Monday, June 26, 2023

အာရမ္မဏပစ္စယော



“အာရမ္မဏ” ဆိုသည်မှာ အာရုံဟု အဓိပ္ပါယ်ရ၏။ အကြောင်းတရားက အကျိုးတရားကို အာရုံ အဖြစ်ဖြင့် ကျေးဇူးပြုသည်ဟု ဆိုလိုသည်။

လူတိုင်းလူတိုင်းသည် နေ့စဉ်နှင့်အမျှ အာရုံ ၆- ပါးနှင့် ရှင်သန်နေကြ၏။ အာရုံတို့ကြောင့် စိတ်ဖြစ်လာရကား မည်သည့်စိတ်ဖြစ်ဖြစ် အာရုံနှင့် ကင်းပြီး ဖြစ်သည့် စိတ်ဆိုသည်မှာ မရှိပေ။

မှန်၏။ လောဘဖြစ်ဖို့လည်း အာရုံ ရှိရ၏။ လိုချင်စရာ အာရုံသည် လောဘဖြစ်စရာ အာရုံတည်း။ ဒေါသဖြစ်ဖို့လည်း အာရုံ ရှိရ၏။ စိတ်ဆိုးစရာ အာရုံသည် ဒေါသဖြစ်စရာ အာရုံတည်း။

သဒ္ဓါဖြစ်ဖို့လည်း အာရုံ ရှိရ၏။ ကောင်းမှုပြုစရာ အာရုံသည် သဒ္ဓါဖြစ်စရာ အာရုံတည်း။ မေတ္တာဖြစ်ဖို့လည်း အာရုံ ရှိရ၏။ သတ္တဝါအများသည် မေတ္တာဖြစ်စရာ အာရုံတည်း။

စိတ်ဆိုသည်မှာ အာရုံရှိမှသာလျှင် ဖြစ်ပေါ်လာ၏။ အာရုံ မရှိလျှင် ဖြစ်ပေါ်စရာ အကြောင်း မရှိ။ ထို့ကြောင့် အာရုံ (ရုပ် နာမ် ပညတ်) သည် အကြောင်းတရား၊ စိတ် စေတသိက် ( နာမ်) သည် အကျိုးတရား၊ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့် ပစ္စည်းကို " အာရမ္မဏပစ္စည်း" ဟု ခေါ်သည်။


ပါဠိနှင့် ဘာသာပြန်

ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အာရမ္မဏပစ္စယေန ပစ္စယော။

ရူပါယတနံ- အဆင်း အာရုံသည်။ စက္ခုဝိညာဏဓာတုယာ- မြင်သိစိတ်အားလည်းကောင်း၊ တံသမ္ပယုတ္တကာနံ - ထိုမြင်သိ စိတ်နှင့် ယှဉ်ဖော် ယှဉ်ဘက်ဖြစ်ကုန်သော။ ဓမ္မာနဉ္စ- စိတ်စေတသိက်တရားတို့အားလည်းကောင်း၊ အာရမ္မဏပစ္စယေန- အာရမ္မဏ ပစ္စယသတ္တိဖြင့်။ ပစ္စယော- ကျေးဇူးပြုသည်။ ဟောတိ- ဖြစ်ပါပေ၏။


အာရုံ ၆- ပါး


အဆင်းမျိုးစုံ- ရူပါရုံ၊

အသံမျိုးစုံ- သဒ္ဒါရုံ၊

အနံ့မျိုးစုံ- ဂန္ဓာရုံ၊

အရသာမျိုးစုံ- ရသာရုံ၊

အတွေ့ထိမျိုးစုံ- ဖောဋ္ဌဗ္ဗာရုံ၊

တွေးစရာမျိုးစုံ - ဓမ္မာရုံ။


အာရုံ ၆- ပါးထဲတွင် "ဖောဋ္ဌဗ္ဗာရုံ"ဆိုသည်မှာ တွေ့ထိစရာ အာရုံ ဖြစ်၏။ တစ်ခုခုနှင့် ထိသည့်အခါ မာခြင်း ပျော့ခြင်း အေးခြင်း ပူခြင်း တွန်းကန်ခြင်း လှုပ်ရှားခြင်းဟူသော သဘောတို့သည် “ဖောဋ္ဌဗ္ဗာရုံ” တည်း။ ရှင်းအောင် ပြောရလျှင်ကား ပထဝီ တေဇော ဝါယောတည်းဟူသော ဓာတ်ကြီးသုံးပါးတို့သည် ဖောဋ္ဌဗ္ဗာရုံ ဖြစ်သည်။


