Friday, June 17, 2016

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း


     
အပိုဒ် (၁) လူသားတိုင်းသည် လွတ်လပ်၍ တန်းတူညီသောဂုဏ်သိက္ခာနှင့်အခွင့်အရေး များဖြင့် မွေးဖွား လာသူများ ဖြစ်သည်။ ထိုလူသားတို့သည် ဆင်ခြင်တုံတရားနှင့် ကျင့်ဝတ်ကို တာဝန် သိတတ်သောစိတ်တို့ရှိကြ၍ တစ်ဦးနှင့်တစ်ဦး ညီရင်းအကို၊ မောင်ရင်းနှမစိတ်ဖြင့် ဆက်ဆံသင့်သည်။ ရှင်းလင်းချက်။ ။ လူတိုင်း လွတ်လပ်မှုရှိကြပြီး တန်းတူညီမှုရှိသည်။

      အပိုဒ် (၂) လူသားတိုင်း ဤလူ့အခွင့်အရေးကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးများ အားလုံး၏ လွတ်လပ်ခွင့်များကို ပိုင်ဆိုင်ခံစားခွင့်ရှိသည်။ လူမျိုး၊ အသားအရောင်၊ လိင်၊ ဘာသာစကား၊ ကိုးကွယ်သည့် ဘာသာ၊ နိုင်ငံရေး အယူအဆ (သို့မဟုတ်) အခြားယူဆချက်၊ နိုင်ငံရေး (သို့မဟုတ်) လူမှုရေးဇစ်မြစ်၊ ပစ္စည်းဥစ္စာ၊ မျိုးရိုး ဇာတိ၊ အခြားအဆင်အတန်းအားဖြင့် ခွဲခြားခြင်းမရှိစေရ။ ထို့အပြင် လူသားတစ်ဦးမှီတင်းနေထိုင်ရာ နိုင်ငံ (သို့မဟုတ်) နယ်မြေဒေသသည် လွတ်လပ်သော တိုင်းပြည်သည် အချုပ်အခြာ အာဏာပိုင်သော လွတ်လပ်သောနိုင်ငံ (သို့မဟုတ်) ဒေသဖြစ်စေ၊ အစောင့်ရှောက်ခံနယ်မြေ (သို့မဟုတ်) ဒေသဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးမရှိသောနိုင်ငံ (သို့မဟုတ်) ဒေသဖြစ်စေ (သို့မဟုတ်) အချုပ် အခြာအာဏာနှင့် ပတ်သက်၍ အခြားသော ဘောင်တွင်း ကန့်သတ်ချက်များရှိနေသော နိုင်ငံ (သို့မဟုတ်) ဒေသဖြစ်စေ ယခုလူ့အခွင့်အရေးများနှင့်ပတ်သက်၍ ခွဲခြားမှု လုံးဝမရှိစေရန်။

 ရှင်းလင်းချက်။ ။ အသားအရောင်၊ လိင်၊ ကိုးကွယ်သည့်ဘာသာ၊ ဘာသာစကားတို့ကြောင့် ခွဲခြားခြင်း မရှိစေရ။



      အပိုဒ် (၃) လူတိုင်းတွင် အသက်ရှင်ရပ်တည်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့် ရှိသည်။ ရှင်းလင်းချက်။ လူတိုင်းတွင် အသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့်လုံခြုံခွင့် ရှိသည်။

      အပိုဒ် (၄) မည်သူကမှ ကျွန်ပြုခြင်း၊ အစေပါးအဖြစ် နိုင်ထက်စီးနင်းစေခိုင်းခြင်း မရှိစေရ။ လူသားတို့ကို ကျေးကျွန်သဖွယ် စေခိုင်းခြင်း၊ ရောင်းဝယ်ခြင်းနှင့် ထိုသဘောသက်ရောက်စေသော ပုံစံမှန်သမျှ ပိတ်ပင်တားမြစ်ရမည်။
ရှင်းလင်းချက်။ ။ မည်သူ့ကိုမှ ကျွန်အဖြစ် ဆက်ဆံရောင်းဝယ်ခြင်း မပြုရ။

      အပိုဒ် (၅) မည်သူကမှ နှိပ်စက်ညှဉ်းပမ်းခြင်း (သို့မဟုတ်) ရက်စက်ကြမ်းကြုတ် လူမဆန်စွာ ဂုဏ်ငယ်စေသော ဆက်ဆံခြင်းဖြင့် မဆက်ဆံရ။ သို့မဟုတ် အပြစ်ပေးခြင်း မပြုရ။
ရှင်းလင်းချက်။ ။ မည်သူ့ကိုမှ နှိပ်စက်ခြင်း မပြုရ။

