Monday, June 12, 2023

လယ်တီဆရာတော်၏ ဝိပဿနာရှုနည်း

 


       ကမ္မဋ္ဌာန်းရှုမှတ်လိုသောယောဂီသည် ကမ္မဋ္ဌာန်းဆရာထံ နည်းခံ၍ တောအရပ်မှာဖြစ်စေ၊ သစ်ပင်ရင်းမှာဖြစ်စေ၊ တိတ်ဆိတ်သောနေရာမှာဖြစ်စေ ထက်ဝယ်ဖွဲ့ခွေ ကိုယ်နေဖြောင့်ဖြောင့် ထိုင်ရမည်။ မည်သည့်ကြောင့်ကြမှုမျှမရှိစေဘဲ ထွက်သက်ဝင်သက်ကို သတိဖြင့် မပြတ်ရှုမှတ်နေရမည်။ ဤ၌ ထိုင်လျက်ဆိုသော်လည်း ထိုင်ခြင်း၊ သွားခြင်း၊ လျောင်းအိပ်ခြင်း လေးမျိုးတို့တွင် တစ်မျိုးမျိုးဖြင်း အားထုတ်နိုင်သည်။

       ထို့ပြင် ဆိတ်ငြိမ်ရာအရပ်ဟု သမထအလုပ်ကို ရည်စူး၍ ဆိုခြင်းဖြစ်သည်။ ဝိပဿနာအလုပ်ကား ဆိတ်ငြိမ်သောနေရာမှသာ ပေါက်ရောက်ပြီးမြောက်နိုင်သည် မဟုတ်ပါ။ ပါရမီဉာဏ်သာ အဓိကဖြစ်သည်။ လူထဲသူထဲတရားနာရင်း အိမ်မှာထမင်းချက်ရင်း တရားပေါက်ရောက် ရရှိသွားသော ပုဂ္ဂိုလ်များကို ကျမ်းဂန်တို့တွင် တွေ့မြင်ရသည်။


       ပထမရှုမှတ်ကာစတွင် ထွက်သက်ဝင်သက်အရှည်အတိုကို နှလုံးမသွင်းသေးဘဲ နှာသီးဖျား၌ဖြစ်စေ၊ အထက်နှုတ်ခမ်းဖျား၌ဖြစ်စေ စိတ်ကိုခိုင်မြဲစွာထား၍ ဝင်လေထွက်လေတို့၏ ထိမှုခိုက်မှုကို အာရုံစိုက်ရမည်။ ဝင်လာပြီ ထွက်သွားပြီဟု နှုတ်ကဆိုစရာမလို။ ဝင်တိုင်းထွက်တိုင်း သတိမလွတ်စေဘဲ သိအောင်အားထုတ်ရမည်။ တစ်နာရီ နှစ်နာရီစသည်ဖြင့် တတ်စွမ်းသမျှ မနားဘဲအားထုတ်ရမည်။ ညောင်းလည်းမပြင်၊ ယားလည်းမကုတ်ဘဲ ဝင်သမျှ၊ ထွက်သမျှ တစ်ခုမှ မလွတ်စေရပါ။ ဝင်တိုင်းထွက်တိုင်းသိအောင် ရှုမှတ်နေရမည်။ (အချို့ကား စိတ်ကို ရင်မှာထား၍ ရှုမှတ်ကြသေး၏။)

       ဒုတိယအချက် တစ်ဆင့်တက်၍ ရှုမှတ်ရန်မှာ နှာသီးဖျား နှုတ်ခမ်းဖျား၌ ဝင်လေထွက်လေကို မလွတ်တမ်းပိုင်နိုင်အောင် မှတ်နိုင်လျှင် ဝင်သက်ထွက်သက် ရှည်လျှင်ရှည်မှန်းသိအောင် သတိထားပြီး ရှည်တယ်ဟု မှတ်ရမည်။ တိုလျှင် တိုမှန်းသိအောင် သတိထားပြီး တိုတယ်ဟု မှတ်ရမည်။ ရှည်မှု တိုမှုကို တစ်ခုမှမလွတ်အောင် ရှုမှတ်နေရမည်။ ထွက်သက်ဝင်သက်နှေးလျှင် ရှည်သည်။ မြန်လျှင် တိုသည်ဟု ဆိုလိုသည်။ အချို့ပုဂ္ဂိုလ်များကို ပင်ကိုအတိုင်း တစ်မိနစ်အကြိမ်(၃၈)လောက်၊ အချို့(၄၀)လောက် ရှုသည်။ အရှည်အတို မညီကြ။

