Thursday, April 02, 2020

အရှေ့တောင်အာရှမှာ ကိုဗစ်-၁၉ ကူးစက်မှုအမြင့်မားဆုံးရောက်ရှိနေတဲ့ နိုင်ငံ ငါးနိုင်ငံ


ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဒဏ်ကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ တွေ ခံစားနေရပါတယ်။ အစိုးရတွေကလည်း ဗိုင်းရပ်စ် ကာကွယ်ရေးနဲ့ပတ်သက်ပြီး နည်းလမ်းမျိုးစုံကို ကြိုးပမ်း လုပ်ဆောင်လျက်ရှိပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေမှာလည်း ကိုရိုနာ ဗိုင်းရပ်စ်ကပ်ဆိုးကြီး ကူးစက်ပျံ့နှံ့လျက်ရှိပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေထဲက ရောဂါကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးရှိတဲ့ ငါးနိုင်ငံအကြောင်းကို လေ့လာ ကြည့်ပါမယ်။ ဒီနိုင်ငံတွေမှာ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ ပတ်သက်ပြီး အစိုးရတွေက ဘယ်လိုကိုင်တွယ် ဖြေရှင်း နေသလဲဆိုတာ လေ့လာကြည့်ပါစို့။

ဧပြီ ၁ ရက် စစ်တမ်းအရ အရှေ့တောင်အာရှနိုင်ငံ တွေမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၇၇၀၀ ကျော် ရှိပါတယ်။ မလေးရှားနိုင်ငံဟာ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း အမြင့်မားဆုံးဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ ကူးစက် ခံရသူ ၂၉၀၈ ဦးရှိပြီး အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ဗိုင်းရပ်စ်ကူးစက်မှု အမြင့်မားဆုံး ဖြစ်ပါတယ်။ ဖိလစ်ပိုင် နိုင်ငံက ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၃၁၁ ဦးရှိပြီး ဒေသ တွင်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ဒုတိယအများဆုံး နိုင်ငံဖြစ်ပါတယ်။ တတိယအများဆုံး နိုင်ငံကတော့ ထိုင်းနိုင်ငံဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၇၇၁ ဦး ရှိပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၆၇၇ ဦးနဲ့ စင်ကာပူနိုင်ငံမှာ ၉၂၆ ဦး ရှိပါတယ်။



ဒေသတွင်းမှာ သေဆုံးမှုအများဆုံးနိုင်ငံတွေကို ကြည့်မယ်ဆိုရင် အင်ဒိုနီးရှားနိုင်ငံဟာ သေဆုံးသူ ၁၅၇ ဦးရှိပြီး ဖိလစ်ပိုင်နိုင်ငံမှာ ၉၆ ဦး၊ မလေးရှားမှာ ၄၅ ဦး၊ ထိုင်းနိုင်ငံမှာ ၁၂ ဦးနဲ့ စင်ကာပူနိုင်ငံမှာ သုံးဦး ရှိပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေ
သေဆုံးမှုအများဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ မှာ ဗိုင်းရပ်စ်ကာကွယ်ရေးလုပ်ငန်းစဉ်တွေကို အစိုးရက ဘယ်လိုကိုင်တွယ်လုပ်ဆောင်နေသလဲဆိုတာ လေ့လာ ကြည့်ပါမယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ နှစ်ဦးကို မတ် ၂ ရက်မှာ သမ္မတဂျိုကိုဝီဒိုဒိုက အတည်ပြု ကြေညာခဲ့ပါတယ်။ ရက်သတ္တပတ်အနည်းငယ်ကြာတဲ့ အခါမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေကို ထပ်မံတွေ့ရှိ ခဲ့ပါတယ်။ မတ် ၂၇ ရက်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၁၀၄၆ ဦးကို တွေ့ရှိခဲ့ပါတယ်။ ယခုကူးစက်မှု အရေအတွက်ဟာ ပထမဆုံးစတွေ့တဲ့အရေအတွက်ထက် ၅၂၃ ဆ တိုးမြင့်လာတာကို တွေ့ရှိရပါတယ်။

လူဦးရေ ၂၇၃ ဒသမ ၅၂ သန်းရှိတဲ့ အင်ဒိုနီးရှားနိုင်ငံ မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနဲ့ပတ်သက်ပြီး ထိရောက် တဲ့ လုပ်ငန်းဆောင်တာတွေကို စီစဉ်ဆောင်ရွက်မှုမရှိဘူး ဆိုရင် ဧပြီလကုန်ပိုင်းမှာ နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက် ခံရသူ ၁၁၀၀၀ ကနေ ၇၁၀၀၀ အထိ မြင့်တက်လာနိုင်တယ် လို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက သုံးသပ် ပြထားပါတယ်။

