Saturday, August 16, 2014

ပြည်ပရောက် မြန်မာအလုပ်သမားများနှင့် ဥပဒေ အကာအကွယ်မဲ့မှု ပြဿနာ


အလုပ်သမားတွေက စက်ရုံတွေထဲမှာ၊ ဆန္ဒပြတာပဲ ဖြစ်ဖြစ်၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတာပဲ ဖြစ်ဖြစ်၊ သံရုံးကို လှမ်းတိုင်တာပဲ ဖြစ်ဖြစ် အဲဒီသံရုံးတွေမှာ ဖုန်းနံပါတ်တွေ၊ အီးမေးလ်တွေပဲ ပေးထားတာ… တကယ်တိုင်ရင် ထိထိရောက်ရောက် ကိုင်တွယ်တာ မရှိဘူး …

အယ်လ်ဂျာဇီးယား သတင်းဌာနမှ Mr. Micheal Malay က Buy a Discount maid at Singapore’s Mall အမည်ဖြင့် သတင်းဆောင်းပါးတွင် ဖော်ပြထားသော သတင်းဓာတ်ပုံ


ရန်ကုန်၊ ဇွန် ၃၀

ပြည်ပသို့ သွားရောက် လုပ်ကိုင်လျက်ရှိသည့် တရားဝင်၊ တရားမ၀င် အလုပ်သမား များ၏ ရပိုင်ခွင့်၊ ဥပဒေအရ ကာကွယ်ခွင့် ရရှိရေးနှင့် ပတ်သက်၍ လွှတ်တော်သို့ အ ဆိုတင်သွင်း ခဲ့သော်လည်း သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ ပယ်ချခဲ့ခြင်း အပေါ်   ပြည်တွင်း ပြည်ပ အခြေစိုက် အလုပ်သမားအရေး ဆောင်ရွက် နေသူများနှင့် လွှတ်တော် ကိုယ်စားလှယ် တချို့က ဝေဖန်လျက်ရှိသည်။

ဇွန်လ ၉ ရက်နေ့က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြည်ပရောက် အိမ်အကူ အလုပ်သမများ အပါအ၀င် နိုင်ငံခြားရောက် အလုပ်သမားများဆိုင်ရာ အထူး ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရန်အတွက် သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်   ဦးသိန်းညွန့်က အဆို တင်သွင်း ခဲ့သော်လည်း ထောက်ခံသူ လေးဦးသာ ရှိပြီး အာဏာရပါတီ ကြံ့ခိုင်ရေးနှင့် တပ်မတော်သား ကိုယ်စားလှယ်များက မထောက်ခံ ခဲ့သည့် အတွက် လွှတ်တော်မှ ပယ်ချခဲ့သည်။ လက်ရှိတွင် ပြည်ပနိုင်ငံရောက် မြန်မာ အလုပ်သမားများမှာ ဖိနှိပ်ခံရမှုများ ရှိနေသည်ကို အထင်အရှား တွေ့မြင်ရ၍ ယခုအ ဆိုကို တင်သွင်းရခြင်း ဖြစ်ကြောင်း လွှတ်တော်အပြီး ၌လည်း မီဒီယာများသို့ ဦးသိန်းညွန့်က ပြောဆိုခဲ့သည်။


ယင်း အဆိုတင်သွင်းမှုကို ရေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိမြင့် သန်း က အထောက်အထား များဖြင့် ထောက်ခံခဲ့သော်လည်း အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ လက်ရှိတွင် အလုပ်သမားများ ဥပဒေများ   ပြဋ္ဌာန်းထားပြီး ဖြစ်သဖြင့် မလိုအပ်ကြောင်း ရှင်းလင်း ဖြေကြားခဲ့ရာ လွှတ်တော် ကိုယ်စားလှယ် အများစုက ထောက်ခံခဲ့သဖြင့် အဆို ရှုံးနိမ့်ခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုတင်သွင်းမှုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ““ဥပဒေတစ်ခုကို အလျင်စလို ပြဋ္ဌာန်းမယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေ အများ ကြီး ဖြစ်နိုင်ပါတယ်။ ကောင်းစေချင်လို့ ဆောင်ရွက်တာ ဖြစ်သော်လည်း မိအေးအခါ ခါနာ ဖြစ်တတ်ပါတယ်။ ဒါကြောင့်အကျိုး သက်ရောက်မှုကို သိဖို့လိုတယ်””ဟု မှတ်ချက် ပြုခဲ့သည်။

