Saturday, July 05, 2014

ပညာရှာ၊ ပမာသူဖုန်းစား



နေဇင်လတ်

JOB seekers Journal Vol.2,No.45

ခေတ်သည် ပညာခေတ်ဖြစ်၍ ပညာကိုပစ်ပယ်၍မရတော့၊ ပညာကို ပစ်ပယ်ခြင်းသည် မိမိ၏အနာဂတ်တံခါးကိုသော့ခတ်လိုက်ခြင်းသာ ဖြစ် သည်။ Life Long Learning ဟုပင်တင်စားထားသဖြင့် ပြိုင်ဆိုင်မှုကြီးမားနေ သောခေတ်တွင်ပေမီတန်းဝင်ဖြစ်ရန် တစ်သက်တာပတ် လုံး လေ့လာဆည်းပူးခြင်းကသာ တစ်လမ်းတည်းသောနည်းလမ်းဖြစ်ပြီး၊ အခြားရွေးချယ်ရန်နည်းလမ်းမရှိပါချေ။ ပညာနှင့်ပတ်သက်၍ အကျိုးတစ်စုံ တစ်ရာရှိနိုင်သည့် ပညာရှိအချို့၏ အဆိုအမိန့်များမှာ တစ်စုံတစ်ရာမက အသုံးဝင်သည်ဟု ယူဆပါသည်။

"No matter how busy you may think you are, you must find time for reading,or surrender yourself to self-chosen ignorance".
(Confucius)
“ဘယ်လောက်အလုပ်များများ အချိန်ပေးစာဖတ်ပါ။ သို့မဟုတ်ပါ လျှင် ဗဟုသုတချို့တဲ့မှုကြောင့် သင်ကျဆုံးသွားပါလိမ့်မည်။

"Today a reader, tomorrow a leader"
(Margret Fuller)
“ယနေ့စာဖတ်သူ၊ မနက်ဖြန် ခေါင်းဆောင်”

"Do not read, as children do, to amuse yourself, or like the ambitious, for the purpose of instruction. No, read in order to live"
(Gustavo Flaubert)
“ကလေးတစ်ယောက်လို ကိုယ့်ပျော်ရွှင်မှုအတွက် (သို့မဟုတ်) အောင်မြင်ကျော်ကြားလိုမှုအတွက် (သို့မဟုတ်) အမိန့်ပေးညွှန် ကြားဖို့ အတွက် စာမဖတ်ပါနှင့်၊ အသက်ရှင်နေထိုင်မှုအတွက်သာ စာဖတ်ပါ။

"No tears in the writer, no tears in the reader. No surprise in the writer, no surprise in the reader".
(Robert Frost)
“စာရေးသူကိုယ်တိုင် မျက်ရည်မကျဘဲ ရေးသောစာကို ဖတ်ပြီး စာဖတ် သူလည်း မျက်ရည်ကျမည်မဟုတ်ပါ။ စာရေးသူကိုယ်တိုင် အံ့သြစွာဖြင့် မရေး ခဲ့ပါလျှင်လည်း စာဖတ်သူအတွက် အံ့သြမည်မဟုတ်ပါ”

"If you don't have time to read, you don't have time (or the tools) to write. Simple as that"
(Stephen King)
“စာဖတ်ဖို့ အချိန်မရှိဘူး။ စာရေးဖို့အချိန်မရှိဘူးလို့ သင့်ကိုယ်သင်ထင်နေသမျှ သင်ဟာ သာမန်လူတစ်ယောက်သာ ဖြစ်နေဦးမှာပဲ”
(မှီငြမ်း - အင်တာနက်စာမျက်နှာ)
x x x

အသိခေတ်၊ ပညာခေတ်ဟု မည်မျှဆိုစေကာမူ အချို့သောသူများမှာ ရဲရဲ မယုံဝံ့ကြသေးသူများကို တွေ့ရခဲ့ဖူးသည်။
“ပညာဆိုတာ ဒီလောက်မလိုပါဘူး။ ကြည့်ပါလား။ ပညာတတ်တွေ ဘယ်လောက်ဖြစ်ကြသေးလို့လဲ”

