“ဟေတု” ဆိုသည်မှာ အမြစ်ဟု အဓိပ္ပါယ်ရ၏။ အကြောင်းတရားက အကျိုးတရားကို အမြစ်သဖွယ် အထောက်အပံ့ ပေးသောအားဖြင့် ကျေးဇူးပြုသည်ဟု ဆိုလိုသည်။
ကျေးဇူးပြုဆိုသည်ကား မဖြစ်သေးသည်ကို ဖြစ်အောင် ပြုလုပ်ခြင်း၊ ဖြစ်ပြီးသည်ကို တည်တံ့အောင် ထောက်ပံ့ခြင်းတည်း။
ရေသာက်မြစ်သည် သစ်ပင်ကို အထောက်အပံ့ ပေးပြီး ကျေးဇူးပြု၏။ ထို့ကြောင့် သစ်ပင်သည် ရှင်သန်နေခြင်း ဖြစ်သည်။ ထိုနည်းတူစွာ ဟိတ် ၆-ပါးတရားတို့သည် ရုပ်တရား နာမ်တရားတို့ကို အထောက်အပံ့ ပေးပြီး ကျေးဇူးပြုလျက် ရှိပါသည်။
ထို့ကြောင့် ဟိတ် ၆-ပါးသည် အကြောင်းတရား၊ ရုပ်နှင့် နာမ်တို့သည် အကျိုးတရား။ ဤကဲ့သို့ အကြောင်းအကျိုး ဖြစ်နေသည့် ပစ္စည်းကို “ဟေတုပစ္စည်း" ဟု ခေါ်သည်။
"ဟိတ် ၆- ပါး" ဆိုသည်ကား လောဘ ဒေါသ မောဟတည်းဟူသော အကုသိုလ်ဟိတ် ၃- ပါးနှင့် အလောဘ အဒေါသ အမောဟတည်းဟူသော ကုသိုလ်ဟိတ် ၃- ပါးတို့တည်း။
ပါဠိနှင့် ဘာသာပြန်
ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။
ဟေတူ- ဟိတ် ၆- ပါး ပစ္စည်းတရားတို့သည်။ ဟေတုသမ္ပယုတ္တကာနံ- ဟိတ်နှင့်ယှဉ်ဖေါ်ယှဉ်ဘက် ဖြစ်ကုန်သော။ ဓမ္မာနဉ္စ- စိတ် စေတသိက် တရားတို့အား လည်းကောင်း၊ တံသမုဋ္ဌာနာနံ- ထိုတရားတို့လျှင် ဖြစ်ကြောင်းရှိကုန်သော။ ရူပါနဉ္စ- စိတ္တဇရုပ်၊ ပဋိသန္ဓေ ကမ္မဇရုပ် တရားတို့အား လည်းကောင်း။ ဟေတုပစ္စယေန- ဟေတု ပစ္စယသတ္တိဖြင့်။ ပစ္စယော- ကျေးဇူးပြုသည်။ ဟောတိ- ဖြစ်ပါပေ၏။
လောဘ
လောဘဆိုသည်ကား လိုချင်သည့် သဘောတည်း။ လောကီစည်းစိမ်မှန်သမျှ အကုန် လိုချင်၏။ ဘယ်လောက်ရရ အားရသည်ဟူ၍ မရှိ။ ဤလောဘကိုပင် " သမုဒယသစ္စာ" ဟု ခေါ်သည်။ သမုဒယသစ္စာဟူသည် ဒုက္ခဖြစ်ခြင်း၏ အကြောင်းဟု အဓိပ္ပါယ်ရသည်။
လောဘဖြစ်လျှင် လောဘတစ်ခုတည်း ဖြစ်သည် မဟုတ်ပေ။ အပေါင်းအဖော် တရားတို့နှင့် အတူတကွ ဖြစ်လာကြ၏။
အင်ဂျင်စက်များကို ကြည့်လျှင် ပစ္စည်းကိရိယာ အစုံ တွေ့ရ၏။ ထိုပစ္စည်းကိရိယာထဲက တစ်ခုခုလောက် ဖြုတ်လိုက်လျှင် အင်ဂျင်စက်သည် မလည်ပတ်နိုင်တော့ပေ။ ပစ္စည်းကိရိယာအားလုံး စုံမှသာ လည်ပတ်နိုင်ပါသည်။
ထိုနည်းတူစွာ ရုပ်နာမ်တရားတို့သည်လည်း တူရာတူရာ စုပေါင်း အလုပ်လုပ်ကြလေသည်။ ထို့ကြောင့် လောဘ ဖြစ်လာလျှင် လောဘမူစိတ် ဝေဒနာ သညာ စေတနာ စသည့် နာမ်တရားတို့လည်း အတူတူ ဖြစ်လာကြ၏။