ဓမ္မာရုံ

ဓမ္မာရုံဆိုသည်မှာ ဓမ္မ + အာရမ္မဏ ဟူသော ပါဠိမှ ဆင်းသက်လာသည်။ "ဓမ္မ" ဆိုသည့် စကားလုံးသည် အဓိပ္ပါယ် ကျယ်ဝန်း၏။ "စိတ် စေတသိက် ရုပ် နိဗ္ဗာန် ပညတ်" တရားများ အားလုံး ပါ၏။ "ပညတ်" ဆိုသည် လူအများ သတ်မှတ်ထားသည့် ယောကျာ်း မိန်းမ စသည့် အခေါ်အဝေါ် နာမည်များ ဖြစ်သည်။


ထို့ကြောင့် ကိုယ့်စိတ်ထဲ ပေါ်လာသည့် အာရုံမှန်သမျှသည် "ဓမ္မာရုံ" ပင် ဖြစ်သည်။ ရှေ့အာရုံ ၅- ပါးမှ တပါး ကျန် သဘောတရား မှန်သမျှ အကျုံးဝင်သည်ဟု မှတ်ပါ။


ဓမ္မဆိုသည့် စကားလုံးကို တချို့နေရာတို့၌ "သစ္စာ"၊ တချို့နေရာတို့၌ "ကုသိုလ်"၊ တချို့ နေရာတို့၌ "သဘာ၀တရား" ၊ တချို့နေရာတို့၌ " အကျင့်" ဟု အဓိပ္ပါယ် အမျိုးမျိုး ဘာသာပြန်ကြ၏။


ထို့ကြောင့် ပါဠိပုဒ်တစ်ခုကို အဓိပ္ပါယ်ယူဆသည့်အခါ ပုံသေတွက်လို့ မရ။ သူ့နေရာနှင့် သူ ယူဆရ၏။ ဤနေရာ၌ "စိတ် စေတသိက် ရုပ် နိဗ္ဗာန် ပညတ်" အားလုံး ဓမ္မဟု ခေါ်ရကား ကိုယ့်စိတ်ထဲ ပေါ်လာသည့် အာရုံမှန်သမျှကို "ဓမ္မာရုံ" ဟု မှတ်ပါ။


စိတ်ဆိုသည်မှာ မျောက်နှင့် တူ၏။ ထို့ကြောင့် ဘာ၀နာနှင့် မထိန်းနိုင်လျှင် အငြိမ်မနေပေ။ ထို့ကြောင့် တခါတရံ ကိုယ်လုပ်ခဲ့သည့် ကောင်းမှုများကို တွေး၍ ပီတိ ဖြစ်နေတတ်၏။


ကျောင်းအမကြီး ဝိသာခါဆိုလျှင် ကျောင်းကြီး ရေစက်ချပြီးတဲ့အခါ သူ့အလှူကို ကြည့်ပြီး ၀မ်းမြောက်ဝမ်းသာ ဥဒါန်းကျူးလေ၏။ ကိုယ်လှူခဲ့သည့် အလှူများကို ပြန်၍ အာရုံပြုသည် ဖြစ်သောကြောင့် "ဓမ္မာရုံ" ပင် ဖြစ်သည်။


တခါတရံ ကိုယ်လုပ်ခဲ့သည့် မကောင်းမှုများကို တွေးပြီး စိတ် မကောင်း ဖြစ်နေတတ်၏။ တချို့လူများဆိုလျှင် နောင်တရပြီး ယူကျုံးမရ ဖြစ်နေ၏။ ကိုယ်လုပ်ခဲ့သည့် မကောင်းမှုကို ပြန်၍ အာရုံပြုသည်ဖြစ်သောကြောင့် " ဓမ္မာရုံ" ပင် ဖြစ်သည်။ ထို့ကြောင့် " ဓမ္မာရုံ" ဟု ပြောလျှင် "စိတ် စေတသိက် ရုပ် နိဗ္ဗာန် ပညတ်" အားလုံး ပါသည်ဟု မှတ်ရမည်။