တစ်ချိန်က လုပ်ငန်းရှင်တစ်ဦးပြောခဲ့သည့် စကားဖြစ်ပါသည်။ ထိုအ ချိန်က မြန်မာ့စီးပွားရေးသည် အခွင့်အလမ်း အခြေပြု” စီးပွားရေးဖြစ်သဖြင့် ပညာရှာမှီး၍ ပညာအသုံးချခြင်းထက်၊ အခွင့်အလမ်းတစ်ခုခု ပေးနိုင်မည့် သူနှင့် ပေါင်းဖက်ခြင်းက ချက်ချင်းအကျိုးစီးပွားဖြစ်နိုင်ခဲ့သော ကြောင့် ထို အချိန်၊ ထိုအဖြစ်အပျက်တွင် စီးပွားဖြစ်ခဲ့သူတစ်ဦးကဆိုခဲ့ခြင်းဖြစ်ပါသည်။ သူ့အချိန်အခါက မှန်ခဲ့သလိုလည်း ရှိဟန်ဖြစ်ခဲ့သည်ကိုး။ ပညာတတ်များ မှာ ကျောင်းဆရာများ၊ ကထိကများ၊ ပါမောက္ခများသာ ဖြစ်နေကြပြီး၊ လစာ အနည်းငယ်မျှဖြင့် ဘ၀ကို ရုန်းကန်ခဲ့ကြရသည်။ ပြင်ပကုမ္ပဏီ၊ စီးပွားရေး လုပ်ငန်းများ၌လည်း ပညာရှင်များကို များများစားစား မတွေ့ရ။ များစွာလည်း အရေးပေးမှု မခံခဲ့ကြရ။ ပညာသည် ခေတ်စနစ်၏ ထိန်းချုပ်မှုကို ခံခဲ့ကြရ သည်။

ယခု မြန်မာ့အခင်းအကျင်း လုံးဝပြောင်းသွားခဲ့ပါသည်။ အခင်း အကျင်းပြောင်းသည်နှင့် ပညာသည် ချက်ချင်းရှေ့တန်းသို့ ရောက်သင့် သလောက် ရောက်လာခဲ့ပါ၏။ အခင်းအကျင်းသစ် ပို၍ပီပြင်လာသည် နှင့် ပညာသည် ငြင်းမရသောအရာ၊ ရှေ့တန်းတိုက်စစ်မှူး ဖြစ်လာပါတော့မည်။

သမိုင်းကြောင်းတစ်ချက် စောင်းငဲ့ကြည့်ရာ

သမိုင်းကြောင်းကို တစ်ချက်မျှ စောင်းငဲ့ကြည့်လျှင် ပညာအရာက နိုင် ငံနှင့် လူမျိုးအပေါ် မည်မျှသက်ရောက်ခဲ့သည်ကို နားလည်နိုင်ပါလိမ့်မည်။ အနော်ရထာခေတ်အစဦးက အရည်းကြီးများကို ကိုးကွယ်ခဲ့၏။ ဘာသာရေး၏ အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားသောပညာနည်းပါးခဲ့၍ဖြစ်သည်။ ရှင်အရဟံကို ဖူးတွေ့ပြီးနောက်ပိုင်း ဗုဒ္ဓဘာသာ၊ ထေရ၀ါဒ စတင်ခဲ့သည်။ ပညာရှိများကို အသုံးပြုခဲ့ခြင်း၊ အနော်ရထာမင်းကိုယ်တိုင် ပညာကို လက်ခံနိုင် ခဲ့ခြင်းကြောင့် ထိုခေတ်က နိုင်ငံ စည်ပင်သာယာဝပြောခဲ့သည်။ သက်ဦး ဆံပိုင်ခေတ်များတွင် ဘုရင်သည် ပညာကို လက်ခံမှု များသည်နှင့် ပြည်သူတို့ အပေါ် ပို၍စဉ်းစားတတ်ကြသည့်သဘောရှိပါသည်။

ပုဂံမင်းလက်ထက်၌ ပညာနုံချာခဲ့သဖြင့် နိုင်ငံကျဆင်းခဲ့ရသည်။ ပညာမဲ့ သူကို ချီးမြှောက်ခဲ့ပြီး၊ ပညာကြီးသူကို ချောင်ထိုးခဲ့ခြင်းကြောင့်ဖြစ်သည်။ ကိုယ်တိုင်က ပညာနည်းပါးသောကြောင့် ကာမဂုဏ်တို့၌သာ မွေ့လျော်ခဲ့ ပြီး ပြည်သူ့အရေးကို လျစ်လျူရှုခဲ့သည်။ ဘုရင့်နောင်၊ အလောင်းဘုရားတို့ လက်ထက်၌ ဆည်မြောင်းများ၊အချိန်အတွယ် အလေးတင်းတောင်းများ၊ စံနှုန်း သတ်မှတ်ပြီး၊ ပြည်သူတို့၏ အရေးအရာများကို အလေးထားကြည့်ရှုခဲ့ခြင်း သည် ပညာကို တစ်စုံတစ်ရာအသုံးချခဲ့ခြင်းဖြစ်ပါသည်။ တိုင်းနိုင်ငံ ဖွံ့ဖြိုးတိုး တက်ခဲ့သည့်အပြင် ထိုမင်းတို့၏ အာဏာစက်သည်လည်း ယခုမြန်မာနိုင်ငံ၏ ဧရိယာထက် (၂)ဆနီးပါးမျှ ရှိခဲ့ပါ၏။ သက်ဦးဆံပိုင်၏ မင်းအာဏာနှင့် ပညာရှိတို့၏အရာကို ကောင်းစွာခွဲခြား အသုံးချနိုင်ခဲ့သောကြောင့် ဖြစ်သည်။