ထို့ကြောင့် လောဘသည် အကြောင်းတရား၊ လောဘမူစိတ် ဝေဒနာ သညာ စေတနာစသော နာမ်တရားများတို့သည် အကျိုးတရား ဖြစ်သည်။
လောဘသည် နာမ်တရားကိုသာ ဖြစ်စေသည် မဟုတ်၊ ရုပ်တရားကိုလည်း ဖြစ်စေ၏။ လောဘ ဖြစ်လာပြီဆိုရင် လိုချင်စိတ်နှင့် ပြော၏။ လိုချင်စိတ်နှင့် ပြုလုပ်၏။ ယင်းကိုယ်အမူအရာ နှုတ်အမူအရာတို့သည် စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်များ ပင်တည်း။
ထို့ကြောင့် လောဘသည် အကြောင်းတရား၊ စိတ္တဇရုပ်သည် အကျိုးတရား ဖြစ်သည်။
လောဘနှင့် သေလျှင် ပြိတ္တာဘုံ ဖြစ်တတ်၏။ ယေဘုယျစကားဖြစ်သောကြောင့် ပြိတ္တာဘုံဆိုသော်လည်း အပါယ်လေးဘုံလည်း အကျုံးဝင်ပါသည်။
ထို့ကြောင့် လောဘသည် အကြောင်းတရား၊ ပြိတ္တာဘုံသည် အကျိုးတရား။ ပြိတ္တာဘုံသည် လောဘ၏ အကျိုးဆက် ဖြစ်သည်။
လောဘကြောင့် စေတနာဖြစ်ရကား လောဘသည် အကြောင်း၊ စေတနာသည် အကျိုး၊ စေတနာဆိုသည်မှာ ကံဖြစ်၏။ စေတနာ (ကံ) ကြောင့့် ပြိတ္တာဘုံမှာ ဖြစ်ရကား စေတနာ (ကံ)က အကြောင်း၊ ပြိတ္တာဘုံက အကျိုး ဖြစ်သည်။
ကံက တဆင့်ခံသွားသည့်အတွက် ပြိတ္တာဘုံသည် လောဘ၏ အကျိုးဆက် ဖြစ်သွားသည်။ တိုက်ရိုက်ပေးသည့် အကျိုးကို " အကျိုးရင်း" ဟု ခေါ်ပြီး တဆင့်ခံ ပေးသည့်အကျိုးကိုတော့ " အကျိုးဆက်" ဟု ခေါ်ပေသည်။
ဥပမာ- "အဖိုး၊ အဖေ၊ မြေး"ဟူ၍ မြေးအဖိုး ၃- ယောက် ရှိရာတွင် အဖိုးသည် အကြောင်း၊ အဖေသည် "အကျိုးရင်း" ၊ မြေးသည် " အကျိုးဆက်" ။ မြေးသည် အဖိုး၏ အကျိုးဆိုသော်လည်း အဖေက တဆင့်ခံနေသည့် အတွက် အကျိုးဆက် ဖြစ်သွားသည်။
ဒေါသ
ဒေါသဆိုသည်ကား စိတ်ဆိုးခြင်း အမျက်ထွက်ခြင်း မကျေနပ်ခြင်းသဘောတတည်း။ ဒေါသဖြစ်လာပြီဆိုလျှင် မတွေးသင့်သည်ကို တွေး၏။ မပြောသင့်သည်ကို ပြော၏။ မလုပ်သင့်ကို လုပ်၏။
မတွေးသင့်သည်ကို တွေးခြင်းသည် ဒေါသကြောင့် ဖြစ်ပေါ်လာသော စိတ် (နာမ်)များတည်း။ မပြောသင့်သည်ကို ပြောခြင်း၊ မလုပ်သင့်သည်ကို လုပ်ခြင်းသည် စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်များပင် ဖြစ်၏။
ထို့ကြောင့် ဒေါသသည် အကြောင်းတရား၊ ဒေါသကြောင့် ဖြစ်ပေါ်လာသည့် ရုပ်နှင့် နာမ်သည် အကျိုးတရား ဖြစ်သည်။