       တတိယအချက် ထို့ထက်တက်၍ ရှုမှတ်ရန်မှာ အရှည်အတိုကို ပိုင်ပိုင်ရှုမှတ်နိုင်ပြီးနောက် ဝင်သက်ဆိုလျှင် နှာသီးဖျား နှုတ်ခမ်းဖျားမှ ချက်သို့ ကျအောင် နှာသီးဖျား နှုတ်ခမ်းဖျားအစ၊ လည်ချောင်းအလယ်၊ ချက်အဆုံး သုံးပါးလုံးကို စိတ်ထဲမှာ ထင်ထင်ရှားရှားမြင်လာအောင် ရှုမှတ်ရမည်။ သမာဓိရလာလျှင် မှတ်၍ရသည်။

       စတုတ္ထအချက်ကား ထိုသို့စ-လယ်-ဆုံး သုံးပါးလုံးကို ပိုင်ပိုင်မှတ်နိုင်ပြီးနောက် ထွက်သက်ဝင်သက်များသည် တဖြည်းဖြည်း သိမ်မွေ့လာကြလိမ့်မည်။ အချို့မှာ လူကသိမ်မွေ့အောင် အားထုတ်ရမည်။ အချို့မှာ လူကမလုပ်ရဘဲ သူ့အလိုလို သိမ်မွေ့လာပြီး ထွက်သက်ဝင်သက်ပျောက်သွားပြီ ထင်ရလောက်အောင် ဖြစ်လာတတ်သည်။ ထိုသို့ထင်လာသောအခါ စိတ်အလွန်ပေါ့ပါးသွားပြီး ခန္ဓာကိုယ်ကြီး လေထဲလွင့်ပျံသွားသလို ထင်ရသည်။ ဤကား ပါဠိတော်နည်းတည်း။

အဋ္ဌကထာနည်း

       အဋ္ဌကထာအလို ပထမဂဏန်းကား အနှေးရေတွက်နည်း၊ အမြန်ရေတွက်နည်းဟု နှစ်မျိုးရှိသည်။ ထိုတွင် နှာသီးဖျားဖြစ်စေ၊ နှုတ်ခမ်းဖျားမှာဖြစ်စေ စိတ်ထား၍ ထွက်သက်ဝင်သက်ကို ထွက်တယ်ဝင်တယ်ဟုမှတ်သောအခါ အစတွင်စိတ်မငြိမ်သေး၍ ဝင်တိုင်းထွက်တိုင်း မိအောင်မမှတ်နိုင်ဘဲ ရှိတတ်သည်။ မထင်ရှားသောထွက်သက်ဝင်သက်ကို မရေတွက်ဘဲ ထင်ရှားသောထွက်သက်ဝင်သက်ကိုသာ ရေတွက်ရမည်။ ရေတွက်ပုံမှာ တစ် နှစ် သုံး လေး ငါးဟု ငါးအထိ အဆုံးထား၍တစ်မျိုး၊ တစ်မှ ခြောက်အထိ တစ်မျိုး၊ တစ်မှ ခုနစ်အထိ တစ်မျိုး၊ တစ်မှ ရှစ်အထိ တစ်မျိုး၊ တစ်မှ ကိုးအထိ တစ်မျိုး၊ တစ်မှ တစ်ဆယ်အထိ တစ်မျိုးဟူ၍ ခြောက်မျိုးဖြင့် ရေတွက်ရမည်။ ထိုသို့ ခြောက်မျိုးထိအောင်ရေတွက်ပြီးလျှင် ပထမတစ်မျိုးကို ပြန်ရှုပါ။ ထိုသို့ ခဏခဏရှုမှတ်၍ နေသားကျလာသည့်အခါ စိတ်ကိုနှာခေါင်းဝစိုက်ထား၍ ထွက်သက်ဝင်သက်နှစ်မျိုးတွင် ထင်ရှားရာကို တစ်ဟုရေတွက်ရသည်။ နှစ်ခုလုံးထင်ရှားလျှင် အစဉ်အတိုင်း နှစ် သုံး လေး ငါးဟုရေတွက်ရသည်။ မထင်ရှားလျှင် ရပ်တန့်၍ ထင်ရှားသောအချက်ပေါ်မှ နှစ်စသည်တက်၍ ငါးကျလျှင် တစ်ကပြန်စရ၏။ ထိုနည်းတူ တစ်ဆယ်မျိုးတိုင်အောင် ထင်ရှားသော ထွက်သက်ဝင်သက်ကိုသာ ကောက်၍ ရေတွက်သောကြောင့် နှေးသောရေတွက်နည်းဟု ဆိုရသည်။