ဒါကြောင့် အင်ဒိုနီးရှားအစိုးရက မေ ၂၉ ရက်အထိ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အရေးပေါ်အစီအစဉ် တစ်ရပ် အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။ မတ် ၂၀ ရက်ကစပြီး ဂျကာတာတောင်ပိုင်းမှာ ဗိုင်းရပ်စ် စစ်ဆေးမှုတွေကို လုပ်ဆောင်နေပါတယ်။ ကီမာယွန်ရန် အားကစားကျေးရွာ မိုးမျှော်အဆောက်အဦတွေကိုလည်း ဗိုင်းရပ်စ်ကူးစက်ခံလူနာတွေထားရှိဖို့ ယာယီဆေးရုံတွေ အဖြစ် ပြောင်းလဲအသုံးပြုလျက်ရှိပါတယ်။ ပြည်သူ တွေကိုလည်း အနည်းဆုံး ခြောက်ပေအကွာအဝေးခြားပြီး တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာလေးနေပေးဖို့ အစိုးရအဖွဲ့က တိုက်တွန်းပြောကြားထားပါတယ်။

မတ် ၃၁ ရက်မှာ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် နိုင်ငံအတွင်းမှာ ရှိတဲ့ ပြည်သူတွေ လိုက်နာရမယ့် စည်းမျဉ်း၊ စည်းကမ်း တွေကို ချမှတ်ပေးခဲ့ပါတယ်။ ပြည်သူတွေအကြား မဖြစ်မနေလိုက်နာရမယ့် အစိုးရရဲ့ စည်းမျဉ်း၊ စည်းကမ်း တွေအပါအဝင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေတစ်ရပ်နဲ့ပတ်သက်ပြီး အမိန့်ဒီကရီတစ်ရပ်ကို သမ္မတ ဝီဒိုဒိုက လက်မှတ်ရေးထိုးခဲ့ပါတယ်။

သမ္မတလက်မှတ်ရေးထိုးလိုက်တဲ့ အစိုးရရဲ့ စည်းမျဉ်း၊စည်းကမ်းတွေဟာ ၂၀၁၈ ခုနှစ် ကျန်းမာရေး ဆိုင်ရာ သီးခြားစောင့်ကြည့်မှုဆိုင်ရာ ဥပဒေအပေါ် အခြေခံထားတယ်လို့ သိရပါတယ်။ ဒီစည်းမျဉ်းတွေမှာ နိုင်ငံအတွင်းက မြို့တော်တွေအပါအဝင် စီရင်စုအားလုံးမှာ ဘာသာရေးနဲ့ လူမှုရေးဆိုင်ရာ ပွဲတော်တွေကို ပိတ်ပင်ဖို့နဲ့ မရှိမဖြစ် အသုံးအဆောင်တွေဖြစ်တဲ့ ဆေးဝါး၊ အစားအစာ တွေကိုပဲ တင်ပို့ရောင်းချခွင့်ပြုထားပါတယ်။ တခြား ကုန်ပစ္စည်းတွေ ရောင်းဝယ်ဖောက်ကားတာတွေကို ပိတ်ပင် ထားတယ်လို့ သိရပါတယ်။

နိုင်ငံအတွင်းမှာ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းတွေ ပိုပြီး မြင့်တက်လာမယ်ဆိုရင် အစိုးရအဖွဲ့အနေနဲ့ ပြည်သူတွေကို အပြင်မထွက်ရအမိန့်ချမှတ်ဖို့ ပြင်ဆင်နေတယ်လို့ သမ္မတ ဝီဒိုဒိုက ဆိုပါတယ်။ ရောဂါကူးစက်မှုတွေ မြင့်မားနေတဲ့ အချိန်မှာ နိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူတွေရဲ့ အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အစိုးရက ကန်ဒေါ်လာ ၁ ဒသမ ၅ သန်း မတည်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံအတွင်း နိုင်ငံခြားသားဝင်ရောက်မှုတွေ ကိုလည်း ပိတ်ပင်သွားမှာဖြစ်ပါတယ်။ အခုလို ကိုဗစ်-၁၉ ပျံ့နှံ့မှုကို ကမ္ဘာတစ်ဝန်းလုံး ခံစားနေရချိန်မှာ အင်ဒိုနီးရှား ပြည်သူတွေရဲ့ အသက်ရှင်သန်ရေးအတွက် ဗိုင်းရပ်စ်ပျံ့နှံ့မှု ကို ကာကွယ်ထိန်းချုပ်သွားဖို့ဟာ အဓိကဖြစ်ပါတယ်လို့ အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုက ဆိုပါတယ်။

