Tuesday, July 10, 2018

CIအသိမ်းခံထားရသည့် အိမ်အကူအလုပ်သမားနှစ်ဦး MOEAFအဖွဲ့သို့လာရောက်အကူညီတောင်းခံ

 


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အီစလာဖလမ်းမကြီးအနီး စီဝါလိုင်အိမ်ယာရှိ နေအိမ်တစ်ခုတွင်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားနှစ်ဦးသည် မိခင်ဖြစ်သူကျန်းမာရေးမကောင်းသဖြင့် အိမ်ပြန်ခွင့်တောင်းရာ  အလုပ်ရှင်ဖြစ်သူက CIစာအုပ်အပါဝင် အထောက်ထားများသိမ်းဆည်းထားသဖြင့် ဘန်ကောက်မြို့ရှိ MOEAFအဖွဲ့သို့ ယနေ့တွင် လာရောက်အကူညီတောင်းခဲ့ကြောင်းသိရသည်။

အလုပ်သမားနှစ်ဦးဖြစ်သည့် မနုအေးသည် လုပ်သက်ခြောက်နှစ်ခန့်ရှိပြီးသလို လုပ်အားခလစာ
တစ်လလျှင် ထိုင်းနိုင်ငံသုံးဘတ်ငွေ ၇၅၀၀ခန့်ရရှိပြီး  မနွယ်နီစိုးသည် လုပ်သက်တစ်နှစ်ခွဲခန့်ရှိပြီး
တစ်လလျှင် လုပ်အားခလစာထိုင်းနိုင်ငံဘတ်ငွေ ၆၀၀၀ရရှိကြောင်းသိရသည်.။


“အမေနေမကောင်းဖြစ်လို့ အိမ်ပြန်ခွင့်တောင်းတာ CIစာအုပ်သိမ်းထားပြီး နှင်ထုတ်လိုက်တယ်၊
 အမေထံပြန်မို့ကလည်း ဘာစာအုပ်မှမရှိတော့မပြန်ရဲဘူး၊ အဲဒါနဲ့ဖေ့ဘုတ်ပေါ်မှာMOEAFရုံးဖုန်း
နံပါတ်ကိုတွေ့တာနဲ့ဆက်သွယ်ပြီးရုံးမှာလာရောက်အကူညီတောင်းခံတာပါ”လို့ မနုအေးကပြောသည်။
အလုပ်သမားများသည် အလုပ်နားရက်မရရှိသလို အပြင်ထွက်ခွင့်လည်းမရရှိကြောင်း
အလုပ်သမားများ၏ပြောကြားချက်အရသိရသည်။

“ အလုပ်ရှင်ဖြစ်သူကိုဆက်သွယ်နေတာ ဖုန်းဝင်တယ်မကိုင်ဘူးဖြစ်နေတယ်၊ နောက်ဆုံးဘယ်လိုမှဆက်သွယ်လို့မရရင်တော့ အလုပ်သမားသံအရာရှိနဲ့ထိုင်းအလုပ်သမားဝန်ကြီးတို့ချိတ်ဆက်ပြီး မိမိတို့နိုင်ငံသားအလုပ်သမားတွေရဲ့အရေးကိစ္စနဲ့ပက်သက်ပြီးဆက်လက်ဆောင်ရွက်သင့်တာတွေကိုဥပဒေနဲ့အညီဆက်လက်ဆောင်ရွက်သွားပါမယ်”လို့MOEAFအဖွဲ့၏ ဥပဒေအကြံပေး ဦးအောင်မျိုးသန့်က ပြောသည်

လက်ရှိအချိန်တွင် အလုပ်သမားနှစ်ဦးသည် ဘန်ကောက်မြို့ရှိ ပြည်ပအလုပ်ကိုင်ရှာဖွေးရေးအေဂျင်စီများအဖွဲ့(MOEAF)ရုံးတွင် ခိုလှုံလျက်ရှိကြောင်းသိရသည်။

Subscribe Us