       အမြန်ရေတွက်နည်းကား ဆိုခဲ့သည့်အတိုင်း ရှုမှတ်ဖန်များလတ်သော် ထင်ထင်ရှားရှား ရေတွက်ရသောအချက်များ များလာလိမ့်မည်။ တစ် နှစ်စသော မှတ်ချက်တို့ အပြတ်အလပ်မရှိ မှတ်နိုင်လာလိမ့်မည်။ ထွက်သက်ဝင်သက်အစဉ်နှင့် တစ် နှစ်စသောဂဏန်းအစဉ် မခုန်ကျော်၊ ထပ်ခနဲ ချပ်ခနဲ မိမိရရဖြစ်လာလိမ့်မည်။

       တစ် နှစ်စသောဂဏန်းအစဉ်များကို နှုတ်ကရွတ်စရာမလို၊ စိတ်ကသာ ရေရွတ်ရမည်။ အာရုံမြန်မြန်ထင်သလောက် သတိက တိခနဲ ချက်ခနဲ မှတ်ဖို့သာ အရေးကြီးသည်။ ဤကား အမြန်ရေတွက်နည်းတည်း။

       ထို့နောက် မရေတွက်သော်လည်း ရေတွက်သကဲ့သို့ နှာဝ၌ ထွက်သက်ဝင်သက် ထိတိုင်း အသိနှင့်သတိ မြဲနေရမည်။ ထိုအခါ ဂဏန်းနည်းဖြင့် ရေတွက်ရှုမှတ်ရန် မလိုတော့ချေ။

       ဒုတိယအချက် အနုဗန္ဓနာ (သတိဖြင့် အမြဲတမ်းစွဲမြဲထားမှု) နည်းမှာ နှာဝ၌ စိတ်ကို အမြဲထားပြီး ဝင်လေထွက်လေကို တစ်ကြိမ်မျှ မလွတ်စေဘဲ အစဉ်တွယ်ကပ်နေအောင် ရှုမှတ်သောနည်းဖြစ်သည်။

       ရေတွက်မှုမရှိဘဲ ထိမှုသိမှု အစဉ်မှန်အောင် ဝင်နေတယ်၊ ထွက်နေတယ်ဟု ပဋိဘာဂနိမိတ် ပေါ်သည်အထိ ရှုမှတ်နေရမည်ဟု ဆိုလိုသည်။ ဖော်ပြပါ ဂဏန်းနည်း၊ အနုဗန္ဓနာနည်း နှစ်မျိုးလုံး ထိရာဌာနကို မလွတ်စေရပါ။

