ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့မှုအခြေနေဟာနေ့စဉ် လူဦးရေ၁၀၀ကျော်ကို ရောဂါကူးစက်မှုခံနေရဒါကြောင့် ခရိုင်အသီးသီးရှိ ဒေသဆိုင်ရာအာဏာပိုင်တွေက ကူးစက်ရောဂါထိန်းချုပ်ရေးအတွက် အရေးပေါ်အမိန့်များကိုလည်းထုတ်ပြန်ထားတယ်လို့သိရပါတယ်။
ထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့ တာ့ခ်ခရိုင် မယ်ဆောက်မြို့မှာလည်း ကူးစက်ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးစီးမံချက်တွေအရ ဧပြီလ ၂ ရက်နေ့ကနေ ဧပြီလ ၁၄ ရက်နေ့အထိ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို မော်တော်ယာဉ်များဖြင့် ဒေသအတွင်းတင်ဆောင်လာခြင်းနဲ့ပြင်ပကိုခေါ်ဆောင်သွားတာမျိုးတွေ ယာယီဆိုင်းငံ့ထားရန် အာဏာပိုင်များကနေ ယနေ့မှာအမိန့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အတည်ပြုလူနာ ၁၅ဦးထဲက ၂ဦး ဟာ ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ပြီးတာချီလိတ်မြို့နဲ့ မြဝတီမြို့ကနေ ပြည်တွင်းကို ပြန်လည် ဝင်ရောက်လာကြသူတွေဖြစ်သလို အချို့သော နေရပ်ပြန်မြန်မာအလုပ်သမားတွေကလည်း ၁၄ ရက် ထိန်းချုပ်ကန့်သတ်စောင့်ကြည့်မှု (Quarantine) ပြုလုပ်ခြင်းကို လက်မခံတာတွေကြောင့်နောက်ထပ် နေရပ်ပြန်လာမယ့် အလုပ်သမားတွေကို နယ်စပ်တွေမှာပဲ ထိန်းချုပ်ကန့်သတ်စောင့်ကြည့်မှုကို ပြုလုပ်မှာဖြစ်တာကြောင့် Quarantine ပြုလုပ်မယ့် နေရာထိုင်ခင်း တိုးချဲ့ဆောင်ရွက်နေတာကြောင့်တာ့ခ်ခရိုင်အတွင်း မြန်မာအလုပ်သမားတွေဝင်ထွက်ခြင်းတွေကို ယာယီဆိုင်းငံ့လိုက်ခြင်းပဲဖြစ်ပါတယ်။
ဒါကြောင့် နေရပ်ကိုပြန်လိုတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ ဧပြီလ ၁၅ ရက်နေ့ နောက်ပိုင်းမှသာ နေရပ်ပြန်ခွင့်ရမှာဖြစ်ပါတယ်။
ဒီအပြင် ထိုင်းနိုင်ငံအတွင်း ကူးစက်ရောဂါထိန်းချုပ်ရေးအတွက် ဒေသအသီးသီးမှာ အရေးပေါ်ထုတ်ပြန်လိုက်တဲ့ အမိန့်တွေကတော့ အလုပ်ကိစ္စမှအပ ည ၁၁ နာရီကနေ နံနက် ၅နာရီအချိန်အထိ အပြင်ထွက်ခွင့်မပြုခြင်း၊ လက်ရှိနေထိုင်ရာခရိုင်ကနေ အခြားခရိုင်တစ်ခုကို ခရီးသွားမယ်ဆိုရင် ၃ ရက်အတွင်းပြုလုပ်ထားတဲ့ ကိုရိုနာဗိုင်းရစ်ကင်းစင်းကြောင်းဆေးထောက်ခံချက် လိုအပ်မယ်ဆိုတာတွေအပါဝင် ရနောင်းခရိုင်နဲ့စမွတ်ဆာခွန်ခရိုင်တွေမှာလည်း အပြင်ထွက်တဲ့အခါ နှာခေါင်းစည်းမတပ်တာတွေ့ခဲ့တယ်ဆို ဘတ်ငွေ ၂၀၀၀၀တိတိကို ပြစ်ဒဏ်ကြေးချမှတ်ခံရမယ်ဆိုတာဖြစ်ပါတယ်။
ဧပြီလ ၁ ရက်နေ့အထိ ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကြောင့် သေဆုံးသူ ၁၂ ဦးအထိရောက်ရှိလာပြီးဖြစ်သလို အတည်ပြုလူနာပေါင်း ၁၇၇၁ ဦးအထိရောက်ရှိလာပြီးလို့ သိရပါတယ်။