"သဟဇာတ" ဆိုသည်မှာ အတူတကွ ဖြစ်ခြင်း၊ ပြိုင်တူဖြစ်ခြင်းဟု အဓိပ္ပါယ်ရ၏။ အကြောင်းတရားသည် အကျိုးတရားကို ပြိုင်တူဖြစ်၍ ကျေးဇူးပြုသည်ဟု ဆိုလိုသည်။
ဆီမီးထွန်းသည့်အခါတွင် မီး တောက်သည်နှင့် တပြိုင်နက် အလင်းရောင် ပေါ်ထွက်လာ၏။ မီးကြောင့် အလင်းရောင် ပေါ်ထွက်လာရကား မီးသည် အကြောင်း၊ အလင်းသည် အကျိုးတည်း။ မီးတည်းဟူသော အကြောင်းနှင့် အလင်းတည်းဟူသော အကျိုးတို့သည် ပြိုင်တူဖြစ်ကြလေသည်။
ထိုနည်းတူစွာ အကြောင်းတရားနှင့် အကျိုးတရားတို့သည် ပြိုင်တူဖြစ်၍ ကျေးဇူးပြုနေကြသည်။
ထို့ကြောင့် ရုပ်နှင့်နာမ်တို့သည် အကြောင်းတရား၊ ယင်းအကြောင်းတရားနှင့် ပြိုင်တူ ဖြစ်လာကြသော ရုပ်နှင့် နာမ်တို့က အကျိုးတရား။ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့် ပစ္စည်းကို "သဟဇာတပစ္စည်း" ဟု ခေါ်သည်။
ပါဠိနှင့် ဘာသာပြန်
စတ္တာရော ခန္ဓာ အရူပိနော အညမညံ သဟဇာတပစ္စယေန ပစ္စယော။
စတ္တာရော- ၄ ပါးကုန်သော၊ အရူပိနော- နာမ်ဖြစ်ကုန်သော။ ခန္ဓာ- ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာတို့သည်။ အညမညံ- အချင်းချင်း။ သဟဇာတပစ္စယေန- သဟဇာတ ပစ္စယသတ္တိဖြင့်။ ပစ္စယော- ကျေးဇူးပြုသည်။ ဟောတိ- ဖြစ်ပါပေ၏။
အကြောင်း အကျိုး
၁။ ဝေဒနာက္ခန္ဓာ (ခံစားမှု) သညာက္ခန္ဓာ ( မှတ်သားမှု) ၊ သင်္ခါရက္ခန္ဓာ ( စေ့ဆော်မှု)၊ ဝိညာဏက္ခန္ဓာ ( စိတ်) ဟူသော နာမ်ခန္ဓာ ၄-ပါးတို့သည် အပြန်အလှန် ပြိုင်တူဖြစ်ပြီး ကျေးဇူးပြုနေကြ၏။
ဝေဒနာက္ခန္ဓာက အကြောင်းဆိုလျှင် ကျန်ခန္ဓာ ၃- ပါးက အကျိုး ဖြစ်၏။
သညာက္ခန္ဓာက အကြောင်းဆိုလျှင် ကျန်ခန္ဓာ ၃- ပါးက အကျိုး ဖြစ်၏။
သင်္ခါရက္ခန္ဓာက အကြောင်းဆိုလျှင် ကျန်ခန္ဓာ ၃- ပါးက အကျိုး ဖြစ်၏။
ဝိညာဏက္ခန္ဓာက အကြောင်းဆိုလျှင် ကျန်ခန္ဓာ ၃- ပါးက အကျိုး ဖြစ်၏။
၂။ ပထဝီ ( မြေ)၊ အာပေါ (ရေ)၊ တေဇော (မီး)၊ ဝါယော (လေ) တည်းဟူသော ဓာတ် ၄- ပါးတို့လည်း ပြိုင်တူဖြစ်ပြီး အပြန်အလှန် ကျေးဇူးပြုနေကြ၏။
ပထဝီက အကြောင်းဆိုလျှင် ကျန်ဓာတ် ၃- ပါးက အကျိုး ဖြစ်၏။