အကြောင်းအကျိုး

မျက်စိက အဆင်းကို မြင်သည့်အခါ မြင်သိစိတ်ပေါ်လာ၏။ တစုံတစ်ယောက်က ဖန်ဆင်းသောကြောင့် မြင်သိစိတ် ပေါ်လာခြင်း မဟုတ်ပေ။ အဆင်းအာရုံကြောင့် မြင်သိစိတ် ဖြစ်လာခြင်းပင်။ ထို့နောက် စိတ်ပေါင်း မြောက်များစွာ ဖြစ်လေသည်။ ထို့ကြောင့် အာရုံက အကြောင်းတရား၊ စိတ်က အကျိုးတရား ဖြစ်ပေသည်။


၁။ ဘုရားဖူးသည်ဆိုလျှင် ဘုရား (ရူပါရုံ) က အကြောင်းတရား၊ မြင်သိစိတ် (စက္ခုဝိညာဏ်) က အကျိုးတရား ဖြစ်သည်။


၂။ တရားနာသည်ဆိုလျှင် တရားအသံ (သဒ္ဒါရုံ)က အကြောင်းတရား၊ ကြားသိစိတ် (သောတဝိညာဏ်)က အကျိုးတရား ဖြစ်သည်။


၃။ ပန်းရနံ့လေး ရှုရှိုက်လျှင် ပန်းရနံ့ (ဂန္ဓာရုံ) က အကြောင်းတရား၊ အနံ့သိသည့် စိတ် (ဃာန ဝိညာဏ်)က အကျိုးတရား ဖြစ်သည်။


၄။ တစ်ခုခု စားသည်ဆိုလျှင် အရသာ (ရသာရုံ)က အကြောင်းတရား၊ စားသိစိတ် (ဇိဝှါဝိညာဏ်) က အကျိုးတရား ဖြစ်သည်။


၅။ ကိုယ်က တစ်ခုခု ထိသည်ဆိုလျှင် ထိစရာ(ဖောဋ္ဌဗ္ဗာရုံ) က အကြောင်းတရား၊ ထိသိစိတ် (ကာယဝိညာဏ်) က အကျိုးတရား ဖြစ်သည်။


၆။ တရားပွဲသွားမည်ဟု တွေးလိုက်လျှင် တရားပွဲ (ဓမ္မာရုံ) က အကြောင်းတရား၊ တွေးသိစိတ် (မနောဝိညာဏ်)က အကျိုးတရား ဖြစ်သည်။ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့် ပစ္စည်းကို "အာရမ္မဏ ပစ္စည်း" ဟု ခေါ်သည်။


အတွေးလွန်တဲ့ ရဟန်းလေး

ဘုရားလက်ထက်က ရဟန်းလေးတစ်ပါး ရှိ၏။ ဘကြီးဘုန်းကြီးနှင့် အတူတူ နေနေ၏။ တနေ့တွင် ရာသီဥတုက ပူသည့်အတွက် သူ့ဘကြီးဘုန်းကြီးကို ဝတ်ဖြည့်ရင်းနှင့် ယပ်ခတ်ပေးလေသည်။


ဘကြီးဘုန်းကြီးကလည်း တရားလေး နှလုံးသွင်းနေ၏။ ရဟန်းလေးသည် ငယ်ရွယ်သူဖြစ်သည်အားလျော်စွာ ယပ်ခတ်ပေးရင်းနှင့် စိတ်ကူးယဉ်လေတော့သည်။


" ဘုန်းကြီးဘဝ နေရတာ မပျော်ဘူးကွာ၊ ဒီတော့ လူထွက်မယ်၊ လူထွက်ပြီးရင် မိန်းမယူမယ်၊ အဲဒီနောက် ကလေး ယူမယ်၊ ကလေးရလာရင် ဘကြီးဘုန်းကြီးကို ကန်တော့မယ်၊ ဘုန်းကြီးကျောင်းကို လှည်းနဲ့ သွားမယ်”။ ဤကား ရဟန်းလေး၏စိတ်ထဲမှာ ဖြစ်ပေါ်လာသည့် အတွေး ဖြစ်သည်။