ဒေါသနှင့် သေလျှင် ငရဲကျတတ်၏။ ငရဲဆိုသော်လည်း အပါယ်လေးဘုံလည်း အကျုံးဝင်၏။ ထို့ကြောင့် ဒေါသသည် အကြောင်းတရား၊ ငရဲဘုံသည် အကျိုးတရားတည်း။ သို့သော် ငရဲဘုံသည် ဒေါသ၏ အကျိုးရင်း မဟုတ်၊ အကျိုးဆက်သာ ဖြစ်သည်။
မောဟ
မောဟဟူသည် တွေဝေခြင်း , ဂနာမငြိမ်ခြင်း, မသိခြင်းသဘောတည်း။ မောဟဖြစ်လာလျှင် အမှားကို အမှန်ထင်၊ အမှန်ကို အမှားထင်တတ်၏။ ထို့ကြောင့် မောဟကို အဝိဇ္ဇာဟု ခေါ်လေသည်။ အဝိဇ္ဇာဆိုသည်ကား မသိမိုက်မဲမှုတည်း။
ဝဲရှိသည့်နေရာမှာ မည်သည့်လှေမှ မကူးရဲသကဲ့သို့ အကုသိုလ်၏ ဆိုးကျိုးကို သိလျှင် မည်သူကမျှ အကုသိုလ် လုပ်ရဲမည် မဟုတ်ပေ။
သို့သော် ဒုစရိုက်သမားတို့သည် အကုသိုလ် ဒုစရိုက်တို့ကို လက်ရဲဇက်ရဲ ပြုလုပ်နေကြ၏။ ဘာကြောင့်နည်း၊ အကုသိုလ်၏ ဆိုးကျိုးကို မသိသောကြောင့်တည်း။ ယင်းမသိခြင်းသည် မောဟ ဖြစ်သည်။
ထို့ကြောင့် မောဟသည် အကြောင်းတရား၊ မောဟကြောင့် ဖြစ်ပေါ်လာသော ရုပ်နာမ်တို့သည် အကျိုးတရား ဖြစ်သည်။
မောဟနှင့် သေလျှင် တိရစ္ဆာန်ဘုံ၌ ဖြစ်တတ်၏။ တိရစ္ဆာန်ဆိုသော်လည်း အပါယ်လေးဘုံလည်း အကျုံးဝင်၏။ ထို့ကြောင့် မောဟသည် အကြောင်းတရား၊ တိရစ္ဆာန်ဘုံသည် အကျိုးတရားတည်း။ သို့သော် တိရစ္ဆာန်ဘုံသည် မောဟ၏ အကျိုးရင်း မဟုတ်၊ အကျိုးဆက်သာ ဖြစ်သည်။
အနှစ်ချုပ်လျှင် အပါယ်ဘုံကို မည်သည့်တန်ခိုးရှင်ကမှ ဖန်ဆင်းထားသည် မဟုတ်၊ အကုသိုလ်ဟိတ် ၃-ပါးက ဖန်ဆင်းထားခြင်း ဖြစ်သည်။ ထို့ကြောင့် လောဘ ဒေါသ မောဟတို့သည် ရေသောက်မြစ်နှင့်တူ၏ဟု မိန့်တော်မူခြင်း ဖြစ်သည်။
ကုသိုလ်ဟိတ် ၃-ပါး
လောဘဆိုသည်ကား လိုချင်မှု၊ အ- ဆိုသည်က ဆန့်ကျင်ဘက်။ ထို့ကြောင့် “အလောဘ” ဆိုသည်မှာ မလိုချင်သည့်စိတ်၊ စွန့်လွှတ်သည့် သဘောပင် ဖြစ်သည်။
အလောဘ ဖြစ်နေရင် အချောင်လိုချင်သည့် စိတ်၊ နှမြောတွန့်တိုသည့်စိတ် မရှိတော့။ အေးအတူ ပူအမျှ ဆိုသကဲ့သို့ မျှတသည့် စိတ်ထားလေး ဖြစ်လာတော့၏။ ယင်းစိတ်ထားကြောင့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်လေတော့သည်။
ဒေါသဆိုသည်ကား စိတ်ဆိုးခြင်း၊ အ- ဆိုသည်ကား ဆန့်ကျင်ဘက်၊ ထို့ကြောင့် “အဒေါသ” ဆိုသည်မှာ မေတ္တာပင် ဖြစ်သည်။
