"အနန္တရ" ဟူသည် အကြားမရှိဟု အဓိပ္ပါယ်ရ၏။ အကြောင်းတရားက အကျိုးတရားကို ခြားကွယ်ခြင်း မရှိဘဲ ကျေးဇူးပြုသည်ဟု ဆိုလိုသည်။
စိတ်အစဉ်အတန်းကြီးသည် တစ်ခုပြီး တစ်ခု သူ့အစီအစဉ်နှင့်သူ တရစပ် ဖြစ်နေ၏။ ထိုအစီအစဉ်မှ တမျိုးတဖုံ ပြောင်းလဲပြီး တခြားစိတ် ဖြစ်ရိုးထုံးစံ မရှိပေ။
စိတ်အစဉ်အတန်းကြီးထဲမှ တစ်ခုတစ်ခုသော စိတ်သည် ဖြစ်လိုက် ပျက်လိုက်နှင့် ပြောင်းလဲနေ၏။ ရှေ့စိတ် ပျက်လျှင် နောက်စိတ်သည် ချက်ချင်း ဖြစ်လာ၏။ နောက်စိတ်ကလည်း ဖြစ်ပြီးနောက် ပျက်ပြန်ရကား နောက်ထပ် စိတ်အသစ် ဖြစ်လာပြန်၏။
ဤသို့လျှင် ရှေ့စိတ်ပျက်လိုက် နောက်စိတ်ဖြစ်လိုက်နှင့် စိတ်အစဉ်အတန်းကြီးသည် ပုံမှန် လည်ပတ်နေတော့သည်။
ထို့ကြောင့် ရှေ့စိတ် (နာမ်တရား) သည် အကြောင်းတရား။ နောက်စိတ် (နာမ်တရား) သည် အကျိုးတရား။ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့် ပစ္စည်းကို "အနန္တရပစ္စည်း" ဟု ခေါ်ပါသည်။
ပါဠိနှင့် ဘာသာပြန်
စက္ခုဝိညာဏဓာတု တံသမ္ပယုတ္တကာ စ ဓမ္မာ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
စက္ခုဝိညာဏဓာတု- မြင်သိစိတ် စက္ခုဝိညာဏဓာတ်သည်လည်းကောင်း၊ တံသမ္ပယုတ္တကာ- ထိုစက္ခုဝိညာဏဓာတ်နှင့် ယှဉ်ကုန်သော။ ဓမ္မာ စ- ဖဿ ဝေဒနာစသော စေတသိက်တရားတို့သည်လည်းကောင်း၊ မနောဓာတုယာ- မနောဓာတ်အားလည်းကောင်း၊ တံသမ္ပယုတ္တကာနံ- ထိုမနောဓာတ်နှင့် ယှဉ်ကုန်သော၊ ဓမ္မာနဉ္စ- စေတသိက်တရားတို့အားလည်းကောင်း၊ အနန္တရပစ္စယေန- အနန္တရပစ္စယသတ္တိဖြင့်၊ ပစ္စယော- ကျေးဇူးပြုသည်၊ ဟောတိ- ဖြစ်ပါပေ၏။
သုမေဓာရသေ့မှ ဘုရားဖြစ်သည်ထိ
သတ္တဝါတို့သည် နိဗ္ဗာန် မရောက်မချင်း ဘ၀အမျိုးမျိုး၌ ကျင်လည်နေကြ၏။ ယင်းသို့ ကျင်လည်နေခြင်းကိုပင် "သံသရာ" ဟု ခေါ်သည်။ သံသရာလည်နေသမျှ ကာလပတ်လုံး စိတ်အစဉ်တန်းကြီးသည် ပုံမှန် ဖြစ်နေ၏။ နိဗ္ဗာန်ရောက်မှသာ စိတ်အစဉ်တန်းကြီးသည် အပြီးတိုင် ချုပ်ငြိမ်းသွားလေသည်။
မြတ်စွာဘုရားသည် သုမေဓာရှင်ရသေ့ဘဝက ဘုရားဆုပန်ခဲ့၏။ ဒီပင်္ကရာမြတ်စွာဘုရားက "ဘုရားဖြစ်လိမ့်မည်" ဟု ဗျာဒိတ်ပေးခဲ့၏။ ထို့ကြောင့် သုမေဓာရသေ့သည် ဗျာဒိတ်ရတော်မူပြီးသော ဘုရားအလောင်းတော်၏ ပထမဆုံး ဘဝ ဖြစ်သည်။
