Monday, June 26, 2023

အဓိပတိပစ္စယော


"အဓိပတိ" ဟူသည် အကြီးအမှူးဟု အဓိပ္ပါယ်ရ၏။ အကြောင်းတရားက အကျိုးတရားကို အကြီးအမှူးအဖြစ်ဖြင့် ကျေးဇူးပြုသည်ဟု ဆိုလိုသည်။

စကြဝတေးမင်းသာ ရှိလျှင် မည်သူမဆို စကြဝတေးမင်း၏ အလိုဆန္ဒအတိုင်းသာ ဆောင်ရွက်ရ၏။ ဘာကြောင့်နည်း။ စကြဝတေးမင်းသည် တကမ္ဘာလုံးကို အုပ်စိုးနိုင်သောကြောင့်တည်း။ ထိုနည်းတူစွာ အဓိပတိတရားနှင့် အဓိပတိအာရုံတို့သည် ဆိုင်ရာဆိုင်ရာ ရုပ်နာမ်တရားတို့ကို အုပ်စိုးနိုင်စွမ်း ရှိပါသည်။

ထို့ကြောင့် အဓိပတိတရားနှင့် အဓိပတိအာရုံသည် အကြောင်းတရား၊ ဆိုင်ရာဆိုင်ရာ ရုပ်နာမ်တို့သည် အကျိုးတရား။ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့်ပစ္စည်းကို "အဓိပတိပစ္စည်း" ဟု ခေါ်သည်။


ပါဠိနှင့် ဘာသာပြန်

ဆန္ဒာဓိပတိ ဆန္ဒသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။
ဝီရိယာဓိပတိ ဝီရိယသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။
စိတ္တာဓိပတိ စိတ္တသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။
ဝီမံသာဓိပတိ ဝီမံသသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။
(ပညာကို ဝီမံသဟု ခေါ်၏)

ဆန္ဒာဓိပတိ- ထက်သန်သော ဆန္ဒသည်။ ဆန္ဒသမ္ပယုတ္တကာနံ- ဆန္ဒနှင့် ယှဉ်ဖော်ယှဉ်ဖက်ဖြစ်ကုန်သော။ ဓမ္မာနံ- နာမ်တရားတို့အားလည်းကောင်း။ တံ သမုဋ္ဌာနာနံ- ထိုတရားလျှင် ဖြစ်ကြောင်း ရှိကုန်သော။ ရူပါနဉ္စ၊ စိတ္တဇရုပ်တို့အားလည်းကောင်း။ အဓိပတိပစ္စယေန- အဓိပတိ ပစ္စယသတ္တိဖြင့်။ ပစ္စယော- ကျေးဇူးပြုသည်။ ဟောတိ- ဖြစ်ပါပေ၏။



၁။ အဓိပတိ ဆန္ဒ

ဖြစ်ချင်သည့်သဘောကို “ဆန္ဒ” ဟု ခေါ်၏။ ထိုဆန္ဒသည် အင်အားကောင်းလျှင် အဓိပတိ ဆန္ဒ ဖြစ်သွားတော့သည်။ မည်သည့်အလုပ်ပဲ လုပ်လုပ် " ဖြစ်ကို ဖြစ်စေရမယ်၊ ဖြစ်အောင် လုပ်မယ်" ဟူသော ဆန္ဒသည် အဓိပတိဆန္ဒပင် ဖြစ်သည်။

အဓိပတိ ဆန္ဒရှိသူသည် ကိုယ်လျှောက်မည့် လမ်းစဉ်ကို ဦးတည်ထား၏။ ခိုင်မာသော ကျောက်တိုင်သည် လေမုန်တိုင်းကြောင့် မယိမ်းယိုင်သကဲ့သို့ ပြင်းပြသော ဆန္ဒရှိသူသည် ကိုယ်လျှောက်နေသည့် လမ်းစဉ်မှ မသွေဖည်တော့။ ဦးတည်ထားသည့်အတိုင်း မရောက်ရောက်အောင် လျှောက်လှမ်းလေတော့သည်။

ထိုကဲ့သို့ ပြင်းပြသော ဆန္ဒ ရှိမှလည်း အောင်မြင်မှုဆိုသည်မှာ ရရှိနိုင်မည် ဖြစ်သည်။ ထို့ကြောင့် မြတ်စွာဘုရားက " ဆန္ဒဝတော ကိံ နာမ ကမ္မံ န သိဇ္ဈတိ - ဆန္ဒရှိလျှင် မပြီးစီးသော အရာ မရှိ" ဟု မိန့်တော်မူခဲ့ခြင်း ဖြစ်သည်။