““မြန်မာလုပ်သားတချို့က အလုပ်လုပ်ခွင့် ပါမစ်မရှိလို့ ဖမ်းခံရတာရှိတယ်။ ပါမစ်က တစ်နေရာ၊ အလုပ်က တစ်နေရာ ဆိုပြီး ဖမ်းခံရတာတွေ ရှိတယ်။ အမှန် ကတော့   ပြည်ပရောက် အလုပ်သမားတွေနဲ့ ပတ်သက်ပြီးတော့ ဥပဒေပြဋ္ဌာန်းပေးဖို့ လိုပါ တယ်။ အခုက မလေးရှားမှာ ဆိုလို့ရှိရင် မြန်မာ အလုပ်သမားတွေ လုံခြုံမှုမရှိဘူး။ ဖိနှိပ်ဆက်ဆံ ခံရတာတွေ အများကြီးပဲ။ သူတို့ အနေနဲ့ အလုပ်သမားတွေကို ပါမစ် သက်တမ်း ပြည့်ရင် သက်တမ်း မတိုးပေးဘူး။ အဲဒါတွေကြောင့် ဖမ်းခံရတာတွေ ရှိ တယ်။ အဓိက တာဝန်ရှိတာတော့ ပို့ပေးတဲ့ အေးဂျင့်တွေမှာ တာဝန်ရှိတယ်။ အလုပ် သမားအများစုက စားသောက်ဆိုင်တွေ၊ စက်ရုံတွေမှာ အလုပ်လုပ်တာ များ တယ်။ အဲဒီလို အလုပ်လုပ်တဲ့ နေရာတွေကို ဂိုဏ်းစတားတွေက နှောင့် ယှက် တာရှိတယ်။ ရဲတွေလာပြီး ဆက်ကြေး တောင်းတာတွေ ရှိတယ်။ တရားမ၀င်တော့ အနိုင်ကျင့် တာပေါ့။ ဒီဥပဒေရှိမှပဲ မြန်မာ အလုပ်သမားတွေ အကာအကွယ်ရမှာလေ”” ဟု မလေးရှား အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကူညီ စောင့်ရှောက်ရေး စင်တာမှ အတွင်းရေးမှူး ကိုရန်နိုင်ထွန်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကလည်း “ဥပဒေ ရှိရှိ၊ မရှိရှိ ဒီအလုပ် သမားတွေကို ကာကွယ် စောင့်ရှောက်ပေးတဲ့ မြန်မာနိုင်ငံရဲ့ တရားဝင် အဖွဲ့အစည်း တစ်ခုကနေပြီးတော့၊ အစိုးရက ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ကနေပြီးတော့ ကာ ကွယ်စောင့်ရှောက် ပေးတယ်ဆိုရင်တော့ ဒါဟာ သင့်တော် ကောင်းမွန် တယ်လို့ ထင်ပါတယ်။ ဥပဒေရှိခြင်းထက် ယခုအချိန်မှာ တကယ်ကို အလုပ်သမားရေး ရာ   ဖြေရှင်းပေးတဲ့ အဖွဲ့အစည်း ရှိတယ်ဆိုရင်တော့ ကျေးဇူးတင်စရာ ကောင်းပါတယ်။ ဒါပေမဲ့ တစ်ချိန်မှာတော့ ကျွန်မတို့ တိုင်းပြည်က နောင်ဖြစ်ပေါ်လာမယ့် ကျွန်မတို့ တိုင်းပြည်က ရွှေ့ပြောင်း အလုပ်သမားတွေ၊ အိမ်ဖော် အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက် ပေးမယ့် ဥပဒေ တစ်ရပ်ကတော့ ပေါ်ပေါက် လာသင့်တယ်လို့ ထင်ပါတယ်”” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

မလေးရှားနိုင်ငံ၌ တရားမ၀င် မြန်မာအလုပ်သမား ငါးသိန်းခန့်ရှိပြီး တရားဝင်အ လုပ် သမား တစ်သိန်းခွဲခန့် ရှိကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကူညီစောင့်ေ ရှာက်ရေး စင်တာ၏ ကိန်းဂဏန်းများအရ သိရပြီး အလုပ်သမား အများစုမှာ စားသောက်ဆိုင် လုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံများ၌ အများစု လုပ်ကိုင်လျက်ရှိသည်။