ဘုရားရှင်၏ ဘဝဖြစ်တော်စဉ်ကို ကြည့်လျှင် အပိုင်း ၂- ပိုင်း ရှိ၏။ အလောင်းတော် မဖြစ်ခင်က တစ်ပိုင်း၊ အလောင်းတော် ဖြစ်ပြီးမှ တစ်ပိုင်းတည်း။
ထို၂- ပိုင်းထဲမှ အလောင်းတော်ဖြစ်ပြီးသည့် အပိုင်းကို ကြည့်လျှင် သုမေဓာရသေ့ဘဝမှ ဘုရားဖြစ်သည့် အချိန်ထိ စိတ်အစဉ်တန်းကြီးသည် တောက်လျှောက် ဖြစ်နေ၏။
ဘုရားဖြစ်ပြီးနောက် သက်တော် ၈၀- အရွယ်တွင် ကုဿိန္နာရုံမြို့အနီး အင်ကြင်းတော၌ ပရိနိဗ္ဗာန်စံပြီး နိဗ္ဗာန် ဝင်စံခဲ့၏။ နိဗ္ဗာန်ရောက်တော့မှသာ စိတ်အစဉ်အတန်းကြီးသည် အပြီးတိုင် ချုပ်ငြိမ်းသွားလေတော့သည်။
ထို့ကြောင့် မည်သူမဆို နိဗ္ဗာန် မရောက်မချင်း စိတ်အစဉ်တန်းကြီးသည် သူ့အစီအစဉ်နှင့်သူ ရှေ့စိတ် ပျက်သွားလိုက်၊ နောက်စိတ် ဖြစ်လာလိုက်နှင့် ဖြစ်နေဦးမည်သာ ဖြစ်သည်။
စိတ်ဖြစ်စဉ်
မျက်စိနှင့် အဆင်းပေါင်းစုံသောအခါ ...
၁။ ရှေးဦးစွာ ဆင်ခြင်သည့် စိတ် ဖြစ်၏။ (ပဉ္စဒွါရာ၀ဇ္ဇန်းစိတ်)
၂။ ထို့နောက် မြင်သိစိတ် ဖြစ်ပေါ်လာ၏။ (စက္ခုဝိညာဏ်)
၃။ မြင်သိစိတ်ပြီးလျှင် လက်ခံသည့် စိတ် ဖြစ်လာ၏။ (သမ္ပဋိစ္ဆိုန်းစိတ်)
၄။ လက်ခံသည့် စိတ်ပြီးလျှင် စုံစမ်းသည့် စိတ် ဖြစ်လာ၏။ (သန္တီရဏစိတ်)
၅။ စုံစမ်းသည့် စိတ်ပြီးလျှင် ဆုံးဖြတ်သည့် စိတ် ဖြစ်လာ၏။ (ဝုဋ္ဌောစိတ်)
၆။ ဆုံးဖြတ်သည့် စိတ်ပြီးလျှင် ခံစားသည့် စိတ် ဖြစ်လာ၏။ (ဇောစိတ်)
၇။ နောက်ဆုံးမှာကား အဆုံးသတ်စိတ် ဖြစ်လာ၏။ (တဒါရုံ)
ထိုအဆုံးသတ်စိတ်လည်း ဖြစ်ပြီးသည့်အခါ စိတ်ဖြစ်စဉ်တစ်ခု ပြီးဆုံးသွားလေတော့သည်။ ယင်းစိတ်ဖြစ်စဉ်ကိုပင် " ဝီထိစိတ်" ဟု ခေါ်လေသည်။
စိတ်ဖြစ်စဉ် ဥပမာ
လူတစ်ယောက် သရက်ပင်အောက်မှာ အိပ်နေ၏။
သရက်သီးတစ်လုံး ကြွေကျ၏။
အိပ်ရာက နိုးလာ၏။
နိုးလာသောအခါ "ဘာသံပါလိမ့်" ဟု တွေးမိ၏။
လှမ်းကြည့်၏။
သရက်သီးကို မြင်သွား၏။
ထပြီး ယူလိုက်၏။
"မှည့်ရဲ့လား" ဟု လက်နဲ့ နှိပ်ကြည့်၏။
"မှည့်ပြီ" ဟု ဆုံးဖြတ်ချက် ချလိုက်၏။
