊ မြင်သိစိတ် ( နာမ်) က အကျိုးတရား ဖြစ်၏။

၂။ အသံနှင့် ကြားသိစိတ်တွင် အသံက ရှေးဦးစွာ ဖြစ်ပြီး ကြားသိစိတ်က နောက်မှ ဖြစ်သည်။ ထို့ကြောင့် အသံ (ရုပ်) က အကြောင်းတရား၊ မြင်သိစိတ် ( နာမ်) က အကျိုးတရား ဖြစ်၏။

၃။ အနံ့နှင့် နံသိစိတ်တွင် အနံ့က ရှေးဦးစွာ ဖြစ်ပြီး နံသိစိတ်က နောက်မှ ဖြစ်သည်။ ထို့ကြောင့် အနံ့ (ရုပ်) က အကြောင်းတရား၊ နံသိစိတ် ( နာမ်) က အကျိုးတရား ဖြစ်၏။

အရသာနှင့် စားသိစိတ်တွင် အရသာက ရှေးဦးစွာ ဖြစ်ပြီး စားသိစိတ်က နောက်မှ ဖြစ်သည်။ ထို့ကြောင့် အရသာ (ရုပ်) က အကြောင်းတရား၊ စားသိစိတ် ( နာမ်) က အကျိုးတရား ဖြစ်၏။

၅။ အတွေ့အထိနှင့် ထိသိစိတ်တွင် အတွေ့အထိက ရှေးဦးစွာ ဖြစ်ပြီး ထိသိစိတ်က နောက်မှ ဖြစ်သည်။ ထို့ကြောင့် အတွေ့အထိ (ရုပ်) က အကြောင်းတရား၊ ထိသိစိတ် ( နာမ်) က အကျိုးတရား ဖြစ်၏။

ပုရေဇာတပစ္စည်းကို ခြုံငုံကြည့်လျှင် အကြောင်းက ရုပ်တရား၊ အကျိုးက နာမ်တရား ဖြစ်၏။

ရှေးပုဂ္ဂိုလ်များကို လေးစားရမယ်
-------------------------‐--------

ဓမ္မနယ်ပယ်မှာသာ "ပုရေဇာတ" ရှိသည် မဟုတ်၊ လောကနယ်ပယ်မှာလည်း " ပုရေဇာတ" ရှိသည်ပင် ဖြစ်၏။ ရှေးရှေးသော ပုဂ္ဂိုလ်များက နောက်နောက်သော ပုဂ္ဂိုလ်များကို ကျေးဇူးပြုခြင်းသည် " ပုရေဇာတ" ပင် ဖြစ်သည်။

သာသနာ့ဝန်ထမ်း ရှင်ရဟန်းများသည် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများကို အရိုအသေပြုရ၏။ တစ်ရက် တစ်မနက်မျှပင် အသက်သိက္ခာ ကြီးစေဦးတော့ အရိုအသေပြုရစမြဲတည်း။ ဘာ့ကြောင့်နည်း၊ ဂါရဝ ( ရိုသေလေးစားခြင်း) တရားသည် မြင့်မြတ်သော ကျင့်စဉ်ဖြစ်သောကြောင့်တည်း။

ထေရ်ကြီးဝါကြီး ဆရာတော်များက နောက်မှ ဖြစ်လာသည့် သံဃာများကို ပရိယတ္တိစာပေများ, ပဋိပတ္တိကျင့်စဉ်များ, သာသနာပြု နည်းလမ်းများကို သင်ပေးခဲ့ကြ၏။

ထို့ကြောင့် ထေရ်ကြီး ဝါကြီးဆရာတော်များသည် နောက်နောက်သော ရှင်ရဟန်းများ၏ ကျေးဇူးရှင်များပင် ဖြစ်၏။ သံဃာ့အဖွဲ့အစည်းကြီး ယနေ့အချိန်ထိ တည်တံ့နေခြင်းမှာ ရှေးသံဃာများက နောက်သံဃာများကို ကျေးဇူးပြုခဲ့ကြသောကြောင့် ဖြစ်သည်။

