"ပစ္ဆာဇာတ"ဆိုသည်မှာ နောက်မှဖြစ်ခြင်းဟု အဓိပ္ပါယ်ရ၏။ နောက်မှဖြစ်သည့် အကြောင်းတရားက ရှေ့က ဖြစ်သော အကျိုးတရားကို ကျေးဇူးပြု၏ဟု ဆိုလိုသည်။
သစ်ပင်စိုက်လျှင် ရေလောင်းရ၏။ ရေ မလောင်းလျှင် မရှင်၊ ရေလောင်းမှ ရှင်၏။ ရေနှင့် သစ်ပင်တွင် သစ်ပင်က အရင်ဖြစ်ပြီး ရေက နောက်မှ ဖြစ်၏။ သို့သော် နောက်မှဖြစ်သည့် ရေက ရှေ့ကဖြစ်ဖြစ်သော သစ်ပင်ကို ကျေးဇူးပြုလျက် ရှိသည်။
ထိုနည်းတူစွာ နောက်မှ ဖြစ်သည့် နာမ် (စိတ် စေတသိက်) က ရှေ့ကဖြစ်နှင့်သော ရုပ်ကို ကျေးဇူးပြုပါသည်။ နာမ်တရားက မထောက်ပံ့လျှင် ရုပ်တရားများ မရပ်တည်နိုင်ပါ။
ထို့ကြောင့် နာမ် ( စိတ် စေတသိက်) တရားက အကြောင်း၊ ရုပ်တရားက အကျိုး ဖြစ်သည်။ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့် ပစ္စည်းကို " ပစ္ဆာဇာတပစ္စည်း" ဟု ခေါ်သည်။
ပါဠိနှင့် ဘာသာပြန်
ပစ်ဆာဇာတာ စိတ်တစတေသိကာ ဓမ်မာ ပုရဇောတဿ ဣမဿ ကာယဿ ပစ်ဆာဇာတပစ်စယနေ ပစ်စယော။
ပစ္ဆာဇာတာ- နောက်၌ ဖြစ်ကုန်သော။ စိတ္တစေတသိကာ- စိတ် စေတသိက် ဖြစ်ကုန်သော။ ဓမ္မာ - တရားတို့သည်။ ပုရေဇာတဿ- ရှေ့၌ဖြစ်သော။ ဣမဿ ကာယဿ- ဤရုပ်အပေါင်းအား။ ပစ္ဆာဇာတပစ္စယေန- ပစ္ဆာဇာတ ပစ္စယ သတ္တိဖြင့်။ ပစ္စယော- ကျေးဇူးပြုသည်။ ဟောတိ- ဖြစ်ပါပေ၏။
အကြောင်းအကျိုး
ရုပ်က ၄- မျိုး ရှိ၏။ ယင်းရုပ် ၄- မျိုးမှာ...
၁။ ကံကြောင့်ဖြစ်သည့် ကမ္မဇရုပ်
၂။ စိတ်ကြောင့် ဖြစ်သည့် စိတ္တဇရုပ်
၃။ ဥတုကြောင့် ဖြစ်သည့် ဥတုဇရုပ်
၄။ အာဟာရကြောင့် ဖြစ်သည့် အာဟာရဇရုပ်တို့ ဖြစ်သည်။
မည်သည့်ရုပ်ကိုပဲ ဖြစ်ဖြစ် စိတ်သည် အထောက်အပံ့ ပေးနိုင်၏။ ထို့ကြောင့် " စိတ်ပျိုတော့ ကိုယ်နု၊ စိတ်ထောင်းတော့ ကိုယ်ကြေ" ဟု ပြောကြခြင်း ဖြစ်သည်။ မှန်၏။ စိတ်ကြည်လျှင် ကိုယ်ကြည်ပြီး စိတ်မကြည်လျှင် ကိုယ်လည်း မကြည်တော့ပါ။
ထို့ကြောင့် နောက်မှဖြစ်သည့် နာမ်တရား ( စိတ် စေတသိက်)သည် အကြောင်းတရား။ ရှေ့က ဖြစ်သော ရုပ်တရားသည် အကျိုးတရား။ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့် ပစ္စည်းကို "ပစ္ဆာဇာတပစ္စည်း" ဟု ခေါ်သည်။
စိတ်က ဦးဆောင်
