Saturday, August 16, 2014

ဘာတွေပြောင်းလဲသွားပြီလဲ –

အစိုးရအဖွဲ့သစ် တက်လာခါစက ဆင်ဖမ်းမည်၊ ကျားဖမ်းမည်ဟု ကြုံးဝါးလာသော် လည်း နိုင်ငံခြားသို့ အိမ်အကူခေါ် အိမ်ဖော်များ ရောင်းထုတ်နေရဆဲ ဖြစ်ပါ သည်။ နိုင်ငံခြားသို့ အိမ်ဖော်ပို့ပြီး နိုင်ငံခြားငွေ ရှာနေရသည်မှာ ရှက်စရာပင် . . .


၂၀၁၀ ပါတီစုံ ရွေးကောက်ပွဲကြီး ကျင်းပခဲ့ပြီးနောက် ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ် က ပြုပြင် ပြောင်းလဲရေးများ ပြုလုပ်မည်၊ ဒီမိုကရေစီ ဖော်ဆောင်ရေး ကို လည်း ဦးဆောင်မည်ဟု ကြွေးကြော်သံဖြင့် လူထု၏ ထောက်ခံမှု ရအောင် ကြိုးစား ခဲ့သည်မှာ ယခုဆို ၄ နှစ်ပင် ရှိပေပြီ။ နောက်တစ်နှစ်သာ ကျန်တော့ပြီ။ ဦးသိန်းစိန် အရွေးခံ၊ မခံမှာ သူ့အပြောသာရှိပြီး နောက်နှစ် ဦးသိန်းစိန် ပြန်လည် အရွေးခံရ၊ မရကိုကား ပြည်သူများက သူ့လုပ်ဆောင်ချက်ကို ကြည့်ပြီး ဆုံးဖြတ် ကြပေလိမ့်မည်။ လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်း ကလည်း သမ္မတအဖြစ် အရွေးခံမည်ဟု ဆိုလေ သည်။


ဦးသိန်းစိန် သမ္မတအဖြစ် ပြန်အရွေးခံမည်ဆိုလျှင် ကိုယ်စားပြုသော ပြည်ခိုင်ဖြိုး ပါတီက ရွေးချယ်သတ်မှတ်မှသာ အရွေးခံရပေမည်။ သို့မဟုတ် သူ့ဘာသာ တစ်သီး ပုဂ္ဂလ အဖြစ်လည်း ရွေးချယ်၍ ရနိုင်လောက်သည်။ သူကိုယ်တိုင် ပြည်ခိုင်ဖြိုး ပါတီ ၀င်ဖြစ်နေ၍ ပါတီ၏ ထောက်ခံမှုက အရေးပါလေသည်။ ထိုအခါ ပြည်ခိုင်ဖြိုးပါတီက ဦးသိန်းစိန်နှင့် သူရဦးရွှေမန်း တစ်ယောက် ယောက်ကို ရွေးချယ်ရ ပေတော့မည်။
သို့သော် ၄ နှစ်တာ ကာလအတွင်း အစိုးရသစ်၏ အောင်မြင်မှု၊ ဆုံးရှုံးမှုများကို သုံးသပ်ပြီး အမှတ်ပေးရမည် ဆိုလျှင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပမည်ဆိုလျှင် ဦးသိန်းစိန်လည်း သမ္မတ မဖြစ်နိုင်တော့ပေ။ ရွေးကောက်ပွဲ လွတ်လပ်စွာ ကျင်းပပြီး မည်သည့် ပယောဂမှ မပါဘဲ ရွေးချယ်မည်ဆိုလျှင် ပြည်ခိုင်ဖြိုး သည် အာဏာရနိုင်စရာမရှိ။ နောက်ထပ် အစိုးရသစ် ဖွဲ့နိုင်စရာ အလားအလာလည်း မရှိတော့ပေ။…