       ထိုသို့ ပဋိဘာဂနိမိတ်ထင်ပြီးနောက် ထိုနိမိတ်ကို မကွယ်ပျောက်စေဘဲ ထင်ထင်ရှားရှားပွင့်လင်းသွားအောင် အာရုံ၌ စိတ်ကို ဖိဖိစီးစီးထား၍ စူးစိုက်မှတ်ရမည်။ ထိုနည်းကို ထပနာ (စိတ်ကိုဖိကပ်ထားမှု)နည်းဟု ခေါ်သည်။

       ဤကား သမထစခန်းဖြစ်သည်။ သမာဓိရအောင် အားထုတ်နည်းဖြစ်သည်။

       ဤသို့အားထုတ်၍ သမာဓိအားကောင်းလာသောအခါ သမာဓိစခန်းမှ ဝိပဿနာလမ်းသို့ တက်ရမည်။ ထွက်သက်ဝင်သက်တို့၏ ခဏမစဲ တဖွဲဖွဲဖြစ်ပျက်မှုနှင့် ရုပ်နာမ်တရားတို့ကို အနိစ္စ(မမြဲ)၊ ဒုက္ခ(ဆင်းရဲ၏), အနတ္တ(အနှစ်အသားမရှိ)ဟု ရှုမှတ်ရမည်။

       ဤ၌ ရုပ်သည်နာမ်ထက် ထင်လွယ်သောကြောင့် ရုပ်ကိုစ၍ရှုမှ ပေါက်ရောက်လွယ်သည်။ ထွက်သက်ဝင်သက်သည် သမာဓိရလွယ်ခြင်း၊ ထင်မြင်လွယ်ခြင်းတို့ကြောင့် တရားစခန်းများ၌ ထွက်သက်ဝင်သက်ကို အားထုတ်ကြခြင်းဖြစ်သည်။ ထွက်သက်ဝင်သက်ရှုမှတ်၍ အညောင်းအညာ ဝေဒနာပေါ်လာသောအခါ ထိုဝေဒနာကို ရှုမှတ်ရမည်။ ထိုသို့ရှုမှတ်လျှင် ဝေဒနာနုပဿနာဖြစ်သည်။ ထိုသို့ရှုမှတ်ရင်း ကြံစည်တွေးတောလျှင် ထိုစိတ်ကိုမှတ်ရမည်။ ထိုသို့မှတ်လျှင် စိတ္တာနုပဿနာဖြစ်သည်။ ကာမဂုဏ်အာရုံကို ကြံစည်လျှင် ထိုအကြံကို လိုက်မှတ်ရမည်။ ထိုသို့ရှုမှတ်က ဓမ္မာနုပဿနာဖြစ်သည်။

       ဆိုခဲ့သည့်အတိုင်း ထွက်သက်ဝင်သက်ဟူသော အာနာပါနကို ထူထောင်၍ အားထုတ်နေခြင်းသည် ယောဂီပုဂ္ဂိုလ်၏ ပါရမီအလျောက် တစ်ရက်, နှစ်ရက်၊ တစ်လ, နှစ်လ၊ တစ်နှစ်, နှစ်နှစ်နှင့် မဂ်ဖိုလ်ရောက်၍ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါသည်။

       ထိုသို့နိဗ္ဗာန်ကို ယခုဘဝမျက်မှောက် မပြုနိုင်စေကာမူ -

(၁) ရတနာသုံးပါးကို ယခင်ကထက် ကြည်ညိုတတ်ခြင်း၊

(၂) သေရမည့်ဘေးကို တရားအားမထုတ်ခင်ကလောက် မကြောက်ခြင်း၊

(၃) မတရားလိုချင်မှု၊ မတရားတပ်မက်မှု မဖြစ်တော့ခြင်း၊

(၄) ရသမျှနှင့် ရောင့်ရဲနိုင်ခြင်း၊

(၅) ကုသိုလ်၌ မွေ့ပျော်ခြင်း စသောအကျိုးတရားများကို တရားအားထုတ်သူတိုင်း ခံစားကြရမည် ဖြစ်သည်။

Subscribe Us