Friday, April 07, 2017

CIသည် အလုပ်သမားများ နောက်ဆုံးဆွဲကိုင်ရာ မြက်တစ်ပင်




ပန်းရောင်ဘတ် ကိုင်ဆောင်သော မြန်မာ့ရွှေ့ပြောင်းအလုပ်သမား ၇သိန်းကို မတ်လ ၃ရက်နေ့မှစတင်ကာ  မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် - CI (Certificate Identity) စာအုပ်ကို ထိုင်း နိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံ အစိုးရတို့က စတင် ပြုလုပ်ပေးခဲ့သည်။ 

CIစာအုပ်စတင်ပြုလုပ်ချိန်မှစတင်ကာ ဧပြီလ  ၂ရက်နေ့ အထိ  ခရိုင်(၆)ခုတွင်  ဖွင့်လှစ်ထားသည့် CIစာအုပ် ထုတ်ပေးရေး စင်တာသို့  အလုပ်သမား ခုနှစ်သောင်းခန့် CIစာအုပ် လာရောက် လုပ်ဆောင်ကြသည်။ 

ယခင်က ပန်းရောင်ဘတ် ကိုင်ဆောင်ထားသော အလုပ်သမားများအနေနှင့် မိမိတို့ကိုင်ဆောင်ထားသော ပန်းရောင်ဘတ်ပြုလုပ်ရာ ခရိုင်မှအပ  အခြားနယ်မြေများသို့ ကျန်းမာရေး ၊ လူမှုရေး ကိစ္စရပ်များနှင့် သွားလိုပါက အခက်အခဲများ တွေ့ကြုံရပါသည်။ ပန်းရောင်ဘတ် ပြုလုပ်ထားသောခရိုင်ပြင်ပသို့ သွားရာတွင် နယ်မြေခံ ပုလိပ်၏ ဖမ်းဆီးမှုကို ခံရပြီး ၊ ဘတ်ငွေ ၃၀၀၀မှ ဘတ်ငွေ ၅၀၀၀အထိ တောင်းခံမှုကို လည်း ခံရပါသည်။ 


ထို့အပြင် ပန်းရောင်ဘတ် ကိုင်ဆောင်ထားသည့်  အလုပ်သမားများ အနေနှင့် မြန်မာသံရုံးရှိ ပက်စပို့ပြုလုပ်ရာ ဌာနသို့ သွားရောက်ကာ ပက်စပို့ ပြုလုပ်ရန်အတွက်  ခရိုင်ပြင်ပသို့ထွက်ခွာရမည် ဖြစ်သောကြောင့်  ခွင့်ပြုချက် အဆင်ဆင့် လုပ်ရသဖြင့် အလုပ်သမားများအတွက် အခက်အခဲများ တွေ့ရသလို ပတ်စ်ပို့ ပြုလုပ်ရာတွင်လည်း လိုအပ်သည့် အိပ်ထောင်စု ဇယားနှင့် မှတ်ပုံတင်များရှိခြင်းများနှင့် အကယ်၍  အထောက်အထား ပြည့်စုံသူများ အနေနှင့်  ပတ်စပို့လျှောက်ထားရာတွင် အချိန်ကြာမြင့်ခြင်း ၊ ပွဲစားများ အဆမတန် ခေါင်းပုံဖြတ်ခြင်းများနှင့်အတူ ပတ်စပို့ လုပ်ဆောင်ရာတွင်လည်း စာအုပ်အမြန်ရလိုပါက ပက်စပို့လုပ်သည့်ဌာနမှာပင် မနက်စောစော အမှတ်စဉ် ဝယ်ယူရခြင်း တို့ကို  တွေ့ကြုံရပါသည်။ 

CIစာအုပ် ထုတ်ပေးပြီး သီတင်းပတ် အနည်းငယ်တွင် ထိုင်းနိုင်ငံသို့ရောက်ရှိလာသော အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်  ဦးမျိုးအောင်၊ ညွှန်ကြားရေးမှူးနှင့် အဖွဲ့ဝင်များက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ကျင်းပခဲ့သော  NGOများ  CBOများနှင့် အလုပ်သမားဆိုင်ရာ  အစည်းအဝေး ကျင်ပးခဲ့ပြီး  အလုပ်သမားအဖွဲ့အစည်းက CIလုပ်ငန်းစဉ်နှင့် ပတ် သက် ၍  အားနည်းချက်များ ထောက်ပြပြောဆိုကြပြီး တာဝန်ရှိသူများကလည်း ဆွေးနွေးကာ ကောင်အထည် ဖော်ရန် ကြိုးစားနေမှု ကြောင့် CIစာအုပ် လုပ်ငန်းစဉ်ကို အလုပ်သမားဟစ်တိုင် အနေနှင့် အပြုသဘောဆောင်ကာ ထောက်ခံ ကြိုဆိုသည်။ 