သီတဂူဆရာတော်

စစ်ကိုင်းတောင်ရိုးမှ သီလရှင် ဆရာလေးတစ်ပါးသည် အရုဏ်ဆွမ်း ချက်ရန်အတွက် ထင်းလိုသဖြင့် ထင်းပုံကို လက်နှင့် နှိုက်လိုက်၏။ ထင်းပုံကြား၌ ခွေနေသော မြွေဟောက်က လန့်ပြီး ကိုက်လေတော့၏။ ဆရာလေးသည် မြွေကိုက်ခံရသဖြင့် အဆိပ်တက်ကာ မေ့မြောပြီး လဲကျသွား လေတော့၏။ ထိုဖြစ်ရပ်ကြောင့် ချောင်ပိုင်သီလရှင် နာယကဆရာကြီးများ ပျာယာခတ်ပြီး ခြေ မကိုင်မိ လက်မကိုင်မိ ဖြစ်သွားကြလေသည်။

သို့နှင့် သီလရှင်ချောင်နှင့် မနီးမဝေးကျောင်းတိုက်၌ သီတင်းသုံးလျက်ရှိသည့် ဦးပဉ္စင်းလေးကို အကူအညီ တောင်းပါတော့သည်။ ထိုဦးပဉ္စင်းလေးကလည်း ချက်ချင်း လိုက်လာ၏။

ဦးပဉ္စင်းလေးသည် ထိုသီလရှင်ဆရာလေးကို မြွေကိုက်သည့် ဒဏ်ရာ၏အထက်ပိုင်းကို ခါးပန်းကြိုးနှင့် ချည်လိုက်၏။ ဒဏ်ရာကို ဓားနှင့်ခွဲပြီး သွေးကို ညှစ်ထုတ်လိုက်၏။ သံပရာသီးနှင့်ဆားကို ရော၍ ဒဏ်ရာကို သိပ်ပေးပြီး ဆရာလေးကိုလည်း ယင်းသံပရာသီးနှင့်ဆားကိုပင် ဖျော်၍ တိုက်လေသည်။

ထို့နောက် လူနာကို စောင်နှင့်ထုပ်ကာ မြင်းလှည်းဖြင့် တောင်ရိုးမှ မိုးမလင်းမီ စစ်ကိုင်းပြည်သူ့ဆေးရုံသို့ သွားကြရလေသည်။ မိုးလင်းသောအခါမှသာ ဆရာဝန်နှင့်သူနာပြုများ၏ ဆေးကုသမှုကို ခံယူရလေသည်။

ဆရာ ဆရာမများ၏ ကုသပေးမှုကြောင့် ကံကောင်းထောက်မစွာ ဆရာလေး အသက် ရှင်ခဲ့လေသည်။ အကယ်၍ ဒဏ်ရာသာ ပြင်းထန်လျှင် အသက်ရှင်သန်ဖို့မလွယ်ကူတော့။

ထိုကဲသို့ အခက်ခဲပေါင်းမျိုးစုံတွေ့ရခြင်းမှာ စစ်ကိုင်းတောင်ရိုး၌ ဆေးရုံမရှိခြင်း ကြောင့်ဖြစ်ပေသည်။ ဆေးရုံရှိလျှင် အလွယ်တကူ ကုသနိုင်ပေမည်။ ထို့ကြောင့် ဦးပဉ္စင်းလေးသည် “စစ်ကိုင်းတောင်ရိုးမှာ ဆေးရုံရှိသင့်တယ်”ဟု ဆန္ဒ ဖြစ်မိလေသည်။

ထိုဦးပဉ္စင်းကလေးက အခြားမဟုတ်၊ သီတဂူဆရာတော် လောင်းလျာ ဦးဇင်းလေးပင် ဖြစ်သည်။ ထို့ကြောင့် ဤဖြစ်ရပ်သည်ကား သီတဂူအာယုဒါနဆးရုံ ဖြစ်ပေါ်ဖို့အတွက် သီတဂူဆရာတော်၏ စိတ်ထဲ၌ ဖြစ်ပေါ်လာသည့် "ပထမဆုံး သန္ဓေ" ပင် ဖြစ်ပေတော့သည်။

တစ်ခုသော နွေရာသီတွင် သီတဂူဆရာတော်လောင်းလျာ ဦးပဉ္စင်းလေးသည် အလုပ်ကိစ္စတစ်ခုဖြင့် ရှမ်းပြည်
မြောက်ပိုင်း နမ့်ခမ်းမြို့သို့ ရောက်ခဲ့၏။ ထိုနမ့်ခမ်း၌ အမေရိကန်နိုင်ငံသား ခရစ်ယာန်သာသနာပြု ဒေါက်တာဆီးလ်ဂရေး၏ ဆေးရုံကြီး ရှိသည်။


ဦးပဉ္စင်းလေးသည် ထိုဆေးရုံကို တွေ့သောအခါ "ငါတို့နိုင်ငံမှာ ဘာသာခြားဆေးရုံတွေ ရှိနေရင် ငါတို့ ဗုဒ္ဓဘာသာ၀င်ပိုင်ဆေးရုံ၊ အထူးသဖြင့် သံဃာ့ဆေးရုံဆိုတာ ရှိသင့်တယ်။ ဘာသာခြားဆေးရုံတွေ ရှိပြီးတော့ ငါတို့ ဗုဒ္ဓဘာသာပိုင် ဆေးရုံမရှိတာဟာ အားနည်းချက်ပဲ" ဟု စဉ်းစားမိလေ၏။