လောကကြီးမှာ စိတ်က ဦးဆောင်နေ၏။ ကာယကံ ( အပြုအမူ)၊ ဝစီကံ (အပြောအဆို)၊ မနောကံ ( အတွေးအကြံ) ဟုဆိုအပ်သော ကံသုံးပါးတွင် မနောကံသည် အချုပ်တည်း။ ထို့ကြောင့် " စိတ်သာရှင်စော ဘုရားဟော" ဟု ပြောကြခြင်း ဖြသ်သည်။ မှန်၏။ စိတ်အား ထက်သန်နေလျှင် ရုပ်ခန္ဓာကလည်း တက်တက်ကြွကြွ လန်းလန်းဆန်းဆန်း ဖြစ်နေတော့၏။ စိတ်ကို လျှော့ချလိုက်လျှင်ကား ရုပ်ခန္ဓာကလည်း ပုံကျသွားလေတော့သည်။
လွန်ခဲ့သည့် ၇- နှစ်က (၁၃၇၅-ခု) ဒကာမကြီးတစ်ယောက် မိမိထံ ရောက်လာ၏။ ကျောင်းအခြေအနေ မေးမြန်းပြီး " ဘုန်းဘုန်းကျောင်းမှာ ကျောင်းဆောက်ချင်တယ်ဘုရား" ဟု လျှောက်ထားလေသည်။ မိမိကလည်း ဝမ်းသာကြောင်း ပြောလိုက်၏။ ထို့နောက် ဒကာမကြီးက ဆက်ပြီး လျှောက်၏။
"ဘုန်းဘုန်း ကျောင်းဆောက်တာ ဘယ်လောက်ကြာမလဲဘုရား"။
"တစ်နှစ် လောက်တော့ ကြာမယ် ဒကာမကြီး"။
" ဒါဆိုရင် အဆင်ပြေပါတယ်ဘုရား၊ ဘုန်းဘုန်း အဆင်ပြေတဲ့ နေရာ ဆောက်ပါဘုရား"။
" ကျောင်းဆောက်မယ်ဆိုတော့ သံဃာတွေအတွက် နေရေးထိုင်ရေး အဆင်ပြေတာပေါ့ ဒကာမကြီး"။
" တပည့်တော်လည်း ဝမ်းသာပါတယ်ဘုရား" ဟု လျှောက်ထားပြီး တစ်ပတ်ကျော်ကျော်လောက်မှာ မိမိထံ ရောက်လာပြီး ကျောင်းဆောက်ဖို့အတွက် နဝကမ္မအလှူငွေများကို လာရောက် ဆက်ကပ်လှူဒါန်းပါသည်။
မိမိကလည်း အင်ဂျင်နီယာခေါ်ပြီး အဆောက်အဦးပုံစံကို သေချာတွက်ကာ ချက်ချင်း ဆောက်လိုက်လေသည်။
ကျောင်းဆောက်နေဆဲ အချိန်မှာ ဒကာမကြီးသည် ဆေးရုံတက်ရလေသည်။ နဂိုကလည်း ရောဂါ ဖြစ်ဖူးသောကြောင့် သမားတော်များက သေချာစစ်ဆေးကြည့်ကြသည်။ ဒကာမကြီး၏ ရောဂါမှာ "ကင်ဆာ" ဖြစ်ကြောင်း တွေ့ရှိရလေသည်။ ထို့ကြောင့် သားသမီးများ ဝမ်းနည်းပက်လက် ဖြစ်သွားကြလေတော့သည်။
ဒကာမကြီး၏ ကျန်းမာရေး အခြေအနေ မကောင်းမှန်း သိသောအခါ သားသမီးများက " အရှင်ဘုရား အမေက အခြေအနေ မကောင်းဘူးဘုရား၊ ဒါကြောင့် ကျောင်းပြီးအောင် ခပ်မြန်မြန် ဆောက်မှ ဖြစ်မယ်ဘုရား" ဟု မိမိကို လျှောက်ထားကြ၏။
မိမိကလည်း ဆောက်လုပ်ရေးအဖွဲ့ကို လူအင်အား ဖြည့်ပြီး တွန်းအားပေးရလေသည်။ သူတို့ကလည်း အားစိုက်ပြီး ဆောက်ကြလေ၏။
ဒကာမကြီးကလည်း ရောဂါဖြစ်နေသည့် ကြားထဲက ဆောက်လက်စသူ့ကျောင်းလေးကို "ဘယ်လောက်ပြီးပြီလဲ" ဟု လာကြည့်၏။ မိမိကလည်း အားပေးစကား ပြောပေး၏။