ဇွန်လ ၂၆ ရက်နေ့က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌လည်း မူဆယ်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဘိုအောင်က တရုတ်နိုင်ငံသို့ သွားရောက် အလုပ်လုပ် ကိုင်နေသော ရွှေ့ပြောင်း အလုပ်သမားများ တရားဝင် သွားရောက် အလုပ်လုပ်ကိုင်နိုင်ရန်နှင့် အထောက် အထား လက်မှတ်များ ထုတ်ပေးနိုင်ရန် ရှိ၊ မရှိ မေးခွန်းအား မေးမြန်း ရာ၌လည်း တရုတ်နိုင်ငံဘက်မှ တရားဝင် အလုပ်သမားများ ကမ်း လှမ်းချက် မရှိသေးသည့်အတွက် လုပ်ဆောင်ရန် မရှိသေးကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးထင်အောင်က လွှတ်တော်၌ ပြန်လည် ဖြေကြား ခဲ့သည်။

လက်ရှိတွင် ပြည်ပထွက်ခွာ၍ အလုပ်လုပ်ကြသည့် ရွှေ့ပြောင်း အလုပ်သမားများနှင့် အိမ်နီးချင်း တရုတ်နိုင်ငံသို့ မူဆယ် လမ်းကြောင်းမှ တစ်ဆင့် သွားရောက် အလုပ်လုပ် ကိုင် ကြသူ များပြားကြောင်း၊ တစ်နေ့လျှင် ရွှေ့ပြောင်း အလုပ်သမား ၅၀ မှ ၁၅၀ ကြား တရားဝင် နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ဖြင့် ခိုးဝင်ပေါက်များမှ ဖြတ်သန်း သွား လာနေရကြောင်း၊ ယာယီ ဖြတ်သန်းခွင့် လက်မှတ်ဖြင့် သွားရောက် အလုပ်လုပ် ကိုင်နေရ သည့်အတွက် အကာအကွယ်မဲ့ နေကြရကြောင်း စသော အချက်အလက် များနှင့် ဆက်စပ်၍ ဦးစိုင်းဘိုအောင် က မေးမြန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မေးမြန်းချက်၌ ရွှေ့ပြောင်း အလုပ်သမားနှင့် စပ်လျဉ်း၍ နယ်စပ်နေ တိုင်းရင်း သားများမှာ တစ်ဖက် နိုင်ငံမှ ယာယီ ဖြတ်သန်းခွင့် လက်မှတ်များ စစ်ဆေး အရေးယူ အပြစ်ပေးမှုများ၊ လက်မှတ် မပါပါက သို့မဟုတ် ရက်လွန်ပါက ထောင်ဒဏ် နှစ်လ အပြစ်ပေးခံရခြင်း၊ ဆီးစစ်၍ မူးယစ်ဆေးသုံးကြောင်း ဖော်ပြခံရလျှင် အလုပ် ကြမ်းနှင့်   ထောင်ဒဏ်အပြစ်ပေးကာ လမ်းဖောက်လုပ်ရေး လုပ်ငန်းများ၌ ခိုင်းစေခံရခြင်း အပါ အ၀င် ဥပဒေအရ အကာအကွယ်မဲ့နေသဖြင့် ထိုင်းနှင့် မလေးရှားကဲ့သို့ တရားဝင် သွားရောက်နိုင်ရေး အထောက်အထား လက်မှတ် ထုတ်ပေးနိုင်ရေးနှင့် နှစ်နိုင်ငံကြား အလုပ်သမားများ ခန့်ထားခြင်း နားလည်မှု စာချွန်လွှာ ရေးအတွက် မည်ကဲ့သို့ စီစဉ်ဆောင်ရွက် ပေးနိုင်မည်နည်းနှင့် မည်ကဲ့သို့ စီမံဆောင်ရွက် နေသည်ကို သိလိုကြောင်း ပါရှိသည်။