အားရပါးရ စား၏။
စားပြီးသည့်နောက် နှုတ်ခမ်းလေး သတ်လိုက်လေတော့သည်။
ထို့နောက် ပြန်အိပ်လေ၏။ ဤကား စိတ်ဖြစ်စဉ် ဥပမာတည်း။
နှိုင်းယှဉ်ပုံ
အိပ်နေခြင်းသည် ဘ၀င်စိတ်နှင့် တူ၏။
နိုးလာခြင်းသည် ဘဝင်္ဂုပစ္ဆေဒစိတ် (
ဘ၀င်စိတ်ပြတ်သွားခြင်း) နှင့် တူ၏။
၁။ ဘာသံပါလိမ့်ဟု ဆင်ခြင်ခြင်းသည် ပဉ္စဒွါရာ၀ဇ္ဇန်းစိတ်နှင့် တူ၏။
၂။ သရက်သီး မြင်သွားခြင်းသည် စက္ခုဝိညာဏ်စိတ်နှင့် တူ၏။
၃။ သရက်သီးကို လှမ်းယူခြင်းသည် သမ္ပဋိစ္ဆိုန်းစိတ်နှင့် တူ၏။
၄။ သရက်သီးကို နှိပ်ကြည့်ခြင်းသည် သန္တီရဏစိတ်နှင့် တူ၏။
၅။ မှည့်ပြီလို့ ဆုံးဖြတ်ခြင်းသည် ဝုဋ္ဌောစိတ် နှင့် တူ၏။
၆။ သရက်သီးစားနေခြင်းသည် ဇောစိတ်နှင့် တူ၏။
၇။ သရက်သီးစားပြီး နှုတ်ခမ်းလေးသတ်၍ အဆုံးသတ်လိုက်ခြင်းသည် တဒါရုံစိတ်နှင့် တူ၏။
ပြန်အိပ်ခြင်းသည် ဘ၀င်စိတ်နှင့် တူ၏။
ဤကားစိတ်ဖြစ်စဉ်ကို ထင်သာမြင်သာ ရှိအောင် ဥပမာပြခြင်း ဖြစ်သည်။
ပါဠိနှင့် ဘာသာပြန်
ယေသံ ယေသံ ဓမ္မာနံ အနန္တရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ, တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။
ယေသံ ယေသံ ဓမ္မာနံ၊ အကြင်အကြင် ရှေးရှေး၌ ဖြစ်ကုန်သော တရားတို့၏။ အနန္တရာ- အခြားမဲ့၌ ဖြစ်ကုန်သော။ ယေယေ ဓမ္မာ၊ အကြင် အကြင် နောက်နောက်၌ ဖြစ်ကုန်သော၊ စိတ္တစေတသိကာ ဓမ္မာ ၊ စိတ်စေတသိက် တရားတို့သည်။ ဥပ္ပဇ္ဇ န္တိ- ဖြစ်ကြလေကုန်၏။
တေတေ ဓမ္မာ - ထိုထိုရှေးရှေး၌ ဖြစ်ကုန်သော တရားတို့သည်။ တေသံ တေသံ ဓမ္မာနံ၊ ထိုထို နောက်နောက်၌ ဖြစ်ကုန်သော တရားတို့အား။ အနန္တရပစ္စယေန- အနန္တရ ပစ္စယသတ္တိဖြင့်၊ ပစ္စယော- ကျေးဇူးပြုသည်၊ ဟောတိ- ဖြစ်ပါပေ၏။
မျက်စိတမှိတ် ကုဋေ ၁ သိန်း
စိတ်သည် အလွန်မြန်၏။ မျက်စိတမှိတ် လက်ဖျောက်တစ်ချက်အတွင်းမှာ စိတ်အကြိမ်ပေါင်း ကုဋေတစ်သိန်းလောက်ထိ ဖြစ်၏။
ရုပ်မြင်သံကြားကြည့်နေတဲ့အချိန်တွင် ရုပ်ကိုမြင်တဲ့အခိုက်မှာ အသံကို မကြားရသေးပါ။ အသံကို ကြားသည့်အခိုက်မှာလည်း ရုပ်ကို မမြင်ရပါ။