မလေးရှားနိုင်ငံရဲ့ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေ
ဒေသတွင်းမှာ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း အမြင့်မားဆုံး ဖြစ်တဲ့ မလေးရှားနိုင်ငံမှာ ဗိုင်းရပ်စ်ကာကွယ်ရေးလုပ်ငန်း စဉ်တွေကို အစိုးရအဖွဲ့က ဘယ်လိုကိုင်တွယ် လုပ်ဆောင် နေသလဲဆိုတာ လေ့လာကြည့်ပါမယ်။
နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှု စတင်တွေ့ရှိခဲ့တဲ့ အချိန်ကစပြီး မလေးရှားအစိုးရအဖွဲ့က ဗိုင်းရပ်စ်ကာကွယ်ရေး လုပ်ငန်းတွေကို စတင်လုပ်ဆောင်လျက်ရှိပါတယ်။ ရောဂါပိုးကူးစက်မှုမြင့်မားတဲ့ဒေသတွေမှာ အဖွဲ့လိုက် ပိုးသတ်ဆေးဖျန်းတဲ့ လုပ်ငန်းစဉ်တွေ ဆောင်ရွက်လျက်ရှိပါ တယ်။ ပီရတ်၊ ဆီလန်ဂေါ၊ မီလာကာနဲ့ ဂျိုဟော်မြို့တွေ အပါအဝင် ပီနန်း တီရန်ဂါနူးနဲ့ ကီဒက်ရှ်ပြည်နယ်တွေရဲ့ ဈေးနေရာတွေ၊ ပန်းခြံတွေ၊ စားသောက်ဆိုင်တွေ၊ အများသုံး သန့်စင်ခန်းတွေ၊ ကားမှတ်တိုင်နဲ့ သင်္ဘောဆိပ်ကမ်းတွေ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေ ရဲစခန်းတွေနဲ့ ပြည်သူလူထုနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ ပိုးသတ်ဆေး တွေဖျန်းပြီး ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် လုပ်ဆောင် နေတာ တွေ့ရပါတယ်။