      အပိုဒ် (၆) လူတိုင်း နေရာမရွေး ဥပဒေရှေ့မှောက်တွင် လူသားအဖြစ် အသိအမှတ်ပြုခြင်း ခံပိုင်ခွင့် ရှိသည်။
ရှင်းလင်းချက်။ ။ လူတိုင်းတရားဥပဒေရှေ့တွင် လူသားအဖြစ် အသိအမှတ်ပြုခံရမည်။

     အပိုဒ် (၇) လူတိုင်း တရားဥပဒေရှေ့မှောက်တွင် တပြေးညီတူညီကြပြီး တရားဥပဒေ၏ ကာကွယ်မှုကို ခွဲခြားမှုမရှိ တူညီမှုအပြည့် စောင့်ရှောက်ခံပိုင်ခွင့် ရှိသည်။ ဤကြေညာစာတမ်းပါအချက်များကို ဖီဆန်ဆန့်ကျင်သည့် မည်သည့် ခွဲခြားမှုမျိုး (သို့မဟုတ်) ထိုသို့ခွဲခြားမှုများ ကိန်းအောင်စေအောင် လှုံ့ဆော်မှုမျိုးမှ ကင်းလွတ်စေရန် အကာအကွယ်ကို တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။
ရှင်းလင်းချက်။ ။ လူတိုင်း တရားဥပဒေရှေ့တွင် ကျောသားရင်သား မခွဲခြားဘဲ တန်းတူညီတူရှိသည်။

    အပိုဒ် (၈) လူတိုင်း မိမိတို့အား အခြေခံဥပဒေ (သို့မဟုတ်) ဥပဒေအရ အပ်နှင်းထားသော အခြေခံအခွင့်အရေးများကို ချိုးဖောက်ခံရသည့်အခါ နိုင်ငံတော်တရားစီရင်ရေးရုံးများတွင် ထိရောက်သော အရေးယူ ကုစားမှုများ ခံယူပိုင်ခွင့်ရှိသည်။
ရှင်းလင်းချက်။ ။ လူတိုင်း အခွင့်အရေးများ လေးစားမခံရသည့်အခါ ဥပဒေ၏ အကူအညီကို တောင်းခံပိုင်ခွင့်ရှိ သည်။

     အပိုဒ် (၉) မည်သူကမှ တရားလက်လွတ်အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းချုပ်နှောင်ထားခြင်း (သို့မဟုတ်) တိုင်းပြည်မှ နှင်ထုတ်ခြင်း မပြုလုပ်ရ။
ရှင်းလင်းချက်။ ။ မည်သူကမှ မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှနှင်ထုတ်ခြင်း မပြုရ။

     အပိုဒ် (၁၀) လူတယောက်၏ အခွင့်အရေးနှင့်တာဝန်ဝတ္တရားများနှင့် ပတ်သက်၍လည်းကောင်း၊ စွဲချက်တင်လာသော ပြစ်မှုများနှင့် ပတ်သက်၍လည်းကောင်း အဆုံးအဖြတ်ခံယူရာတွင် လူတိုင်းသည် လွတ်လပ်၍ ဘက်မလိုက်သော တရားစီရင်မှု၊ ရုံးတော်တွင် လူအများတက်ရောက်ကြားနာနိုင်သော စစ်ဆေးမှုမျိုးကို တူညီစွာခံစားပိုင်ခွင့် ရှိသည်။
ရှင်းလင်းချက်။ ။ လူတိုင်း တရားမျှတ၍ လူအများကြားနာနိုင်သော တရားစီရင်မှုကို ခံစားပိုင်ခွင့် ရှိသည်။

     အပိုဒ် (၁၁) (က) တရားဥပဒေချိုးဖောက်သည့်အမှုဖြင့် တရားစွဲဆိုခြင်း ခံရသူတိုင်းသည် မိမိကိုယ်မိမိကာကွယ်နိုင်ရန် လိုအပ်သော ဆောင်ရွက်စရာများကို ဆောင်ရွက်နိုင်ခွင့် အပြည့်အဝရရှိပြီး လူအများရှေ့တွင် ဥပဒေအတိုင်း စစ်ဆေး၍ အပြစ်ကျူးလွန်သည်ဟု ထင်ရှားပြီး စီရင်ချက် အတိအကျမချမချင်း ထိုလူတွင် အပြစ်မရှိဟု ခံယူပိုင်ခွင့်ရှိသည်။