စိတ်ကူးနှင့် တွေးနေခြင်းကြောင့် ဓမ္မာရုံပင် ဖြစ်၏။ ဓမ္မာရုံတော့ ဓမ္မာရုံ၊ သို့သော် ပုတီးစိပ်သည့် ဓမ္မာရုံ မဟုတ်ဘဲ မိန်းမယူသည့် ဓမ္မာရုံ ဖြစ်နေ၏။ ရဟန်းလေးမှာ အတွေးက မပြတ်သေး၊ ဆက်၍ တွေးနေတုန်းပင်။


“ဘကြီးဘုန်းကြီး ကို ကန်တော့မယ်၊ ကန်တော့ပြီး ပြန်လာမယ်၊ အပြန်မှာ မိန်းမက ကလေးချီရင်း ကလေးက လှည်းပေါ်မှ ပြုတ်ကျသွား၊ လှည်းပေါ်မှ ကလေး ပြုတ်လဲ ကျရော တော်တော်ဖျင်းတဲ့ မိန်းမဆိုပြီး ကြိမ်လုံးနှင့် ရိုက်ပစ်လိုက်တယ်"။


အတွေးထဲမှာတော့ မိန်းမကို ရိုက်လိုက်ခြင်းပင် ဖြစ်၏။ သို့သော် တကယ် ရိုက်မိသည်ကား ဘကြီးဘုန်းကြီး ဖြစ်နေတော့သည်။ ဘကြီးဘုန်းကြီး၏ နဖူးကို ယပ်တောင်နှင့် ဖြန်းကနဲဆိုပြီး ရိုက်မိသွားလေတော့သည်။ ထိုအခါကျမှ အတွေးပြတ်သွားတော့၏။


ရဟန်းလေးသည် အတွေး လွန်သွားမှန်း သိတော့မှ ဘကြီးဘုန်းကြီးကို တောင်းပန်ရှာလေတော့သည်။ ယင်းရဟန်းလေးသည် နောက်ပိုင်းရောက်သောအခါ ဘုရားသြဝါဒ ရရှိပြီး ရဟန်းဘ၀ ပျော်သွားလေသည်။ ထို့နောက် ဝိပဿနာတရားကို ကျင့်ကြံကြိုးကုတ် အားထုတ်သည့်အခါ ရဟန္တာ ဖြစ်သွားလေသည်။


ဤဖြစ်စဉ်ကို ကြည့်လျှင် ရဟန်းလေး၏ စိတ်ကူးထဲပေါ်လာသည့် "မိန်းမ ကလေး နွားလှည်း ကြိမ်လုံး" စသည်တို့သည် ဓမ္မာရုံပင် ဖြစ်၏။ ယင်းအာရုံတို့ကြောင့် တွေးသိစိတ် ဖြစ်လာခြင်းပင်။


ထို့ကြောင့် တွေးစရာမျိုးစုံ ဓမ္မာရုံသည် အကြောင်းတရား၊ တွေးသိစိတ်သည် အကျိုးတရား ဖြစ်သည်။


အာရုံပြောင်းလျှင် စိတ်ပြောင်းတတ်

အာရုံကြောင့် စိတ်ဖြစ်ပေါ်လာသည် ဖြစ်ရကား အာရုံပြောင်းလျှင်လည်း စိတ် ပြောင်းလဲတတ်၏။

ဘုရား ရဟန္တာတို့သည်ကား စိတ်ကို နိုင်သည့်အတွက် အာရုံ ပြောင်းလည်း စိတ် မပြောင်းပါ။ သာမန်လူတို့သည်ကား အာရုံအပြောင်းအလဲကြောင့် စိတ်အပြောင်းအလဲ ဖြစ်တတ်၏။ အာရုံကောင်းလျှင် ကုသိုလ် ဖြစ်တတ်၍ အာရုံမကောင်းလျှင် အကုသိုလ်ဖြစ်တတ်သည်ဟု ဆိုလိုသည်။ ဖြစ်ကို ဖြစ်သည်ဟု မဆိုလိုပါ။ ဖြစ်တတ်သည့် သဘာဝရှိသည်ဟု ဆိုလိုသည်။

သတင်းနားထောင်ခြင်းနှင့် တရားနာယူခြင်းတို့၌ စိတ်ဖြစ်ပုံခြင်း မတူပါ။ သတင်းနားထောင်ခြင်းက ကုသိုလ်ဖြစ်ဖို့ မလွယ်ကူ။ တရားနာယူခြင်းက ကုသိုလ်ဖြစ်ဖို့ လွယ်ကူ၏။


