Tuesday, June 21, 2016

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် တွေ့ဆုံခြင်း



    Tuesday, 21 June 2016  The Voice

ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်
 ဒေါ်အောင်ဆန်းစုကြည် ဇွန်လ ၂၃ ရက်နေ့မှ စတင်၍ သုံးရက်ကြာ လာရောက်ကာ ထိုင်းရောက်
 မြန်မာရွှေ့ပြောင်း လုပ်သားများ၊ ဒုက္ခသည်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် အပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်သည်။ ယင်းခရီးစဉ် အပါအဝင် ထိုင်းရောက် မြန်မာများအရေးတို့နှင့် ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်ကို The Voice က ဆက်သွယ်မေးမြန်း ထားသည်များကို ဖော်ပြအပ်ပါသည်။

Voice : ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်မှာ ဘာတွေလုပ်မလဲ။ ဘယ်သူတွေနဲ့ တွေ့မလဲ။

UWM : ဒါကတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တရားဝင် ခရီးစဉ်ပါ။ လာတဲ့အခါမှာ ထိုင်းအစိုးရ တာဝန် ရှိသူတွေနဲ့ တွေ့မှာပေါ့နော်။ တွေ့ပြီးတော့ ထုံးစံအတိုင်းပဲ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေးတွေဆွေးနွေးမှာပေါ့
နော်။ ပြီးရင် မြန်မာအလုပ်သမားတွေနဲ့ မဟာချိုင်မှာ တွေ့မယ်။ ရာသီဥတု ကောင်းရင်တော့ဒုက္ခသည် စခန်း သွားဖို့ ရှိတာပေါ့နော်။ ဒီမှာ ရာသီဥတုက မိုးရွာနေတယ်။ ရာသီဥတု ကောင်းရင်တော့ သွားမှာပါ။

Voice : ထိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့မှာဆိုတော့ ဘယ်သူတွေနဲ့ တွေ့မလဲ။ ထိုင်းဘုရင်နဲ့ရော တွေ့မလား။

UWM : နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တရားဝင် ခရီးစဉ်လာတာ ဖြစ်တဲ့အတွက် State Level မှာ တွေ့သင့်တဲ့သူတွေ အကုန်တွေ့မှာပါ။ State Level နဲ့ပဲ ရှိပါတယ်။ အစိုးရအဖွဲ့နဲ့ တွေ့ဖို့ အစီအစဉ် ရှိပါတယ်။


Voice : ဝန်ကြီးချုပ်နဲ့ တွေ့ဖို့တော့ သေချာတာပေါ့နော်။

UWM : အဲဒါတော့ တွေ့မှာပေါ့။ State Level ဆိုတော့ အစိုးရအဖွဲ့နဲ့ တွေ့မှာပေါ့။

Voice : ဘုရင်နဲ့ရော တွေ့ဖို့ရှိလား။

UWM : အဲဒါက ထိုင်းဘက်က အခြေအနေပါပဲ။ ဒါပေမဲ့ အချိန်မရှိပါဘူး။ အချိန်က အရမ်းကျပ်နေပါတယ်။ အချိန်က အရမ်းကျပ်နေတဲ့ အခါကျတော့ လောလောဆယ်တော့ အစီအစဉ် မရှိသေးဘူး။

Voice : ဒီခရီးစဉ်က နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ဘယ်လောက်အထိ အထောက်အကူပြုမလဲ သံအမတ်ကြီး။


UWM : နှစ်နိုင်ငံ ဆက်ဆံရေးက အရင်ကတည်းက အမြင့်ဆုံး အခြေအနေမှာ ရှိပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် လာရင်တော့ ဒီထက်ပိုပြီးတော့ ခိုင်ခိုင်မာမာ ဖြစ်သွားမှာပေါ့နော်။ စီးပွားရေးတွေ၊ လူမှုရေးတွေ ပိုကောင်းလာမှာပေါ့နော်။

Voice : ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား လေးသန်းဝန်းကျင် ရှိတယ်လို့ ခန့်မှန်းကြတယ်။ သူတို့အတွက်ရော ဒီခရီးစဉ်မှာ ဘယ်လိုမျိုး ဆောင်ရွက်ပေးနိုင်မလဲ။

