Monday, June 26, 2023

သမနန္တရပစ္စယော


"သမနန္တရ" ဟူသည် လွန်ကဲစွာ အခြားမဲ့ ဟု အဓိပ္ပါယ်ရ၏။ အကြောင်းတရားက အကျိုးတရားကို အမှန်တကယ် ခြားကွယ်ခြင်း မရှိဘဲ ကျေးဇူးပြုသည်ဟု ဆိုလိုသည်။

အမှန်တကယ် ခြားကွယ်ခြင်း မရှိဘဲ ကျေးဇူးပြုဆိုသည်မှာ ရှေ့စိတ်နှင့် နောက်စိတ်ဟု စိတ်နှစ်မျိုး ရှိသော်လည်း ရှေ့စိတ်၏ ပျက်ခြင်းနှင့် နောက်စိတ်၏ ဖြစ်ခြင်းတို့ အကြား ခြားကွယ်ခြင်း မရှိရကား စိတ်တစ်မျိုးတည်းကဲ့သို့ ဖြစ်နေ၏ဟု ဆိုလိုသည်။

ရုပ်တရားသည် တစ်ခုနှင့် တစ်ခု ပေါင်းစပ်ထားသော်လည်း ရုပ်တစ်ခုနှင့် တစ်ခု အပိုင်းအခြား ရှိ၏။ ယင်းအပိုင်းအခြားကိုပင် "အာကာသဓာတ်" ဟု ခေါ်သည်။ နာမ်တရားတို့သည်ကား ရုပ်တရားကဲ့သို့ ခွဲခြားလို့ မရပေ။ ရှေ့စိတ်နှင့် နောက်စိတ်တို့သည် တစ်ခုတည်းကဲ့သို့ ထင်ရလောက်အောင် ဆက်သွယ်ပြီး ဖြစ်နေကြလေသည်။

စိတ်အစဉ်တန်းကြီးသည် သူ့အစီအစဉ်နှင့်သူ ဖြစ်နေ၏။ ရှေ့စိတ် ပျက်လျှင် နောက်စိတ်သည် ချက်ချင်း ဖြစ်လာ၏။ နောက်စိတ်ကလည်း ဖြစ်ပြီးနောက် ပျက်ပြန်ရကား နောက်ထပ် စိတ်အသစ် ဖြစ်လာပြန်၏။

ဤသို့လျှင် ရှေ့စိတ်ပျက်လိုက် နောက်စိတ်ဖြစ်လိုက်နှင့် စိတ်အစဉ်အတန်းကြီးသည် ပုံမှန် လည်ပတ်နေတော့သည်။

ထို့ကြောင့် ရှေ့စိတ် (နာမ်တရား) သည် အကြောင်းတရား။ နောက်စိတ် (နာမ်တရား) သည် အကျိုးတရား။ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့် ပစ္စည်းကို "သမနန္တရပစ္စည်း" ဟု ခေါ်ပါသည်။


အနန္တရနှင့် သမနန္တရ

သမနန္တရပစ္စည်းနှင့် အနန္တရပစ္စည်းသည် စကားလုံးပဲ ကွဲပါသည်။ သဘောအဓိပ္ပါယ်ချင်း အတူတူပင် ဖြစ်၏။

ထိုသို့ဖြစ်လျှင် ဘာကြောင့် ဟောရသနည်း၊ "ဝေနေယျဇ္စျာသယ" ကြောင့်တည်း။ ချဲ့ဦးအံ့။ " ဝေနေယျဇ္စျာသယ" ဆိုသည်မှာ သတ္တဝါတို့၏ အလိုဆန္ဒဟု အဓိပ္ပါယ် ရ၏။ တချို့က "အနန္တရပစ္စယော" ဟု ဟောမှ နားလည်၏။ တချို့က "သမနန္တရပစ္စယော" ဟု ဟောမှ နားလည်၏။ သူ့အကြိုက်နှင့် သူပင် ဖြစ်သည်။

အနှစ်ချုပ်ကား အနန္တပစ္စည်းနှင့် သမနန္တရပစ္စည်းသည် သဘောအဓိပ္ပါယ်က ထူးခြားသောကြောင့် ဟောကြားခဲ့ခြင်း မဟုတ်၊ "ဝေနေယျဇ္စျာသယ" ကြောင့် ဟောရခြင်း ဖြစ်သည်ဟု ဆိုလိုပေသည်။

ပါဠိနှင့် ဘာသာပြန်

ယေသံ ယေသံ ဓမ္မာနံ သမနန္တရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ, တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ သမနန္တရပစ္စယေန ပစ္စယော။