ထို့အပြင် သီတဂူဆရာတော်သည် ရဟန်းငယ်ဘ၀က အူကျရောဂါဖြစ်သဖြင့် ရန်ကုန်မြို့ရှိ ရာမကရစ်ရှနားအသင်းပိုင် ဂန္ဓီဆေးရုံသို့လည်း တက်ရောက်၍ ကုခဲ့၏။ ထိုသို့တက်စဉ် "ဗုဒ္ဓဘာသာရဟန်းတော် တစ်ပါးအနေဖြင့် ဘာသာခြားများ၏ ဆေးရုံ၌ တက်ရောက်၍ ကုရခြင်းမှာ သဘာ၀ မကျပါလား၊ ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်မှာနေ၍ ဘာသာခြားပိုင်ဆေးရုံမှာ တက်ရသည်မှာ တွေးကြည့်လေ ရှက်စရာကောင်းလေပဲ၊ ဒီတော့ ငါစွမ်းနိုင်တဲ့တနေ့ကျရင် ဆေးရုံဆောက်မယ်"ဟု ဆန္ဒ ဖြစ်မိလေသည်။ ထိုဆန္ဒသည် သီတဂူဆေးရုံများ ဖြစ်ပေါ်လာခြင်း၏ "ဒုတိယသန္ဓေ" ပင် ဖြစ်သည်။


မန္တလေးမြို့ မလွန်ဆန်လှူရေစက်ချပွဲကို နှစ်စဉ် တော်သလင်းလတွင် ကျင်းပ၏။ ထိုမလွန်ဆန်လှူ ရေစက်ချပွဲသို့ လာရောက်ကြသော မြန်မာပြည်တဝှမ်းမှ မလွန် ဆန်လှူ အသင်းထောက် အဖွဲ့၀င်များသည် မန္တလေး စစ်ကိုင်းတို့မှာ သင့်သလို တည်းခိုကြ၏။


ဆရာတော်နှင့်ရင်းနှီးသော တချို့အသင်းဝင်လူများသည် သဒ္ဓမ္မသီတဂူချောင်သို့ လာရောက် တည်းခိုကြ၏။ ဧရာဝတီတိုင်း မလွန်ဆန်လှူအသင်းထောက်တစ်ခုမှ ဆွမ်းဆန်အလှူရှင် ဒကာကြီးတစ်ယောက်သည် တညတွင် ဝမ်းလျှောလေ၏။ ဝမ်းအကြိမ်ပေါင်း ၂၇- ကြိမ် သွားလေသည်။


ထို့ကြောင့် သီတဂူဆရာတော်သည် ထိုလူနာကို ရေနွေးပူပူ ပျားရည်ချိုချို နှမ်းဆီမွှေးမွှေး ပတ္တမြားသွေးဆေးတို့ဖြင့် ရော၍တိုက်လေသည်။ သက်သာသွားလေ၏။


သန္နိဋ္ဌာန်ချလေပြီ

သို့သော် လူနာကို စိတ်မချသဖြင့် ညဉ့်နက်သန်းခေါင် အချိန်ကြီး၌ စစ်ကိုင်းဆေးရုံသို့ မြင်းလှည်းဖြင့် ပို့လိုက်လေသည်။ လူနာ အသက်ချမ်းသာရာ ရဖို့အတွက် အပြေးအလွှား စိတ်မောကိုယ်မောဖြင့် ပို့ရလေသည်။

ယင်းသို့ပို့ရခြင်းမှာ တောင်ရိုးမှာ ဆေးရုံမရှိသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် သီတဂူဆရာတော်၏ စိတ်ထဲမှာ "စစ်ကိုင်းတောင်ရိုးမှာ ဆေးရုံရှိလျှင် ကောင်းမှာပဲ" ဟု ဆန္ဒဖြစ်မိပြန်သည်။


ထိုပြင်းပြသည့် ဆန္ဒကြောင့် သီတဂူဆရာတော်သည် "ငါတို့နိုင်ငံမှာ ရဟန်းတော်များ ဦးစီးတဲ့ ဆေးရုံ ရှိသင့်တယ်၊ ငါ စွမ်းနိုင်တဲ့ တနေ့ကျရင် ဆေးရုံဆောက်မည်" ဟု သန္နိဋ္ဌာန် ချလိုက်ပါသည်။ ဆရာတော်သည် ဘယ်အရာမဆို ဘာသာသာသနာအတွက် အကျိုးများမည်ဆိုလျှင့် မဖြစ်ဖြစ်အောင် လုပ်လေ့လုပ်ထရှိ၏။ ဆရာတော့်မှာ လုပ်ချင်သည့်ဆန္ဒ ရှိသကဲ့သို့ လုပ်နိုင်သည့် အရည်အချင်းလည်း ရှိ၏။