UWM : ကျွန်တော်တို့ကတော့ ပုံမှန်ပါပဲ။ ထိုင်းအလုပ်သမား ဝန်ကြီးဌာန နဲ့ မြန်မာအလုပ်သမား ဝန်ကြီးဌာနက အစည်းအဝေးတွေ ပြုလုပ်ပြီးတော့ အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်ပေးနေပါတယ်။ အလုပ်သမား ရပိုင်ခွင့်တွေ ရအောင် လုပ်နေတာပေါ့နော်။ လုပ်နေတဲ့အခါမှာ မြန်မာတွေ ကလည်း များတာပေါ့နော်။ နေရာလည်း ကျယ်တဲ့အခါကျတော့ တချို့လည်း ကာကွယ်စောင့်ရှောက်မှု အပြည့်ရချင်မှ ရမယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် လာတဲ့အခါကျတော့ သူတို့ (မြန်မာလုပ်သမားများ) တင်ပြကြမှာပေါ့။ သူတို့ရချင်တဲ့ အရာတွေ။ အလုပ်သမားတွေ လိုချင်တာတွေ။ ဒါကတော့ တင်ပြမှု အမျိုးမျိုးပေါ် မူတည်ပြီးတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ထိုင်းအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ပေးမှာပေါ့။

Voice : ထိုင်းမှာ ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေ အတွက်ရော ဒီခရီးစဉ်မှာ ဘာတွေလုပ်ပေးနိုင်မလဲ။ သူတို့ မြန်မာနိုင်ငံ ပြန်ခွင့်ရဖို့ အတွက် မျှော်လင့်လို့ ရနိုင်မလား သံအမတ်ကြီး။

UWM : ကျွန်တော်တို့ဘက်ကတော့ အချိန်မရွေးပါပဲ။ ကျွန်တော်တို့ နိုင်ငံတော် လူကြီးတွေကလည်း ကိုယ့်လူမျိုးတွေ၊ ကိုယ့်တိုင်းရင်းသားတွေ၊ ကိုယ့်ညီအစ်ကို မောင်နှမတွေ ပြန်လာဖို့ကတော့ အမြဲတမ်း ကြိုဆိုနေတာပဲလေ။ ဒါပေမဲ့ သူတို့ ဒီဘက်က လူတွေပေါ့။ တစ်နေရာက တစ်နေရာ ပြောင်းဖို့ဆိုတာ အများကြီး စဉ်းစားရမှာပေါ့နော်။ အများကြီး စဉ်းစားကြရမယ်။ လက်ခံမယ့် ကျွန်တော်တို့ နိုင်ငံဘက်မှာလည်း အားလုံး အဆင်သင့်ဖြစ်အောင် လုပ်ရမယ်။ ဒီကပြန်ချင်တဲ့သူတွေ ရှိသလို မပြန်ချင်တဲ့ သူတွေလည်း ရှိတယ်။ အဲဒါကို ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ ထိုင်းအစိုးရ၊ မြန်မာအစိုးရတို့က ညှိနှိုင်းပြီးတော့ အချိန်ယူ ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်ပါတယ်။

Voice : ဒီခရီးစဉ်မှာ နယ်စပ်ရေးရာ ကိစ္စတွေကိုလည်း ဆွေးနွေးမယ်လို့ သိရပါတယ်။ နယ်နိမိတ် အငြင်းပွားမှု ကိစ္စတွေကိုရော ဆွေးနွေးမလား။

UWM : အားလုံးပါမှာပါ။ ကျွန်တော်တို့ ဒီမှာရှိတဲ့ သံအဖွဲ့တွေနဲ့ ပြောဖို့ဆိုဖို့က အချက်အလက်တွေ အများကြီးပဲ။ အိမ်နီးချင်းနိုင်ငံ ဆိုတော့ ပြော ရမယ်။ ဆွေးနွေးရမယ်။ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ရမှာတွေ အများကြီး ရှိပါတယ်။ ပါဝင်ဖို့ ရှိတယ်။

Voice : စီးပွားရေးနဲ့ ပတ်သက်လို့ရော ဘယ်လိုမျိုး အကြောင်းအရာတွေ ပါဝင်မလဲ။ ထားဝယ် အထူးစီးပွားရေးဇုန် ကိစ္စက အဓိက ပါဝင်လာနိုင်လား။