ယေသံ ယေသံ ဓမ္မာနံ၊ အကြင်အကြင် ရှေးရှေး၌ ဖြစ်ကုန်သော တရားတို့၏။ သမနန္တရာ- လွန်ကဲစွာ အခြားမဲ့၌ ဖြစ်ကုန်သော။ ယေယေ ဓမ္မာ၊ အကြင် အကြင် နောက်နောက်၌ ဖြစ်ကုန်သော၊ စိတ္တစေတသိကာ ဓမ္မာ ၊ စိတ်စေတသိက် တရားတို့သည်။ ဥပ္ပဇ္ဇန္တိ- ဖြစ်ကြလေကုန်၏။

တေတေ ဓမ္မာ - ထိုထိုရှေးရှး၌ ဖြစ်ကုန်သော တရားတို့သည်။ တေသံ တေသံ ဓမ္မာနံ၊ ထိုထို နောက်နာက်၌ ဖြစ်ကုန်သော တရားတို့အား။ သမနန္တရပစ္စယေန- သမနန္တရ ပစ္စယသတ္တိဖြင့်၊ ပစ္စယော- ကျေဇူးပြုသည်၊ ဟောတိ- ဖြစ်ပါပေ၏။


နိယာမ ၅- ပါး

တစုံတယောက်သော တန်ခိုးရှင်ပုဂ္ဂိုလ်က ဖန်ဆင်းထားသည် မဟုတ်ဘဲ မိမိတို့ သဘာဝအတိုင်း ဖြစ်နေသည့်အရာကို "နိယာမ" ဟု ခေါ်၏။ မည်သူကမှ ဖန်ဆင်းထားသည် မဟုတ်သကဲ့သို့ မည်သူကမှလည်း ပြုပြင်လို့ မရပေ။ သူ့သဘာဝအတိုင်း ဖြစ်နေသည့် အရာပင် ဖြစ်သည်။ ထိုနိယာမသည် ၅- ပါး ရှိ၏။


၁။ ကမ္မနိယာမ

ကုသိုလ်ကံသည် ကောင်းကျိုးကို ပေး၏။ အကုသိုလ်ကံသည် မကောင်းကျိုးကို ပေး၏။ ဤကဲ့သို့ အကျိုးပေးခြင်းသည် တစုံတယောက်က ဖန်ဆင်းထားသည် မဟုတ်၊ သဘာဝအတိုင်း ဖြစ်နေခြင်းပင်တည်း။ ယင်းသဘောတရားကိုပင် "ကမ္မနိယာမ" ဟု ခေါ်၏။

ယနေ့ပစ္စုပ္ပန်အချိန်၌ ကောင်းမှုလုပ်လျှင် နောင်အနာဂတ်မှာ ပုံရိပ်လှမည် ဖြစ်၏။ ယနေ့ ပစ္စုပ္ပန်အချိန်၌ မကောင်းမှု လုပ်လျှင် နောင်အနာဂတ်မှာ ပုံရိပ် လှမည် မဟုတ်ပါ။ ထို့ကြောင့် ယနေ့ပစ္စုပ္ပန်အချိန်မှာ ကောင်းမှု များများလုပ်ဖို့ လိုအပ်လှပေသည်။

ကံဆိုသည်မှာ စေတနာပင် ဖြစ်သည်။ စေတနာ ထက်သန်လျှင် ထက်သန်သလောက် အကျိုးပေးလည်း အားကောင်းသွားလေတော့၏။ ထို့ကြောင့် ရှေးလူကြီးများက " စေတနာ ထက်သန်လျှင် ညောင်စေ့လေးလောက် လှူသော်လည်း ညောင်ပင်ကြီးလောက် အကျိုးရ၏" ဟု ပြောခဲ့ကြခြင်း ဖြစ်သည်။

သိကြားမင်းသည် လွန်ခဲ့သော ဘဝတစ်ခုက ရပ်ရွာသာယာရေးအတွက် လမ်းပြင်တံတားခင်း ရေတွင်းရေကန်တူးစသော ကောင်းမှုများ လုပ်ခဲ့၏။ သူ နေထိုင်သည့် မစလရွာလေးသည် နေချင်စဖွယ်ရွာလေး ဖြစ်သွားလေသည်။ ထိုကုသိုလ်ကံကြောင့် ကြီးကျယ်ခန်းနားသော သိကြားမင်းစည်းစိမ်ကို ရရှိသွားလေသည်။ ဤသို့ကောင်းကျိုးပေးခြင်းသည်ကား ကုသိုလ်ကံ၏ နိယာမပင် ဖြစ်သည်။

ကဿပဘုရားလက်ထက်က အမျိုးသမီးတစ်ယောက် ရှိခဲ့၏။ ပစ္စည်းဥစ္စာ ကြွယ်ဝသော်လည်း ကိုယ်ချင်းစာတရား မရှိ။ ထို့ကြောင့် ကျွန်မလေးကို အမျိုးမျိုး နှိပ်စက်၏။ ကျွန်မလေးသည် နာကျည်းသွားပြီး " ဒီဘဝ နှိပ်စက်ခံရသမျှ ုပြန်ပြီး ဂလဲ့စား ချေမည်" ဟု စိတ်ထဲ မှတ်ထားလိုက်လေသည်။