သို့သော် အလွန်မြန်လွန်းသည့်အတွက် တခါတည်း မြင် တခါတည်းကြားရသည်ဟု ထင်နေကြခြင်း ဖြစ်သည်။ ဆိုလိုသည်ကား မြင်သိစိတ် ကြားသိစိတ်တို့သည် ပြိုင်တူ ဖြစ်သည် မဟုတ်၊ တစ်ခုပြီးမှ တစ်ခု ဖြစ်ကြသည်ဆိုခြင်းပင်။
ရှေ့ဘဝနှင့် နောက်ဘဝ
ဘ၀တစ်ခုမှာ အစဆုံးဖြစ်သည့် စိတ်ကို "ပဋိသန္ဓေစိတ်" ဟု ခေါ်၏။ ဘ၀၏ နောက်ဆုံးစိတ်ကိုတော့ "စုတိစိတ်" ဟု ခေါ်၏။ ထို့ကြောင့် တစုံတယောက် သေသောအခါ "စုတိကျသွားပြီ" ဟု ပြောဆိုကြခြင်း ဖြစ်သည်။
စိတ်ဖြစ်စဉ်အရ ဘဝကူးသည့်အခါ၌ ကာလခြားခြင်း မရှိ။ သေပြီးသည်နှင့် တပြိုင်နက် ဘ၀သစ်မှာ ချက်ချင်း ဖြစ်သည်ဟု ဆိုလိုသည်။
ကျောင်းဒကာကြီး အနာထပိဏ်သည် အရှင်သာရိပုတ္တရာ၏ တရားကို နာပြီးသည်၏အဆုံး၌ သေဆုံးသွား၏။ သေဆုံးခြင်းသည် "စုတိစိတ်" တည်း။
ကျောင်းဒကာကြီးသည် သေပြီးနောက် နတ်ပြည်၌ နတ်သား ဖြစ်သွား၏။ နတ်သား ဖြစ်ခြင်းသည် "ပဋိသန္ဓေစိတ်" တည်း။
ထို့ကြောင့် "စုတိစိတ်" နှင့် " ပဋိသန္ဓေစိတ်" တို့သည် ဘဝချင်း မတူကြ။ ဘဝ မတူသော်လည်း ကာလ မခြားပေ။ အောက်ထစ်ဆုံး တစ်စက္ကန့်လေးမျှ မခြားပါ။ အခု သေ အခု နတ်ဖြစ်သွားခြင်း ဖြစ်သည်။
ဝိညာဉ် (သို့မဟုတ်) လိပ်ပြာ မရှိ
ဘဝကူးပြောင်းပုံနှင့် ပတ်သက်ပြီး အယူအဆ အမျိုးမျိုး ရှိ၏။ တချို့လူများက "လူတစ်ယောက် သေပြီဆိုရင် ဘ၀သစ်ကို ချက်ချင်း မသွားသေးဘူး၊ သူ့ရဲ့ ဝိညာဉ်လေး(သို့) လိပ်ပြာလေးဟာ သေပြီးနောက် အိမ်မှာ (၇) ရက် နေသေးတယ်၊ တစ်ပတ်လောက်ကြာမှ ဘဝသစ်ကို ကူးသွားတာ" ဟု ပြောဆိုကြ၏။
ထိုအယူအဆသည် ဗုဒ္ဓဝါဒနှင့် မညီပါ။ လွဲမှားနေသော အယူအဆသာ ဖြစ်သည်။
အမှန်တကယ်ကား ရှေးဘဝက "သေခြင်း- စုတိ" နှင့် နောက်ဘဝက " ဖြစ်ခြင်း- ပဋိသန္ဓေ" ကြားမှာ မည်သည့်ဝိညာဉ်မှ မရှိ၊ မည်သည့် လိပ်ပြာမှ မရှိပါ။
မည်သူပဲ ဖြစ်ဖြစ် သေပြီးပြီးချင်း ဘ၀သစ်မှာ ချက်ချင်း ဖြစ်လေသည်။ အချိန်ကာလ မခြားပဲ သူ့အစီအစဉ်နှင့်သူ ဘဝသစ်မှာ ဖြစ်သွားလေသည်။ ဤကဲ့သို့ ခြားကွယ်ခြင်း မရှိဘဲ ကျေးဇူးပြုနေသည့် ပစ္စည်းကို "အနန္တရပစ္စည်း" ဟု ခေါ်ပေသည်။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