အဆိုပါ အစည်းအဝေးတွင်  အလုပ်သမား ဟစ်တိုင်မှ အလုပ်သမားထု ကိုယ်စား  အချက်လေးချက် တင်ပြ တောင်းဆိုခဲ့သည်။ 

 ထိုအချက်လေးချက်မှာ စက်ရုံများအရောက် CIထုတ်ပေးမှု  အမြန်ဆုံး အကောင်အထည်ဖော်ရေး  ၊ ဗီဇာသက်တမ်းကျန်နေသည့် အနီရောင်၊ ခရမ်းရောင် ပက်စပို့ ကိုင်ဆောင်သူများ CIပြုလုပ်ခွင့် ရရှိရေး၊ မြန်မာရွေ့ပြောင်း အလုပ်သမားများ၏ သားသမီးများနှင့် အထောက်အထားမဲ့ မြန်မာ အလုပ်သမား များကို  CIလုပ်ငန်းစဉ်တွင် ပါဝင်ခွင့် ရရှိရေး၊ အထောက်အထား ရှိသော မြန်မာပြည်ဖွား ဘာသာခြား မြန်မာနိုင်ငံသား အလုပ်သမားများ(ဟိန္ဒူ၊ ဂေါ်ရခါးနှင့် မူဆလင်)တို့ကို   CIစာအုပ် လွယ်ကူစွာ လုပ်ကိုင်ခွင့် ရရှိရေးတို့ပင်ဖြစ်သည်။ 

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငမြို့အခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတတ်ရေးဖောင်ဒေရှင်(FED)ဒါရိုက်တာဦးထူးချစ်က CIလုပ်ငန်စဉ်နှင့်ပက်သက်၍ ယခုလို သုံးသပ်ပြောဆိုခဲ့ပါတယ်..

“အစိုးရအနေနဲ့ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်ထုတ်ပေးတာ၊ထိုင်းနိုင်ငံမှာ လာရောက်လုပ်ကိုင်စားသောက်နေတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေ။ အကျိူးရှိတယ်လို့ မြင်ပါတယ်။သူတို့အနေနဲ့၊ လွတ်လွတ်လပ်လပ်ခရီးသွားလာခွင့်တွေရှိလာမှာဖြစ်သလို ၊ တရားဝင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ်လဲ လျောက်ထားနိုင်မှာဖြစ်ပါတယ်။ အဲဒီကတဆင့် နိုင်ငံကူးလက်မှတ်တွေလဲ လျှောက်လို့ ရလာမှာဖြစ်ပါတယ်။ အစိုးရသတ်မှတ်ထားတဲ့အတိုင်းဆိုရင်တော့ ငွေကြေးကုန်ကျမှု့လဲ၊ ဈေးကြီးတယ်လို့တော့မပြောနိုင်ပါဘူး။ ဒါပေမဲ့ ပွဲစားတွေရန်ကိုတော့အခုထက်ပိုပြိးစနစ်တကျကိုင်တွယ်ဖြေရှင်းသင့်ပါတယ်။ မည်သူ၊မည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် ( IC) ထုတ်ပေးတဲ့ အဆင့်မှာတော့၊ မြန်မာနိုင်ငံသားမှန်ရင်၊ 
ဘာသာနဲ့လူမျိူးကို မခွဲခြားဘဲ၊ အားလုံးကို ထုတ်ပေးသင့်တယ်လို့ ပြောချင်ပါတယ်”