 (ခ) တစ်စုံတစ်ယောက်၏ လုပ်ဆောင်ခဲ့သော အပြုအမူနှင့်စပ်လျဉ်း၍ ထိုအပြုအမူ ပြုလုပ်ခဲ့စဉ် အချိန်အခါက ထုတ်ပြန်ထားသော နိုင်ငံတော် (သို့မဟုတ်) နိုင်ငံတကာဆိုင်ရာ ဥပဒေအရ ငြိစွန်းသော ပြစ်မှုတခုအဖြစ် ခိုင်ခိုင်လုံလုံ မတင်ပြနိုင်ခဲ့လျှင် ထိုသူအား အဆိုပါ အပြုအမူအတွက် အပြစ်ရှိသည်ဟု မယူဆနိုင်။ ထို့အတူ ကျူးလွန်သောပြစ်မှုအတွက် ပြစ်မှုကျူးလွန်စဉ်အခါက ထိုက်သင့်စေနိုင်သော အပြစ်ဒဏ်ထက် ပိုမိုကြီးလေးသော အပြစ်ဒဏ်ပေးခြင်းမရှိစေရ။
ရှင်းလင်းချက်။ ။ လူတစ်ယောက်အပေါ် အပြစ်ရှိသည်ဟု ခိုင်လုံသော စီရင်ချက်မချမချင်း ထိုသူသည် အပြစ်မရှိဟု ယူဆရမည်။

      အပိုဒ် (၁၂) မည်သူ၏ ကိုယ်ရေးကိုယ်တာကိစ္စများ၊ မိသားစုနှင့်သက်ဆိုင်သောကိစ္စများ၊ နေအိမ်နှင့် စာပေးစာယူကိစ္စများကှို ဥပဒေအရ မဟုတ်သော ဝင်ရောက်စွတ်ဖက်မှု မခံစေရ။ ထို့အပြင် ထိုသူ၏ ဂုဏ်သိက္ခာကို ပုတ်ခတ်ပိုင်ခွင့် မရှိ။ လူတိုင်းတွင် ထိုသို့စွက်ဖက်ခြင်းမှသော်လည်းကောင်း၊ ပုတ်ခတ်ခံရခြင်းကိုသော်လည်းကောင်း ဥပဒေအရ ကာကွယ်ပိုင်ခွင့် ရှိသည်။
ရှင်းလင်းချက်။ ။ မကောင်းသော ရည်ရွယ်ချက်ဖြင့် အခြားသူ၏ အိမ်အတွင်းသို့ ဝင်ရောက်ခြင်း၊ စာများဖောက်ဖတ်ခြင်း မပြုလုပ်ရ။

     အပိုဒ် (၁၃) (က) လူတိုင်း မိမိတိုင်းပြည်၏ နယ်နိမိတ်အပိုင်းအခြားအတွင်း လွတ်လပ်စွာ သွားလာရွှေ့ပြောင်းခွင့်၊ နေထိုင်ခွင့် ရှိသည်။ (ခ) လူတိုင်း မိမိတိုင်းပြည်အပါအဝင် အခြားမည်သည့် တိုင်းပြည်ကိုမဆို ထွက်ခွါခွင့်နှင့် မိမိတိုင်းပြည်သို့ ပြန်လာခွင့် ရှိသည်။
ရှင်းလင်းချက်။ ။ လူတိုင်းမိမိတိုင်းပြည်အတွင်း လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ရှိသည်။

     အပိုဒ် (၁၄) (က) လူတိုင်း မတရားအပြစ်ပေးနှိပ်စက်မှုမှ လွတ်မြောက်ရန် အခြားတိုင်းပြည်များတွင် ခိုလှုံခွင့် တောင်းခံပိုင်ခွင့် ရှိသည်။ (ခ) နိုင်ငံရေးနှင့် မသက်ဆိုင်သော ပြစ်မှုမျိုး (သို့မဟုတ်) ကုလသမဂ္ဂ၏ ရည်မှန်းချက် မူဝါဒများကို ဖိဆန်ဆန့်ကျင်သော ပြစ်မှုမျိုးကို အမှန်တကယ် ကျူးလွန်သောကြောင့် အကျိုးဆက်အဖြစ် ပေါ်ပေါက်လာသော အရေးယူမှုမျိုးဖြစ်ပါက ဤအပိုဒ်ပါ အခွင့်အရေးနှင့် အကြုံးဝင်မှု မရှိပေ။
ရှင်းလင်းချက်။ ။ မည်သူမဆို မတရားအပြစ်ပေးခံရတော့မည့် အခြေအနေမျိုးရောက်ပါက အခြားနိုင်ငံတစ်နိုင်ငံတွင် ခိုလှုံခွင့်တောင်းခံပိုင်ခွင့် ရှိသည်။