မောဟဆိုသည်ကား အမှန်ကို မသိတာ၊ အ- ဆိုသည်ကား ဆန့်ကျင်ဘက်။ ထို့ကြောင့် “အမောဟ” ဆိုသည်မှာ ပညာပင် ဖြစ်သည်။
အနှစ်ချုပ်ကား အလောဘ အဒေါသ အမောဟတည်းဟူသော ကုသိုလ်ဟိတ် ၃- ပါးကြောင့် ကောင်းမှု လုပ်ကြ၏။ ထို့ကြောင့် ကုသိုလ်ဟိတ် ၃-ပါးသည် အကြောင်းတရား၊ ရုပ်နာမ်တို့သည် အကျိုးတရား ဖြစ်သည်။
ပုဂ္ဂိုလ် ၃- မျိုး
ဤကုသိုလ်ဟိတ် ၃- ပါးကြောင့် ပုဂ္ဂိုလ် ၃- မျိုး ကွဲပြားသွားခြင်း ဖြစ်သည်။ ပုဂ္ဂိုလ် ၃- မျိုးကား အဟိတ်ပုဂ္ဂိုလ်၊ ဒွိဟိတ်ပုဂ္ဂိုလ်၊ တိဟိတ်ပုဂ္ဂိုလ်တို့တည်း။
ဘဝတစ်ခု စတင်ဖြစ်ပေါ်လာသည့် ပဋိသန္ဓေတည်စဉ်မှာပင် ကုသိုလ်ဟိတ် ၃- ပါး မရှိသည့် ပုဂ္ဂိုလ်များကို “အဟိတ်ပုဂ္ဂိုလ်” ဟု ခေါ်၏။ မွေးရာပါ ဆွံ့အ နားမကြားများပင် ဖြစ်သည်။
ဘဝတစ်ခု စတင်ဖြစ်ပေါ်လာသည့် ပဋိသန္ဓေတည်စဉ်မှာပင် အလောဘ အဒေါသတည်းဟူသော ဟိတ် ၂- ပါးသာ ရှိပြီး အမောဟ (ဉာဏ်) ဟိတ် မရှိသည့် ပုဂ္ဂိုလ်များကို “ဒွိဟိတ်ပုဂ္ဂိုလ်” ဟု ခေါ်၏။ အကြံဉာဏ် မရှိကြ
သည့် လူဖျင်းလူအ များတည်း။ "အမေမှာသည့် ဆန်တစ်ခွဲ သုံးစိတ်နှင့် မလဲ" ဆိုသော လူစားမျိုးပင် ဖြစ်သည်။
ဘာကြောင့် ဒွိဟိတ်ပုဂ္ဂိုလ် ဖြစ်ရသနည်း၊ အတိတ်က ကုသိုလ်ကံ အားနည်းသောကြောင့်တည်း။ ချဲ့ဦးအံ့။ တချို့လူများ ကုသိုလ်ကောင်းမှု လုပ်သည်ကား မှန်၏။ သို့သော် ရည်ရွယ်ချက် မရှိ။ လေးလေးနက်နက် မရှိ။ ကလေးသူငယ်များ ဘုရား ရှိခိုးသကဲ့သို့ပင် ဖြစ်၏။
ကုသိုလ် မပြုခင်သော်လည်းကောင်း၊ ပြုပြီးသော်လည်းကောင်း အကုသိုလ် ခြံရံနေ၏။ ထိုကဲ့သို့သော ကုသိုလ်မျိုးကြောင့် "ဒွိဟိတ်ပုဂ္ဂိုလ် " ဖြစ်ရခြင်း ဖြစ်သည်။
အဟိတ်ပုဂ္ဂိုလ် ဒွိဟိတ်ပုဂ္ဂိုလ်တို့သည် ယခုဘ၀တွင် မည်သည့်အကြောင်းကြောင့်မျှ စျာန်မဂ်ဖိုလ်တရား မရနိုင်တော့ပေ။ သို့သော် ယခုဘဝ၌ ကောင်းမှု လုပ်ထားလျှင်ကား နောက်နောင်ဘဝတို့၌ တရား ရနိုင်ပါသည်။
ဘဝတစ်ခု စတင်ဖြစ်ပေါ်လာသည့် ပဋိသန္ဓေတည်စဉ်မှာ အလောဘ အဒေါသ အမောဟ (ဉာဏ်) တည်းဟူသော ကုသိုလ်ဟိတ် ၃- ပါး ရှိသည့် ပုဂ္ဂိုလ်များကို “တိဟိတ်ပုဂ္ဂိုလ်” ဟု ခေါ်၏။ အကြောင်းအကျိုး အကောင်းအဆိုး နားလည်၏။ တစ်ထွာပြလျှင် တစ်လံလောက် မြင်၏။ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်သော လူတော်များပင် ဖြစ်သည်။ တိဟိတ်ပုဂ္ဂိုလ်တို့သည် ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းလျှင် ယခုမျက်မှောက်ဘဝမှာတင် စျာန် မဂ်ဖိုလ် ရနိုင်၏။