ထို့ကြောင့် ဆရာတော်သည် အခက်အခဲပေါင်းများစွာကို ကျော်လွှားပြီး သီတဂူအာယုဒါနဆေးရုံကို ၁၃၅၁-ခုနှစ်တွင် တည်ဆောက် ခဲ့ပါသည်။ ယနေ့အချိန်၌ စစ်ကိုင်းတောင်ရိုးမှာသာမက မြန်မာပြည်တဝှမ်းလုံးမှာ သီတဂူဆေးရုံများ ၄၀- ကျော် ရှိသွားပေပြီ။ ဤကား ပြင်းပြသော ဆန္ဒကြောင့် ဖြစ်ပေါ်လာသည့် သာသနာပြုလုပ်ငန်းများပင် ဖြစ်သည်။


ဤဖြစ်စဉ်ကို ကြည့်လျှင် အဓိပတိဆန္ဒကြောင့် ကုသိုလ်စိတ်နှင့် ကိုယ်အမူအရာ နှုတ်အမူအရာ (စိတ္တဇရုပ်) များ ဖြစ်လာကြသည်။ ထို့ကြောင့် ဆန္ဒက အကြောင်း တရား။ ဆန္ဒကြောင့် ဖြစ်ပေါ်လာသော ရုပ်နှင့် နာမ်က အကျိုးတရား ဖြစ်သည်။


၂။ အဓိပတိ ဝီရိယ

ကြိုးစားပန်းစား အားထုတ်ခြင်းကို "ဝီရိယ" ဟု ခေါ်၏။ ယင်းဝီရိယသည် အားကောင်းမောင်းသန် ဖြစ်လျှင် "အဓိပတိဝီရိယ" ဖြစ်သွားတော့သည်။

အဓိပတိ ဝီရိယရှိသူသည် မည်သည့်အလုပ်ပဲ လုပ်လုပ် "ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်" ဆိုသည့် ခံယူချက်နှင့် အလုပ်လုပ်၏။ မိုးရွာရွာ နေပူပူ နောက်ဆုတ်ရိုး ထုံးစံ မရှိ။ မဖြစ် ဖြစ်အောင် လုပ်၏။

ယင်းသို့ ကြိုးစားမှလည်း အောင်မြင်မှုကို ရရှိနိုင်မည် ဖြစ်သည်။ ထို့ကြောင့် မြတ်စွာဘုရားက “ဝီရိယဝတော
ကိံနာမ ကမ္မံ န သိဇ္စျတိ- ဝီရိယ ဦးဆောင်လျှင် မပြီးနိုင်တဲ့အရာဆိုတာ မရှိ” ဟု မိန့်တော်မူခဲ့ခြင်း ဖြစ်သည်။

ရှေးတုန်းက အရှင်မိလက္ခဆိုသည့် ရဟန်းတစ်ပါး ရှိခဲ့ဖူး၏။ မုဆိုးဘ၀ကနေ ရဟန်းဖြစ်လာသူတည်း။ ဆရာထံမှာ နည်းခံပြီး ဝိပဿနာတရားကို အပြင်းအထန် အားထုတ်၏။


ထိုကဲ့သို့ အားထုတ်ပါသော်လည်း ဘယ်လိုမှ အဆင်မပြေ။ အတိတ်က လုပ်ခဲ့သည့် ဒုစရိုက်များကြောင့် သမာဓိ မရ ဖြစ်နေ၏။ သမာဓိဟူသည် တည်ငြိမ်သော စိတ်တည်း။ သမာဓိ မရသည့်အတွက် တရားအာရုံပေါ်မှာ စိတ်က မရောက်တော့။


တစ်ရက်၊ ရေခပ်သွားတုန်း ကိုရင်လေးတစ်ပါး၏ စာကျက်သံကို အမှတ်မထင် ကြားလိုက်ရ၏။ အာရုံစိုက်ပြီး နားထောင်လိုက်သောအခါ စိတ်အားတက်လာလေ၏။


ထို့နောက် “ငါသည် တရားထူးတရားမြတ် ရစေရမည်” ဟု အဓိဋ္ဌာန်၍ အားထုတ်လေတော့သည်။

အချိန်ကြာလာသောအခါ ခန္ဓာကိုယ်က ပင်ပန်းလာပြီး ငိုက်လာ၏။ သို့သော် ကြိုးစားပြီး အားထုတ်၏။ မည်သို့ပင် အားထုတ်အားထုတ် ငိုက်မြဲငိုက်လျက်သာတည်း။


ထို့ကြောင့် အရှင်မိလက္ခသည် ကရွတ်ခွေ ရေစိမ်ပြီး ဦးခေါင်းပေါ် တင်လိုက်လေသည်။ ရေများက မျက်နှာပေါ် စီးကြလာရကား အိပ်ချင်စိတ် ပျောက်သွားတော့သည်။ ထို့နောက် ဆက်လက်ပြီး အားထုတ်လေတော့သည်။ ဤကား အဓိပတိ ဝီရိယတည်း။


ထိုကဲ့သို့ ကြိုးစားလိုက်သည့်အတွက် " အနာဂါမ်" ဖြစ်သွားလေသည်။ ထိုမျှလောက်နှင့် ရပ်တန့်မနေသေးဘဲ ဆက်လက်ပြီး ကြိုးစားသောအခါ "ရဟန္တာ" ဖြစ်သွားလေတော့သည်။