ပျော်ပွဲရွှင်ပွဲ သွားခြင်းနှင့် ကျောင်းကန် ဘုရား သွားခြင်းတို့မှာလည်း စိတ်ဖြစ်ပုံချင်း မတူပါ။ ပျော်ပွဲရွှင်ပွဲသွားခြင်းက ကုသိုလ်ဖြစ်ဖို့ မလွယ်ကူ၊ ကျောင်းကန်ဘုရား သွားခြင်းက ကုသိုလ်ဖြစ်ဖို့ လွယ်ကူ၏။ ဘာကြောင့်နည်း၊ အာရုံ မတူသောကြောင့်တည်း။


စိတ်ညစ်စရာကြုံသည့်အခါ စိတ်သည် မကျေနပ်စရာကိုပဲ တွေး၏။ မကျေနပ်စရာကို တွေးလေ စိတ်ဆင်းရဲလေပင်တည်း။ ထို့ကြောင့် စိတ်ညစ်လျှင် အာရုံပြောင်းပေးရ၏။


စာဖတ်ခြင်း တရားနာခြင်း ပုတီးစိပ်ခြင်းစသည်တို့ ပြုလုပ်ရမည် ဖြစ်ပေသည်။ ယင်းသို့ ပြုလုပ်လိုက်လျှင် စိတ်သည် စိတ်ညစ်စရာ မတွေးတော့၊ တွေးသည်ဆိုစေဦးတော့ နည်းနည်းပါးပါး လောက်သာ တွေးတော့၏။ ဤကား အာရုံကောင်း ပြောင်းပေးမှုကြောင့် ဖြစ်သည်။


အရှင်သောဏနှင့် ခမည်းတော်

လွန်ခဲ့သော တချိန်က မုဆိုးတစ်ယောက် ရှိခဲ့ဖူး၏။ သူ့မှာ သားတစ်ယောက် ရှိသည်။ သားသည် ဖခင်နှင့် စရိုက်ချင်း မတူပေ။ သားက ဘုရားတရား ဝါသနာပါပြီး ကုသိုလ်ကောင်းမှု ပုံမှန် လုပ်၏။ ထိုမျှလောက်နှင့် အားမရသည့်အတွက် အပြီးတိုင် ရဟန်း၀တ်သွားလေသည်။ အရှင်သောဏလို့ ခေါ်ကြ၏။


ရဟန်းဝတ်ပြီးသည့်နောက် ကမ္မဋ္ဌာန်းတရား ကျင့်ကြံကြိုးကုတ် အားထုတ်သည့်အခါ ရဟန္တာ ဖြစ်သွားလေသည်။ ရဟန္တာဖြစ်ပြီးသည့်နောက် သောဏဂိရိတောင်ပေါ်ကျောင်းမှာ သီတင်းသုံး၏။


ခမည်းတော် မုဆိုးကြီးသည် သားဖြစ်သူ အရှင်သောဏ၏ ဆုံးမသွန်သင်မှုကြောင့် စိတ်ပြောင်းသွားပြီး မုဆိုးအလုပ်ကို အပြီးတိုင် စွန့်လွှတ်လိုက်လေတော့သည်။


ထို့နောက် လူ၀တ်ကြောင်ဘ၀ကို စွန့်လွှတ်ပြီး ရဟန်းဝတ်လိုက်သည်။ တနေ့တွင် ခမည်းတော် ရဟန်းကြီးသည် ရောဂါ အပြင်းအထန်ဖြစ်ပြီး စိတ်ဂယောင်ချောက်ချား ဖြစ်နေတော့ သည်။ သားရောက်လာသည့်အခါ “သားရေ ကယ်ပါဦး၊ အဖေကို ခွေးတွေ လိုက်ကိုက်နေတယ်၊ ကယ်ပါဦးကွယ်၊ သားရေ ခြောက်ပါဟဲ့" ဟု အော်ဟစ်လေတော့သည်။


အရှင်သောဏက "ခမည်းတော်ကြီး ဘာဖြစ်နေတာလဲ" ဟု မေးသောအခါ "သားရေ ခွေးကြီးတွေ လိုက်ပြီးတော့ ကိုက်နေသကွယ်၊ ကယ်ပါဦး သားရဲ့"ဟု ပြောပြန်လေ၏။