မြန်မာနိုင်ငံမှနေ အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင် သွားသော စစ်ပြေး ဒုက္ခသည် အများအပြားရှိလေသည်။ ထိုင်းနိုင်ငံ ဒုက္ခသည် စခန်း များတွင် မြန်မာနိုင်ငံသား အများအပြား ရောက်ရှိနေကြသည်။ ယခင်က ကရင်နှင့် ဖြစ် ပွားသော စစ်ပွဲများ စသည်တွင် မြန်မာနိုင်ငံသားများမှာ ထိုင်းနယ်စပ်သို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရလေသည်။ မြန်မာနိုင်ငံမှ ဒုက္ခသည်များမှာ ထိပ်ပိုင်းတွင် ရှိလေသည်။ ကုလသမဂ္ဂ၏ စောင့်ရှောက်မှု၊ နိုင်ငံတကာ၏ ကူညီ ပေးကမ်းမှုဖြင့်သာ ဒုက္ခ သည် များမှာ ရပ်တည်နေကြ ရလေသည်။ ထိုဒုက္ခသည် ပြဿနာမှာ စစ်အစိုးရ လက် ထက်က တည်းက ဖြေရှင်း၍ မရသော ပြဿနာဖြစ်ကာ ထိုင်းအစိုးရ ဦးနှောက်ခြောက်ခဲ့ရသလို ကုလသမဂ္ဂမှာလည်း ခက်ခက်ခဲခဲ တာဝန်ကို ထမ်းဆောင်နေရ လေသည်။

အစိုးရသစ် တက်လာပြီးနောက် ဒုက္ခသည် ပြဿနာကို အမြန်ဆုံး ဖြေရှင်းရမည်ဖြစ်သည်။
သို့သော် ၃ နှစ်ကျော်၊ ၄ နှစ်အထိ ဒုက္ခသည် ပြဿနာမှာ မဖြေရှင်းနိုင်ရုံမက ပို၍ပင် ဆိုးဝါး လာခဲ့သည်။ KIA, KIO နှင့် ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲနေရာမှ တိုက်ပွဲ များ ပြန်ဖြစ်လာသောကြောင့် ဒုက္ခသည် သောင်းနှင့် ချီကာ တရုတ်ပြည် တွင် ရောက်ရှိနေ ခဲ့သည်။
ဒုက္ခသည် ပြဿနာမှာ ပြည်တွင်းစစ် ပြဿနာဖြစ်၏။ ပြည်တွင်း ငြိမ်းချမ်းရေး ပြဿနာဖြစ် ၏။ ပြည်တွင်းစစ် ရပ်စဲဖို့ အစိုးရသစ် လက်ထက်တွင် ကော်မတီဖွဲ့ ဆောင်ရွက် လာသည်ကိုကား တွေ့ရပါသည်။ သို့သော် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အတွက်မူ မဆောင်ရွက် နိုင်ခဲ့ပေ။ နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီး ယခု KNU နှင့်မူ အပစ်အခတ် ရပ်စဲထားနိုင် သော်လည်း KIA၊ ရှမ်း၊ ပအို့ဝ်၊ ပလောင် တို့နှင့်မူ စစ်ပွဲများ ဖြစ်ဆဲပင်။ ခိုင်မာတိကျသော တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး ကိုကား ဖော်ဆောင်နိုင်လျှင် ငြိမ်းချမ်းရေးအတွက် နိုင်ငံ တကာက ပေးသော အထောက်အပံ့ အကူအညီများမှာ အကျိုးရှိသလို အစိုးရသစ်အတွက်လည်း မျက်နှာ ပန်းလှပေမည်။ ထိုသို့ပြည်တွင်း ငြိမ်းချမ်းရေး မဖော်ဆောင်နိုင်သည်မှာ ဗိုလ်နေ၀င်း စစ်အာဏာရှင်ခေတ်က အစွဲများနှင့် တိုင်းရင်းသားတို့၏ အခွင့်အရေး၊ လိုလားမှုကို အလေးမထားခြင်းကြောင့် ဖြစ်လေသည်။ တိုင်းရင်းသားများမှာလည်း ပြည်ထောင်စု အစိုးရကို အယုံအကြည် နည်းလွန်းနေသည်။ ယုံကြည်မှု တည်ဆောက်ဖို့မှာလည်း ယုံကြည်အောင် လုပ်ဆောင်ပြမှ ယုံကြည်နိုင် ပေလိမ့်မည်။