သို့သော် အလုပ်သမား ဒုဝန်ကြီး ဦးထင်အောင်က မြန်မာ အလုပ်သမားများသည် အိမ်နီးချင်းနိုင်ငံ များ၌ သွားရောက် အလုပ်လုပ်ကိုင်ရာတွင် တရားမ၀င် သွားရောက် လုပ်ကိုင်ခြင်းကြောင့် လူမှောင်ခို ကူးခံရခြင်း၊ ဇနီးမယားအဖြစ် ရောင်းစားခံရခြင်း၊ အလုပ်ရှင်များ၏ မတရား ခေါင်းပုံဖြတ်ခံရခြင်း၊ ပွဲစားများ၏ လိမ်လည် လှည့်စားမှုခံ ရခြင်း ရှိနေကြောင်း ပြန်လည် ဖြေကြားခဲ့ပြီး တရုတ်နိုင်ငံဘက်မှ မြန်မာ အလုပ် သမား ခေါ်ယူရေး တရားဝင် ကမ်းလှမ်းမှုရှိမှသာလျှင် ဆောင်ရွက်မည်   ဖြစ်ကြောင်း   ပြောကြားခဲ့သည်။

တရုတ်နိုင်ငံဘက်သို့ မြန်မာနိုင်ငံသာများ သွားရောက် အလုပ်လုပ်ကိုင်ရာ၌ အသိအမှတ်ပြု နယ်စပ် ဖြတ်သန်းခွင့် လက်မှတ်ဖြင့် သွားရောက်သူ အများစုဖြစ်ပြီး နယ်စပ်ဖြတ်သန်းခမှာ မြန်မာငွေ ၁၀၀၀ ကျပ်ဖြစ်ကာ ဖြတ်သန်းခွင့် စာအုပ် လုပ်ထားသူများမူ တစ်နှစ်အတွက် စာအုပ်ကြေး ၁၅၀၀၀ ကျပ်နှင့် တစ်ကြိမ် ဖြတ်သန်းပါက ၃၀၀ ကျပ် ကျသင့်သည်။

တရုတ်နိုင်ငံဘက်တွင် မြန်မာနိုင်ငံသား မည်မျှ သွားရောက် အလုပ်လုပ်ကိုင် နေ သည်ကိုမူ ကိန်းဂဏန်းအရ အတည်မပြု နိုင်သော်လည်း အလုပ်သမား အများစုမှာ   ဈေးရောင်း၊ ကုန်တင်ကုန်ချ၊ ကျောက်သွေးနှင့် အလုပ်ရုံများ၌ လုပ်ကိုင်မှုများကြောင်း   ရွှေလီသို့ ကုန်ကူးနေသည့် စီးပွားရေး သမားများထံမှ သိရသည်။ ထို့ပြင် ဇနီးမယား အဖြစ်   ရောင်းချခံသည့် လူကုန်ကူးမှု ကိစ္စများမှာလည်း နယ်စပ်ဒေသတွင် မရှိ သလောက် ရှားပါးပြီး ယင်းသို့ လူကုန်ကူးမှုများမှာ ပြည်တွင်း အခြေစိုက် အလုပ်အ ကိုင် အေးဂျင့်များ၊ ပွဲစားများမှတစ်ဆင့် လူကုန် ကူးနေကြခြင်း ဖြစ်သည်။

တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သည့် ရွှေလီမြို့၌ မြန်မာနိုင်ငံဘက်မှ တိုင်းရင်း သားပေါင်း စုံ လာရောက် အလုပ်လုပ်ကိုင်လျက် ရှိပြီး အလုပ်ရှင်၊ အလုပ်သ မား ပြဿနာများ မှာ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ထက် မများသော်လည်း အနည်းငယ် ရှိကြောင်း၊ ဈေးသည်များကိုလည်း သတ်မှတ်ချက်နှင့် မကိုက်ညီ၍ ဖမ်းဆီး သည့်အခါ   မြန်မာနိုင်ငံသားဟူ၍ သီးခြား ဖမ်းဆီးခြင်းမျိုး မရှိဘဲ ဒေသခံ တရုတ်နိုင်ငံသားများနှင့် တစ်ပြေးညီ ဖမ်းဆီးအရေးယူလေ့ ရှိကြောင်းလည်း ကုန်သည်များက ဆိုသည်။

