Tuesday, August 12, 2014

မေ့ပင်

 


မေ့ပင်တစ်ပင်ရှိတယ်။ တစ်ခါတုန်းက မေ့တတ်တဲ့လူတစ်ယောက်ဟာ သစ်ပင်တစ်ပင်ကို စိုက်ခဲ့တယ်။ သူစိုက်ခဲ့တဲ့အပင်ကို သူမေ့ပြီး အဝေးကို ထွက်ခွာသွားတယ်။ ကျန်ရစ်ခဲ့တဲ့အပင်ဟာ သူ့ဘာသာ ရှင်သန်လာခဲ့တယ်။ အဲဒီအပင်ဟာ မေ့ပင်ပေါ့။ မေ့ပင်ဟာ မေ့သီးတွေသီးဖို့ မေ့နေတယ်။ ဒါပေမဲ့ သူဟာ ရှင်သန်နေလျက်ပဲ။ လူတစ်ယောက်ဟာ မေ့ပင်အောက်ကို ရောက်လာရင် မေ့သွားတော့တယ်။ သူ ဘယ်က လာတယ်။ သူဘယ်ကို သွားရမယ်ဆိုတာတွေကို မေ့သွားသတဲ့။ 

တစ်ခါတုန်းက လူငယ်လေးတစ်ယောက်ဟာ အဝေးကချစ်သူဆီကို ခရီးထွက်လာသတဲ့။ ခရီးထွက်လာရင်း သူဟာ မေ့ပင်အောက်မှာ တစ်ထောက် ဝင်နားမိလေတယ်။ သူဟာ သူ့ချစ်သူကို မေ့သွားရောတဲ့။ ကံဆိုးရှာတဲ့ လူငယ်လေးရဲ့ ချစ်သူမိန်းကလေးဟာ တစ်နေ့လာနိုး တစ်နေ့လာနိုးနဲ့ သူ့ကို မျှော်နေခဲ့တယ်။ 


ဒါပေမဲ့ လူငယ်လေးကတော့ အဲဒီအကြောင်းကို မေ့သွားပါပြီ။ သူဟာ သူ့ကိုယ်သူလည်း မေ့သွားခဲ့ပါပြီ။ တိုင်းပြည်နိုင်ငံအနှံ့ အိုမင်းသည်အထိ လှည့်လည်ကာ သွားလာနေရှာသတဲ့။ မေ့ပင်ကြီးဟာ တစ်နေ့ထက်တစ်နေ့ ကြီးထွားလာတယ်။ အရိပ်အာဝါသလည်း ပိုကောင်းလာတယ်။ မေ့ပင်ကြီးအောက်မှာ ဝင်နားခိုလိုက်ရင် လေတဖြူးဖြူးနဲ့ အေးမြပြီး နေလို့ထိုင်လို့ ကောင်းလှသတဲ့။ သူကြွယ်ကြီးတစ်ဦးဟာ သူရစရာရှိတဲ့အကြွေးတွေကို တောင်းဖို့ အုန်းခွံရောင်မြင်းကြီးကို စီးပြီး ခရီးထွက်ခွာလာသတဲ့ ရစရာရှိတဲ့ အသပြာတွေကို မြင်းစီးရင်း စိတ်ထဲမှာ တွက်လာသတဲ့၊ အသပြာမပေးနိုင်ရင် လယ်တွေယာတွေသိမ်းဖို့ လှည်းတွေနွားတွေသိမ်းဖို့ ဒါထက်ပိုပြီးလိုအပ်လျှင် သမီးကညာကို သိမ်းဖို့အထိ စိတ်ကူးလာသတဲ့။ သူကြွယ်ကြီးဟာ ကြွေးတောင်ထွက်လာရင်း မေ့ပင်အောက်ကို ရောက်လာသတဲ့။ 

မေ့ပင်ကြီးဟာ ခက်လက်စိမ်းဖြာပြီး အရိပ်အာဝါသကောင်းလှသမို့ ခရီးပန်းလာတဲ့ သူကြွယ်ကြီးဟာ မေ့ပင်အောက်မှာ ဝင်ကာ နားခိုဖို့ ဆုံးဖြတ်လိုက်တယ်။ သူကြွယ်ကြီးဟာ မြင်းပေါ်ကဆင်းပြီး မြင်းကို မေ့ပင်ကြီးမှာ ကြိုးနဲ့ ချည်သတဲ့။ ပြီးတော့ မေ့ပင်ကြီးရဲ့ အမြစ်ကွေးကွေးကြီးပေါ်ကို ခေါင်းချကာလှဲရင်း အနားယူသတဲ့။