    အပိုဒ် (၁၅)
(က) လူတိုင်း နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားဖြစ်ပိုင်ခွင့် ရှိသည်။
 (ခ) မည်သူကမှ ၎င်း၏နိုင်ငံသားဖြစ်မှုမှ ကြောင်းကျိုးမဲ့ ပစ်ပယ်ခွင့် မရှိစေရ။ ထိုသူ၏ နိုင်ငံသား အဖြစ်
ပြောင်းလဲပိုင်ခွင့် ကိုလည်း ငြင်းပယ်ခြင်း မရှိစေရ။
 ရှင်းလင်းချက်။ ။ လူတိုင်း နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသားဖြစ်ပိုင်ခွင့် ရှိသည်။ ဆန္ဒအရ အခြားနိုင်ငံသား အဖြစ် ကူးပြောင်းပိုင်ခွင့် ရှိသည်။

   အပိုဒ် (၁၆)
(က) အရွယ်ရောက်ပြီးသော အမျိုးသားနှင့် အမျိုးသမီးတိုင်း လူမျိုး၊ တိုင်းရင်းသား (သို့မဟုတ်) ဘာသာရေး အကြောင်းပြ၍ ချုပ်ခြယ်ကန့်သတ်ခြင်းမရှိစေရဘဲ လက်ထပ်ခွင့်နှင့် မိသားစုထူထောင်ပိုင်ခွင့် ရှိသည်။ လက်ထပ်ထိမ်းမြားချိန်၊ ပေါင်းသင်းချိန်နှင့် အိမ်ထောင်ပြိုကွဲသည့်အချိန်များတွင် လက်ထပ်ထိမ်းမြားခြင်းနှင့် ပတ်သက်၍ ထိုအမျိုးသားနှင့်အမျိုးသမီးတို့တွင် တူညီသောအခွင့်အရေးများ ရှိသည်။
(ခ) ရည်ရွယ်ထားသော သတို့သားနှင့်သတို့သမီးတို့၏ လွတ်လပ်သော သဘောဆန္ဒကို အပြည့်အဝရယူပြီးမှသာ လက်ထပ်ထိမ်းမြားခြင်း ပြုရမည်။
(ဂ) မိသားစုဘဝသည် လူ့အဖွဲ့အစည်း၏ သဘာဝကျသော၊ အခြေခံကျသော အစိတ်အပိုင်းတခု ဖြစ်သည်။ မိသားစုဘဝများကို ကာကွယ်ပေးရန် လူ့အဖွဲ့အစည်းနှင့် အစိုးရတို့က တာဝန်ရှိသည်။ ရှင်းလင်းချက်။ ။ အရွယ်ရောက်ပြီးသောသူတိုင်း လက်ထပ်ထိမ်းမြားပိုင်ခွင့်နှင့် မိသားစုဘဝထူထောင်ခွင့် ရှိသည်။

     အပိုဒ် (၁၇)
(က) လူတိုင်းသည် ဓနပစ္စည်းဥစ္စာများကို မိမိတစ်ဦးချင်းဖြစ်စေ၊ အခြားသူများနှင့် ဖက်စပ်၍ဖြစ်စေ ထူထောင်ခွင့်ရှိသည်။
 (ခ) မည်သူတစ်ဦးတယောက်၏ ကိုယ်ပိုင်ပစ္စည်းကိုမှ ဥပဒေကြောင်းကျိုးမဲ့ သိမ်းပိုက်ခြင်း မရှိစေရ။ ရှင်းလင်းချက်။ ။ လူတိုင်း ကိုယ်ပိုင်ပစ္စည်းပိုင်ဆိုင်ခွင့် ရှိသည်။

     အပိုဒ် (၁၈) လူတိုင်းလွတ်လပ်စွာ တွေးခေါ်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်ခွင့်နှင့်လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိသည်။ ဤလုပ်ပိုင်ခွင့်အရ မိမိကိုးကွယ်သော ဘာသာကို (သို့မဟုတ်) သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ ပြောင်းလဲပိုင်ခွင့်ရှိသည်။ ထို့ပြင် မိမိတဦးတည်းသော် လည်းကောင်း၊ အခြားသူများနှင့်စုပေါင်း၍ သော်လည်းကောင်း အများရှေ့တွင်ဖြစ်စေ သို့မဟုတ် မိမိသီးသန့်တွင်ဖြစ်စေ မိမိကိုးကွယ်သည့် ယုံကြည်မှု (သို့မဟုတ်) ဘာသာကို လွတ်လပ်စွာ သင်ပြနိုင်ခွင့်၊ ကျင့်သုံးခွင့်၊ ဝတ်ပြုကိုးကွယ်ခွင့်နှင့် ဆောက်တည်ခွင့် ရှိသည်။ ရှင်းလင်းချက်။ ။ လူတိုင်း လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ရှိပြီး ဆန္ဒရှိပါက အခြားဘာသာကို ကူးပြောင်းကိုးကွယ်ခွင့် ရှိသည်။

