Monday, February 01, 2016

အသိတရားနှင့်ဆင်ခြင်တုံတရား


မည်သည့်အမှုကိစ္စတို့၌မဆို လုပ်သင့်မလုပ်သင့်၊ ပြောအပ်မပြောအပ် ဆင်ခြင်တုံတရားနှင့် လုပ်ကိုင်ဆောင် ရွက်ခြင်းသည်လူတို့၏ ကိုယ်ပိုင် အသိတရားပင်ဖြစ်ပါသည်။ တစ်နည်းအားဖြင့်မိမိတို့၏ စဉ်းစား
တွေးခေါ် မှုနှင့် ဆက်စပ်မှုအရ ဖြစ်ပေါ်လာသောအသိဉာဏ်ပိုင်းဆိုင်ရာ ပစ္စည်းပင်ဖြစ်ပါသည်။ ထိုအသိ တရား၊အသိဉာဏ်ပိုင်းဆိုင်ရာ ပစ္စည်းသည် လူသားတစ်ဦးချင်းစီ၏ ဘဝဖြစ်ပေါ် တိုးတက်မှုနှင့် ဆက်စပ်လျက်ရှိပါသည်။

အသိတရားနှင့်ဆင်ခြင်တုံတရားတို့သည် ရုတ်တရက်ဖြစ်ပေါ်လာသော အမှုကိစ္စများ၊ ပြဿနာများနှင့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှားရာတွင် အစွမ်းထက်သော လက်နက်သဖွယ် အသုံးဝင်လှပါသည်။ လူတို့၏ဘဝလမ်းကြောင်း ဖြောင့်မတ် မှန်ကန်ရေးအတွက် တည့်မတ်ပေးနိုင်စွမ်းရှိပါသည်။

ကျွန်ုပ်တို့လူသားများသည် ပုထုဇဉ်များဖြစ်ကြသည့်အလျောက်ရံဖန်ရံခါလောကဓံ၏ရိုက်ခတ်မှုကို ကြုံကြ ရလေ့ရှိပါသည်။ထိုအခါ အသိတရားနှင့်ဆင်ခြင်တုံတရားတို့သည် လောကဓံ၏ ရိုက်ခတ်မှုကိုကြံ့ကြံ့ခံ တွန်းလှန်နိုင်စွမ်းရှိပါသည်။




အသိတရားဟူသည် လုပ်သင့်မလုပ်သင့်၊ ပြောသင့်မပြောသင့် စဉ်းစားတွေးခေါ်ပြီး လုပ်သင့်သည့်အခါ လုပ်ခြင်းဖြစ်ပြီးပြောဆိုသင့်သောအခါတွင်လည်း ပြောဆိုမှုပင်ဖြစ်ပါသည်။ဆင်ခြင်တုံတရားမှာမူ ဖြစ်ပေါ်
လာသော အမှုကိစ္စတို့အပေါ်ကျိုးကြောင်းဆက်စပ် တွေးခေါ်လုပ်ကိုင်ပြောဆို ဆောင်ရွက်မှုပင်
ဖြစ်ပါသည်။ အသိတရားနှင့်ဆင်ခြင်တုံတရားတို့သည် သဘောတရားချင်း ဆင်တူသလိုရှိပါသည်။ အသိတရားသည်မဖြစ်သေးသော အမှုကိစ္စများ၊ ဖြစ်လတ္တံ့သော အခြေအနေတွင် စဉ်းစားတွေးခေါ်
လုပ်ကိုင်ဆောင်ရွက်ခြင်းပင်ဖြစ်ပါသည်။ ဆင်ခြင်တုံတရားမှာမူ ဖြစ်ပြီးသောအမှုကိစ္စတစ်ခုအပေါ် အကောင်းဆုံးစဉ်းစားဆုံးဖြတ် လုပ်ကိုင်မှုပင်ဖြစ်ပါသည်။

လောကတွင် အသိတရားနှင့် ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုမူပြောဆိုမှု၊ လုပ်ကိုင်ဆောင်ရွက်မှုတို့ကြောင့် မဖြစ်သင့်မဖြစ်ထိုက်သည်များဖြစ်ပွားလျက်ရှိပါသည်။ မပြောသင့်သောစကားကိုပြောဆိုမိ၍ အကျိုးစီးပွားကို ဆုတ်ယုတ်သွားနိုင်ပါသည်။ ထို့အတူ မလုပ်သင့်သောအရာကို လုပ်မိခြင်းကြောင့်ဘဝတစ်လျှောက်လုံး အမှားမှားအယွင်းယွင်း ရင်ဆိုင်ရတတ်ပါသည်။ ဆင်ခြင်တုံတရားမဲ့စွာ လုပ်ကိုင်ဆောင်ရွက်မှုကြောင့်
အကျိုးယုတ်စေနိုင်ပါသည်။

အမေရိကန်တရားသူကြီးချုပ်ဟောင်းအားလ်ဝါရန်ဆိုသူက တရားမျှတမှု အသက်ဝင်ရှင်သန်နေခြင်းသည်
ဥပဒေပြဋ္ဌာန်းချက်များကြောင့် မဟုတ်ဘဲ အသိတရားကြောင့်ဖြစ်ကြောင်း ပြောဆိုဖူးပါသည်။ လူတို့၏အသိတရားရှိမှုသည်ကြီးပွားတိုးတက်မှုတိုင်းအတွက် အလွန်ပင်အရေးကြီးပါသည်။

သို့ဖြစ်၍ လူတိုင်းလူတိုင်း မည်သည့်အမှုကိစ္စတို့၌မဆို အသိတရားနှင့် ဆင်ခြင်တုံတရားများ လက်ကိုင်ထားပြီး လုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက ဘဝတွင် အခက်အခဲများကိုကျော်လွှားပြီး
အောင်မြင်တိုးတက်ကြီးပွားခြင်း၏ အခြေခံအကြောင်းတရားများပင်ဖြစ်ပါကြောင်း။ ။

Subscribe Us