ဤဖြစ်စဉ်ကို ကြည့်လျှင် အဓိပတိ ဝီရိယကြောင့် ကုသိုလ်စိတ်နှင့် ကိုယ်အမူအရာ နှုတ်အမူအရာများ ဖြစ်လာကြသည်။ ထို့ကြောင့် ဝီရိယက အကြောင်းတရား။ ဝီရိယကြောင့် ဖြစ်ပေါ်လာသော ရုပ်နှင့် နာမ်က အကျိုးတရား ဖြစ်သည်။


၃။ အဓိပတိ စိတ်

အင်အားကောင်းသည့် စိတ်ကို “အဓိပတိ စိတ်” ဟု ခေါ်၏။ လှေခွက်ချည်းကျန် အလံမလှဲဆိုသည့် စိတ်ဓာတ်မျိုး ဖြစ်သည်။

လောကီအလုပ် လောကုတ္တရာအလုပ်၊ မည်သည့်အလုပ်ပဲ လုပ်လုပ်၊ အောင်စိတ်သည် အရေးကြီး၏။ "သူများတောင် လုပ်နိုင်သေးရင် ငါလည်း လုပ်နိုင်ရမယ်"ဆိုသည့် ခံယူချက်သည် အောင်စိတ်ဖြစ်၏။ ယင်းအောင်စိတ်ကိုပဲ “အဓိပတိ စိတ်” ဟု ခေါ်လေသည်။

တခါက မင်းကွန်းဆရာတော်ကို ရင်းနှီးသည့် ဆရာတော်တစ်ပါးက မေး၏။ "ဆရာတော်ဘုရား ဆရာတော် လုပ်နေတဲ့ သာသနာပြုအလုပ်တွေ ဘာကြောင့် အခုလောက် အောင်မြင်ရသလဲဘုရား" ဟု မေးလေသည်။

ထိုအခါ မင်းကွန်းဆရာတော်က "တပည့်တော်ဟာ ဘာပဲလုပ်လုပ် အဓိပတိစိတ်နဲ့ အလုပ်လုပ်ပါတယ်၊ ဖြစ်သလို မလုပ်တတ်ဘူး၊ စိတ်ကို နှစ်ပြီးတော့ လုပ်တာပါဘုရား၊ ဒါကြောင့် အခုလို အခြေအနေကို ရောက်လာတာပါဘုရား" ဟု အမိန့်ရှိလေသည်။

မှန်၏။ မင်းကွန်းဆရာတော်ကြီးသည် စာမေးပွဲ ဖြေဆိုစဉ်ကလည်း ထိပ်တန်းအဆင့်က အောင်မြင်ခဲ့၏။ သာသနာပြုအလုပ် လုပ်ရာမှာလည်း စွမ်းစွမ်းတမံ အောင်မြင်ခဲ့၏။ ဘာကြောင့်နည်း၊ အဓိပတိစိတ်နှင့် အားထုတ်ခဲ့သောကြောင့်တည်း။

ဤဖြစ်စဉ်ကို ကြည့်လျှင် အဓိပတိစိတ်ကြောင့် သဒ္ဓါ ဝီရိယစသော နာမ်တရားတို့နှင့် ကိုယ်အမူအရာ နှုတ်အမူအရာများ ဖြစ်လာကြသည်။ ထို့ကြောင့် စိတ်က အကြောင်း တရား။ စိတ်ကြောင့် ဖြစ်ပေါ်လာသော ရုပ်နှင့် နာမ်က အကျိုးတရား ဖြစ်သည်။


၄။ အဓိပတိ ပညာ

ထက်ထက်မြက်မြက် သွက်သွက်လက်လက် ဉာဏ်မျိုးကို " အဓိပတိ ပညာ" ဟု ခေါ်၏။ အဓိပတိ ပညာကိုပဲ " ဝီမံသာဓိပတိ" ဟုခေါ်ပါသည်။

မည်သည့်အလုပ်ပဲ လုပ်လုပ် အမျှော်အမြင် ဉာဏ်ပညာသည် အရေးကြီး၏။ လောကကြီးသည် အန္တရာယ် အလွန်များ၏။ ရှောင်တတ်တိမ်းတတ်မှ တော်ကာကျပေသည်။

တခါတရံ အကဲ့ရဲ့ ခံရ၏။ တခါတရံ အဆဲခံရ၏။ တခါတရံ ရန်မူခံရ၏။ တခါတရံ မထင်မှတ်သည့် အန္တရာယ်နှင့် ကြုံရ၏။ လောကဓံဆိုသည်ကား ရှောင်လွှဲ၍ မရစကောင်း။ ထို့ကြောင့် အခက်အခဲကို လူတိုင်း ကြုံတွေ့ရမည် ဖြစ်ပေသည်။ သို့သော် ဉာဏ်ရှိပါက မည်သည့်အခက်အခဲ ဖြစ်ဖြစ် မရ ရသည့်နည်းဖြင့် ကျော်လွှားနိုင်သည်သာတည်း။