မင်းတုန်းမင်းလက်ထက်တွင် နိုင်ငံခြားပညာတော်သင်များစေလွှတ် ခဲ့၏။ မြန်မာ့သမိုင်း၏ ပထမဦးဆုံးသော သတင်းစာကိုလည်း ပုံနှိပ်ထုတ်ဝေ ခဲ့သည်။

“ငါမကောင်း ငါ့အကြောင်းရေး၊ ငါ့မိဖုရားမကောင်း ငါ့မိဖုရား အကြောင်းရေး” ဟူသော မင်းတုန်းမင်း၏ မိန့်မှာမူချက်မှာ ပညာသဘော ဆောင်နေသည် ကို တွေ့ရပါလိမ့်မည်။ ဒင်္ဂါးစက်ရုံများ တည်ထောင်ထုတ် လုပ်ကာ ငွေကြေး စနစ် သုံးစွဲခဲ့သည်။ နိုင်ငံခြားသို့ ပညာတော်သင်များ စေလွှတ်ကာ ပညာများ ရယူနိုင်ခဲ့ပါသည်။

သို့သော်လည်း မင်းတုန်းမင်း၏သားတော် သီပေါမင်းလက်ထက်တွင် မူ ပညာကို အသုံးမချနိုင်တော့ဘဲ၊ ပညာရှိမင်းတိုင်ပင်တို့ ချောင်ထိုးခံရ၍ ကင်းဝန်မင်း၏ သြဇာသည်လည်း ကျဆုံးခဲ့ရပါသည်။ပညာအသုံးချခြင်း ထက် မင်းစည်းစိမ်နှင့် တန်ခိုးအာဏာကို ဦးစားပေးခဲ့ကြသောကြောင့် နန်းတွင်းရေး သမိုင်းကြောင်း ဆိုးစေခဲ့သည့်အပြင် ပညာဖြင့်ယှဉ်၍ မဆုံးဖြတ်နိုင်ခဲ့သဖြင့် အင်္ဂလိပ်တို့ကို အချိန်မတိုင်မီ စစ်ရှုံးကာ၊ ထိုပညာအား နည်းမှုကြောင့် မြန်မာနိုင်ငံကို သူ့ကျွန်ဘ၀ရောက်စေခဲ့ပါသည်။

လွတ်လပ်ရေးရပြီးနောက်

လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက ဗိုလ်ချုပ်အောင်ဆန်းအမှူး ပြုသော လူငယ်များမှာ ပညာတတ်များ ဖြစ်ကြပါ၏။ ပညာတတ်များ စုစည်းထား သည်ဖြစ်၍ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ကောင်းစွာ ကြံဆကြိုးစားနိုင် ခဲ့ကြသည်ကို တွေ့ရသည်။ မှန်ကန်သော မဟာဗျူဟာ ချမှတ်နိုင်ခြင်း၊ လက်တွေ့တွင် ကောင်းစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း၊ အင်္ဂလန်သို့သွား၍ ရင်ဘောင်တန်း ပြောဆိုဆွေးနွေးနိုင်ခြင်းသည် ပညာ အခြေခံခဲ့သောကြောင့်သာ ဖြစ်ပါ၏။ ထိုခေတ် ထိုအချိန်က မြန်မာနိုင်ငံ၏ ပညာရေးသည် လက်လှမ်းမီကြသည့်လူတန်းစားအတွက် “တန်းမီ” ပညာရေး ဖြစ်ခဲ့ပါသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရခဲ့ပါသည်။ နိုင်ငံရေးသမား အများစု မှာ ခေတ်နှင့် ရင်ဘောင်တန်းနိုင်သော ပညာတတ်များဖြစ်၍ စီးပွားရေးပေါ် လစီများကို ကောင်းစွာချမှတ်နိုင်ကာ မြန်မာ့စီးပွားရေး ကောင်းစွာတိုးတက်ခဲ့ပါ၏။
 မြန်မာ့ထုတ်ကုန်အချို့မှာ နိုင်ငံအချို့၏ မက်မက်မောမော အသုံးပြုနေ ရသော အခြေအနေဖြစ်ခဲ့ပါ၏။ ထိုစဉ်က ပညာတတ်များမှာလည်း နိုင်ငံ တကာအလယ်တွင် ထူးချွန်ကြသူများဖြစ်ခဲ့ကြပြီး၊ တင်းပြည့်ကျပ်ပြည့် ပညာရေးလည်း ဖြစ်ခဲ့ပါသည်။