ဗိုင်းရပ်စ်ကာကွယ်ရေးလုပ်ငန်းစဉ်အဖြစ် မတ် ၁၈ ရက်ကစပြီး ပြည်သူတွေအကြား ခြောက်ပေခြား ခပ်ခွာခွာ နေထိုင်ဖို့နဲ့ အသွားအလာ ကန့်သတ်တာတွေကို စတင် လုပ်ဆောင်လျက်ရှိပါတယ်။ ဒါ့အပြင် သွားလာမှုကန့်သတ် ထိန်းချုပ်ထားတဲ့ အစိုးရအဖွဲ့ရဲ့ စည်းမျဉ်းတွေမှာ လူစု လူဝေးပြုလုပ်ခြင်းကို ရှောင်ကြဉ်ဖို့၊ ဘာသာရေး၊ လူမှုရေး ဆိုင်ရာ ပွဲတော်တွေနဲ့ အားကစားပြိုင်ပွဲတွေ ကျင်းပဖို့ကို ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ယာယီ ပိတ်ပင်ထားပါတယ်။ ပြည်သူတွေကိုလည်း နေအိမ်အတွင်း မှာသာ နေထိုင်ဖို့ အစိုးရအဖွဲ့က တိုက်တွန်းပြောကြားထား ပါတယ်။ အစိုးရအဖွဲ့က ချမှတ်ထားတဲ့ ဒီစည်းကမ်းတွေဟာ ဧပြီ ၁၄ ရက်အထိ အသက်ဝင်မှာဖြစ်ပါတယ်။
မလေးရှားပြည်သူတွေ စည်းကမ်းလိုက်နာမှုရှိ၊ မရှိကို မောင်းသူမဲ့လေယာဉ်တွေကို အသုံးပြုပြီး စောင့်ကြည့် သွားမယ်လို့ ရဲချုပ် အဒူလာ ဟာမစ် ဘာဒါက ဆိုပါတယ်။ လက်ရှိအချိန်အထိ စည်းကမ်းချိုးဖောက်သူ ၆၄၉ ဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ မလေးရှားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၉၀၈ ဦးရှိပြီး သေဆုံးသူ ၄၅ ဦးရှိပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ ကိုဗစ်-၁၉ ကူးစက်မှု အခြေအနေ
အရှေ့တောင်အာရှနိုင်ငံတွေမှာ ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယအများဆုံးဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံအကြောင်းကို ဆက်လက်လေ့လာကြည့်ပါမယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူကို ဇန်နဝါရီ ၃၀ ရက်မှာ စတင်တွေ့ရှိခဲ့ပါတယ်။ ဒုတိယကူးစက်ခံလူနာ ကိုတော့ ဖေဖော်ဝါရီ ၂ ရက်မှာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ နိုင်ငံအတွင်းမှာ ကူးစက်မှုနှုန်းဟာ တဖြည်းဖြည်းမြင့်တက် လာပြီး မတ် ၃၁ ရက် တစ်ရက်ထဲမှာ ကူးစက်ခံလူနာ ၅၃၈ ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ဧပြီ ၁ ရက် ဆေးမှတ်တမ်းအရ နိုင်ငံအတွင်းဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၃၁၁ ဦးရှိပြီး ၉၆ ဦး သေဆုံးသွားပြီဖြစ်ပါတယ်။ ဗိုင်းရပ်စ် ကူးစက်ခံရသူတွေထဲက လူနာ ၅၀ ဟာ ကျန်းမာရေးပြန်လည် ကောင်းမွန်လာတယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်အစိုးရအနေနဲ့လည်း ဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်လျက် ရှိပါတယ်။ တရုတ်၊ ဟောင်ကောင်၊ မကာအိုနဲ့ တောင်ကိုရီးယားနိုင်ငံတွေကို ခရီးသွားလာမှုတွေ ပိတ်ပင် ထားပါတယ်။ မတ် ၉ ရက်မှာ သမ္မတ ဒူတာတေးက ပြည်သူ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ် ကြေညာ ခဲ့ပါတယ်။ နိုင်ငံအတွင်း ခရီးသွားလာမှု ကန့်သတ်တာတွေ ကို ဧပြီ ၁၄ ရက်အထိ တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။

လက်ရှိအချိန် ဖိလစ်ပိုင်နိုင်ငံမှာ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုနှုန်းဟာ လျော့ကျခြင်းမရှိသေးတဲ့အတွက် တရုတ်ဆေးပညာရှင်အဖွဲ့က လာရောက်ကူညီထောက်ပံ့ ပေးမယ်လို့လည်း သိရပါတယ်။ နိုင်ငံအတွင်းမှာ ရောဂါပိုး ရှိ၊မရှိ စစ်ဆေးနေတဲ့ ဓာတ်ခွဲခန်း ခြောက်ခုကျော် ရှိပါတယ်။ ဒါပေမယ့် ဖိလစ်ပိုင်ဆေးရုံတွေမှာ ဗိုင်းရပ်စ်ကာကွယ်ရေး ပစ္စည်းတွေ ပြတ်လပ်နေပါတယ်။ မတ် ၃၁ ရက်အထိ ဆရာဝန် ၁၇ ဦး သေဆုံးခဲ့တဲ့အပြင် ကျန်းမာရေးဝန်ထမ်း ငါးရာခိုင်နှုန်းကျော်ကိုလည်း ရောဂါကူးစက်မှု ရှိ၊ မရှိ သီးခြားစောင့်ကြည့်နေရတယ်လို့ ဖိလစ်ပိုင်ဆေးပညာရှင် အဖွဲ့က ခန့်မှန်းပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ ကူးစက်မှု အခြေအနေ
ထိုင်းနိုင်ငံမှာ ရောဂါပိုးကူးစက်ခံရသူကို ဇန်နဝါရီ ၃၁ ရက်မှာ ပထမဆုံးစတင်တွေ့ရှိခဲ့ပါတယ်။ နိုင်ငံအတွင်း မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ တဖြည်းဖြည်းမြင့်တက် လာတဲ့အတွက် မတ် ၂၆ ရက်မှာ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယုချန်အိုချာက နိုင်ငံတော်အရေးပေါ်အခြေအနေတစ်ရပ် ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ဟာ ဧပြီ ၃၀ ရက် အထိ အသက်ဝင်မှာ ဖြစ်ပါတယ်။ ထိုင်းအစိုးရအနေနဲ့ ဗိုင်းရပ်စ်ကာကွယ်ရေးလုပ်ငန်းစဉ်တွေကို ကြိုးပမ်း လုပ်ဆောင်လျက်ရှိပါတယ်။ နိုင်ငံတကာလေဆိပ်တွေနဲ့ ဆေးရုံတွေမှာ အပူချိန်တိုင်းကိရိယာတွေသုံးပြီး ဗိုင်းရပ်စ် စစ်ဆေးမှုတွေကို စနစ်တကျ လုပ်ဆောင်လျက်ရှိပါတယ်။ နိုင်ငံရပ်ခြားမှပြန်လာတဲ့ နိုင်ငံသားတွေမှအပ ကျန် နိုင်ငံခြားသားတွေကိုလည်း ပြည်ဝင်ခွင့်ဗီဇာတွေ ပိတ်ပင် ထားပါတယ်။ ထိုင်းနိုင်ငံသားတွေ၊ သံတမန်တွေနဲ့ မိသားစုဝင်တွေ၊ နိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့်ရရှိ ထားတဲ့ နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့်ပြုထားပါတယ်။