ယနေ့ လူ့အဖွဲ့အစည်းများသည်လည်း ရှေးလူကြီးများ၏ ကျေးဇူးကြောင့် တည်ရှိနေခြင်း ဖြစ်၏။ မှန်၏။ ရှေးရှေးသော ပုဂ္ဂိုလ်များသည် အသင်းအဖွဲ့များကို တည်ထောင်ပြီး မျိုးဆက်သစ် လူငယ်များကို လက်ဆင့် ကမ်းခဲ့ကြ၏။

ထို့ကြောင့် အုပ်ချုပ်ရေး အဖွဲ့အစည်း, လူမှုရေးအဖွဲ့အစည်း, နိုင်ငံရေးအဖွဲ့အစည်း, ဘာသာရေးအဖွဲ့အစည်း, ပညာရေးအဖွဲ့အစည်း, သုတေသနအဖွဲ့အစည်း, ပရဟိတအဖွဲ့အစည်း စသည်ဖြင့် အဖွဲ့အစည်းမျိုးစုံ တည်ရှိနေခြင်း ဖြစ်သည်။

နောက်ဆုံး မိသားစုအဖွဲ့အစည်းလေးသည်ပင် ရှေးရှေးသော ဘိုးဘွား မိဘတို့၏ ကျေးဇူးကြောင့် တည်ရှိနေခြင်း ဖြစ်၏။ ရှေးရှေးသော ဘိုးဘွားမိဘများက နောက်နောက်သောသားသမီးများကို မွေးထုတ်ပေးခဲ့သောကြောင့် " မိသားစု အဖွဲ့အစည်းလေး" ဖြစ်လာခြင်း ဖြစ်သည်။

ဤသဘောတရားကို စဉ်းစားလိုက်လျှင် ဘိုးဘွားမိဘ လူကြီးသူမ ဆရာသမားတို့၏ ကျေးဇူးတရားကို ထင်ထင်ရှားရှား မြင်တွေ့ရမည် ဖြစ်သည်။ ထို့ကြောင့် ရှေးရှေးသောပုဂ္ဂိုလ်များ၏ ကျေးဇူးတရားကို သိဖို့ လိုအပ်လှပေသည်။ ကျေးဇူးသိခြင်းသည် သူတော်ကောင်းလက္ခဏာပင် ဖြစ်ပါသည်။

ကြီးသူကို ရိုသေကြ
---------------------

ကျောင်းဒကာကြီး အနာထပိဏ်သည် ဇေတဝန်ကျောင်းတော်ကြီး ဆောက်လုပ်ပြီးသောအခါ မြတ်စွာဘုရားကို ပင့်လျှောက်လေ၏။ ထို့ကြောင့် မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်မှ ဝေသာလီမြို့ကို ရှေးဦးစွာ ကြွ၊ ထိုမှတဆင့် သာဝတ္ထိမြို့သို့ ကြွတော်မူလေသည်။

ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့၏ တပည့်တို့သည် သာဝတ္ထိမြို့ကို ခပ်စောစော ကြွရောက်ပြီး "ဤအိပ်ရာနေရာသည် တို့ဆရာအတွက် ဖြစ်၏, ဤအိပ်ရာနေရာသည် ငါတို့အတွက် ဖြစ်၏" ဟု အိပ်ရာနေရာတို့ကို ဦးထားကြလေ၏။

ထို့ကြောင့် နောက်မှရောက်လာကြကုန်သော ရဟန်းသံဃာတို့သည် အိပ်ရာနေရာတို့ကို မရကြတော့ပေ။ အရှင်သာရိပုတ္တရာသည်ပင် နေရာ မရတော့ပါ။ အရှင်သာရိပုတ္တရာ နေရာ မရသည့်အတွက် တပည့်များက အရှင်သာရိပုတ္တရာအတွက် အိပ်ရာနေရာကို ကြိုးစားပြီး လိုက်ရှာကြ၏။ သို့သော် ကျောတခင်းစာမျှပင် မရတော့။ ထို့ကြောင့် အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားကျောင်းတော်၏ အနီးဖြစ်သော သစ်ပင်၏ အောက်၌ သီတင်းသုံးတော်မူရလေသည်။

မြတ်စွာဘုရားသည် အရုဏ်တက်သောအခါ ကျောင်းဆောင်မှ ထွက်၍ ချောင်းဟန့်တော်မူ၏။ အရှင်သာရိပုတ္တရာကလည်း ချောင်းဟန့်၍ အသံပေးလေ၏။ မြတ်စွာဘုရား ကြားသိတော်မူသောအခါ မေးမြန်းတော်မူလေသည်။

