Tuesday, July 10, 2018

နေရပ်ပြန်ရန်အခက်တွေ့နေသည့် အထောက်ထားမဲ့မြန်မာအလုပ်သမားများသံအရာရှိရုံးထံ အကူအညီတောင်းခံလာမှုပိုမိုများပြားလာ

 


                      ထိုင်းနိုင်ငံအစိုးရက ဇူလိုင် ၁ ရက်မှ စတင်၍ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများအားဖမ်းဆီးစစ်ဆေးလျက်ရှိရာ အထောက်ထားမရှိသည့် မြန်မာအလုပ်သမားများအနေဖြင့် နေရပ်သို့ ပြန်ကြရန်အတွက်အလုပ်သမားသံအရာရှိ ရုံးထံဆက်သွယ်အကူအညီတောင်းခံမှုများရှိနေရာ ယခု ရက်သတ္တပတ်အတွင်း ဆက်သွယ်အကူညီတောင်းခံလာမှုပိုမိုများပြားလာကြောင်းမြို့တော်ဘန်ကောက်ရှိအလုပ်သမားသံအရာရှိရုံးမှထုတ်ပြန်ချက်အရသိရသည်။

ထိုသို့ လာရောက်အကူအညီတောင်းခံကြသည့် အလုပ်သမားများမှာ မကွေးတိုင်းဒေသကြီး၊အောင်လံမြို့နယ်များမှဖြစ်ပြီး ဒေသခံပွဲစားများမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းများဖြင့် ဝင်ရောက်လာကြခြင်းဖြစ်ကာအလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားများဖြစ်ကြောင်းသိရသည်။



“နာနတ်သီးစက်ရုံကို မေ ၂၄ ရက်ကရောက်ရှိခဲ့တာပါ၊  စက်ရုံမှာအလုပ်လုပ်တာ တစ်နေ့မှ ငွေဘတ် ၃၀၀ပဲရပါတယ်၊အချိန်ပိုဆင်းရတဲ့လုပ်အားခကြေးတော့မရပါဘူး၊လုပ်အားခလစာထွက်ချိန်မှာပွဲစား (Brok er) က လစာကိုလာယူပါတယ်၊ ပြီးတော့အသုံးစရိတ် ငွေဘတ် ၃၀၀လောက်ဘဲပြန်ပေးတာပါ၊ ခုဆိုထိုင်းနိုင်ငံမှာ အဖမ်းအဆီးတွေလုပ်နေတော့ တောထဲသွားပုန်းနေရပါတယ်၊ ထမင်းတောင်တစ်နေ့မှ တစ်နပ်ပဲစားရတာပါ၊  အဲဒါတောင်အသိတွေကလာကျွေးလို့စားရတာပါ'' ဟု ကိုအောင်ကျော်ခိုင်က ပြောသည်။


ပွဲစား(Broker)မှ အလုပ်သမားများအားရန်ကုန်မြို့မှ တဆင့်ထားဝယ်မြို့သို့ကားဖြင့်ပို့ဆောင်ခဲ့ပြီး ထိုမှတဆင့် မြန်မာနှင့်ထိုင်းနှစ်နိုင်ငံနယ်စပ်မြို့ဖြစ်သည့် ထီးခီးမြို့သို့ ဆက်လက်ခေါ်ဆောင်သွားခဲ့ကာ နယ်စပ်ဂိတ် ၌၇ ရက်သက်တမ်းရှိသည့် နယ်စပ်ဖြတ်သန်းသွားလာခွင့်(Border Passes)စာအုပ်ကိုပြုလုပ်ပေးပြီး ကန်ချပူရီမြို့ရှိ နာနတ်သီးစက်ရုံသို့ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။


          မြန်မာ အလုပ်သမားများမှာ ထိုင်းနိုင်ငံသို့လာရောက်အလုပ်လုပ်ကိုင်ရန်အတွက် ဒေသခံပွဲစားဖြစ်သူ ဦးတင်အေးဆိုသူကိုမြန်မာငွေကျပ် ငါးသောင်းပေးခဲ့ရပြီး၊ထိုင်းနိုင်ငံဘက်ခြမ်း ၌  ပွဲစားဖြစ်သူက ထိုင်းနိုင်ငံသုံးဘတ်ငွေ၁၄၀၀၀ တောင်းခံသဖြင့်  အလုပ်သမားများမှပွဲစားအား ငွေဘတ်  ၆၀၀၀ ပေးခဲ့ရကြောင်းသိရသည်။