သို့သော်လည်း နိုင်ငံရေးဘက်တွင် အကွဲအပြဲများကြောင့် ကံမကောင်း အကြောင်းမလှစွာ တစ်ပါတီအာဏာရှင် လက်အောက်သို့ ပြန်၍ ကျရောက် သွားခဲ့ပါသည်။ ပညာရေးမူဝါဒများ မှားယွင်းခဲ့သဖြင့် မြန်မာ့ပညာရေး တဖြည်းဖြည်းနိမ့်ပါးလာခဲ့ကြရသည်။ မိမိကိုယ်တိုင် 1970s ကာလ ဘွဲ့ရစဉ် က ဆယ်စုနှစ်တစ်ခုကျော်နောက်ကျသော စာအုပ်များကို မှီငြမ်းခဲ့ရပါ၏။ ကိုယ့်ကိုယ်ကို တင်းပြည့်ကျပ်ပြည့်ဖြင့် ကျောင်းပြီးခဲ့သူ မဟုတ်ဟုခံယူခဲ့ဖူး ပါသည်။ ပညာရေးယိုယွင်းလာခြင်း၊ နိမ့်ပါးလာခြင်းသည်လူမျိုးနှင့် နိုင်ငံကို ထိပါးလာခဲ့ပါ၏။ နှစ်ပေါင်း နှစ်ဆယ်ကျော်ကာလအတွင်း မြန်မာ့ပညာရေးမှာ “ကျက်-မှတ်”ပညာရေး၊ သာလိကာ ပညာရေးထက် မပိုခဲ့၍ ထိုမှ စခဲ့သောပြည် သူများ၏ အရည်အသွေးမှာလည်း နိမ့်မှန်းမသိ နိမ့်ပါးခဲ့ကြ ရပါသည်။

ပညာသည် စဉ်းစားတွေးခေါ်ခြင်းဖြစ်၏။ ရှာဖွေခြင်းလည်း ဖြစ် သည်။ ပြန်လည်အသုံးချခြင်းလည်း ဖြစ်ပြန်သည်။ မြန်မာတို့ မတွေး ခေါ်နိုင် ခဲ့တော့၊ မရှာဖွေနိုင်ခဲ့တော့၊ ပြန်လည်အသုံးချရန်လည်း အခွင့်အလမ်း မရှိခဲ့ ကြတော့။

ယနေ့ အမေရိကန်အနေဖြင့် ကမ္ဘာကြီးကို ဆက်လက်ဦးဆောင်နေနိုင်ခြင်းမှာ ပညာကို ကောင်းစွာ အသုံးချနိုင်သောကြောင့် ဖြစ်သည်။ အသိပညာရှင် များပြားရာမှ အတတ် ပညာများကို ဆက်လက်မွေးထုတ်ကာ နည်းပညာသစ်များကို အခြေခံ၍ ကမ္ဘာကို ဦးဆောင်နေနိုင်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့်လည်း ရှိဆဲဘ၀မှ လွတ်မြောက်ရန် ပညာကို အခြေခံရုံမှတစ်ပါး အခြားရွေးချယ်ရန် နည်းလမ်းမရှိဟု ဆိုချင်ပါသည်။ အနာဂတ်မျိုးဆက်သစ်များအနေဖြင့် ပို၍ပို၍ ပညာအပေါ် အလေးထား ယုံ ကြည်ပြီး၊ နက်နက်နဲနဲ ဆည်းပူးကာ နိုင်ငံနှင့် လူမျိုးများ၏ ဖန်ဆင်း ရှင်များ ဖြစ်ကြပါစေကြောင်း ဆန္ဒပြုလိုက်ရပါ၏။

နေဇင်လတ်

Subscribe Us