    အပိုဒ် (၁၉) လူတိုင်း လွတ်လပ်စွာ ထင်မြင်ယူဆပိုင်ခွင့်နှင့် လွတ်လပ်စွာဖွင့်ဟ တင်ပြပိုင်ခွင့် ရှိသည်။ ထိုအခွင့်အရေးများအရ မိမိတင်ပြယူဆချက်များကို အနှောင့်အယှက် အဟန့်အတားမရှိ ခံယူကျင့်သုံးပိုင်ခွင့် ရှိသည်။ နယ်မြေပိုင်းခြားမှုမရှိဘဲ သတင်းစာနယ်ဇင်းများမှတဆင့် သတင်းများ၊ အယူအဆများကို ရှာဖွေဆည်းပူးပိုင်ခွင့်၊ လက်ခံပိုင်ခွင့်နှင့် ဖြန့်ဖြူးပိုင်ခွင့်တို့ ရှိသည်။ ရှင်းလင်းချက်။ ။ လူတိုင်း မိမိယူဆချက်များကို လွတ်လပ်စွာ ဖော်ထုတ်တင်ပြခွင့်ရှိပြီး သတင်းများကို ရယူပိုင်ခွင့်လည်း ရှိသည်။


    အပိုဒ် (၂၀) လူတိုင်း ငြိမ်းချမ်းစွာ လူစုလူဝေး စုဝေးပိုင်ခွင့်နှင့် အသင်းအဖွဲ့များ ထူထောင်ဖွဲ့စည်းပိုင်ခွင့် ရှိသည်။ မည်သူကမှ ၎င်း၏ဆန္ဒသဘောထားမပါဘဲ အဖွဲ့အစည်းတခုသို့ ဝင်စေရန် အတင်းအကြပ် မပြုရ။ ရှင်းလင်းချက်။ ။ လူတိုင်း ငြိမ်းချမ်းသောနည်းဖြင့် ဖွဲ့ထားသောအဖွဲ့များကို ဝင်ရောက်ခွင့် ရှိသည်။

    အပိုဒ် (၂၁) (က) လူတိုင်း မိမိတိုင်းပြည်၏ အုပ်ချုပ်ရေးလုပ်ငန်းများတွင် တိုက်ရိုက်သော်လည်းကောင်း၊ လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များမှတဆင့်သော်လည်းကောင်း ပါဝင်ဆောင်ရွက်ပိုင်ခွင့် ရှိသည်။ (ခ) လူတိုင်း မိမိတိုင်းပြည်အတွင်းရှိ ပြည်သူ့ဝန်ထမ်းအဖွဲ့ လုပ်ငန်းများတွင် ဝင်ရောက်ရန်တူညီသော အခွင့်အလမ်းများရှိသည်။ (ဂ) အစိုးရ၏ အာဏာသည် ပြည်သူလူထု၏ဆန္ဒအပေါ်တွင် အခြေခံရမည်။ ပြည်သူ့ဆန္ဒများကို အချိန်ကာလ ပိုင်းခြားလျက် ကျင်းပပေးသည့်စစ်မှန်သော ရွေးကောက်ပွဲများဖြင့် ဖော်ထုတ်စေရမည်။ ရွေးကောက်ပွဲများတွင် လူတိုင်းအညီအမျှ မဲပေးပိုင်ခွင့်ရှိရမည့်အပြင် ထိုရွေးကောက်ပွဲများကို လျှို့ဝှက်မဲပေးစနစ်ဖြင့်ဖြစ်စေ၊ အလားတူ လွတ်လပ်သော မဲပေးစနစ်ဖြင့်ဖြစ်စေ ကျင်းပရမည်။ ရှင်းလင်းချက်။ ။ လူတိုင်း မိမိတိုင်းပြည်၏ အစိုးရကို မိမိဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ပိုင်ခွင့် ရှိသည်။