ကုဏ္ဍလကေသီ

ဘုရားလက်ထက်က ကုဏ္ဍလကေသီ အမည်ရသည့် အမျိုးသမီးတစ်ယောက် ရှိခဲ့ဖူး၏။ အန္တရာယ်ချောက်ကမ်းပါးသို့ ရောက်ခဲ့သော်လည်း နည်းလမ်း ပရိယာယ် အကွက်လှသဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။

ကုဏ္ဍလကေသီသည် ငယ်ရွယ်စဉ်အခါက မသိနားမလည်မှုကြောင့် သူခိုးကို အိမ်ထောင်ဖက် အဖြစ် ရွေးချယ်ခဲ့လေသည်။ ယောကျာ်းဖြစ်သူသည် လင်ရယ် မယားရယ် ဖြစ်လာသော်လည်း ဘာမေတ္တာ ဘာကရုဏာမှ မရှိ။ ကျေးဇူးတရားကို မထောက်ထား။

ထို့ကြောင့် အကြံဆိုးဖြင့် ဇနီးကို နတ်ပူဇော်ချင်သည်ဟု ပြောကာ တောင်ထိပ်ပေါ် ခေါ်သွားလေသည်။ တောင်ထိပ်ပေါ်ရောက်သောအခါ ယောကျာ်းဖြစ်သူက ဇနီးကို လက်ဝတ်ရတနာတွေ အကုန် ချွတ်ခိုင်းတော့၏။

ထိုအချိန်ကျမှ ကုဏ္ဍလကေသီသည် " ငါ့ကို သတ်တော့မှာပဲ" ဆိုပြီး ရိပ်မိသွားလေသည်။ " သူ ငါ့ကို သတ်တော့မှာ၊ ငါတော့ အသတ် မခံနိုင်ဘူး၊ ဒီတော့ သူ့ကို သတ်မှဖြစ်မယ်" ဆိုပြီး ဆုံးဖြတ်ချက် ချလိုက်လေသည်။

ထို့နောက် " ယောကျာ်းရယ် နောက်ဆုံးအချိန်လေးမှာ နှုတ်ဆက်ခွင့်ပြုပါ" ဟု တောင်းပန်လိုက်၏။ ယောကျာ်းဖြစ်သူကလည်း ခွင့်ပြု၏။ ယင်းခွင့်ပြုချက်ကြောင့် နှုတ်ဆက်ချင်ဟန်ဆောင်ပြီး ယောကျာ်းဖြစ်သူကို ချောက်ကမ်းပါးထဲသို့ တခါတည်း တွန်းချလိုက်လေတော့သည်။ ယောကျာ်းဖြစ်သူလည်း ချောက်ကမ်းပါးထဲကျပြီး ပွဲချင်းပြီး သေဆုံးသွားလေသည်။

ကုဏ္ဍလကေသီသည် ယောကျာ်းဖြစ်သူကို သတ်ချင်လို့ သတ်သည် မဟုတ်ဘူး။ သူ့အသက် ကာကွယ်ဖို့ သတ်ရခြင်း ဖြစ်သည်။ ဤကား နည်းလမ်း ပရိယာယ် ကြွယ်ဝခြင်းပင် ဖြစ်သည်။

မည်သို့ဆိုစေ၊ သူ့အသက် သတ်လျှင်တော့ ပါဏာတိပါတ အကုသိုလ် ဖြစ်သွားတော့၏။ သို့သော် ကုဏ္ဍလကေသီသည် ဆက်ပြီး အကုသိုလ် မလုပ်တော့ပါ။ ထိုအကုသိုလ်ကို ပယ်ဖျောက်ဖို့အတွက် ကောင်းမှုအမျိုးမျိုး လုပ်လေတော့သည်။ အထူးသဖြင့် ဝိပဿနာ အားထုတ်လေတော့သည်။ အကုသိုလ်ကို ကုသိုလ်ဖြင့် အစားထိုးခြင်းသည် အကောင်းဆုံး ဖြေဆေး မဟုတ်ပါလော။

ယင်းဖြေဆေးဖြင့် ဘဝကို တည်ဆောက်နေခြင်းသည် ထက်မြက်သော ဉာဏ်ရည်ဉာဏ်သွေးပင် ဖြစ်၏။ ယင်းဉာဏ်ရည်ဉာဏ်သွေးကိုပင် "အဓိပတိပညာ" ဟု ခေါ်လေသည်။ ထိုအဓိပတိပညာဖြင့် ကုဏ္ဍလကေသီသည် ရဟန္တာမကြီး ဖြစ်သွားလေသည်။

ဤဖြစ်စဉ်ကို ကြည့်လျှင် အဓိပတိဆပညာကြောင့် ကုသိုလ်စိတ်နှင့် ကိုယ်အမူအရာ နှုတ်အမူအရာများ ဖြစ်လာကြသည်။ ထို့ကြောင့် ပညာက အကြောင်း တရား။ ပညာကြောင့် ဖြစ်ပေါ်လာသော ရုပ်နှင့် နာမ်က အကျိုးတရား ဖြစ်သည်။