ဘုရားဂေါတမလက်ထက် ရောက်သောအခါ ကျွန်မလေးက သခင်မ ဖြစ်လာပြီး သခင်မက ကျွန်မ ဖြစ်လာလေသည်။ အတိတ်က ရန်ငြိုးကြောင့် သခင်မသည် ကျွန်မလေးကို အမျိုးမျိုး နှိပ်စက်လေတော့သည်။

ဝဋ်ဆိုသည်မှာ လည်တတ်သည့် သဘာဝ ရှိ၏။ ထို့ကြောင့် သူတပါးကို ဘယ်တော့မှ ဒုက္ခမပေးရ။ သူများကို ဒုက္ခ ပေးလျှင် ထိုဒုက္ခကို အတိုးနှင့်တကွ ပြန်ရလေသည်။ ဤသို့ မကောင်းကျိုးပေးခြင်းသည်ကား အကုသိုလ်ကံ၏ နိယာမပင် ဖြစ်သည်။

မြတ်စွာဘုရားက ထိုအကြောင်းကို သိတော်မူသည့်အတွက် " ပြုသူအသစ် ဖြစ်သူ အဟောင်း" ဆိုပြီး အတိတ်က ဖြစ်ရပ်ကို ဟောကြားလိုက်လေသည်။ ထိုတရားကြောင့် သခင်မသည် စိတ်မကောင်း ဖြစ်ပြီး ကျွန်မလေးကို မနှိပ်စက်တော့ပေ။ ညီမလေးတစ်ယောက်ကဲ့သို့ စောင့်ရှောက်ပြီး အတူလက်တွဲ၍ နေထိုင်သွားလေတော့သည်။

ထို့ကြောင့် ကောင်းကျိုးချမ်းသာကို ရချင်သည့် ပုဂ္ဂိုလ်မှန်သမျှသည် အကုသိုလ်ကို ရှောင်ကြဉ်ပြီး ကုသိုလ်ကောင်းမှုများကို စွမ်းအားရှိသမျှ အားထုတ်ရမည် ဖြစ်ပေသည်။


၂။ ဥတုနိယာမ
ဥတုရာသီ အခါအားလျော်စွာ သစ်ပင်ကြီးငယ်တို့သည် အပွင့် ပွင့်ကြ, အသီး သီးကြ၏။ ဤကဲ့သို့ ရာသီအလိုက် အပွင့် ပွင့်ခြင်း, အသီးသီးခြင်းသည် တစုံတယောက်က ဖန်ဆင်းထားသည် မဟုတ်၊ သဘာဝအတိုင်း ဖြစ်နေခြင်းပင်တည်း။ ယင်းသဘောတရားကိုပင် " ဥတုနိယာမ" ဟု ခေါ်သည်။


၃။ ဗီဇနိယာမ
အခါးမျိုးစေ့သည် အခါးသီးကို သီး၏။ အချိုမျိုးစေ့သည် အချိုသီးကို သီး၏။ သရက်စေ့မှ သရက်သီး ဖြစ်လာ၏။ ကြက်ဟင်းခါးစေ့မှ ကြက်ဟင်းခါးသီး ဖြစ်လာ၏။ ယင်းသို့ ဖြစ်လာခြင်းသည် မည်သည့်တန်ခိုးရှင်ကမှ ဖန်ဆင်းထားသည် မဟုတ်၊ သဘာဝအတိုင်း ဖြစ်နေခြင်းပင်တည်း။ ယင်းသဘောတရားကိုပင် " ဗီဇနိယာမ" ဟု ခေါ်သည်။


၄။ ဓမ္မနိယာမ
အလောင်းတော်တို့၏ ပဋိသန္ဓေယူရာအခါ, ဖွားမြင်ရာအခါ, ပရိနိဗ္ဗာန်စံရာအခါတို့၌ မြေငလျင်လှုပ်ခြင်း စသော ထူးခြားသည့် ဖြစ်ရပ်များ ဖြစ်ပေါ်လာ၏။ ယင်းသို့ ဖြစ်ပေါ်လာခြင်းသည် တစုံတယောက်က ဖန်ဆင်းထားသည် မဟုတ်၊ သဘာဝအတိုင်း ဖြစ်နေခြင်းပင်တည်း။ ယင်းသဘောတရားကိုပင် "ဓမ္မနိယာမ" ဟု ခေါ်သည်။