ဘာကြောင့် တိဟိတ်ပုဂ္ဂိုလ် ဖြစ်ရသနည်း၊ အတိတ်က ကုသိုလ်ကံ အားကောင်းသောကြောင့်တည်း။ ချဲ့ဦးအံ့။ တချို့လူများသည် မည်သည့်ကုသိုလ်လုပ်လုပ် စဉ်းစဉ်းစားစား လုပ်၏။ စိတ်ပါလက်ပါ လုပ်၏။ ကုသိုလ် မပြုခင်သော်လည်းကောင်း၊ ပြုပြီးသော်လည်းကောင်း ပီတိ ဖြစ်နေ၏။ ထိုကဲ့သို့သော ကုသိုလ်မျိုးကြောင့် တိဟိတ်ပုဂ္ဂိုလ် ဖြစ်ရခြင်း ဖြစ်သည်။
ထို့ကြောင့် အနာဂတ် သံသရာခရီး၌ တိဟိတ်ပုဂ္ဂိုလ် ဖြစ်ဖို့အတွက် သဒ္ဓါ ပညာ ပြဋ္ဌာန်းပြီး ဝမ်းမြောက်ဝမ်းသာဖြင့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်ရမည် ဖြစ်ပေသည်။
ဘာချန်ထားမလဲ
မိမိတို့သည် ဘုန်းကံ ရှိကြသည့်အတွက် မြတ်ဗုဒ္ဓ၏ သာသနာတော်ကြီးနှင့် ကြုံတွေ့ရခြင်း ဖြစ်သည်။
ထိုကဲ့သို့ သာသနာတော်ကြီးနှင့် ကြုံတွေ့နေရပါလျက် မည်သည့်ကောင်းမှုမှ မလုပ်လျှင် ( သို့မဟုတ်) မည်သည့်အမွေမှ ချန်မထားခဲ့လျှင် နောက်ဆုံး သစ်ပင်လေး တစ်ပင်တောင် ချန်မထားခဲ့လျှင် "လူဖျင်းလူညံ့" ဟု ပြောရန်မှ တပါး အခြား မရှိတော့ပေ။
လောကကြီးမှာ ထာဝရ တည်တံ့သည်အရာ ဘာတစ်ခုမျှ မရှိပါ။ မည်သူမဆို တနေ့နေ့ တချိန်ချိန်တွင် လူလောကကြီးကနေ ထွက်ခွါရဦးမည် ဖြစ်၏။ ဤကား လောကနိယာမတည်း။ ထို့ကြောင့် မိမိတို့သည် ရှင်သန်နေသည့် အခိုက်အတန့်တွင် နောင်အနာဂတ် မျိုးဆက်သစ်တို့အတွက် တစ်ခုခုတော့ ချန်ထားသင့်ပါ၏။
* အရှင်အရဟံ မရှိတော့ပါ။ သို့သော် ပုဂံသာသနာ ချန်ထားခဲ့၏။
* ဘုရင် အနော်ရထာ မရှိတော့ပါ။ သို့သော် ရွှေစည်းခုံဘုရား ချန်ထားခဲ့၏။
* လယ်တီဆရာတော် မရှိတော့ပါ။ သို့သော် ဒီပနီကျမ်းစာအုပ်များ ချန်ထားခဲ့၏။
* ဒေါ်ဦးဇွန်း မရှိတော့ပါ။ သို့သော် ဘိုးဘွားရိပ်သာများ ချန်ထားခဲ့၏။
* စာရေးဆရာကြီး ဦးသုခ မရှိတော့ပါ။ သို့သော် "အမေနေ့" ချန်ထားခဲ့၏။
* ရှေးလူကြီးများ မရှိတော့ပါ။ သို့သော် သစ်ပင်ပန်းပင်များ ချန်ထားခဲ့၏။
ထို့ကြောင့် မိမိတို့လည်း တစ်ခုခုတော့ ချန်ထားသင့်၏။
ဘာချန်ထားမလဲ ?
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