UWM : စီးပွားရေးကတော့ လက်ရှိမှာလည်း နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်နေတာပဲ။ နယ်စပ်ဒေသလည်း ပူးပေါင်းဆောင်ရွက်နေတာပဲ။ G to G (အစိုးရ အချင်းချင်း) လည်း ပူးပေါင်းဆောင်ရွက်နေတာပဲ။ ဒီကြားထဲမှာ ရင်းနှီးမြှုပ်နှံမှုကလည်း အပြန်အလှန်လုပ်ဖို့ အစီအစဉ်တွေ ရှိလာမှာပါ။

Voice : သံအမတ်ကြီး ခင်ဗျ။ ကျွန်တော် အခု မဟာချိုင်ရောက်တော့ မြန်မာဆိုင်တွေ အများကြီး တွေ့ပါတယ်။ အဲဒီဆိုင်တွေကို လိုက်လံဖမ်းဆီးနေတာလည်း တွေ့ရပါတယ်။ အဲလိုရောင်းတာကိုတော့ ထိုင်းအစိုးရက တရားဝင် ခွင့်မပြုဘူးလို့လည်း သိရပါတယ်။ ဒါပေမဲ့ မြန်မာတွေကလည်း ဆိုင်ဖွင့်နေကြတော့ သူတို့ကို မြန်မာအစိုးရက တစ်စုံတစ်ရာ အကာအကွယ် လုပ်ပေးလို့ ရနိုင်မလား။

UWM : ဒါကတော့ အလုပ်သမားနဲ့ လာတဲ့သူတွေပေါ့နော်။ အလုပ်သမားနဲ့လာတဲ့ Work Permit ပေါ့။ Job နဲ့ လာတဲ့သူတွေက အလုပ်ပဲ လုပ်ပိုင်ခွင့် ရှိတယ်လေ။ နောက်တစ်ခါ သူတို့က ကုမ္ပဏီထောင်ပြီးတော့ ဆိုင်ဖွင့်မယ်။ ကုန်တိုက်တွေ ဖွင့်မယ်ဆိုရင် သူတို့နိုင်ငံမှာ အခွန်ဆောင်ပြီးတော့ ရင်းနှီးမြှုပ်နှံပြီး ကုမ္ပဏီ ဖွင့်ရင်တော့ ရောင်းလို့ရတာပေါ့။ ဒါလည်း Work Permit အမျိုးအစားတစ်ခုပေါ့။ နောက်တစ်ခါ အလည်လာတဲ့ သူတွေပေါ့နော်။ Visit Visa နဲ့ လာတဲ့သူကလည်း အလည်ပဲ လာလို့ရမယ်။ အလုပ်လုပ်လို့ မရဘူးပေါ့။ အဲလို အမျိုးမျိုး ရှိပါတယ်။ သူ့ဗီဇာအမျိုးအစား အလိုက်ပဲ အလုပ်လုပ်ပိုင်ခွင့် ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း ဒီအတိုင်းပါပဲ။ ကျောင်းလာတက်မယ်ဆိုရင် ကျောင်းပဲတက်ရမှာပေါ့နော်။ အလုပ်လုပ်လို့ မရဘူး။ အလုပ်သမား ပတ်စပို့နဲ့ နေတယ်။ အလုပ်သမား Work Permit လာရင် ဈေးရောင်းလို့ မရဘူးပေါ့။ ဈေးရောင်းချင်ရင် ကုမ္ပဏီ ထောင်ရမယ်။ အခွန်ဆောင်ရမယ်ဆိုရင် ဈေးရောင်းလို့ ရမှာပေါ့။ ဒါကတော့ သူ့စည်းမျဉ်း ဥပဒေ အတိုင်းပဲ ရှိပါတယ်။ နိုင်ငံတိုင်း ဒီအတိုင်းပါပဲ။

Voice : ထိုင်းက လက်ရှိ အာဏာသိမ်းအစိုးရ အုပ်ချုပ်နေတဲ့အချိန် ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် အခုလာမယ့် ခရီးစဉ် အာဏာသိမ်း အစိုးရကို အားပေးအားမြှောက် လုပ်ရာကျတယ်ဆိုပြီး ဝေဖန်နေကြတာ တွေ့ပါတယ်။ သံအမတ်ကြီးကျတော့ ဘယ်လိုမှတ်ချက်ပေးချင်လဲ။