" ဒီနားမှာ အသံ ကြားရတယ်ကွယ်၊ ဘယ်သူ ရောက်နေလဲ"။

"မှန်ပါ ... တပည့်တော် သာရိပုတ္တရာပါဘုရား"။

"သာရိပုတ္တရာရေ... ဒီနေရာ ဘယ်လိုလုပ် ရောက်နေလဲ"။

" ကျောင်းဆောင်ထဲမှာ နေရာ မရလို့ သစ်ပင်အောက်မှာပဲ လာနေတာပါဘုရား"။

မြတ်စွာဘုရားသည် အရှင်သာရိပုတ္တရာ၏ စကားကိုကြားရသောအခါ " ငါဘုရား ထင်ရှားရှိစဉ်မှာပင် သာရိပုတ္တရာလို မထေရ်ကြီးကို အရိုအသေ မပေးကြဘူးဆိုတော့ ငါ မရှိလျှင် ဘယ်လို လုပ်တော့မှာလဲ" ဟု သံဝေဂ ဖြစ်သွားလေသည်။

ထို့နောက် ရဟန်းတော်တို့ကို အကုန်ခေါ်၍ ဂါရဝတရားနှင့် ပတ်သက်ပြီး မေးမြန်းတော်မူလေသည်။

" ချစ်သားတို့... ရဟန်းအချင်းချင်း ဆက်ဆံသည့်အခါ မည်သည့်ရဟန်းကို ဦးစားပေးရမည်နည်း"။

တချို့ရဟန်းတော်များက " မင်းမျိုးမှ ရဟန်းဝတ်လာသောပုဂ္ဂိုလ်ကို ဦးစားပေးရပါမည်ဘုရား" ဟု လျှောက်ကြ၏။

တချို့ရဟန်းတော်များက " ပုဏ္ဏားမျိုးမှ ရဟန်းဝတ်လာသောပုဂ္ဂိုလ်ကို ဦးစားပေးရပါမည်ဘုရား" ဟု လျှောက်ကြ၏။

တချို့ရဟန်းတော်များက " သူဌေးမျိုးမှ ရဟန်းဝတ်လာသောပုဂ္ဂိုလ်ကို ဦးစားပေးရပါမည်ဘုရား" ဟု လျှောက်ကြ၏။

တချို့ရဟန်းတော်များက " ဝိနည်းဆောင်ပုဂ္ဂိုလ်ကို ဦးစားပေးရပါမည်ဘုရား" ဟု လျှောက်ကြ၏။

တချို့ရဟန်းတော်များက " ဓမ္မကထိကပုဂ္ဂိုလ်ကို ဦးစားပေးရပါမည်ဘုရား" ဟု လျှောက်ကြ၏။

တချို့ရဟန်းတော်များက " ဈာန်ရပုဂ္ဂိုလ်ကို ဦးစားပေးရပါမည်ဘုရား" ဟု လျှောက်ကြ၏။

တချို့ရဟန်းတော်များက " ရဟန္တာပုဂ္ဂိုလ်ကို ဦးစားပေးရပါမည်ဘုရား" ဟု လျှောက်ကြ၏။

ထိုသို့လျှောက်ကြသောအခါ မြတ်စွာဘုရားက " ချစ်သားတို့... ငါဘုရား သာသနာတော်၌ အသက်သိက္ခာ ကြီးကုန်သော ပုဂ္ဂိုလ်တို့ကိုသာ ဦးစားပေးရမည်" ဟု မိန့်တော်မူလေသည်။

" ချစ်သားတို့ ရှေးအခါတုန်းက တိရစ္ဆာန်တွေတောင် အသက်အရွယ် ကြီးသောသူကို အရိုအသေ ပေးခဲ့ကြ ဦးစားပေးခဲ့ကြဖူးလေပြီ" ဟု အတိတ်က ဖြစ်ရပ်လေးတစ်ခုကို မိန့်ကြားတော်မူလိုက်လေသည်။