အဓိပတိ အာရုံ

"အဓိပတိ အာရုံ" ဟူသည် စိတ်ကို ဆွဲဆောင်နိုင်သော အာရုံ၊ ညှို့ယူဖမ်းစားနိုင်သောအာရုံပင် ဖြစ်သည်။ ရုပ်လှသည်ဆိုလျှင်လည်း ရွှေရုပ်လေးလို၊ အသံကောင်းသည်ဆိုလျှင်လည်း ဥသြသံလေးလို၊ အရသာရှိသည်ဆိုလျှင်လည်း နတ်သုဒ္ဓါလို၊ ကုသိုလ်ဆိုလျှင်လည်း ဗလဝကုသိုလ် ( အားကောင်းသည့် ကုသိုလ်) လို စိတ်ကို ဆွဲဆောင်နိုင်သော အာရုံမျိုးကို " အဓိပတိ အာရုံ" ဟု ခေါ်ပါသည်။

စိတ်၏သဘာဝသည် ရိုးရိုးအာရုံဆိုလျှင် အာရုံမစိုက်၊ ခပ်ပေါ့ပေါ့ သဘောထား၏။ "အဓိပတိ အာရုံ" ဆိုလျှင်ကား ပိုပြီးတော့ အာရုံစိုက်သွားတော့၏။ ထို့ကြောင့် “ မဖြစ် ဖြစ်အောင် လုပ်မယ်” ဟူသော အခြေအနေသို့ ရောက်သွားလေတော့သည်။

အနှစ်ချုပ်ကား "အဓိပတိတရားကြောင့်သာ စိတ်နှစ်၍ အလုပ် လုပ်သည် မဟုတ်၊ အဓိပတိ အာရုံကြောင့်လည်း စိတ်နှစ်၍ အလုပ် လုပ်သည်သာတည်း" ဟု ဆိုလိုသည်။


ပါဠိနှင့် ဘာသာပြန်

ယံ ယံ ဓမ္မံ ဂရုံ ကတွာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ, တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အဓိပတိပစ္စယေန ပစ္စယော။

ယံယံ ဓမ္မံ- အကြင်အကြင် အာရုံခြောက်ပါး ပစ္စည်းတရားကို။ ဂရုံကတွာ- အလေးအမြတ်ပြု၍။ ယေယေ ဓမ္မာ- အကြင်အကြင် တရားတို့သည်။ ဥပ္ပဇ္ဇန္တိ- ဖြစ်ကြလေကုန်၏။ စိတ္တစေတသိကာ- စိတ် စေတသိက် ဖြစ်ကုန်သော။ ဓမ္မာ- နာမ်တရားတို့သည်။ ဥပ္ပဇ္ဇန္တိ- ဖြစ်ကြလေကုန်၏။ တေတေ ဓမ္မာ- ထိုထိုအာရုံခြောက်ပါး ပစ္စည်းတရားတို့သည်။ တေသံ တေသံ ဓမ္မာနံ- ထိုထိုနာမ်တရားတို့အား။ အဓိပတိပစ္စယေန- အဓိပတိ ပစ္စယသတ္တိဖြင့်။ ပစ္စယော- ကျေးဇူးပြုသည်။ ဟောတိ- ဖြစ်ပါပေ၏။


သီလနှင့် ကုသိုလ်စိတ်

ဘုရားလက်ထက်တော်အခါက သာဝတ္ထိမြို့သားတစ်ယောက်သည် ကျောင်းသွားပြီး တရားနာလေ၏။ တရားနာပြီးသောအခါ " လူဝတ်ကြောင်ဘဝနှင့်ဆိုလျှင် ဒီတရားတွေ ကျင့်ဖို့ မလွယ်၊ ဒီတော့ ရဟန်းဝတ်မှ ဒီတရားတွေ ကျင့်နိုင်မယ်" ဆိုပြီး ရဟန်းဝတ်လိုက်လေသည်။ ဘွဲ့တော်မှာ " အရှင်သပ္ပဒါသ" ဖြစ်သည်။ ရဟန်းဖြစ်ပြီးသောအခါ ရဟန်းဘဝမှာ မပျော်တော့။ ကြာလေ ငြီးငွေ့လေ ဖြစ်လာရကား ကိုယ့်ကိုယ်ကို သေကြောင်းကြံဖို့ ကြိုးစားလေတော့သည်။

တနေ့တွင် "ဓားနှင့် ငါ့ လည်ပင်းလှီးမယ်" ဆိုပြီး လည်ပင်းပေါ် သို့ ဓားသွား တင်လိုက်လေသည်။ ထိုအချိန်လေးမှာ စောင့်စည်းခဲ့သော သီလကို ဆင်ခြင်လိုက်၏။ သီလကို ဆင်ခြင်လိုက်သောအခါ အစွန်းအထင်း မရှိသည်ကို တွေ့ရသောကြောင့် ပီတိ ဖြစ်လာ၏။ ထိုပီတိကြောင့် သေချင်စိတ် ပျောက်သွားလေတော့သည်။