    အပိုဒ် (၂၂) လူသားတိုင်းသည် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တယောက်ဖြစ်သည်အားလျော်စွာ လူမှုရေးလုံခြုံခွင့် ခံစားပိုင်ခွင့် ရှိရမည်။ ထို့ပြင် မိမိ၏ ကိုယ်ပိုင်အရည်အသွေးနှင့် ဂုဏ်သိက္ခာတို့ကို လွတ်လပ်စွာ တိုးတက်ဖွံ့ဖြိုးစေရေးအတွက် မလွဲမသွေလိုအပ်သော စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများကိုံ သဘောပေါက်ခံယူနိုင်ရန် မိမိနိုင်ငံ၏ ဖွဲ့စည်းပုံ၊ နိုင်ငံရှိ အရင်းအမြစ်အင်အားများနှင့် လိုက်လျောညီထွေဖြစ်သည့် နိုင်ငံတော်၏ ကြိုပမ်းဆောင်ရွက်မှုများဖြင့်တစ်မျိုး၊ နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် တစ်ဖုံ ဆောင်ရွက်ရမည်။ ရှင်းလင်းချက်။ ။ လူတိုင်း လူမှုဘဝလုံခြုံရေး ခံစားခွင့်ရှိသည်။ မိမိအတတ်ပညာများ တိုးတက်စေမည့် အခွင့်အလမ်းများကိုလည်း ခံစားခွင့်ရှိသည်။

     အပိုဒ် (၂၃) (က) လူတိုင်း အလုပ်လုပ်ခွင့်၊ မိမိအလုပ်ကို မိမိလွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်နှင့် တရားမျှတ၍ သင့်လျော်သောလုပ်ငန်းခွင်ကို ရွေးချယ်ခွင့်နှင့် အလုပ်လက်မဲ့ဖြစ်ရခြင်းမှ ကာကွယ်မှုရရှိခွင့်များ ခံစားပိုင်ခွင့် ရှိသည်။ (ခ) လူတိုင်း ခွဲခြားမှုမရှိဘဲ တူညီသောအလုပ်အတွက် တူညီသော အခကြေးငွေကို ရရှိခံစားပိုင်ခွင့် ရှိသည်။ (ဂ) အလုပ်လုပ်သည့်အတွင်း မိမိနှင့်မိမိ၏မိသားစုအတွက် လူ့ဂုဏ်သိက္ခာနှင့် ညီညွတ်အောင် နေထိုင်စားသောက်နိုင်ရန် စိတ်ချလောက်သည့်အပြင် တရားမျှတ၍ သင့်တင့်လျောက်ပတ်သော လစာခံစားပိုင်ခွင့် ရှိသည်။ လိုအပ်ပါက အခြားနည်းလမ်းများမှ လူ့မှုရေး အထောက်အပံ့များကိုလည်း ထပ်မံ၍ရပိုင်ခွင့် ရှိသည်။ (ဃ) လူတိုင်း မိမိအကျိုးစီးပွားကို ကာကွန်ရန် အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းပိုင်ခွင့်နှင့် ဝင်ရောက်ပိုင်ခွင့် ရှိသည်။ ရှင်းလင်းချက်။ ။ လူတိုင်း သင့်တော်သောလစာဖြင့် အလုပ်လုပ်ပိုင်ခွင့် ရှိသည်။ အလုပ်သမားသမဂ္ဂများကို ဝင်ရောက်ပိုင်ခွင့်ရှိသည်။

     အပိုဒ် (၂၄) လူတိုင်း သင့်တင့်လျှောက်ပတ်သော အလုပ်ချိန်အပြင် အခါအားလျော်စွာ သတ်မှတ်ထားသောလစာနှင့် ခွင့်ယူခွင့်အပါအဝင် အပန်းဖြေအနားယူခွင့် ရှိသည်။ ရှင်းလင်းချက်။ ။ လူတိုင်း အပန်းဖြေအနားယူခွင့် ရှိသည်။