(၁၀) လ ဝန်းကျင်လောက်မှာ ကျောင်းဆောက်၍ ပြီးသွားလေသည်။ကျောင်းဆောက်ပြီးသောအခါ ဒကာမကြီးသည် ဝမ်းသာအားရ ဖြစ်ပြီး ချက်ချင်း ကျောင်းရောက်လာလေသည်။ လူ တွဲပြီးတော့ လမ်းလျှောက်ရ၏။ လာချင်စိတ် ပြင်းပြလို့သာ လာခြင်း ဖြစ်သည်။ ရောဂါအခြေအနေက မကောင်းတော့။ သို့သော် မျက်နှာလေးကလည်း ကြည်နေ၏။ စကားပြောတော့လည်း ရွှင်ရွှင်ပြပြ ဖြစ်နေ၏။ စိတ်ကနေ ရုပ်ကို အထောက်အပံ့ ပေးလိုက်သည့် အတွက် လူက ရွှင်ရွှင်ပြပြ ဖြစ်နေခြင်း ဖြစ်သည်။
ကျောင်းဆောက်ပြီး (၁၀) ရက် ဝန်းကျင်လောက်မှာ ကျောင်းလွှတ်ပူဇာပွဲ ကျင်းပ၍ ကျောင်းရေစက်ချလေသည်။ ဒကာမကြီးသည် ရေစက်ချပွဲမှာလည်း တက်တက်ကြွကြွ ဖြစ်နေ၏။ ကိုယ်တိုင်လှူ ကိုယ်တိုင် ရေစက်ခွက် ကိုင်ပြီး ရေစက်သွန်းချလေသည်။
ကျောင်းရေစက်ချပွဲ ပြီးသောအခါ " တပည့်တော် ရည်မှန်းချက် အောင်ပြီဘုရား" ဟု လျှောက်ထားလေသည်။ ထို့နောက် ရွှင်ရွှင်ပြပြ ကြည်ကြည်နူးနူးဖြင့် အိမ်ပြန်သွားလေသည်။
ကျောင်းရေစက်ချပွဲပြီးလို့ ၃-ရက် အလွန်တွင် ဒကာမကြီးသည် ဆုံးပါးသွားလေတော့သည်။ မိမိသည် ဤမျှလောက် မြန်လိမ့်မည်ဟု မထင်ခဲ့ပါ။ ဒကာမကြီးသည် ကျောင်းရေစက်ချပွဲ မပြီးခင်က စိတ်ခွန်အားဖြင့် တက်ကြွနေခြင်း ဖြစ်သည်။ ကျောင်းရေစက်ချပွဲ ပြီးပြီဆိုသောအခါ စိတ်က လျှော့ချလိုက်၏။ ထို့ကြောင့် ကျောင်းရေစက်ချပွဲ ပြီးပြီးချင်း သေဆုံးသွားခြင်း ဖြစ်သည်။
"ရေစက်ချအုံးမယ်"ဆိုသည့် စိတ်က ဒကာမကြီး၏ ရုပ်ခန္ဓာကို ထောက်ပံ့ ထားခြင်း ဖြစ်၏။ ထို့ကြောင့် ကျောင်းရေစက်ချပွဲအထိ တက်ကြွနေခြင်း ဖြစ်သည်။ စိတ်က ရုပ်ကို ထောက်ပံ့ခြင်းပင် ဖြစ်သောကြောင့် "ပစ္ဆာဇာတ" ပင် ဖြစ်ပါသည်။
မျှော်လင့်ချက်
တချို့မိဘများဆိုလျှင် သေခါနီး ရောဂါအကြီးအကျယ် ဖြစ်၏။ ရောဂါက ကျွမ်းနေသောကြောင့် အလူးအလိမ့် ခံစားနေရ၏။ လူက ဝေဒနာခံစားနေရသော်လည်း စိတ်က အဝေးရောက်နေသည့် သားသမီးများကို မျှော်နေရှာ၏။
ထို့ကြောင့် " သား မလာသေးဘူးလား၊ သမီး မလာသေးဘူးလား၊ ငါ တွေ့ချင်တယ်" ဟု ပြောနေတော့၏။ ဝေဒနာဖြစ်နေသည့်ကြားထဲက သားသမီးကို မမေ့နိုင်ရှာ။ မိဘသံယောဇဉ်ဟု ပြောရမည်ပင် ဖြစ်သည်။
