Saturday, July 05, 2014

စီးပွားရေးဝန်းကျင်သစ်နှင့်မဟာဗျူ ဟာ



နေဇင်လတ်

JOB seekers Journal vol.2,No.44

မဟာဗျူ ဟာ (Strategy) ကို High Level Plan -အဆင့်မြင့်အစီအမံဟူ၍ လည်းကောင်း၊ အနာဂတ်ကိုပုံဖော်သည့်အစီအမံဟူ၍လည်းကောင်း (Shaping the future)၊ A system of finding, formulating, and developing a doctrine that will ensure long-term success it followed faithfullyဟူသော “ရေရှည်အောင်မြင် မှုရရှိရေးအတွက် ရှာဖွေသော၊ နည်းစဉ်တစ်ခု ချမှတ်သော၊ မူဝါဒတစ်ခုကို ဖွံ့ဖြိုးတိုး တက်စေသော စနစ်တစ်ခု” ဟုလည်း Dr.Vladimir Kvint က အဓိပ္ပာယ်ဖွင့် ခဲ့သည်။ သဘောအတွေ့ဆုံးအဓိပ္ပာယ်မှာမူ "A set of tactics" ဟူသည့် နည်း ဗျူ ဟာတို့၏ အစုအပေါင်းဟူသည်ပင်။ တစ်ဆင့်တိုးတက်၍ အဓိပ္ပာယ် ဖွင့် ပါဟုဆိုခဲ့ပါလျှင် “ရည်မှန်းချက်တစ်ခု အောင်မြင်ရေးအတွက် ဆောင်ရွက် ရမည့်နည်းဗျူဟာတို့၏ အစုအပေါင်း”ဟု အတိုရှင်းဆုံးအဓိပ္ပာယ်ဖွင့်ဆို နိုင် သည်ဟု ယူဆပါသည်။

နည်းဗျူ ဟာ
အခြေအနေအရပ်ရပ်ကို ကောင်းစွာ နားလည်မှုဖြင့် ရည်မှန်း ချက် အောင်မြင်နိုင်ရေးအတွက် တွက်ချက်မှုပါသော အစီအစဉ်တစ်ခု (Calculated plan by understanding the situation) ဟူသည့် သဘောပါ ဖွင့်ဆိုမှုများရှိနေပါသည်။ မဟာဗျူ ဟာသည် ခြုံငုံသော ရည်မှန်းချက်ကို ဦး တည်သည့်သဘာဝရှိပြီး၊ နည်းဗျူ ဟာသည် တစ်ခုချင်းစီ၏ အောင်မြင်မှု ကို အလေးထားရသည့်သဘာဝရှိနေပါသည်။တစ်ခုချင်းစီတို့၏ အောင်မြင်မှုကိုရရှိပါမှ ထိုတစ်ခုချင်းစီတို့၏ အစုအပေါင်းဖြစ်သော လုပ်ငန်းကြီး တစ်ခုလုံး၏ အောင်မြင်မှုကို ရရှိနိုင်မည်ဖြစ်ပါသည်။


အခင်းအကျင်းသစ်နှင့် မဟာဗျူ ဟာ
ယနေ့ကမ္ဘာကြီး၏ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ အစစအရာရာတို့ သည် မဟာဗျူ ဟာ၊ နည်းဗျူ ဟာနှင့် ကင်းလွတ်သည်ဟူ၍ မရှိတော့ချေ။ ပညာခေတ်ဖြစ်လာ၍ ဤမဟာဗျူ ဟာများက ရှေ့တန်းသို့ ပို၍ ရောက်လာကြ ရခြင်းဖြစ်သည်။ တရုတ်တို့၏ တိုးတက်လာသော စီးပွားရေးတွင် အချို့ အရှုံးပေါ်နေသော အမေရိကန်ကော်ပိုရေးရှင်းကြီးများကို ဝယ်ယူရန် ကြိုးစားနေခြင်းသည် ငွေပေါ၍ အလကားသုံးစွဲနေခြင်း မဟုတ်ပါ။ နည်းပညာ၊ အမေရိကန်တို့၏ စီမံခန့်ခွဲမှုပညာ၊ အမေရိကန်တို့၏ တီထွင်ကြံဆမှု ဝိညာဉ်၊ ဈေးကွက်များအတွင်း ထိုးဖောက်ဝင်ရောက် နိုင်မှုအတွက် ကြိုးစားနေခြင်းသာ ဖြစ်ပါသည်။