 အနားယူပြီးတဲ့အချိန်မှာ သူကြွယ်ကြီးဟာ မေ့သူကြီးဖြစ်သွားပါပြီ။ သူတောင်းရမည့် မြီရှင်တွေကို သူမေ့သွားပါပြီ။ ရစရာရှိတဲ့ အကြွေးတွေကိုလည်း မေ့သွားပါပြီ။ လယ်သိမ်းဖို့၊ ယာသိမ်းဖို့၊ လှည်းသိမ်းဖို့၊ နွားသိမ်းဖို့ စိတ်ကူးတွေကိုလည်း မေ့သွားခဲ့ပါပြီ။ နေအတော်လေးစောင်းတော့ သူကြွယ်ကြီးဟာ မေ့ပင်အောက်က ဖုတ်ဖက်ခါထရင်း ခြေဦးတည့်ရာကို ထွက်သွားတော့သတဲ့။ သူဟာ မေ့ပင်ကြီးမှာချည်ထားတဲ့ သူ့မြင်းကို ဖြုတ်စီးဖို့လည်း မေ့သွားခဲ့ပြီလေ။ မေ့ပင်မှာချည်ထားတဲ့မြင်းဟာ မြင်းအိုကြီးဖြစ်လာတဲ့အထိ မေ့ပင်အောက်မှာ သူ့သခင် သူကြွယ်ကြီး ပြန်အလာကို စောင့်နေရှာတော့သတဲ့။ 

       မေ့ပင်ကြီးကတော့ အရွက်ဖားဖားကြီးတွေ ကိုင်းတံထွားထွားကြီးတွေနဲ့ ဝေဆာအုပ်ဆိုင်းကာ အလွန်ပဲ အရိပ်အာဝါသကောင်းပြီး နားခိုချင်စဖွယ်လည်း ကောင်းလာသတဲ့။ ကွင်းတွေကို ဖြတ်သန်းတိုက်ခတ်လာတဲ့လေဟာ မေ့ပင်ကြီးထဲကို ဝင်ရောက်သွားပြီး တဖြောဖြော အသံမြည်စေတယ်။ သစ်ရွက်သစ်ခက်တွေကိုလည်း လှုပ်ယိမ်းစေတယ်။ မေ့ပင်ကြီးဟာ လေထဲမှာ ထီးထီးမားမား။ ဒါပေမဲ့လေ မေ့ပင်ကြီးဟာ သူကိုယ်တိုင်လည်း မေ့သီးတွေသီးဖို့ရာ မေ့နေရှာတုန်းပဲကွယ်။ ဓားပြတွေဟာ မေ့ပင်အောက်ကိုရောက်ရင် သူတို့ ဓားလက်နက်တွေကို ဘာလုပ်ရမှန်းမသိတော့ဘူးတဲ့။ မေ့သွားကြပြီ။ ကဗျာဆရာတွေဟာ မေ့ပင်အောက်ကို ရောက်လာရင် သူတို့ဖောင်တိန်တွေကို အသုံးချရမှန်း မသိတော့ဘူးတဲ့။ မေ့သွားကြရော။ သူတို့မြတ်နိုးကိုးကွယ်မှုရဲ့ အထွတ်အထိပ်ဖြစ်တဲ့စကားလုံးတွေကိုလည်း မေ့သွားကြလေသတဲ့။ လူရွှင်တော်တွေဟာ မေ့ပင်အောက်ကို ရောက်ရင်ငိုကြသတဲ့။ အကြောင်းက သူတို့ဟာ ရယ်စရာတွေကို မေ့သွားကြလို့တဲ့။ ဒုက္ခရောက်နေတဲ့သူတွေလည်း မေ့ပင်အောက်ကို ရောက်လာကြတယ်။ သူတို့ဟာ သူတို့ဒုက္ခကို မေ့သွားကြပါသတဲ့။ လူချင်းဆုံမိရင် သူသေသေ ကိုယ်သေသေ အသေအကျေ တိုက်ခိုက်ကြဖို့ ရန်ငြိုးကြီးကြီးရှိခဲ့သူနှစ်ဦးဟာ တစ်နေ့မှာတော့ မေ့ပင်ကြီးအောက်မှာ ဆုံမိကြတယ်။ သူတို့ဟာ တစ်ဦးကိုတစ်ဦး တိုက်ဖို့ခိုက်ဖို့ သတိမရကြတော့ဘူးတဲ့။ မေ့ပင်ကြီးဟာ ရန်ငြိုးတွေကို မေ့စေလိုက်တယ်။ ဖြေရှင်းဖို့ခက်ခဲလှတဲ့ ဘဝပုစ္ဆာတွေနဲ့ လေးလံနေတဲ့ ဒဿနပညာရှင်ကြီးတစ်ဦးဟာ မေ့ပင်အောက်မှာ သူ့ပြဿနာတွေကို မေ့သွားပါတယ်။ သူဟာ မေ့ပင်အောက်မှာ ကလေးငယ်တစ်ယောက်လို လွတ်လပ်ပေါ့ပါးစွာ ရယ်မောလို့။

       မေ့ပင်ကြီးရဲ့သတင်းတွေ ကျွန်တော်ကြားနေတာ အတော်ကြာပါပြီ။ ကျွန်တော်ဟာ မေ့ပင်ကြီးဆီသွားဖို့ မကြာမကြာ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ မေ့ပင်ကြီးဆီရောက်ဖို့ဆိုတာ ထင်သလောက်မလွယ်ပါဘူး။ မေ့ပင်ကြီး ဘယ်နေရာမှာဆိုတာကို မေ့နေကြပြီလေ။          ။

နေမျိုး (မြွေကြီးပါခင်ဗျာ စာအုပ်မှ...)

Subscribe Us