ခမည်းတော်ကြီး၏ စကားကြောင့် အရှင်သောဏသည် " ခမည်းတော်ကြီးတော့ အခြေအနေ မကောင်းဘူး၊ ငရဲနိမိတ် ထင်နေပြီ" ရိပ်မိသွားလေတော့သည်။ ထို့ကြောင့် ခမည်းတော်ကြီးကို ကုတင်ပေါ်တင်ကာ စေတီရင်ပြင်တော်သို့ ရွှေ့လိုက်လေသည်။


ထို့နောက် ကိုရင်များကို ပန်းခူးခိုင်းပြီး ဘုရားကို ပန်းလှူလေ၏။ ပန်းလှူပြီးသောအခါ "ခမည်းတော်ကြီး ဘုရားကို အာရုံပြု၊ ခမည်းတော်ကြီးအတွက် ဘုရားကို ပန်းပူဇော်ထားတယ်" ဟု မိန့်လိုက်၏။


ထို့ကြောင့် မည်းတော်ကြီးသည် ဘုရားကို အာရုံပြု၍ ရှိခိုးလေတော့သည်။ ဤကား ငရဲနိမိတ်ထင်နေသည့် ခမည်းတော်ကြီး၏ စိတ်ကို ဘုရားအာရုံသို့ ရောက်သွားအောင် စီစဉ်လိုက်ခြင်းပင် ဖြစ်သည်။


ခမည်းတော်ကြီးသည် ဘုရားရှိခိုးပြီးသည့်အခါ မျက်နှာလေးမှာ ကြည်ကြည်လင်လင် ဖြစ်သွား၏။ ထို့နောက် အိပ်မက်ယောင်သလို ဖြစ်ပြီး "သားရေ နတ်သမီးလေးတွေက အလွန်ချောပါ့၊ ဗိမာန်ကြီးကလည်း လှလိုက်တာကွယ်" ဟု ပြောပြန်သတဲ့။


ထိုစကားကြောင့် အရှင်သောဏသည် " ခမည်းတော်ကြီးတော့ ငရဲနိမိတ်ထင်ရာကနေ နတ်ပြည်နိမိတ် ထင်သွားပြီ" ဆိုပြီး ပီတိဖြစ်သွားလေတော့သည်။

ဤဖြစ်စဉ်ကို ကြည့်လျှင် ဘုရားအာရုံပြောင်းပေးသောကြောင့် နတ်ပြည်နိမိတ်ထင်သွားကြောင်း တွေ့ရပေသည်။ ထို့နောက် မကြာလိုက်ပါ။ ခမည်းတော် ရဟန်းကြီးသည် ပျံလွန်တော်မူသွားလေသည်။ ဘုရားအာရုံနှင့် ပျံလွန်တော်မူသွားသည့်အတွက် နတ်ပြည် ရောက်သွားလေသည်။


အာရုံကောင်း

ထို့ကြောင့် အာရုံကို လျှော့ မတွက်ရ၊ အာရုံသည် စိတ်ကို ပြောင်းလဲသွားအောင် လုပ်နိုင်စွမ်း ရှိ၏။ ကောင်းသည့်အာရုံကြောင့် ကုသိုလ်ဖြစ်တတ်ပေသည်။

ထို့ကြောင့် စိတ်ကို မနိုင်သည့် ပုထုဇဉ် လူသားများအဖို့ အာရုံကောင်းများကို ရှာရမည် ဖြစ်သည်။ ထို့ကြောင့် . . .

လူအားလျှင် ဘုရားသွား။
မျက်စိအားလျှင် စာဖတ်။
နားအားလျှင် တရားနာ။
ပါးစပ်အားလျှင် ဂုဏ်တော်ပွား။
စိတ်အားလျှင်တော့ တရားမှတ်လိုက်ပါ။


ထိုသို့ပြုမူနေထိုင်လျှင် ကိုယ့်အတွက် အာရုံကောင်း ဖြစ်သွားတော့၏။ အာရုံ ကောင်းလျှင် စိတ်လည်း ကောင်းသွားတော့၏။ စိတ်ကောင်းလျှင် နိဗ္ဗာန်ချမ်းသာသည် မိမိ၏ လက်တကမ်းမှာ အလိုလို ရောက်လာမည် ဖြစ်ပေသည်တကား။


"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"


သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ 


Subscribe Us