Monday, February 22, 2016

မြန်မာ့ဂုဏ်ဆောင် စာသင်ကျောင်းတွင် အမျိုးသမီးအခွင့်အရေးဆိုင်ရာသင်တန်းပို့ချ


ထိုင်းနိုင်ငံ ၊ မဟာချိုင်မြို့ရှိ ဝေလရပ်ကွက်ရှိ မြန်မာ့ ဂုဏ်ဆောင် အခြေခံပညာ မူလတန်း ကျောင်း တွင် ဖေဖော်ဝါရီလ ၂၁ရက် နံနက်ပိုင်းက မြန်မာ အလုပ်သမများကို အမျိုးသမီး အခွင့်အရေး ဆိုင်ရာများ သင်တန်းကို ပို့ချပေးခဲ့ကြောင်း ယင်းကျောင်းမှ ကျောင်းဆရာမ ဒေါ်ခင်သန္တာစိုးက ပြောကြားသည်။

မြန်မာ အလုပ်သမများ အိမ်တွင်း အကြမ်းဖက် ခံရမှုများ မဖြစ်ပွားစေရေးနှင့် အမျိုးသမီးများ၏အခွင့်အရေး ဆိုင်ရာများကို သိရှိစေရန် ရည်ရွယ်ကာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် အလုပ်သမား ကူညီရေးအဖွဲ့ဖြစ်သော MAP (Migrant Assistance Program) Foundation မှ အမျိုးသမီးအခွင့်ရေးနှင့် အလုပ် သမားကူညီရေး တက်ကြွလှုပ်ရှားသူ သင်တန်းနည်းပြများက ပို့ချခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး အခွင့်အရေးဆိုင် ရာ သင်တန်းကို မြန်မာ အလုပ်သမ အယောက် ၂၀ ခန့်က တက်ရောက် ဆွေးနွေး ခဲ့ကြောင်း ယင်းသင် တန်းနည်းပြများထံမှ သိရှိရသည်။ 


အမျိုးသမီးများအပေါ် အိမ်တွင်းအကြမ်းဖက်ခံရခြင်း၊ ငွေကြေး စုဆောင်းခြင်းဆိုင်ရာ အကြောင်းအရာများ၊ အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြား ဖိနှိပ်မှုများ ပပျောက်ရေးဆိုင်ရာ သဘောတူညီမှု စာချုပ် ( CEDAW )အကြောင်း၊ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး အကြောင်းနှင့် အမျိုးသမီးအခွင့် အရေးများအကြောင်းကို ဆွေနွေးခဲ့ကြောင်း MAP Foundation မှ သင်တန်းနည်းပြ မမိုင်က ပြောကြားသည်။

“ တက်ရောက်လာတဲ့ သင်တန်းသူတွေနဲ့ ကျမတို့ တစ်နေ့ လုပ်အားခ ဘတ် ၃၀၀ရရှိတဲ့ ဝင်ငွေက လုံ လောက်မှုရှိမရှိကို မေးမြန်း ဆွေးနွေးကြတယ်၊ ကုန်ကျစရိတ်တွေများတာကြောင့် တစ်နေ့ဝင်ငွေလည်း မလောက်ကျဘူး၊ ကုန်ကျစရိတ်တွေ များတာကြောင့် တိုးမြှင့် ပေးစေလိုတယ်လို့ အမျိုးသမီးအလုပ်သမားတွေက ဆွေးနွေးကြပါတယ်” ဟု သင်တန်း နည်းပြ မမိုင်က ပြောကြားသည်။

အဆိုပါ သင်တန်းကြောင့် အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်ခံရမှုများတွင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်မှုများ၊ စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုများ အကြောင်းတို့ကို သိရှိခွင့်ရခဲ့ကြောင်း၊ ကိုယ်တိုင်ပင်လျှင် တစ်နည်းနည်းဖြင့် အိမ်တွင်းအကြမ်းဖက်မှုကို ခံခဲ့ရသည်ကို ယခုမှ သိရှိခဲ့ကြောင်း မဟာချိုင်မြို့ ထိုင်းလုံစီ အလုပ်ရုံတွင် လုပ်ကိုင်နေသော မိဘယ်လေးက ပြောသည်။

Subscribe Us