ကမ္ဘာကြီးကို ထာဝရ အမေရိကန်များအကဲသာရေး (Supremacy of US) ကို မဟာဗျူ ဟာကောင်းများ ချမှတ်ဆောင်ရွက်နေသည့် နည်းတူ တရုတ်တို့က လည်း စီးပွားရေးအခြေခံကောင်းများကို မဟာဗျူ ဟာ ချမှတ်ကျင့်သုံးခဲ့ရာ မှာ နှစ်ပေါင်း (၃၀) ကျော်ကြိုးစားမှု၏ ရလဒ်အဖြစ် ကမ္ဘာ့ ဒုတိယစီးပွားရေး အင်အားအကြီးဆုံး နိုင်ငံအဆင့်ကို ဂျပန်ထံမှ လွှဲပြောင်း ရယူကာ အမေရိကန်ကို တစ်စုံတစ်ရာခြိမ်းခြောက်နိုင်ခဲ့သောအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့အခင်းအကျင်းသစ် (New World Order) တွင် အစုအဖွဲ့များ သည် လည်းကောင်း၊ နိုင်ငံများသည်လည်းကောင်း၊ အုပ်စုဝင်များသည် လည်းကောင်း မဟာဗျူဟာနှင့် ကင်းလွတ်ကြသည်ဟူ၍ မရှိနိုင်တော့ချေ။ မဟာဗျူ ဟာကောင်းမရှိသော နိုင်ငံတစ်ခုသည် တဖြည်းဖြည်း နိမ့်ဆင်းလာ မည်ဖြစ်ပြီး၊ တစ်ချိန်ချိန်တွင် ကမ္ဘာ့မြေပုံပေါ်၌ ပျောက်ကွယ် သွားရမည့် အဖြစ် ဆိုးနှင့်လည်း ကြုံကြရပါလိမ့်မည်။
ကမ္ဘာ့အခင်းအကျင်းသစ်တွင် မွေးဖွားကြီးပြင်းလာကြရသူများအ နေဖြင့်လည်းမိမိတို့ဘဝတွင် တစ်စုံတစ်ရာရည်မှန်းချက်များထားရှိကြ မည်ဆိုလျှင် မဟာဗျူဟာသဘော၊ မဟာဗျူဟာကျင့်စဉ်များနှင့် ဝေးကွာစွာနေ၍မရဟု မြင် ပါသည်။ သင်တန်းများစွာကို တက်ရောက်နေကြသူ များအထဲတွင် “လက်မှတ်” အတွက် တက်ရောက်နေကြသူများရှိသလို၊ ဘဝအတွက် ရည်မှန်းချက်ကို ဖြည့်ဆည်းနိုင်ရန် ဖြည့်သင့်ဖြည့်ထိုက်ဖွယ်ရာများကို အရွယ် ရှိခိုက်ဖြည့်ဆည်းနေကြသူများလည်း ပါဝင်သည်ကို သတိထားမိပါ၏။ အစဉ်အလာအတွေးအခေါ်၊ အစဉ်အလာရပ်တည်မှု ဖြင့် ဘဝကိုဖြတ်သန်း ကြသူများမှာ အစဉ်အလာမှ ခွဲထွက်၍ အခင်းအကျင်းသစ်နှင့် လိုက်လျော ညီထွေရှိအောင် ကြိုးစားကြသူများနှင့် တစ်ချိန်ချိန်တွင် ကွာခြားမှု ဖြစ်လာကြ မည်မှာ ဧကန်ဖြစ်သည်ဟု ဆိုချင်သည်။

တစ်ရက်တစ်မနက်နှင့် ဖြည့်ဆည်း၍မရ
မဟာဗျူ ဟာရည်မှန်းချက်တစ်ခုကို တစ်ရက်တစ်မနက်ဖြင့် ဖြည့်ဆည်း ၍ မရတတ်ပါ။ ရှည်လျားသော အနာဂတ်အတွက် ရည်မှန်းချက် ဖြစ် သဖြင့် နှစ်ပေါင်းများစွာ ဖြည့်ဆည်းရပါသည်။ မဟာဗျူ ဟာတွင် ပါဝင် သောနည်းဗျူ ဟာအဆင့်များစွာကို ဖြည့်ဆည်းရပါ၏။ နည်းဗျူ ဟာတွင် ပါဝင်သော အစီအစဉ်များကိုလည်း တရွေ့ရွေ့၊ မှန်မှန်ဖြည့်ဆည်းရပါသည်။