၁။ စက်ရုံများအရောက် CIထုတ်ပေးမှု  အမြန်ဆုံးအကောင်အထည်ဖော်ရေး CIထုတ်ပေးရေးလုပ်ငန်းစဉ်အမြန်အကောင်ထည်ဖော်ဆောင်ပေးရေးအတွက် အလုပ်သမားဟစ်တိုင်က အလေးအနက်ထားကာ အကြိမ်ကြိမ်တင်ပြ တောင်းဆိုရခြင်းမှာ CIစင်တာဖွင့်လှစ်ထားသည့် ခရိုင်ပြင်ပမှ အလုပ်သမားများမှာ 
အလုံးရင်းဖြင့် တရားဝင် သာမက တရားမဝင်ဖြင့် CIစာအုပ် လာရောက်ပြုလုပ်ကြရာ သွားလာစရိတ်၊ စားစရိတ်၊ အလုပ်ပျက်ရသဖြင့် ဝင်ငွေ ထိခိုက်မှုများရှိခဲ့သည်။ 

ထို့ကြောင့် ၎င်းတို့က နေ့ချင်းပြီး CIစာအုပ်လုပ်ချင်ကြသလို နယ်ခံ အလုပ်သမားများကလည်း အလုပ်ပျက်လာရသဖြင့် နေ့ချင်းပြီး CI စာအုပ်လုပ်ချင်သူများလည်းရှိသည်။စင်တာမှာ ရှိသော CIစာအုပ် ထုတ်ပေးသောစက်မှ တစ်ရက်လျှင် စာအုပ် ၃၀၀သာ လုပ်ပေးနိုင်သဖြင့်  ပွဲစားများက  အလုပ်သမားများကို  CIစာအုပ်မှာ တစ်လသာ လုပ်ပေးပြီး ပိတ်တော့မည်ဟု အသံလွှင့်ကာ ခေါင်းပုံဖြတ် အမြတ်တင် ကိုယ်ကျိုးရှာ လုပ်ကိုင်ပေးမှုများလည်း ရှိသည်။ထိုဖြစ်စဉ်များ ချုပ်ငြိမ်းရန်အတွက် အလုပ်သမားဟစ်တိုင်က Mobile (ရွှေ့လျား) စနစ်ဖြင့် အလုပ်ခွင်အရောက် CI ထုတ်ပေးရေး လုပ်ငန်းစဉ်ကို အမြန် အကောင်ထည်ဖော်ဆောင်ရွက်ပေးရန် တောင်းဆိုရခြင်း ဖြစ်သည်။Mobile စနစ် CIလုပ်ပေးမယ်ဆိုပါက လုပ်သမားများလည်း အခုလို ဖြစ်ရပ်တွေနဲ့ မကြုံရတွေ့မှာပါ။

(၂) ဗီဇာသက်တမ်းကျန်နေသည့် အနီရောင်၊ ခရမ်းရောင် ပက်စပို့ သမားများ CI စာအုပ် လုပ်ကိုင်ခွင့် ရရေးတစ်ရက်ကို ထောင်နဲ့ချီ သက်တမ်းကုန်နေတဲ့ အနီရောင် ပက်စပို့သမားတွေ များစွာရှိနေပါသည်။၎င်းတို့မှာ MOU စနစ်ဖြင့် ပြန်လည် ဝင်ရမယ်ဆိုပါက တစ်ဦးလျှင် ဘတ်ငွေ နှစ်သောင်းခန့် ကုန်ကျသလို ၊ ဗီဇာသက်တမ်းရပါက ၂နှစ်သာရမည် ဖြစ်သည်။ အနီရောင်စာအုပ်သမားများ CIစာအုပ်လုပ်ခွင့်ရပါက ငွေကုန်ကျမှု၊ အချိန်ကုန်မှုများကြားက ကယ်တင်နိုင်မည် ဖြစ်သည်။

CIစာအုပ်ထုတ်ပေးမည့်ချိန်ကို စောင့်ရင်း အထောက်အထား ရှိသော အလုပ်သမားမှ အထောက်အထားမဲ့အဖြစ်သို့ ရောက်သွားသော အလုပ်သမားများကိုလည်း  CIလုပ်ခွင့်ပေးစေလိုပါသည်။ အထောက်ထားမဲ့အလုပ်သမားဖြစ်ပါက ပွဲစား၊ အလုပ်ရှင်၊ ပုလိပ်များ၏ ချယ်လှယ်သလို ပြုသမျှ နုရသော ဘဝကို  ရောက်ရှိရမည်ဖြစ်ပါသည်။ထို့ကြောင့် အထောက်အထားမဲ့ မြန်မာအလုပ်သမားတို့ CI လုပ်ခွင့်ရရှိရေးအတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနသို့တင်ပြတောင်းပေးပါရန် မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများကို တောင်းဆို အပ်ပါသည်။ 