အပစ်အခတ် မရပ်စဲဘဲ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်း၍ မရပေ။ ဒီမိုကရေစီ ဖော်ဆောင်ရေးမှာလည်း ခက်ခဲနေပေဦးမည်။ အစိုးရအဖွဲ့သစ်သည် စစ်အစိုးရ ရေးဆွဲပေးလိုက်သော လမ်းပြမြေပုံ ၇ ချက်ဖြင့် အာဏာရ လာသော အစိုးရဖြစ်၏။ ပြည်သူက ထင်သလောက် မယုံကြည်ပေ။ ပြည်သူလူထုသည် စစ် အာဏာရှင်စနစ် အောက်တွင် ခါးသီးသော ဘ၀များကို တည်ဆောက်ခဲ့ရသည်။ ထို့ကြောင့် ပြည်ခိုင်ဖြိုး ပါတီက မည်မျှပင် အပြောင်းအလဲများ လုပ်လုပ်၊ မည်မျှပင် စကားချိုချိုပြောပြော စစ်အစိုးရ၏ လက်ပွားပါတီ ဖြစ်သောကြောင့် ပြည်သူက စိတ်ချ လိမ့်မည် မဟုတ်ပေ။ မလွှဲမရှောင်သာ ဆက်ဆံနေကြရသော်လည်း ကြောက်စိတ်၊ အယုံအကြည် ကင်းမဲ့စိတ်တို့ကြောင့် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရလျှင် စစ်အာဏာ ရှင် စနစ် ပြန်လည် ခေါင်းထောင်ထ လာမည်ကို စိုးရိမ်ကြလေသည်။

ထို့ကြောင့် ဒီမိုကရေစီ ဖော်ဆောင်ရေးကို အစိုးရ အဖွဲ့သစ်သည် သက်တမ်းတစ်ခု ကုန်ခါနီးအထိ ဘာမှ ထိထိရောက်ရောက် မလုပ်ဆောင်နိုင်သေးပေ။ ဒီမိုကရေ စီ ဖော်ဆောင်ရေးအတွက် အဓိက အတားအဆီး မှာ ၂၀၀၈ ဖွဲ့စည်းပုံ   ဖြစ်လေ သည်။ ၂၀၀၈ ဖွဲ့စည်းပုံသည် ဒီမိုကရေစီရေးအတွက် အဟန့်အတား ဖြစ်သည်ကို ဦးသိန်းစိန် အစိုးရ သဘော မပေါက်သည့် ကာလပတ်လုံး၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင် ဆင်ရေး ကို ဟန့်တားသည့် ကာလပတ်လုံး မြန်မာနိုင်ငံသည် ဒီမိုကရေစီ လမ်းကြောင်းပေါ် လုံးဝရောက်ရှိမည် မဟုတ်ပေ။ “ဖွတ်ကျောပြာစု”၊ “ခရုအဆံကျွတ်” ဘ၀ဖြင့်ပင် ယခင်အတိုင်း ရှိနေပေမည်ဖြစ်သည်။ မိမိဆန်္ဒနှင့် ပြောခြင်းမဟုတ်ဘဲ လက်တွေ့ ရင်ဆိုင်နေရသောအဖြစ် ဖြစ်နေလေသည်။