နိုင်ငံအတွင်းက မြို့ကြီးတွေမှာရှိတဲ့ ဈေးဝယ် စင်တာတွေ၊ စားသောက်ဆိုင်တွေ၊ ဖျော်ဖြေရေးစင်တာ တွေနဲ့ အခြားပြည်သူလူထုနဲ့သက်ဆိုင်တဲ့နေရာတွေကို ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ ဆေးဆိုင်တွေ၊ ကုန်စုံ ဆိုင်တွေ၊ ဘဏ်တွေနဲ့ အစိုးရရုံးတွေကိုတော့ လုပ်ငန်း လည်ပတ်ဖို့ ခွင့်ပြုထားတာကို တွေ့ရပါတယ်။ အသက် ၇၀ အရွယ်နဲ့အထက်ရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ ငါးနှစ် အောက်ကလေးငယ်တွေ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါရှိတဲ့ ပြည်သူတွေကို နေအိမ်အတွင်းမှာသာ နေထိုင် ဖို့ အစိုးရအဖွဲ့က တိုက်တွန်းပြောကြားထားပါတယ်။

စင်ကာပူနိုင်ငံရဲ့ ကိုဗစ်-၁၉ ကူးစက်မှု အခြေအနေ

စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူကို ဇန်နဝါရီ ၂၃ ရက်မှာ ပထမဆုံး စတင်တွေ့ရှိခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို တိုက်ဖျက်ဖို့အတွက် ဝန်ကြီးဌာနပေါင်းစုံပါဝင်တဲ့ ကော်မတီတစ်ရပ်ကို ဇန်နဝါရီ ၂၂ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ကမ္ဘာ တစ်ဝန်းခံစားနေရတဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ဖို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကို စင်ကာပူအစိုးရက ကန်ဒေါ်လာ ငါးသိန်း ကူညီထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် လူစုလူဝေးပြုလုပ် ခြင်းများကို ရှောင်ကြဉ်ဖို့ ပြည်သူတွေကို တိုက်တွန်း ပြောကြားခဲ့ပါတယ်။ ဖျော်ဖြေရေးစင်တာတွေ၊ ရုပ်ရှင် ရုံတွေ၊ ကာရာအိုကေဆိုင်တွေကို ဧပြီ ၃၀ ရက်အထိ ပိတ်ထားပြီး ဈေးဝယ်စင်တာ၊ ပြတိုက်၊ စားသောက်ဆိုင် တွေကို လူခြားစနစ်နဲ့ ဆက်လက်ဖွင့်လှစ်ခွင့် ပေးထား တယ်လို့ သိရပါတယ်။

ရောဂါပိုးပျံ့နှံ့နေစဉ်အတွင်း လုပ်သားပြည်သူတွေရဲ့ နေ့စဉ်သုံးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် ကန်ဒေါ်လာ ၄၈ ဒသမ ၄ ဘီလီယံကို ကူညီထောက်ပံ့ ပေးမယ်လို့ စင်ကာပူဒုတိယဝန်ကြီးချုပ် ဟန်ဆွီကီရတ်က ဆိုပါတယ်။

အောင်ကျော်ကျော် 
(ကြေးမုံနေ့စဉ်သတင်းစာမှ ထပ်ဆင့်ဖော်ပြသည်)