Monday, February 13, 2017

ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်နေဆဲဖြစ်တဲ့ ပတ်စ်ပို့ထုတ်ပေးရေးဌာနက ဖြစ်ရပ်များ


ပြီးခဲ့တဲ့ ၂၀၁၆ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာ MWRN အဖွဲ့က ထိုင်းနိုင်ငံမြန်မာသံရုံးမှာရှိတဲ့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ထုတ်ပေးရေးဌာနမှာ ပွဲစားတွေက သံရုံးနဲ့ပေါင်းပြီး ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်နေတဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးကို တိုင်ကြားစာ ၂ကြိမ်ပို့ခဲ့ပါတယ်။


အဲ့ဒီနောက်မှာတော့ သံရုံးမှာ ပတ်စ်ပို့လာလျှောက်ရင် ၁ဦး ဘတ်၃၀၀ ကောက်စားနေတဲ့ ပွဲစားတွေ ပျောက်ကွယ်သွားပြီး နောက်ထပ် ကုမ္ပဏီတစ်ခုက ဝင်ရောက်လာပါတယ်။ ဒီကုမ္ပဏီကတော့ မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနမှာ လုပ်ထုံးလုပ်နည်းနဲ့ ညီညွတ်အောင် ဝန်ဆောင်မှုလုပ်ငန်း Service Prodiver ပုံစံ မျိုး တင်ဒါအောင်သလိုပါ။


အစိုးရကိုယ်စား ဝန်ဆောင်မှုပေးတဲ့အခါမှာ သူ့အတွက် ရရှိမယ့်ကုန်ကျစားရိတ်ကို အစိုးရဆီကပဲ ယူရမှာဖြစ်ပါတယ်။ ဒီကုမ္ပဏီကတော့ အစိုးရဆီက ဘယ်လို ဘယ်လောက်ရတယ် မသိပေမဲ့၊ အလုပ်သမားတွေဆီက ယခင်ပွဲစားလိုပဲ ခေါင်းပုံဖြတ် အမြတ်ထုတ်နေတာကို တွေ့နေရပါတယ်။

ပုံစံပြောင်းသွားတဲ့ ခေါင်းပုံဖြတ်နည်းကတော့ ပတ်စ်ပို့လျှောက်လွှာမှာကပ်မယ့် ဓါတ်ပုံကို ယခင်လို ပြင်ပမှာ ရိုက်လာလို့မရပဲ သူ့ကုမ္ပဏီကလူနဲ့ပဲ ဓါတ်ပုံ ရိုက်ရ ပါတယ်။ အဲ့ဒီအတွက် ဘတ်250 ယူပါတယ်။ ထိုင်းနိုင်ငံ ဘယ်ဒေသမှာပဲ ပတ်စ်ပို့ပုံရိုက်ရိုက် ဘတ်60မကျော်တဲ့ ဓါတ်ပုံရိုက်ကြေးဟာ ဒီကုမ္ပဏီလက်ထက်မှ ဘတ်250 ဖြစ် သွားပါတော့တယ်။

ဒါကြောင့် ပတ်စ်ပို့လာလျှောက်တဲ့အခါမှာ ယခင်ပွဲစားတွေတုန်းက ၁ဦး ဘတ်300 ကောက်စားခဲ့သလိုပဲ၊
လက်ရှိ ဒီကုမ္ပဏီကတော့ ဓါတ်ပုံရိုက်တာခေါင်းစဉ်တပ်ပြီး ဘတ်250 ခေါင်းပုံဖြတ်နေတာပါ။ နေ့စဉ် ပတ်စ်ပို့လာလျှောက်ကြတာ အနည်းဆုံး ဦးရေ 6 ရာ ရှိနေပါတယ်။ ဒါကြောင့် ၁ရက်ကို အနည်းဆုံး ဘတ်၁သိန်းခွဲ ကောက်စားတာ ခံနေရတဲ့သဘောပါ။

ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် အမဲကောင် အချဉ်ကောင် လို့သဘောထားပြီး ခေါင်းပုံဖြတ် အမြတ်ထုတ်နေတဲ့ ဓလေ့တွေကတော့ မပြောင်းလဲကြသေးတာ စိတ်ပျက်စရာပါ။ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်နေမှုတွေကို တိုက်ဖျက်တဲ့အခါမှာ ဘယ်လိုပုံစံနဲ့ပဲ ဝင်လာဝင်လာ MWRN အနေနဲ့ ရင်ဆိုင်သွားမှာပါ။ ဒီလို Service Prodiver နာမည်ခံပြီး ပုံစံသစ်နဲ့ခောင်းပုံဖြတ်တာကိုလည်း ထပ်မံ တိုက်ဖျက်သွားပါမယ်။

ရွှေ့ပြောင်းအလုပ်သမားညီအကိုများအနေနဲ့ မိမိတို့ရဲ့အခွင့်အရေးကို မိမိတို့ကိုယ်တိုင် သိရှိနားလည်ပြီး မိမိတို့ကိုယ်တိုင် ရင်ဆိုင်တောင်းဆိုတတ်ဖို့ လုံး၀ လိုအပ်ပါတယ်။ သူတပါးကို အားကိုးလို့မရပါ။ ဒီပတ်စ်ပို့ကိစ္စကိုကြည့်မယ်ဆိုရင် အစိုးရက ဘတ်1530 ပဲ သတ်မှတ်ထားပေမဲ့ ရွှေ့ပြောင်းညီအကိုတို့ ပွဲစားကို အားကိုးတဲ့အတွက် အနည်းဆုံး ဘတ်5ထောင်ကနေ 8ထောင်အထိ ပေးနေရကြောင်းတွေ့မြင် ကြားသိနေရပါတယ်။ ဒါကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် တရားမျှတမှုဖြစ်ပေါ်ရေးကို ကိုယ့်အားကိုယ်ကိုး
လုပ်ဆောင်ကြဖို့ တိုက်တွန်းအပ်ပါတယ်။

Credit:_MWRM

Subscribe Us