အလားတူ အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် ထိုင်းနိုင်ငံ၌ တရားဝင်ကော တရားမ၀င်ပါ အလုပ် လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမား ငါးသန်းနီးပါးခန့် ရှိပြီး အများစုမှာ စက်ရုံ၊ အလုပ်ရုံ၊ ဈေးရောင်း၊ ဆောက်လုပ်ရေးနှင့် အိမ်အကူ၊ ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းများ၌ လုပ်ကိုင်ကြသည်။ ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားအ များစုမှာ တရားမ၀င် လုပ်ကိုင်နေကြသူများဖြစ်ပြီး မကြာခဏ ဆိုသလို ထိုင်းဒေသခံ အာဏာပိုင်များ၏ ဆက်ကြေးကောက်ခြင်း၊ ဖမ်းဆီးခံရခြင်း များ ဖြစ်ပေါ်လျက် ရှိသည်။ ထို့ပြင် တရားဝင် နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူ မြန်မာ အလုပ်သမားများ ကိုလည်း လုပ်ခလစာ အပြည့်မပေးခြင်း၊ နိုင်ငံကူးလက်မှတ် သိမ်းဆည်းထားခြင်း စသည့် ပြဿနာများ မကြာခဏ ဖြစ်ပေါ်လေ့ ရှိသည့်အပြင် အချို့သော အလုပ်ရှင်များ မှာ နိုင်ငံကူး လက်မှတ်များကို ဆုတ်ဖြဲပစ်သည်အထိ လုပ်ကိုင်ကြကြောင်းလည်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။

““အဓိကကတော့ ထိုင်းနိုင်ငံက စက်ရုံတွေမှာ သတ်မှတ်ထားတဲ့ တစ်ရက်ကို လုပ် အားခ ဥပမာ (ဘတ်) ၃၀၀ ဆိုလို့ရှိရင် မြန်မာလုပ်သားတွေက အဲဒီလောက် မရဘူး။ ဒါတွေက လုပ်ငန်းရှင်ခေါင်းပုံ ဖြတ်တာပေါ့။ မဲဆောက်လို ဟာမျိုးကျတော့ ခြံလုပ် ငန်းတွေ ရှိတယ်၊ မဟာချိုင်လို ဟာမျိုးမှာတော့ ပင်လယ်နဲ့ ပတ်သက်တဲ့ လုပ် ငန်းတွေ၊ ငါးဖမ်းလုပ်ငန်းတွေ ရှိတယ်။ အလုပ်သမားတွေရဲ့ လုပ်ငန်းခွင် အခြေအနေ၊ OT အချိန် ပိုကြေး ရဖို့လည်း လိုအပ်တာပေါ့။ အဲဒါတွေရဖို့ အဓိကကတော့ အလုပ်သမား ကာ ကွယ်တဲ့ ဥပဒေမှာပဲ မူတည်တယ်။ အဲဒီဥပဒေတွေရဲ့ အကျိုးခံစားမှုကိုလည်း ရရှိဖို့ လိုအပ်တယ်။ အလုပ်သမား ကာကွယ်ရေး ဥပဒေ၊ အလုပ်ရှင်-အလုပ်သမား ဆက် ဆံရေး ဥပဒေတွေရဲ့ ကာကွယ်မှုကို အရင်အစိုးရ လက်ထက်မှာကတည်းက ကြပ် ကြပ် မတ်မတ် မလုပ်တော့ ခေါင်းပုံဖြတ်မှုတွေ ကြုံတွေ့ရတာပေါ့””ဟု ထိုင်းနိုင်ငံ အခြေစိုက် အလုပ်သမား သွေးစည်း ညီညွတ်ရေးအဖွဲ့ တာဝန်ခံ ကိုသံဒုတ်က မြန်မာ သံတော်ဆင့်သို့ ပြောသည်။

ပြည်ပရောက် မြန်မာအလုပ်သမားများနှင့် ပတ်သက်၍ အယ်လ်ဂျာဇီးယား သတင်းဌာနမှ Mr. Micheal Malay က Buy a Discount maid at Singapore’s Mall အမည်ဖြင့် သတင်းဆောင်းပါးတစ်ပုဒ် ရေးသားထားရာ စင်ကာပူ မြို့လယ်ရှိ ဘူကစ်တီမာရှ် ဈေးဝယ်စင်တာတွင် အေဂျင်စီပြခန်းများကို တွေ့မြင်နိုင်ပြီး ထိုင်နေ သည့် ဒါဇင်နှင့်ချီသော အမျိုးသမီးများအား တွေ့မြင်ရကြောင်း၊ ယင်းအမျိုးသမီးများ မှာ မြန်မာ၊ ဖိလစ်ပိုင်နှင့် အင်ဒို နီးရှား တို့မှ အမျိုးသမီးများ ဖြစ်ပြီး အလုပ်မည်မျှ ကြိုးစားကြကြောင်း၊ အိမ်အစေခံ အရောင်းမြှင့်တင်ခြင်း၊ ဈေးလျှော့ ရောင်းပေးခြင်း စသည့်ဆိုင်းဘုတ်များကို တွေ့မြင်ရကာ အိမ်အကူ လုပ်သားများအား ရောင်းကုန် တစ်ခုသဖွယ် ဈေးကွက်ဖွင့် လုပ်ဆောင်နေကြောင်း ရေးသားထားသည်။