     အပိုဒ် (၂၅) (က) လူတိုင်းသည် မိမိနှင့်မိမိ၏မိသားစု ကျန်းမာရေးနှင့်တကွ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လိုအပ်သောအစားအစာ၊ အဝတ်အစား၊ အိုးအိမ်၊ ဆေးဝါးပစ္စည်းများနှင့် အခြားလိုအပ်သော လူမှုရေးအထောက်အပံ့များပါဝင်သော သင့်တင့်လျောက်ပတ်သည့် လူမှုအဆင့်အတန်းကို ခံစားခွင့်ရှိသည်။ ထို့အပြင် အလုပ်လက်မဲ့ဖြစ်သည့်အခါတွင်လည်းကောင်း၊ မကျန်းမမာဖြစ်သည့်အခါတွင် လည်းကောင်း၊ ကိုယ်အင်္ဂါ မစွမ်းမသန်ဖြစ်သောအခါတွင်လည်းကောင်း၊ မိမိခင်ပွန်း (သို့မဟုတ်) ဇနီး သေဆုံးသွားသောအခါတွင်လည်းကောင်း၊ အသက်အရွယ်အိုမင်းလာသည့်အခါတွင်လည်းကောင်း၊ မိမိပယောဂကြောင့် မဟုတ်သော အလုပ်အကိုင်မဲ့ခြင်းကို ရင်ဆိုင်ရသောအခါတွင်လည်းကောင်း နေထိုင်စားသောက်ရေးအတွက် လုံခြုံစိတ်ချရမှုအခွင်အရေး ခံစားပိုင်ခွင့်ရှိသည်။ (ခ) သားသည်မိခင်များနှင့် ကလေးငယ်များကို အထူးစောင့်ရှောက်ခြင်းနှင့် အကူအညီပေးခြင်းတို့ကို ပေးရမည်။ တရားဝင်လက်ထပ်ထိမ်းမြားပြီး မွေးလာသော ကလေးဖြစ်စေ၊ တရားမဝင်မွေးလာသောကလေးပင်ဖြစ်စေ တူညီသော လူမှုကာကွယ်စောင့်ရှောက်ရေးကို ခံစားပိုင်ခွင့်ရှိသည်။ ရှင်းလင်းချက်။ ။ လူတိုင်းလုံလောက်သော လူနေမှုအဆင့်အတန်းနှင့် ဆေးကုသပိုင်ခွင့်ရှိသည်။

      အပိုဒ် (၂၆) (က) လူတိုင်း ပညာသင်ကြားပိုင်ခွင့်ရှိသည်။ အနည်းဆုံး မူလတန်းပညာနှင့် အခြေခံအဆင့်ပညာရေးသည် အခမဲ့ဖြစ်စေရမည်။ မူလတန်းပညာသည် မသင်မနေရ ဖြစ်ရမည်။ စက်မှုလက်မှုပညာနှင့် အသက်မွေးဝမ်းကြောင်း ပညာများကို ယေဘူယျအားဖြင့် လူအများသင့်ကြားပိုင်ခွင့် ရှိရမည်။ အထက်တန်းပညာနှင့် အဆင့်မြင့်ပညာများကို အရည်အချင်းအပေါ်မူတည်၍ သင်ကြားနိုင်ရန် တူညီသော အခွင့်အလမ်းများ ရှိစေရမည်။
            (ခ) ပညာရေးကို လူသားတို့၏ကိုယ်ပိုင်အရည်အသွေးများ တိုးတက်ဖြစ်ပေါ်ပြည့်ဝလာစေရန်နှင့် လူ့အခွင့်အရေး အခြေခံလွတ်လပ်ခွင့်များကို လေးစားမှုပိုကြလာစေရန် ဦးတည်ထားရမည်။ ပညာရေးသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ ဘာသာရေးအသင်းအဖွဲ့ တစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား နားလည်မှု၊ သဘောထားကြီးမှု၊ ချစ်ကြည်ရင်းနှီးမှုတို့ တိုးတက်ဖြစ်ပေါ်လာစေရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတည်တံ့စေရန် ကုလသမဂ္ဂက တာဝန်ယူဆောင်ရွက်နေသော လုပ်ငန်းများကို အဓွန့်ရှည်စေရန် ဆောင်ကျဉ်းနိုင်ရမည်။
            (ဂ) မိဘများသည် မိမိတို့၏ရင်သွေးများ သင်ယူရမည့် ပညာအမျိုးအစားကို ရွေးချယ်နိုင်သော လက်ဦးအခွင့်အရေးရှိသည်။ ရှင်းလင်းချက်။ ။ လူတိုင်း ပညာသင်ခွင့်ရှိသည်။ မူလတန်းပညာသည် မသင်မနေရနှင့် အခမဲ့ ဖြစ်ရမည်။