အာပေါက အကြောင်းဆိုလျှင် ကျန် ဓာတ် ၃- ပါးက အကျိုး ဖြစ်၏။
တေဇောက အကြောင်းဆိုလျှင် ကျန် ဓာတ် ၃- ပါးက အကျိုး ဖြစ်၏။
ဝါယောက အကြောင်းဆိုလျှင် ကျန် ဓာတ် ၃- ပါးက အကျိုး ဖြစ်၏။
၃။ မိခင်ဝမ်းကြာတိုက် သန္ဓေတည်သောအခါ ပဋိသန္ဓေစိတ် ( အစဆုံး ဖြစ်တဲ့ စိတ်) နှင့် ဟဒယဝတ္တု ( နှလုံး) တို့လည်း ပြိုင်တူဖြစ်ပြီး အပြန်အလှန် ကျေးဇူးပြုနေကြ၏။
ပဋိသန္ဓေစိတ်က အကြောင်းဆိုလျှင် ဟဒယဝတ္ထုရုပ်က အကျိုး၊ ဟဒယဝတ္ထုရုပ်က အကြောင်း ဆိုလျှင် ပဋိသန္ဓေစိတ်က အကျိုး ဖြစ်၏။
၄။ စိတ်သည် စိတ္တဇရုပ်ကို ပြိုင်တူဖြစ်ပြီး ကျေးဇူးပြု၏။ စိတ်က အကြောင်း၊ စိတ်ကြောင့်ဖြစ်သည့် စိတ္တဇရုပ်က အကျိုး ဖြစ်၏။
၅။ ဓာတ် ၄- ပါးသည် ကျန်သည့် ရုပ်များကို ပြိုင်တူဖြစ်ပြီး ကျေးဇူးပြု၏။ ဓာတ် ၄- ပါးက အကြောင်း၊ ကျန်ရုပ်များက အကျိုး ဖြစ်၏။
သဟဇာတပစ္စည်း တစ်ခုလုံးကို ခြုံငုံ ကြည့်လျှင် အကြောင်းကလည်း ရုပ်နှင့် နာမ်၊ အကျိုးကလည်း ရုပ်နှင့် နာမ်တို့ ဖြစ်ကြသည်။
သဟဇာတနှင့် လက်တွေ့ဝါဒ
ဓမ္မနယ်ပယ်မှာသာ "သဟဇာတ" ရှိသည် မဟုတ်၊ လောကနယ်ပယ်မှာလည်း "သဟဇာတ" ရှိ၏။ အကြောင်း အကျိုး ပြိုင်တူ ဖြစ်လျှင် " သဟဇာတ" ပင် ဖြစ်သည်။
မီးသည် ပူတတ်သည့် သဘာဝ ရှိသည့်အတွက် မီးကိုင်လျှင် ပူ၏။ အခုကိုင် အခု ပူ၏။
ထန်းလျက်သည် ချိုသည့် အရသာ ရှိသောကြောင့် ထန်းလျက် စားလျှင် ချို၏။ အခုစား အခု ချို၏။ ဤကား "သဟဇာတ" ပင် ဖြစ်သည်။
ထိုနည်းတူစွာ အလုပ် လုပ်လျှင် အကျိုးရလဒ်သည် ချက်ချင်း ရလာ၏။
မှန်၏။ အခု စာတစ်ကြောင်း ရေး၊ အခု စာတစ်ကြောင်း ပြီးသွားတော့၏။ အခု ခြေတစ်လှမ်းသွား အခု ခြေတစ်လှမ်း ရောက်သွား၏။ အကြောင်းနှင့် အကျိုးတို့ ပြိုင်တူ ဖြစ်သောကြောင့် "သဟဇာတ" ပင် ဖြစ်သည်။
ထို့ကြောင့် သဟဇာတကို မိမိအနေဖြင့် "လက်တွေ့ဝါဒ" ဟု ဖွင့်ဆိုချင်ပါ၏။ "အခုလုပ် အခုရ, အခုသွား အခုရောက်" ဟူသော ဝါဒသည် လက်တွေ့ဝါဒတည်း။ လက်တွေ့ဝါဒကို လက်ခံသူသည် ဉာဏ် ဝီရီယကိုသာ အားကိုးလေတော့သည်။
ကံက အခြေခံ