ဂျာနယ်တစ်စောင်တွင် ကာတွန်းတစ်ပုဒ် ကြည့်လိုက်ရ၏။ ထိုကာတွန်းတွင် အစိုးရ အဖွဲ့သစ်သည် ပြုပြင် မပြောင်းလဲရေး လုပ်မည်ဟုဆိုသည်။ သို့သော် ပြောင်း လဲဖို့သာ ပြောနေပြီး မပြုပြင်သဖြင့် ပြုပြင်ပြောင်းလဲမှု မဖြစ်ဆိုသည်ကို ရေးဆွဲ ထားခြင်းဖြစ်သည်။
ထိုကာတွန်းတွင် ရေးသားထားသည့်အတိုင်း ပြုပြင်လိုက်မှသာလျှင် အပြောင်းအလဲကို တည်ဆောက်၍ရပေမည်။ စီးပွားရေး ပြုပြင်ပြောင်းလဲဖို့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို လက်ခံမည်ဟု ကြေညာ၏။ သို့သော် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ထင်သလောက် မရောက်လာခဲ့ပေ။ ထိုက်သင့် သလောက် ရင်းနှီး မြှုပ်နှံကြသော်လည်း ရင်းနှီးမြှုပ်နှံမှုကြောင့် ဖွံ့ဖြိုး တိုးတက်ပြောင်းလဲသွားသော နိုင်ငံများကို စံယူရပေမည်။ ထိုနိုင်ငံများမှာ တရုတ်နှင့်အိန္ဒိယဖြစ်လေသည်။ တရုတ်နိုင်ငံသည် ပြုပြင် ပြောင်းလဲရေးကို စတင်သည်နှင့် အထူးစီးပွားရေးဇုန်များ တည်ဆောက် လေတော့သည်။ အထူးစီးပွားဇုန် များကို ခွဲခြားထားသည်။ အရင်းရှင် စီးပွားရေးစနစ် ကျင့်သုံးသော အနောက်နိုင်ငံများ၏ ပုံစံအတိုင်း တည် ဆောက် လေတော့သည်။ သင်္ဘောဆိုက်ကပ်နိုင်သော ပင်လယ်ဆိပ်ကမ်းမြို့များကို တည်ဆောက်သည်။ ကုန်းတွင်း ဒေသများ၌လည်း လမ်းပန်းဆက်သွယ်ရေး ကောင်းအောင် လုပ်သည်။ လျှပ်စစ်ဓာတ်အား လိုသလို ရနိုင်အောင်လည်း ဖန်တီးသည်။ တရုတ်စီးပွားရေးမှာ ထိုးတက်သွားတော့၏။ ပြုပြင်ပြောင်းလဲရေးမှာ မည်သူနှင့်မှ ယှဉ်မရအောင် ဖြစ် သွားလေသည်။ အိန္ဒိယတွင်လည်း လက်တွေ့ကျကျ ပြုပြင် ပြောင်းလဲသဖြင့် စီးပွားရေး တိုးတက် ဖွံ့ဖြိုးလာခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံ၌မူ စီးပွားရေး တိုးတက်မှုမှာ သိသိသာသာ ဖြစ်မလာသေးပေ။ ထို့ ကြောင့် ကုန်ဈေးနှုန်း များမှာလည်း မြင့်တက်ဆဲ၊ ပြည်သူလူထုမှာ စားဝတ်နေရေး ကျပ်တည်း ဆဲပင်။ ထိုအခါ ပြည်သူလူထု ကအုပ်စိုးသော အစိုးရကို ထောက်ခံယုံကြည် လိမ့်မည်မဟုတ်။ လာဘ်ပေးလာဘ် ယူမှုများ၊ အဂတိ လိုက်စားမှုများကို ဖြေ ရှင်းေ ပးမည် ဆိုသော်လည်း ယခင်စစ် အစိုးရထက် သိသိသာသာ ထူးခြားလာမှု များမရှိပေ ။ ဒီမိုကရေစီ အစိုးရဟုဆိုသည်။ သို့သော် ဒီမိုကရေစီ အခွင့်အရေးများကား ယခုအထိ   ပြည်သူ လူထုကို မပေးနိုင်သေးပေ။ အလုပ်သမားများမှာ သပိတ်တိုက်ပွဲများ၊ ဆန္ဒပြ ပွဲ များဖြင့် တောင်းဆိုလျက်ရှိ၏။ အလုပ်ရှင်၏ ဖိနှိပ်မှု၊ လုပ်အားနှင့် လစာမမျှတမှု များကို ယခင် စစ်အစိုးရထက်ပင် ပိုများလာသည်။ အလုပ် သမားများကို ကျွန်များ သဖွယ် ခိုင်းလာကြသည်။ လုပ်ခ ဈေးပေါသော နိုင်ငံအဖြစ် နိုင်ငံခြားကုမ္ပဏီများက အလုပ်သမားများကို လက်လွတ်စပယ် အနိုင်ကျင့် လာကြပါသည်။