သားသမီးများ ရောက်လာသောအခါ မိဘဖြစ်သူမှာ ဝမ်းသာအားရ ဖြစ်သွား၏။ ထို့နောက် စကားလေး တစ်ခွန်း နှစ်ခွန်း ပြောပြီး ဆုံးသွားလေတော့သည်။ သားသမီးများကို တွေ့လိုက်သည့်အခါ ကျေနပ်သွား၏။ ယင်းသို့ ကျေနပ်သွားသည့်အတွက် စိတ်ကို လျှော့ချလိုက်လေသည်။ စိတ်လျှော့လိုက်သည်နှင့် တပြိုက်နက် အသက်လည်း တခါတည်း ချုပ်သွားလေတော့သည်။
ထို့ကြောင့် စိတ်သည် ရုပ်ကို ထောက်ပံ့နိုင်စွမ်း ရှိ၏။ သားသမီးတို့ကို မျှော်လင့်နေသည့် စိတ်က ရုပ်ကို ထောက်ပံ့ထားသောကြောင့် ရောဂါကျွမ်းနေသော်လည်း ချက်ချင်း မသေခြင်း ဖြစ်သည်။ စိတ်က ရုပ်ကို ထောက်ပံ့ခြင်းပင် ဖြစ်သောကြောင့် "ပစ္ဆာဇာတ" ပင် ဖြစ်သည်။
စိတ်ခွန်အား
မည်သည့်အလုပ်ပဲ လုပ်လုပ် စိတ်ဓာတ်ခိုင်မာမှ အောင်မြင်မှု ရနိုင်မည် ဖြစ်၏။ စိတ်ဓာတ်ခိုင်မာခြင်းသည် " ခွန်အား" တစ်မျိုးပင်တည်း။
ထို့ကြောင့် စစ်သူကြီး နပိုလီယံက " ငါ့အဘိဓာန်မှာ မဖြစ်နိုင်တာဆိုတာ မရှိ" ဟု ပြောခဲ့ပါသည်။ ယင်းသို့ ပြောခြင်းသည် စိတ်ခွန်အားကို ဖြစ်စေ၏။ စိတ်ခွန်အား ဖြစ်စေဖို့အတွက် ပြောကြားသည့် စကားကို " အနိုင်စကား" ဟု ခေါ်ပါသည်။ " အနိုင်စကား" ကို ပြောခြင်းသည် စိတ်ခွန်အားကို အရှိန်ကောင်းအောင် မြှင့်တင်ပေးခြင်းပင် ဖြစ်သည်။
လောကကြီးမှာ မဖြစ်နိုင်သည့်အရာများ မြောက်များစွာ ရှိ၏။ သို့သော် ကိုယ့်စိတ်ကိုတော့ လျှော့မတွက်သင့်ပေ။ " ဖြစ်ကို ဖြစ်ရမည်" ဟု ကြုံးဝါးရမည် ဖြစ်သည်။ ယင်းသို့ ကြုံးဝါးမှ စိတ်ခွန်အား ရရှိလာမည် ဖြစ်သည်။
ဘာမှ မလုပ်ရသေးဘဲ " ငါ မဖြစ်ဘူး" ဟု ဘယ်သောအခါမှ မပြောရ။ အလုပ် လုပ်ပြီး ဘယ်လိုမှ မဖြစ်တော့မှ " ငါ မဖြစ်ဘူး" ပြောရမည် ဖြစ်သည်။
မှန်၏။ တချို့က ဘာမှ မလုပ်သေးဘဲ " ငါ အရည်အချင်း မရှိဘူး၊ ငါလုပ်ရင် ဖြစ်မှာ မဟုတ်ပါဘူး၊ ငါ မစွမ်းဆောင်နိုင်ဘူး" ဆိုပြီး ပြောကြ၏။ ယင်းသို့ ပြောခြင်းသည်ဘဝကို အရှုံးပေးခြင်းပင် ဖြစ်၏။ ဘဝကို အရှုံးပေးပြီး ပြောသည့် စကားကို " အရှုံးစကား" ဟု ခေါ်သည်။ အရှုံးစကားကို ပြောခြင်းသည် စိတ်ခွန်အားကို လျော့ပါးစေ၏။
ထို့ကြောင့် မည်သည့်အလုပ်ပဲ လုပ်လုပ် "ဖြစ်ကို ဖြစ်ရမည်" ဟု ကြုံးဝါးရမည် ဖြစ်သည်။ ယင်းသို့ ကြုံးဝါးခြင်းသည် ကြီးမားသော စိတ်ခွန်အားကို ဖြစ်စေပါသည်။ ယင်းစိတ်ခွန်အားကပဲ အောင်မြင်သောဘဝဆီသို့ တွန်းပို့မည် ဖြစ်ပါပေ၏။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