လောကီအလုပ် လောကုတ္တရာအလုပ်၊ မည်သည့်အလုပ်ပဲ ဖြစ်ဖြစ် အလုပ်ပြီးမြောက်ဖို့အတွက် ဉာဏ် ဝီရိယက လုပ်ဆောင်ရ၏။ ရှေးကံသည် လမ်းကြောင်းပေါ်သို့ တင်ပေးရုံသာ ဖြစ်ရကား အခြေခံ အုတ်မြစ် ချပေးရုံမျှသာ ဖြစ်သည်။
ပညာတတ် ဖြစ်စေရန်အတွက် မိဘက သားသမီးကို ကျောင်းပို့လိုက်သော်လည်း ပညာတတ်ဖြစ်အောင် ကြိုးစားရမှာက သားသမီး၏ တာဝန်သာ ဖြစ်သည်။ သားသမီးက မကြိုးစားလျှင် ပညာတတ် ဖြစ်မည် မဟုတ်ပါ။
ထိုနည်းတူစွာ ရှေးကံက လူ့ဘဝကို ပို့လိုက်သော်လည်း ဉာဏ် ဝီရိယက အားမထုတ်လျှင် မည်သည့်နည်းနှင့်မျှ ကြီးပွားချမ်းသာမည် မဟုတ်ပါ။
ရှေးကံကို ယိုးမယ်ဖွဲ့လွန်းလျှင် အယူလွဲသွားတော့၏။ "ပုဗ္ဗေကတ ဟေတု ဒိဋ္ဌိ" ဟု ခေါ်သည်။
ထို့ကြောင့် မန်လည်ဆရာတော်ကြီးက "ကြီးပွားချမ်းသာဖို့အတွက် ကံကို ယိုးမယ်မဖွဲ့ကြနဲ့၊ ဉာဏ် ဝီရိယကို အားကိုးကြ" ဟု မိန့်တော်မူခဲ့ပါသည်။
ကံဟု မူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာ ဘောဂ၊ ဇီဝိတနှင့်၊ သုခ ပွားရန်၊ ဤလူ့ဌာန်နှိုက်၊ ဉာဏ် ဝီရိယ၊ ပယောဂတည့်။
ကာလ ဒေသ၊ ပုဂ္ဂလကို၊ နှိုင်းဆအပ်တုံ၊ ကံကို ယုံ၍့၊ မီးပုံအတွင်း၊ မဆင်းထိုက်စွာ၊ ကျားရဲးရာလည်း၊ကြမ္မာအကြောင်း၊ မရိုးကောင်းတိ၊ သူဟောင်း ရှေးက၊ ဆိုကုန်ကြ၏။
လုံ့လ မထူ၊ ဉာဏ်မကူဘဲး၊ အယူ တချောင်း၊ ကံ တကြောင်းမျှ၊ မကောင်းလည်း ကံ၊ ကောင်းလည်း ကံဟု၊ ကံကိုချည်းသာ၊ မကိုးရာဘူး၊ ပညာ ဉာဏ်ဖြင့်၊ သင့် မသင့်ကို၊ အခွင့် ရှု၍့၊ အပြု လုံ့လ၊ ရှိအပ်စွတည့်။
တံငါ့ လက်တွင်း၊ ရောက်လျှင်းတုံငြား၊ သုံးကောင် ငါးကို၊ မှတ်သား ဝမ်းထဲး၊ နည်းယူ စွဲးလော့။
ကံမွဲး ဉာဏ်နုန့်၊ မလုံ့ မလ၊ နတ် မ,မဘူး၊ အလသမျိုး၊ အကျိုး ယွင်းယို၊ အလို ရော့ရည်း၊ မကျော့ကျည်းနှင့်၊ ကိုယ်လည်း လုံ့လ၊ နတ်လည်း မ၍့၊ တောင့်တ ကြံရာ၊ မြန် မကြာလျှင်၊ လွယ်ကာ ကိစ္စ၊ ပြီးနိုင်ကြ၏။ ( မဃဒေဝ)
ငါးသုံးကောင်
တခါက ဂင်္ဂါမြစ်အတွင်း၌ ကံယုံသောငါး၊ ဉာဏ်ရှိသောငါး၊ ဝီရိယ ရှိသောငါးဆိုပြီး ငါး ၃- ကောင် ရှိလေသည်။
တနေ့ ၊ တံငါတို့သည် ငါးရှာရန်အတွက် ဂင်္ဂါ မြစ်ကမ်းနား၌ ပိုက်ကွန်များကို ပြင်ဆင်ကြလေသည်။