အတိတ်ကဝဋ်ကြွေး

အရှင်သပ္ပဒါသသည် ကဿပ ဘုရားလက်ထက်က ရဟန်းတစ်ပါး ဖြစ်ခဲ့ဖူး၏။ သူနှင့်ရင်းနှီးသော ရဟန်းတော် တစ်ပါးကို သင်္ကန်းသပိတ်ရလိုစိတ်ဖြင့် ရဟန်းဘ၀မှာ မနေသင့်ကြောင်း၊ ရဟန်းဘဝဟာ ပျင်းစရာကောင်းကြောင်း၊ လူ့ဘ၀က အလွန်ပျော်စရာ ကောင်းကြောင်း တိုက်တွန်းခဲ့ဖူး၏။ ဤအကုသိုလ်ကံကြောင့် ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားခြင်း ဖြစ်သည်။


မှန်၏။ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားခြင်းသည် အတိတ်က အကုသိုလ်ကံ ရှိခဲ့ဖူးသူ ဖြစ်ခြင်း၊ မကောင်းသော စိတ်ခံစားမှုများ လွှမ်းမိုးနေခြင်းတို့ ကြောင့် ဖြစ်သည်။ ထို့ကြောင့် ကိုယ့်ကိုယ်ကို သတ်သေလျှင် တမလွန်ဘဝမှာ "ဘဝကောင်း" ရဖို့ မလွယ်ကူတော့ပေ။


သို့ဖြစ်ရကား ဘယ်လောက် ဆိုးဝါးသည့် လောကဓံနှင့် တွေ့တွေ့ "ငါသေချင်လိုက်တာ" လို့ မတွေးဘဲ ကိုယ်လုပ်ခဲ့သည့် ကောင်းမှုများကို နှလုံးသွင်း ဆင်ခြင်ရမည် ဖြစ်သည်။ ထို့အပြင် စာဖတ်ခြင်း တရားနာခြင်း ပုတီးစိပ်ခြင်း ဝိပဿနာအားထုတ်ခြင်းစသော ကောင်းမှုတို့ကို ပြုလုပ်ရမည် ဖြစ်သည်။


အရှင်သပ္ပဒါသသည် ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားစဉ်မှာ သီလကို ဆင်ခြင်လိုက်၏။ သီလကို ဆင်ခြင်လိုက်သည့်အတွက် ပီတိလာပြီး သေချင်စိတ် ပျောက်သွားလေ၏။ ထို့နောက် ဝိပဿနာ အားထုတ်သောအခါ ရဟန္တာ ဖြစ်သွားလေသည်။


"အရင်းစစ်လျှင် အမြစ်မြေက" ဆိုသကဲ့သို့ သီလကို ဆင်ခြင်လိုက်သောကြောင့် ရဟန္တာအဖြစ်သို့ ရောက်ရှိသွားခြင်းပင် ဖြစ်သည်။ ထို့ကြောင့် သီလကုသိုလ်တည်းဟူသော အဓိပတိအာရုံသည် အကြောင်းတရား၊ အရှင်သပ္ပဒါသ၏ ကုသိုလ်စိတ်သည် အကျိုးတရား ဖြစ်သည်။


အား ၂- မျိုး

"အတွင်းအား" နှင့် " အပြင်အား" ဆိုပြီး အား ၂- မျိုး ရှိ၏။ ထိုအား ၂- မျိုးတွင် အတွင်းအားက ပို အရေးကြီး၏။ ထို့ကြောင့် အတွင်းအား ဖြစ်သော ဆန္ဒ ဝီရိယ စိတ်ဓာတ် ပညာကို "အဓိပတိ" ဖြစ်အောင် ကြိုးစားရမည် ဖြစ်သည်။

အတွင်းအားက အရေးကြီးသော်လည်း "အပြင်အား" ကိုလည်း လျှော့မတွက်သင့်ပါ။ တခါတရံ အပြင်အားကြောင့် ကိုယ့်လုပ်ဆောင်ချက်သည် ပို အားကောင်းသွား၏။ အနှစ်ချုပ်ကား " ကိုယ့်စိတ်ထား အကောင်းဆုံး ဖြစ်ဖို့အတွက် အာရုံကောင်း ( အဓိပတိအာရုံ) ကိုလည်း ရှာရမည်" ဟု ဆိုလိုပေသည်။

ထို့ကြောင့် အတွင်းအား ( အဓိပတိတရား) အပြင်အား ( အဓိပတိအာရုံ) ဟု ဆိုအပ်သော အား ၂-မျိုးဖြင့် ပါရမီကုသိုလ်တို့ကို ဟန်ချက်ညီညီ ကြိုးစားရမည် ဖြစ်၏။ ထိုကဲ့သို့ ဟန်ချက်ညီညီ ကြိုးစားလျှင် ဘဝအထက်တန်းကို တဆင့်ပြီး တဆင့် တက်လှမ်းနိုင်မည် ဖြစ်ပေသည်တကား။


"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"

သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ 

ဟေတုပစ္စယေ

အာရမ္မဏပစ္စယော

Subscribe Us