“အဖမ်းအဆီးတွေရှိနေတယ်ဆိုတော့ အလုပ်မလုပ်ရဘူး၊ တောထဲမှာသွားပုန်းအောင်းနေရတာ ၇ ရက်လောက်ရှိနေပါပြီ၊ ခုလည်းအလုပ်သမားသံအရာရှိထံဖုန်းဆက်ပြီး အကူညီတောင်းခံတော့ သံအရာရှိက ကျွမတို့ပုန်းအောင်းနေတဲ့နေရာအထိကို ကားနဲ့လာကယ်ထုတ်ပေးလို့ အဲဒီကနေထွက်လာရတာပါ၊ ထိုင်းနိုင်ငံမှာတရားမဝင်အလုပ်လာလုပ်ရတာလုပ်အားခတွေလည်းဆုံးရှုံးပြီး  နေရထိုင်ရတာလည်း ဒုက္ခရောက်လွန်းလို့အိမ်ပဲအမြန်ပြန်ချင်ပါတော့တယ်”ဟု နာနတ်သီးစက်ရုံ မှ မမြင့်မြင့်ခိုင်ကပြောသည်။


ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်သမားပပျောက်စေရေးအတွက် ထိုင်းအာဏာပိုင်များမှ နိုင်ငံတဝှမ်းအလုပ်သမားစီစစ်ရေးလုပ်ဆောင်မှုများပြုလုပ်သည့်နေ့မှစ၍  ဘန်ကောက်မြို့ ရှိမြန်မာအလုပ်သမားသံအရာရှိရုံးသို့အကူညီတောင်းခံလာကြသောနေရပ်ပြန်ကြရန်အခက်အခဲတွေ့နေကြသည့်အထောက်အထားမဲ့မြန်မာအလုပ်သမားဦးရေမှာ စုစုပေါင်း ၂၅ ဦးခန့်ရှိပြီဖြစ်ကြောင်းသိရသည်။


“ကျွန်တော်တို့ထံဆက်သွယ်ပြီးရုံးကိုရောက်ရှိလာတဲ့အလုပ်သမားက ၁၂ ဦးရှိပြီး အခုဆက်သွယ်အကူအညီတောင်းခံလာတဲ့ ၁၃ ဦးကတော့သူတို့ရှိနေတဲ့ နေရာထိသွားပြီးခေါ်လာခဲ့ရပါတယ်၊ လက်ရှိ သူတို့ကိုနေရပ်ပြန်ပို့နိုင်ရေးအတွက်စီစဉ်နေသလို အလုပ်သမားတွေထဲကမှ ထိုင်းနိုင်ငံမှာပြန်လာပြီးအလုပ်လာရောက်လုပ်ကိုင်ချင်တဲ့သူတွေရှိရင်လည်း MOEAFအဖွဲ့အနေနဲ့  MOUစနစ်နဲ့ပြန်လာအလုပ်လုပ်ကိုင်ဖို့ကို စေတနာနဲ့ကူညီပေးဖို့လည်းရှိပါတယ်” ဟုအလုပ်သမားသံအရာရှိဦးစန်းမောင်ဦးကပြောသည်။


ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်လိုကြသည့် မြန်မာအလုပ်သမားများအနေဖြင့် ပွဲစား(Broker)၏ စကားကို ယုံကြည်ကြပြီးတရားမဝင်နည်းလမ်းများဖြင့် ထိုင်းနိုင်ငံ သို့ လာရောက်အလုပ်လုပ်ကိုင်ပါက အလုပ်သမားအခွင့် အရေးနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း၊ အဓမ္မ လုပ်အားခိုင်းစေခံရခြင်း၊ လူကုန်ကူးခံရခြင်းတို့ကို မလွဲ မသွေ တွေ့ကြုံရမည်ဖြစ်၍ တရားဝင်နည်းလမ်းဖြစ်သည့် MoUစနစ်ဖြင့်သာ ထိုင်းနိုင်ငံသို့ လာရောက်အလုပ် လုပ်ကိုင်ကြရန် လိုအပ်ကြောင်း အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးက ဆက်လက်ပြောကြားသည်။

Subscribe Us