ထိုအခါ ဝီရိယ ရှိသောငါးသည် ပိုက်ကွန်ကို ကြောက်သည့်အတွက် တခြားငါးတို့ကို သတိပေးကာ ကိုယ်တိုင်လည်း ပိုက်ကွန်နှင့် ဝေးရာသို့ ပြေးလေတော့သည်။
ဉာဏ်ရှိသောငါးနှင့် ကံယုံသော ငါးသည်တို့သည်ကား ဘယ်မှ မသွားပဲ နေမြဲတိုင်း နေနေကြ၏။
တံငါတို့သည်တို့သည် ပြင်ဆင်ပြီးသောအခါ မြစ်ထဲ ပိုက်ကွန် ချလိုက်လေသည်။ ဉာဏ်ရှိသောငါးနှင့် ကံယုံသော ငါးတို့သည်ကား ကြောင့်ကြမဲ့ နေကြသည့်အတွက် ပိုက်အတွင်း၌ မိသွားကြတော့သည်။
ထိုအခါ ဉာဏ်ရှိသောငါးသည် သေယောင်ဆောင်၍ နေ၏။ ကံယုံသောငါးကတော့ ကံရှိက လွတ်လိမ့်မည်ဟု ပုံမှန်အတိုင်း နေနေ၏။
တံငါတို့သည် သေယောင်ဆောင်သော ငါးကို သေပြီအထင်နှင့် အသာလေးယူပြီး ကမ်းစပ်ပေါ် တင်ထားလိုက်၏။ ကံယုံသော ငါးကိုကား ဝိုင်းဖမ်းပြီး တောင်းကြီးထဲ၌ ထည့်လိုက်ကြ၏။
ထိုအချိန်မှာပဲ ဉာဏ်ရှိသောငါးသည် မြစ်ထဲသို့ ဆင်းပြေးလေတော့သည်။
ထို ငါး ၃- ကောင်တွင် ဝီရိယရှိသောငါးသည် လွတ်ထိုက်သော ကံရှိသလို ဝီရိယလည်း ရှိသည့်အတွက် သေဘေးမှ လွတ်မြောက်သွား၏။
ဉာဏ်ရှိသောငါးသည် လွတ်ထိုက်သော ကံရှိသလို ဉာဏ်လည်း ရှိသည့်အတွက် သေဘေးမှ လွတ်မြောက်သွား၏။
ကံယုံသောငါးသည်ကား ကံကိုသာ အားကိုးပြီး ဉာဏ် ဝီရိယကို အားမကိုးသဖြင့် အသတ်ခံရလေသည်။ ဤပုံပြင်သည် ကံကို ယိုးမယ်ဖွဲ့သူများအား အသိပေးထားခြင်း ဖြစ်သည်။
လက်တွေ့ဝါဒ
သဟဇာတကို နားလည်လျှင် လက်တွေ့ဝါဒကို လက်ခံသွားတော့သည်။ လက်တွေ့ဝါဒကို လက်ခံသော ပုဂ္ဂိုလ်သည် " ရလိမ့်နိုးနိုး ဖြစ်လိမ့်နိုးနိုး" ဟူသော မျှော်တော်ယောင် အကျင့်၊ ကံကို ယိုးမယ်ဖွဲ့တတ်သည့် အကျင့်၊ လေထဲတိုက်ဆောက်သည့် အကျင့်၊ နတ်ဒေဝါများကို အားကိုးလွန်းသည့် အကျင့်များ ပပျောက်သွားလေတော့သည်။
မှန်၏။ လက်တွေ့ဝါဒကို လက်ခံသူသည် ဉာဏ်ဝီရိယကိုသာ အားကိုး၏။ ဉာဏ် ဝီရိယကို အားကိုးသော သူသည် "သွားမှ ရောက်၏, စားမှ ဝ၏, လုပ်မှ ရ၏" ဟူသော ခံယူချက်ဖြင့် ကြိုးစားလေ၏။ ယင်းသို့ ကြိုးစားမှသာ "တစ်နေ့ တစ်လံ ပုဂံ ဘယ်ပြေးမလဲ" ဆိုသကဲ့သို့ လိုရာခရီးသို့ ရောက်ရှိမည် ဖြစ်ပေသည်တကား။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