           အပိုဒ် (၂၇) (က) လူတိုင်းသည် လူမှုအဖွဲ့အစည်း၏ ယဉ်ကျေးမှုဘဝတွင် လွတ်လပ်စွာပါဝင်ပိုင်ခွင့်၊ အနုပညာသုခုမပညာရပ်များတွင် လွတ်လပ်စွာ လိုက်စားမွေ့လျော်နိုင်ခွင့်၊ သိပ္ပံပညာထွန်းကားရေးလုပ်ငန်းများတွင် လွတ်လပ်စွာ ဝင်ရောက်လုပ်ကိုင်ခွင့်နှင့် ထိုပညာ၏အကျိုးအမြတ်တို့ကို လွတ်လပ်စွာခံစားသုံးစွဲပိုင်ခွင့် ရှိသည်။
                        (ခ) လူတိုင်းသည် မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ကြံစည်ဖန်တီးမှုမှ ဖြစ်ထွန်းလာသော သိပ္ပံပညာဆိုင်ရာတီထွင်မှုများ၊ စာပေဆိုင်ရာ (သို့မဟုတ်) အနုပညာဆိုင်ရာ ဖန်တီးမှုများ၏ ဂုဏ်နှင့်ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အကျိုးအမြတ်များကို ခံစားရယူနိုင်ရန်အတွက် ကာကွယ်မှုများ ရရှိပိုင်ခွင့်ရှိသည်။ ရှင်းလင်းချက်။ ။ လူတိုင်းမိမိပတ်ဝန်းကျင်၏ ယဉ်ကျေးမှုဘဝတွင် ပါဝင်ပိုင်ခွင့်ရှိသည်။

            အပိုဒ် (၂၈) လူတိုင်း ဤစာတမ်းတွင်ဖော်ပြထားသည့် အခွင့်အရေးများနှင့်လွတ်လပ်ခွင့်များကို အပြည့်အဝအလေးထားအသိအမှတ်ပြုသော လူမှုဆက်ဆံရေးအခြေအနေနှင် နိုင်ငံတကာဆက်ဆံရေးအခြေအနေတို့၏ အကျိုးကျေးဇူးကို ခံစားပိုင်ခွင့်ရှိသည်။ ရှင်းလင်းချက်။ ။ လူတိုင်း ယခုဖော်ပြပါအခွင့်အရေးများ ထွန်းကားရန် လိုအပ်သောအချက်များကို လေးစားရမည်။

            အပိုဒ် (၂၉) (က) လူသားတိုင်းသည် မိမိကိုယ်ပိုင်အရည်အသွေးကို တိုးတက်ဖြစ်ပေါ် ပြည့်ဝလာအောင် လွတ်လွတ်လပ်လပ်ဆောင်ရွက်နိုင်မှုကိုပေးသော လူ့ဘောင်အား ပြန်လည်ပေးဆပ်ရန် တာဝန်ဝတ္တရားရှိသည်။
                 (ခ) လူတစ်ဦးတစ်ယောက်သည် မိမိ၏အခွင့်အရေးနှင့် လွတ်လပ်မှုကိုရယူရာတွင် အခြားသူများ၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ထိုက်ထိုက်တန်တန် အသိအမှတ်ပြု လေးစားရမည်။ ဒီမိုကရေစီစနစ်ထွန်းကားသော လူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရားကောင်းမွန်ရေး၊ စည်းကမ်းသေဝပ်မှုရှိရေးနှင့် ပြည်သူ့အကျိုးစီးပွား ဖြစ်ထွန်းရေးတို့အတွက် တရားမျှတစွာကျင့်ဆောင်ရန်အတွက်ရည်ရွယ်၍ ဥပဒေအရ ပြဌာန်းထားသော ကန့်သတ်ချက်မျိုးကို လူတိုင်းလိုက်နာရမည်။
                 (ဂ) ဤအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ကမ္ဘာ့ကုလသမဂ္ဂ၏ ရည်မှန်းချက်နှင့် အခြေခံမူများအား ဆန့်ကျင်သောကိစ္စရပ်များတွင် ရယူကျင့်သုံးပိုင်ခွင့် မရှိစေရန်။ ရှင်းလင်းချက်။ ။ လူတိုင်း အခြားသူများ၏ အခွင့်အရေးများကို လေးစားရမည်။

           အပိုဒ် (၃၀) ဤစာတမ်းပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ဖျက်လိုဖျက်ဆီးဖြစ်စေမည့် လုပ်ငန်းလုပ်ရပ်များအား မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်လူပုဂ္ဂိုလ်ကမှ ကိုယ်တိုင်လုပ်ဆောင်ခွင့်၊ ပါဝင်လုပ်ဆောင်ခွင့်မရှိကြောင်း ဤကြေညာစာတမ်းက အတိအလင်းကြေညာသည်။
        ရှင်းလင်းချက်။ ။ ယခုစာတမ်းပါအချက်များကို မည်သူတစ်ဦးတစ်ယောက်ကမှ ချိုးဖောက်ခြင်း မပြုရ။

source:http://www.hrhdiff.org/international-human/

Subscribe Us