UWM : ဒါက အိမ်နီးချင်း နိုင်ငံပဲလေ။ အိမ်နီးချင်းဆိုတော့ အပြန်အလှန် လည်ပတ်တာပဲလေ။ သူတို့လည်း လာမှာပဲ။ ကိုယ်တို့လည်း သွားမှာပဲလေ။ ဘယ်နိုင်ငံမှာဖြစ်ဖြစ် တက်နေတဲ့ အစိုးရဆီကိုတော့ တရားဝင် အလည်အပတ် ခရီးသွားမယ်။ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံတွေက ဒီအတိုင်းပဲ။ သူတို့နိုင်ငံရေးက သူတို့နိုင်ငံရေးပဲ။ ကျွန်တော်တို့ နိုင်ငံရေးက ကျွန်တော်တို့ နိုင်ငံရေးပဲ။ လက်ရှိ ရှိနေတဲ့ အစိုးရ အချင်းချင်း တရားဝင် လည်ပတ်တဲ့ ကိစ္စပဲ။ ဒါက သူတို့နိုင်ငံရေးနဲ့လည်း မဆိုင်ဘူး။ ကျွန်တော်တို့ နိုင်ငံရေးနဲ့လည်း မဆိုင်ဘူး။

Voice : ဒါဆို အာဏာသိမ်း အစိုးရ အားပေးရာ မကျဘူးလို့ ပြောလို့ရမလား သံအမတ်ကြီး။

UWM : ဘာမှမဆိုင်ဘူးလေ။ သူ့နိုင်ငံရေးက သူ့နိုင်ငံရေးပဲ။ ကျွန်တော်တို့ နိုင်ငံရေးက ကျွန်တော်တို့ နိုင်ငံရေးပဲ။ တစ်အချက်က အိမ်နီးချင်းနိုင်ငံ ဖြစ်တယ်။ နှစ်အချက်က ဒီဘက်မှာလည်း အစိုးရသစ်ပဲ။ ကျွန်တော်တို့ဘက်မှာလည်း အစိုးရသစ်ပဲ။ အစိုးရ အချင်းချင်းက ခင်မင်မှုရအောင်၊ စီးပွားရေး၊ လူမှုရေးတွေ လုပ်လို့ရအောင် အပြန်အလှန် လည်ပတ်တာ ဖြစ်တယ်။ အထူးသဖြင့် အာဆီယံမှာလည်း ဒီအတိုင်းပါပဲ။ လက်ရှိအစိုးရ ခေါင်းဆောင်တိုင်း အစည်းအဝေး တက်ကြတာပဲလေ။ ဒါကတော့ သူ့ဟာသူ စကားရှိလို့ ပြောကြတာပါ။ ဒါဆိုရင် ကျန်တဲ့ ရှစ်နိုင်ငံကလည်း ဒီလိုမျိုး ထပြောမှာပေါ့။ အာဆီယံရဲ့ ပဋိညာဉ်မှာလည်း ရှိတယ်။ သူများ နိုင်ငံရေးသူများ ပြည်သူအရေးကို ဝင်ရောက်စွက်ဖက်ခွင့် မရှိဘူးဆိုတဲ့ အတိုင်းပဲ ဒါတွေမပါဘဲ တရားဝင် အလည်လာတဲ့ သဘောပါ။

Voice : ထိုင်းမှာက မြန်မာအလုပ်သမားတွေက အရမ်းများတယ်။ သံရုံးမှလည်း အလုပ်သမားသံ အရာရှိ နှစ်ယောက်နဲ့ ဆောင်ရွက်တဲ့ အပိုင်းမှာ ဒီက လူတွေအတွက် တကယ်လုပ်နိုင်လား။ နိုင်ငံတော်က ဘယ်လိုမျိုးတွေ ထပ်ပြီး ဖြည့်ဆည်းပေးဖို့ လိုမလဲ။