၅။ စိတ်တနိယာမ
စိတ်သည် တစ်ခုပျက်လိုက်, တစ်ခု ဖြစ်လိုက်နှင့် သူ့အစီအစဉ်နှင့်သူ ပုံမှန် ဖြစ်နေ၏။ ယင်းသို့ ဖြစ်နေခြင်းသည် တစုံတယောက်က ဖန်ဆင်းထားသည် မဟုတ်၊ သဘာဝအတိုင်း ဖြစ်နေခြင်းပင်တည်း။ ယင်းသဘောတရားကိုပင် " စိတ္တနိယာမ" ဟု ခေါ်သည်။

နေ့စဉ် ပုံမှန်လွှင့်နေသော တီဗီမှ အစီအစဉ်များသည် သူ့အစီအစဉ်နှင့်သူ တစ်ခုပြီးတစ်ခု လာနေသကဲ့သို့ စိတ်အစဉ်အတန်းကြီးသည်လည်း သူ့အစီအစဉ်နှင့်သူ ပုံမှန် ဖြစ်နေပေတော့သည်။

နောက်ဆုံး ဘဝကူးပြောင်းစဉ်မှာတောင် စိတ်အစဉ်က ရပ်တန့် သွားခြင်း မရှိပေ။ သူ့အစီအစဉ်နှင့်သူ အဆက်မပြတ် ဖြစ်နေပါသည်။


စိတ်ဖြစ်စဉ်

မျက်စိနှင့် အဆင်းပေါင်းစုံသောအခါ ...

"စိတ်မှာဆင်ခြင်၊ မြင်ပြီးလျှင်၊ ထို့ပြင်လက်ခံတုံ။ စုံစမ်းဆုံးဖြတ်၊ ဇောစိတ်သတ်၊ နှစ်ရပ်တဒါရုံ" ဆိုသည့်အတိုင်း သူ့အစီအစဉ်နှင့်သူ ဖြစ်လာကြ၏။


၁။ ရှေးဦးစွာ ဆင်ခြင်သည့် စိတ် ဖြစ်၏။ (ပဉ္စဒွါရာ၀ဇ္ဇန်းစိတ်)

၂။ ထို့နောက် မြင်သိစိတ် ဖြစ်ပေါ်လာ၏။ (စက္ခုဝိညာဏ်)

၃။ မြင်သိစိတ်ပြီးလျှင် လက်ခံသည့် စိတ် ဖြစ်လာ၏။ (သမ္ပဋိစ္ဆိုန်းစိတ်)

၄။ လက်ခံသည့် စိတ်ပြီးလျှင် စုံစမ်းသည့် စိတ် ဖြစ်လာ၏။ (သန္တီရဏစိတ်)

၅။ စုံစမ်းသည့် စိတ်ပြီးလျှင် ဆုံးဖြတ်သည့် စိတ် ဖြစ်လာ၏။ (ဝုဋ္ဌောစိတ်)

၆။ ဆုံးဖြတ်သည့် စိတ်ပြီးလျှင် ခံစားသည့် စိတ် ဖြစ်လာ၏။ (ဇောစိတ်)

၇။ နောက်ဆုံးမှာကား အဆုံးသတ်စိတ် ဖြစ်လာ၏။ (တဒါရုံ)

ထိုအဆုံးသတ်စိတ်လည်း ဖြစ်ပြီးသည့်အခါ စိတ်ဖြစ်စဉ်တစ်ခု ပြီးဆုံးသွားလေတော့သည်။


ထိုစိတ်ဖြစ်စဉ်သည် ဘယ်တန်ခိုးရှင်ကမှ ဖန်ဆင်းထားသည် မဟုတ်။ သူ့ သဘာဝအတိုင်း ပုံမှန် ဖြစ်နေခြင်း ဖြစ်နေ၏။ ထို့ကြောင့် " စိတ္တနိယာမ" ဟု ခေါ်လေသည်။

ဤသို့လျှင် ရှေ့စိတ်ပျက်လိုက် နောက်စိတ်ဖြစ်လိုက်နှင့် စိတ်အစဉ်အတန်းကြီးသည် တစ်ခုပြီး တစ်ခု သူ့အစီအစဉ်နှင့်သူ တရစပ် ဖြစ်နေ၏။ ထိုအစီအစဉ်မှ တမျိုးတဖုံ ပြောင်းလဲပြီး တခြားစိတ် ဖြစ်ရိုးထုံးစံ မရှိပေ။ ဤကဲ့သို့ ခြားကွယ်ခြင်း မရှိဘဲ ကျေးဇူးပြုနေသည့် ပစ္စည်းကို " သမနန္တရပစ္စည်း" ဟု ခေါ်ပေသည်။


"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"

သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ 


ဟေတုပစ္စယော

အာရမ္မဏပစ္စယော

အဓိပတိပစ္စယော

အနန္တရပစ္စယော

Subscribe Us