(၃)အလုပ်သမားများ၏ သားသမီးများနှင့်အထောက်ထာမဲ့အလုပ်သမားများကို  CIလုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ရရှိရေး ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမား သန်းနဲ့ချီကာ အလုပ်လုပ်ကိုင်လျက်ရှိရာ ၎င်းတို့နဲ့ အတူ နေထိုင်သော မြန်မာကလေးငယ်များစွာလည်းရှိသည်။ 

ထိုကလေးများစွာထဲတွင် ထိုင်းနိုင်ငံရောက်မှ မွေးဖွားသော ကလေးနှင့် မိဘများနှင့်အတူ ထိုင်းသို့ ဝင်ရောက်လာသော ကလေးဟူ၍ နှစ်မျိုးရှိသည်။ ထိုကလေးများမှာ အထောက်အထားမရှိသောကြောင့် မိဘများကဲ့သို့ပင် ဖမ်းဆီးခံရနေရပါသည်။ထိုင်းနိုင်ငံရောက်ကလေးများကို  ကာကွယ်စောင့်ရှောက်နိုင်ရန် 
အတွက်  CI စာအုပ် ထုတ်ပေးရန် မှာ အထူးလိုအပ်သည်။ 

(၄)  အထောက်အထားရှိ မြန်မာပြည်ဖွား ဘာသာခြားများကို CI စာအုပ် လွယ်ကူစွာ လုပ်ကိုင်ခွင့်ပြုရေး 
တိုင်းရင်းသားများနီးတူ ဘိုးဘွာစဉ်ဆက် မြန်မာ့မြေပေါ်တွင် မွေးဖွားနေထိုင်သော မြန်မာပြည်ဖွား ဘာသာခြား(ဟိန္ဒူ၊ ဂေါ်ရခါးနှင့် မူဆလင်)များကိုလည်း 
CIစာအုပ် လုပ်ကိုင်ခွင့်ပေးစေလိုပါသည်။ CIစာအုပ်လုပ်ဆောင်ရန် အထောက်အထားများ တင်ပြပေးနိုင်ပါက 
 အခြား အလုပ်သမားများ နည်းတူ CIစာအုပ်ပြုလုပ်ခွင့်ပေးဖို့ အလေးနက်ထား တင်ပြတောင်းဆိုပါသည်။ 


မြန်မာအစိုးရ အဆက်ဆက် လုပ်ဆောင်နေသည့်  MOU လုပ်ငန်းစဉ်ပင် ယနေ့ထိ စင်လုံးချော ကောင်းဘက်သို့ မရောက်ရှိသေးသည်ကို သတိပြု ရမည်ဖြစ်သည်။ သတိပြု ရမည်ဖြစ်သည်။ နှစ်များစွာကြာနေပြီး အကောင် အထည် ဖော်ဆောင်ရွက်နေသည့် MOUစနစ်ပင် အပြစ်အနာ အဆာများ ရှိနေသည်ကို တွေ့နေ
ရဆဲပင်ဖြစ်သည်။ (မှတ်ချက်- ယခုလက်ရှိ အမှုထမ်းနေသည့် အလုပ်သမားသံအရာရှိဦးမိုးအောင်ခိုင်လက်ထပ်တွင် MOUပြဿနာများ သိသာစွာလျော့နည်းသွားသည်ကိုတွေ့ရသည်။) 

ထို့ကြောင့် မကြာသေးခင် အကောင်အထည်ဖော်သော CIလုပ်ငန်းစဉ်သည်လည်း အပြစ်အနာအဆာများရှိနေသဖြင့် ကုသရမည့်နည်းလမ်းရှာဖွေကာ လုပ်ဆောင်ရန်လိုသည် မှာ ဓမ္မတာပင်ဖြစ်လို့ ရှိနေသည့် အပြစ်နာဆာများကို မည်သည်နည်းဖြင့်ကုသရမယ်ဆိုတာကို နည်းလမ်းရှာဖွေရန် အလုပ်သမားဟစ်တိုင်က အကြံပြုတင်ပြလိုက်ပါသည်။




Subscribe Us