အဆိုးဆုံးမှာ လယ်သမားများဖြစ်၏။ မကြာသေးခင်က တရားစွဲဆို ထားသော လယ် သမားများကို တရားသူကြီးက ထောင်ချလိုက်ပါသည်။ အမြင့် ဆုံး ထောင် ဒဏ်၂နှစ်မှ အနိမ့်ဆုံး ၆ လ အထိ။ မိမိလယ်မြေများ ထွန်ယက် စိုက်ပျိုးရန် ဆန္ဒပြသော လယ် သမားများကို ထောင်ချခဲ့ခြင်းဖြစ်သည်။ တရားသူကြီးက စစ်တပ်က ချခိုင်း၍ ထောင်ချခြင်းပင် ဖြစ်ကြောင်း ပွင့်လင်းစွာ ပြောဆို၏။ ထိုအခါ တရားဥပဒေအထက်တွင် မည်သူများ ရှိနေပါသလဲ။ စစ်တပ်က လယ်မြေ ဧကပေါင်းများစွာ သိမ်းယူထားသည့်အတွက် လယ်သမားများမှာ ဘာသီးနှံမှ မစိုက်ပျိုးနိုင်ပေ။ ယခုအထိ အစိုးရမှာ ထိုပြဿနာများ ပြေလည်သွားအောင် မဖြေရှင်းနိုင်ခဲ့ပေ။ ၄ နှစ်တာ ကာလအတွင်း မိမိတို့၏ ပြုပြင်ပြောင်းလဲမှု ဆိုသည်ကို လေးလေးနက်နက် စဉ်းစားဖို့ လိုပါသည်။ အာဏာကို ရအောင်ယူပြီး နောက် ၅ နှစ်တွင်လည်း ယခုလို အပြောနှင့် အလုပ် မညီပါက ပြည်သူက ခေါင်းငုံ့ခံတော့မည် မဟုတ်ပေ။ အရုပ်အဆိုးဆုံးမှာ အလုပ်သမားများအတွက် အနိမ့်ဆုံး လုပ်ခလစာ မသတ်မှတ်နိုင်ခြင်း ဖြစ်လေ သည်။ အနိမ့်ဆုံးလစာ သတ်မှတ်ရေးမှာ ရက်ပိုင်းလပိုင်းအတွင်း ထိထိရောက်ရောက် လုပ်ကိုင်လျှင် သတ်မှတ် နိုင်လေသည်။ သို့သော် ဟိုတစ်ပေါက်၊ ဒီတစ်ပေါက်၊ အစိုးရကတစ်မျိုး၊ သတ်မှတ်ချင်သလို သတ်မှတ်ကြနှင့်။ အလုပ်သမားတို့၏ ဘ၀နှင့် လုပ်ခလစာမှာ ဇာတ်မျောကြီး ဖြစ်နေပါတော့သည်။

အစိုးရအဖွဲ့သစ် တက်လာခါစက ဆင်ဖမ်းမည်၊ ကျားဖမ်းမည်ဟု ကြုံးဝါးလာသော်လည်း နိုင်ငံခြားသို့ အိမ်အကူ ခေါ် အိမ်ဖော်များ ရောင်းထုတ်နေရဆဲ ဖြစ်ပါသည်။ ရှက်စရာလည်း အလွန်ကောင်း၏။ နိုင်ငံခြားသို့ အိမ်ဖော် ပို့ပြီး နိုင်ငံခြား ငွေရှာနေရသည်မှာ ရှက်စရာပင်ဖြစ်၏။ လူ ကုန်ကူးခံ နေရသည်မှာလည်း ရပ်စဲသွားသည်မရှိ။ အထူးသဖြင့် တရုတ်နိုင်ငံသို့ တရုတ်မယားများအဖြစ် လူကုန်ကူး ခံနေရသည်မှာ မရပ်တန့် နိုင်သေးပေ။ အဓိက တာဝန်ရှိသူမှာ အစိုးရဖြစ်၏။ တိုင်းပြည်တွင် အလုပ်အကိုင် မဖန်တီးပေးနိုင်သည်မှာ ပြည်သူလူထုအတွက် ဘ၀ အာမခံချက် မပေးနိုင်ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံတွင် သိန်းနှင့်ချီသော ရွေ့လျား အလုပ်သမားများရှိနေ ခြင်းမှာ လည်း အလုပ်နေရာ မဖန်တီးပေးနိုင်၍ ဖြစ်သည်။ ထို့ကြောင့် အစိုးရအဖွဲ့သစ်၏ သက်တမ်းကုန်ဆုံးခါနီး အထိ ပြုပြင်ပြောင်းလဲရေးမှာ မည်ကာမတ္တပင် ဖြစ်နေသည်။ ကြွေးကြော်သံနှင့် နှုတ်ထွက်စကားသာ ဖြစ်နေသည့် အတွက် ပြည်သူလူထုမှာ ဆင်းရဲတွင်း၌ နက်ဆဲ၊ စစ်အစိုးရ အုပ်ချုပ်မှုအတိုင်း ထူးထူးခြားခြား ပြောင်းလဲမှု မရှိ သေးသောကြောင့် နောက် ၅ နှစ်အတွက် ယုံကြည်နိုင်ကြလိမ့်မည် မဟုတ်ပေ။

Subscribe Us