ဆင် မျောက် ခါ


ရှေးအခါက ဟိမဝန္တာတောင်ခြေရှိ ညောင်ပင်ကြီး တစ်ပင်အနီးတွင် ဆင် မျောက် ခါဟုဆိုအပ်သော မိတ်ဆွေ သုံးဦးတို့သည် အတူတူ နေထိုင်ခဲ့ကြ၏။ သူတို့သည် အချင်းချင်း လေးစားမှု မရှိကြ။ ထို့ကြောင့် တစ်ဦးနှင့် တစ်ဦး ငြင်းကြခုံကြ စကားများကြနှင့် သဟဇာတ မဖြစ်တော့ပေ။ သဟဇာတ မဖြစ်သည့်အတွက် သူလည်း စိတ်ဆင်းရဲ ကိုယ်လည်း စိတ်ဆင်းရဲ ဖြစ်လာကြ၏။

ထို့ကြောင့် သူတို့သည် နေနည်းထိုင်နည်းနှင့် ပတ်သက်၍ အချင်းချင်း တိုင်ပင်ကြလေသည်။ တစ်ဦးနှင့် တစ်ဦး မသင့်မမြတ် ဖြစ်ခြင်းသည် စိတ်ဆင်းရဲခြင်း၏ အကြောင်း ဖြစ်ကြောင်း, တစ်ဦးနှင့်တစ်ဦး လေးလေးစားစား ဆက်ဆံသင့်ကြောင်း, အသက်အကြီးဆုံးဖြစ်သူကို အရိုအသေ ပေးသင့်ကြောင်း, ယင်းသို့ နေခြင်းသည်သာ အကောင်းဆုံး ဖြစ်ကြောင်း တိုင်ပင်ကြလေသည်။

ထို့နောက် ခါနှင့် မျောက်က "အဆွေဆင် သင် ငယ်ငယ်တုန်းက ဒီညောင်ပင်ဟာ ဘယ်လောက် ရှိနေပြီလဲ" ဟု ဆင်ကို မေးမြန်းလေသည်။ ဆင်က " ကျုပ်ငယ်ငယ်တုန်းက ဒီညောင်ပင်ဟာ သေးသေးလေးပဲ၊ ညောင်ပင်ရဲ့ အပေါ်ဆုံး အညွန့်က ကျုပ်ရဲ့ ဝမ်းဗိုက်ကို ထိကာမျှပဲ ဖြစ်ပါတယ်" ဟု ဖြေကြား၏။

ထို့နောက် ခါနှင့်ဆင်က "အဆွေ မျောက်ရေ သင် ငယ်ငယ်တုန်းက ဒီညောင်ပင်ဟာ ဘယ်လောက် ရှိနေပြီလဲ" ဟု မျောက်ကို မေးလေ၏။ မျောက်က "ကျုပ် ငယ်ငယ်တုန်းက ဒီညောင်ပင်လေးဟာ ကျုပ်တထိုင်စာလောက်ပဲ ရှိတယ်၊ မြေကြီးပေါ်ထိုင်ပြီး အပေါ်ဆုံး အညွှန့်လေးကို ကိုက်စားခဲ့ဖူးပါတယ်" ဟု ဖြေဆို၏။

ထို့နောက် မျောက်နှင့်ဆင်က "အဆွေ ခါ သင် ငယ်ငယ်တုန်းက ဒီညောင်ပင်ဟာ ဘယ်လောက် ရှိနေပြီလဲ" ဟု မေးကြ၏။ ခါက " ကျုပ် ငယ်ငယ်တုန်းက ညောင်စေ့လေး မျိုချပြီး ဒီနေရာလေးမှာ မစင်ယိုချခဲ့တယ်၊ အဲဒီမျိုးစေ့ကနေ ဒီညောင်ပင်ကြီး ဖြစ်လာတာပဲ" ပြောပြလေသည်။

ထို့ကြောင့် မျောက်နှင့်ဆင်က အသက်အရွယ် အကြီးဆုံးဖြစ်သော ခါကို "အဆွေ ခါ ကျုပ်တို့ ၃- ဦးထဲမှာ သင်သည် အသက်အကြီးဆုံးပဲ၊ ဒါကြောင့် ဘာပဲလုပ်လုပ် သင်ပဲ ဦးဆောင်ပါ၊ ကျုပ်တို့ လိုက်နာပါ့မယ်" ပြောကြလေသည်။