UWM : အထူးသဖြင့်ကတော့ ဒီမှာရောက်နေတဲ့ မြန်မာအလုပ်သမားတွေက စည်းလုံးညီညွတ်ဖို့ လိုမယ်။ စည်းကမ်းရှိမယ်ဆိုလို့ ရှိရင် ကျွန်တော်တို့ဆီမှာရှိတဲ့ အလုပ်သမား သံအရာရှိတွေ၊ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး အဖွဲ့တွေနဲ့ လိုက်လံပြီးတော့ ရပိုင်ခွင့်တွေ၊ နစ်နာတာတွေ၊ ဖြေလျှော့မှုတွေကို အကုန်လုပ်ပေးနိုင်ပါတယ်။ အရေးကြီးတာက ကိုယ့်လူမျိုး ကိုယ့်နိုင်ငံသား စည်းလုံးညီညွတ်မှု ရှိဖို့၊ စည်းကမ်းတကျ နေတတ်ဖို့ပဲ လိုပါတယ်။ သူတို့ သတ်မှတ်ထားတဲ့ ဥပဒေတွေကို ကျော်ရင်တော့ တစ်မျိုးဖြစ်မှာပေါ့။ ဥပဒေဘောင် အတွင်းမှာ နေရင်တော့ ကျွန်တော်တို့ သံရုံးအနေနဲ့ အကုန်လုံး လုပ်ပေးလို့ ရပါတယ်။

Voice : အခုက ဥပဒေပါ အခွင့်အရေးတချို့ မရကြဘူးလို့ သိရပါတယ်။ ဥပမာ- တစ်ရက် အနည်းဆုံး လုပ်ခ ဘတ် ၃၀၀ သတ်မှတ်ထားပေမယ့် မရကြတာတွေ ရှိတယ် ပြောကြပါတယ်။ အဲဒါတွေကို မြေပြင်အထိ ရောက်အောင် ဆောင်ရွက်ပေးဖို့ တကယ်လုပ်နိုင်တဲ့ အခြေအနေရှိလား။ အားနည်းမှုတွေရော ရှိလား။ မြန်မာအစိုးရ အနေနဲ့ ဖြည့်ဆည်းပေးရမယ်ဆိုရင် ဘယ်လိုမျိုး ဖြည့်ဆည်းပေးရင်တော့ ပိုအဆင်ပြေသွားမလဲ။

UWM : သူတို့မရဘူးဆိုရင် သံရုံးကို တရားဝင် လာပြောလေ။ သူတို့ နယ်မြေတိုင်းမှာလည်း အလုပ်သမား ကာကွယ်စောင့်ရှောင်ရေး ကော်မတီတွေ ရှိပါတယ်။ တရားဝင်ပြောလေ။ တရားဝင် ပြောရင်တော့ မရဘူးဆိုတာ မရှိပါဘူး။ ရကြပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာပေါ့နော်။ ကိုယ့်မှာ Document (အထောက်အထား) တွေ အကုန်ရှိရမယ်။ Work Permit ရှိမယ်။ အထောက်အထားတွေ အကုန်ရှိမယ် ဆိုတော့ မရစရာအကြောင်း မရှိဘူး။ ဘာအထောက်အထားမှ မရှိဘဲနဲ့ ဒီအတိုင်းလာတယ်။ Visit နဲ့ လာတယ်။ ဒီအတိုင်းလာပြီး လုပ်ရင်တော့ အလုပ်ရှင်က နှိမ်မှာပဲလေ။ နှိမ်ကြေးပေးမှာပဲလေ။ ဒါက အလုပ်သမားအပေါ်မှာ မူတည်ပါတယ်။ အလုပ်သမားတွေက သူ့မှာ Document ရှိတယ်။ ရှိတယ်လို့သာ ပြောတယ်။ တချို့တစ်ဝက် ရှိတယ်။ မဖြစ်ဘူးလားဆိုတော့ တချို့တစ်ဝက် ဖြစ်တယ်။ အဲဒါတွေကို အကုန်လိုက်လုပ်ပေးနေတယ်။ ခင်ဗျားတို့ သတင်းမီဒီယာကလည်း တစ်ဖက်တည်း ကြည့်ပြီးတော့ မရေးနဲ့ပေါ့။ နှစ်ဖက်ကြည့်ပြီးရေးပေါ့။ သူများနိုင်ငံမှာနေရင် သူများနိုင်ငံ ဥပဒေကို လိုက်နာရမယ် တစ်အချက်။ ပြီးတော့ ရပိုင်ခွင့် မရဘူးဆိုရင် သံရုံးက ရပိုင်ခွင့်ရအောင် လုပ်ပေးမယ် နှစ်အချက်။ သုံးအချက်က အလုပ်သမားကိုယ်တိုင် စည်းကမ်းရှိမယ်။ ပြီးရင် Document တွေ ရှိတယ်ဆိုရင်တော့ ဒီကိစ္စတွေက ဖြစ်စရာ အကြောင်းကို မရှိဘူး။

အောင်မြင့်ထွန်း

Subscribe Us