အဆိုပါ သတင်းနှင့် တွဲဖက်၍ ဖော်ပြထားသည့် သတင်းဓာတ်ပုံများ ၌လည်း မြန်မာ အမျိုးသမီး အိမ်အကူ အလုပ်သမများအား ကြေညာထားသည့် ဆိုင်းဘုတ်နှင့် မြန်မာ အမျိုးသမီးများ ပုံလည်းပါဝင်သည်။ ထို့ပြင် မြန်မာအိမ်အကူ အလုပ်သမများအား စင်ကာပူသို့ ပို့ဆောင်ရာတွင် အသက်မပြည့်သေးသည့် အမျိုးသမီးငယ် များကို လည်း အေးဂျင့်မှ လိမ်လည် ပို့ဆောင်နေကြောင်းကိုလည်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ ကလည်း The Straits Times က ရေးသားခဲ့ဖူးသည်။

““ကျွန်မကတော့ ရှော့ပင်းမောလ်မှာ အဲဒီလိုမျိုး ရောင်းတယ်လို့ မကြားမိပါဘူး။ လုပ်ကြံတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ အဲဒီလိုမျိုး ရောင်းကုန်အနေနဲ့ ရောင်းလို့ ရတဲ့ ပစ္စည်းမှ မဟုတ်တာ။ အဲဒီအပေါ်မှာတော့ ဝေဖန် ချက် မပေးချင်ဘူး။ အယ်လ် ဂျာဇီးယားက ပြောတဲ့ဟာတွေက ရာနှုန်းပြည့် ယုံရတာမဟုတ်ဘူး။ မြန်မာ နိုင်ငံကို သိက္ခာချချင်လို့ ဒါမျိုး လုပ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကျွန်မကတော့ အယုံအကြည် မရှိဘူး ။ ရှော့ပင်း မောလ်ပေါ်မှာ ကုန်ပစ္စည်းတစ်ခုလို ရောင်းတာ ကတော့ သိပ်အဓိပ္ပာယ်မရှိဘူး။ စင်ကာပူမှာက ဥပဒေ တင်းကျပ် ပါတယ်။ ဒါတော့ မဖြစ်နိုင်ဘူးလို့ ထင်တယ်”” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က မြန်မာသံ တော်ဆင့်သို့ ပြောသည်။

ပြည်ပရောက် မြန်မာအလုပ်သမားများနှင့် ပတ်သက်၍ အစိုးရအနေဖြင့် တာဝန်ယူမှု နည်းပါးပြီး သက်ဆိုင်ရာ နိုင်ငံများအလိုက် အလုပ်သမားရေးရာ ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်၍ လုပ်ကိုင်လျက် ကူညီဖြေရှင်း ပေးနေသော်လည်း ထိရောက်မှု အားနည်းလျက် ရှိကြောင်းလည်း အလုပ်သမား အဖွဲ့များက သုံးသပ် ဝေဖန်လျက် ရှိသည်။