ထိုအချိန်မှစ၍ အသက်အကြီးဆုံးဖြစ်သော ခါသည် မျောက်နှင့်ဆင်တို့ကို ဩဝါဒ ပေး၏။ မျောက်နှင့် ဆင်တို့ကလည်း ခါ၏ အဆုံးအမ သြဝါဒကို လိုက်နာကြ၏။ မိတ်ဆွေ ၃- ဦးသည် ဂါရဝတရားနှင့် အညီ နေထိုင်ကြသည့်အတွက် သေသာအခါ နတ်ပြည်သို့ ရောက်သွားကြလေသည်။

မြတ်စွာဘုရားသည် အတိတ်က ဖြစ်ရပ်လေးကို မီးမောင်းထိုးပြ၍ အသက် သိက္ခာ ကြီးကုန်သော ပုဂ္ဂိုလ်များကို ဦးစားပေးသင့်ကြောင်း ရှင်းပြတော်မူပြီး အမိန့်တစ်ခု ထုတ်ပြန်လိုက်ပါသည်။

" ချစ်သားတို့... ငယ်ရွယ်သော ရဟန်းတော်များသည် အသက်သိက္ခာ ကြီးတော်မူကြကုန်သော ရဟန်းတော်များကို ဂါရဝတရား ရှေ့ထား၍ နေရာ ပေးရမည်၊ အကယ်၍ နေရာမပေးပါက အပြစ်သင့်စေ" ဟု အမိန့်တော်ပြန်တမ်း ထုတ်ပြန်လိုက်လေသည်။ ဤကဲ့သို့ အမိန့်ထုတ်ပြန်ခြင်းသည် ရဟန်းတော်များအား ဂါရဝတရားကို တန်ဖိုးထားစေလိုသောကြောင့် ဖြစ်သည်။

လူကြီးလူကောင်းတို့၏ ကျင့်စဉ်

ကြီးသူကို ရိုသေခြင်း, ရွယ်တူကို လေးစားခြင်းသည် ဗုဒ္ဓဘာသာဝင်တို့၏ ဓလေ့တစ်ခုပင် ဖြစ်၏။ ထို့ကြောင့် အခါကြီးရက်ကြီးများ၌ သံဃာတော် အရှင်မြတ်များကို ကန်တော့ခြင်း၊ လူကြီးမိဘများကို ကန်တော့ခြင်း၊ ဆရာသမားများကို ကန်တော့ခြင်းစသည့် ဂါရဝကုသိုလ်ကို ပြုလုပ်ကြခြင်း ဖြစ်သည်။

အသက်အားဖြင့်၎င်း ဂုဏ်အားဖြင့်၎င်း ကြီးကုန်သောပုဂ္ဂိုလ်တို့ကို အရိုအသေပြုခြင်းသည် လူကြီးလူကောင်းတို့၏ ကျင့်စဉ် (သို့မဟုတ်) ယဉ်ကျေးသော လူ့အဖွဲ့အစည်း၏ ကျင့်စဉ်တစ်ခုပင် ဖြစ်ပါ၏။ တနည်းပြောရလျှင် "ပုရေဇာတ" ကို တန်ဖိုးထားခြင်းပင် ဖြစ်ပါ၏။

ကြီးကုန်ကြီးကုန်သော ပုဂ္ဂိုလ်များကို အရိုအသေ ပြုကြကုန်သော သူတို့မှာ ....

လူအများ၏ ချစ်ခင်မြတ်နိုးမှုကို ခံရခြင်း၊ အထက်တန်းစားအမျိုး၌ ဖြစ်ရခြင်း၊ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ စည်းစိမ်ဥစ္စာ ပြည့်စုံခြင်း၊ ဘဝကောင်း၌ ဖြစ်ရခြင်း စသော ကောင်းကျိုးချမ်းသာများ ရရှိနိုင်ပါသည်။

ထို့ကြောင့် လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးတို့ကို ရရှိဖို့အတွက် အရိုအသေပြုခြင်း တည်းဟူသော ဂါရဝတရားကို တလေးတစား တန်ဖိုးထားရမည် ဖြစ်ပေသည်တကား။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"

သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ 

ဟေတုပစ္စယော

အာရမ္မဏပစ္စယော

အဓိပတိပစ္စယော

အနန္တရပစ္စယော

သမနန္တရပစ္စယော

သဟဇာတပစ္စယေ

အညမညပစ္စယေ

နိဿယပစ္စယေ

ဥပနိဿယပစ္စယေ

Subscribe Us