““မြန်မာအစိုးရက နေပြီးတော့ အလုပ်သမားရေးရာ ကိုယ်စားလှယ်တွေ ထားတယ်။ ကျွန်တော်တို့ တွေ့ကြုံ ရတာက တကယ် အလုပ်သမားတွေက စက်ရုံတွေထဲမှာ ဆန္ဒပြတာပဲဖြစ်ဖြစ်၊ အလုပ်သမား အခွင့်အရေး ချိုးဖောက် ခံရတာပဲ ဖြစ်ဖြစ်၊ သံရုံးကို လှမ်းတိုင်တာပဲ ဖြစ်ဖြစ် အဲဒီသံရုံးတွေမှာ ဖုန်းနံပါတ်တွေ၊ အီးမေးလ် တွေပဲ ပေးထား တာ ဖြစ်တယ်။ တကယ်တိုင်ရင် ထိထိရောက်ရောက် ကိုင်တွယ်တာ မရှိဘူး။ ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာအလုပ်သမားတွေ ရဲ့ ပြဿနာ ကို ဖြေရှင်း ဖို့ အလုပ်သမား ဥပဒေတွေကို ကောင်းကောင်း နားမလည် ကြပါဘူး”” ဟု ထိုင်းနိုင်ငံ အခြေစိုက် အလုပ်သမား သွေးစည်း ညီညွတ်ရေးအဖွဲ့ တာဝန်ခံ ကိုသံဒုတ်က မြန်မာ သံတော်ဆင့်သို့ ပြောသည်။

အလုပ်သမား အခွင့်အရေး ကာကွယ်မြှင့်တင်မှုများမှ အပြည်ပြည်ဆိုင်ရာ ဆက် သွယ်ရေး တာဝန်ခံ ဒေါ်အိရွှေစင်ညွန့် ကလည်း ““ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခွင့်အရေးကလေ နိုင်ငံတကာ စံချိန်စံညွှန်း အတိုင်းကို တစ်ဖက်နိုင်ငံကကော၊ ကိုယ့်နိုင်ငံ ကကော လိုက်နာမယ် ဆိုလို့ရှိရင်တော့ ရွှေ့ပြောင်း အလုပ်သမား ဆိုတာက သူတို့နိုင်ငံမှာ ရှိနေတဲ့သူတို့ အလုပ်သမားတွေနဲ့ တန်းတူ အခွင့်အရေး ရရမယ်။ မြန်မာနိုင်ငံမှာက နှစ် ရှည်လများစွာ မြန်မာအစိုးရ ကိုယ်တိုင်က ကိုယ့်ရဲ့လုပ်သား ပြည်သူတွေအပေါ် တာဝန်ယူမှု မရှိဘူး။ ဒီလိုမျိုး ရွှေ့ပြောင်း အလုပ်သမား မပြောနဲ့၊ သင်္ဘောလိုက်မယ့် သင်္ဘောသားတွေတောင်မှ ထိခိုက်ဒဏ်ရာ ကြီးကြီး ကျယ်ကျယ်ရတဲ့အခါမှာ မြန်မာအစိုးရအနေနဲ့ ကိုယ့်ပြည်သူ တစ်ယောက် ဒီလိုဖြစ်တဲ့အတွက် ခိုင်ခိုင်မာမာ ရပ်တည်မှု မရှိခဲ့ဘူး။ ဥပမာ- ထိုင်းနိုင်ငံကို ရောက်ရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေက တရားဝင် မှတ်ပုံတင် မရှိဘူးဆိုရင် သူတို့နိုင်ငံ အချုပ်အခြာအတွက် စိုးရိမ်တာပေါ့နော်။ ဒါ ကတော့ ကိုယ်ချင်းစာရမှာပေါ့။ မှတ်ပုံတင် မရှိတဲ့သူတွေက အခွင့်အလမ်း မရှိဘူး။ အလုပ်သမား မှတ်ပုံတင် လုပ်ရမယ့် သူတွေကလည်း ငွေကြေးကုန်ကျ အများကြီးနဲ့ လုပ်ရတယ်။ သူတို့ လုပ်ခလစာက တစ်နှစ် တစ်နှစ် မှတ်ပုံတင် လုပ်နေတာနဲ့ ကုန်နေ တာ ဖြစ်တယ်။ မြန်မာအစိုးရ ကိုယ်တိုင်က လက်ရှိအချိန်မှာ တိုင်းပြည် ကို   ပြုပြင်ပြောင်းလဲတယ်။ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကိုလည်း သွားနေပြီဆိုတော့ ကိုယ့်လုပ်သား ပြည်သူတွေအတွက် ဘယ်လို ခိုင်မာတဲ့ စောင့်ရှောက်မှု ပြဋ္ဌာန်းချက် တစ်ခုခု၊ သဘောတူညီမှု ဆောင်ရွက်ဖို့လိုတယ်””ဟု ပြောသည်။

 အောင်ထွန်းလင်း
မြန်မာသံတော်ဆင့်သတင်းဌာန

Subscribe Us