ယနေ့ ကမ္ဘာပေါ်တွင် တစ်ပိုင်းလျှပ်ကူးပစ္စည်း (Semi-Conductor) ၊ ချစ်ပ်ပြား (Chips) များကို အကြီးမားဆုံး ထုတ်လုပ်နေသော Samsung ကုမ္ပဏီကြီးသည် တစ်ရက်တစ်မနက်၊ တစ်နှစ်၊ နှစ်နှစ် ဖြည့် ဆည်း မှုဖြင့် အောင်မြင်လာသည်မဟုတ်ပါ။ အနည်းဆုံး ဆယ်စုနှစ် နှစ်ခုမျှကြိုးစား ခဲ့ရပြီးမှ အောင်မြင်လာခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့သူကြွယ်ကြီးများ ဖြစ်ကြသော Bill Gates, Warren Buffett, Steve Jobs တို့သည်လည်း ဘွားကနဲ ပေါ် လာသော အောင်မြင်သူများ မဟုတ်ကြပါ။ မဟာဗျူဟာ အမြင်ရှိကြပြီး၊ မဟာဗျူဟာကျင့်ကြံမှုများကို နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ပြီးမှ ကမ္ဘာ့အချမ်း သာဆုံးသူကြွယ်များ စာရင်းဝင်လာခဲ့ကြရသူများသာဖြစ်ပါသည်။

ကမ္ဘာတွင် အတော်ဆုံးရင်းနှီးမြှုပ်နှံသူ(The most intelligent Investor) ဟု အမည်ပေးခြင်းခံရသော Warren Buffett ၏ ကိုကာကိုလာ ရှယ်ယာသည် လွန်ခဲ့သော နှစ်အစိတ်ခန့်ကထက် အဆပေါင်း “သောင်း၊ သိန်း” ချီ၍ တိုးတက်ခဲ့သည်။ လွန်ခဲ့သော (၂၅) နှစ်ခန့်က ဆယ်ဒေါ်လာ မျှသာတန်သော သူ၏ရှယ်ယာမှာ ယနေ့ ဒေါ်လာသန်းချီ တန်ဖိုးရှိခဲ့ ရခြင်းမှာ သူ၏မဟာဗျူဟာအမြင်၊ သူ၏မဟာဗျူဟာရှယ်ယာ ခွဲဝေပေးခြင်းဆိုင်ရာ မူဝါဒကြောင့်ဖြစ်သည်။ ဘတ်ဖက်သည် နှစ်စဉ်ရှယ်ယာ အမြတ်များကို ခွဲဝေမပေးခဲ့၊ “ထပ်တိုး”တန်ဖိုးကို ရအောင်ယူခဲ့ပြီး၊ ကုမ္ပဏီ ၏ အနာဂတ် အလားအလာကို တွက်ချက်ကာ တန်ဖိုးအဆင့်မြှင့်နိုင်ခဲ့ သောကြောင့်ဖြစ် သည်။ ထို့အပြင် မည်သည့်လုပ်ငန်း၊ မည်သည့် ကုမ္ပဏီ မျိုးတွင် ရင်းနှီးမြှုပ်နှံ သင့်သည်ဟူသော သူ၏မဟာဗျူဟာအမြင်များမှာ လည်း များစွာလေ့လာ အတုယူဖွယ်ရာဖြစ်ပါသည်။

မြန်မာနိုင်ငံသည် နိုင်ငံရေးစနစ် လုံး၀ တစ်ဆစ်ချိုးပြောင်းခဲ့ပြီး၊ လွတ်လပ်ဈေးကွက်စနစ်ကို ယခင်ကထက် ပိုမိုပီပြင်စွာ ကျင့်သုံး လာနေသောနိုင်ငံတစ်ခုဖြစ်သည်။ ကြိုးနီစနစ်ကို ကဏ္ဍတိုင်း တွင် ဖြေလျော့နေ ပြီး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အထားဖြစ်စေ မည့် ဘဏ်စနစ်၊ ငွေကြေးစနစ်မှစ၍ အခြေခံအဆောက်အဦများကို ဖြည့်စွက် လာခဲ့သည်။ မြန်မာနိုင်ငံ၏ အနာဂတ်စီးပွားရေးကိုလည်း နိုင်ငံတကာမှ အကောင်းမြင်သုံးသပ်ခဲ့ပြီး အီကောနောမစ်မဂ္ဂဇင်းကလည်း အာရှတွင် ရင်း နှီးမြှုပ်နှံရန်အကောင်းဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံအားအင်ဒိုနီးရှား
နောက် အဆင့်(၄)သို့ တိုးတက်လာခဲ့ကြောင်း ရေးသားထားသည်ကို တွေ့ ရသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကိုလည်း ပြင်ဆင်ခဲ့ပြီး၊ လိုအပ်လျှင် လည်း ထပ်မံဖြည့်စွက်ပြင်ဆင်ဦးမည်ဖြစ်သဖြင့်လည်းကောင်း၊ ပထဝီနိုင်ငံရေးအရလည်းကောင်း၊ အာဆီယံအဝေးပြေးလမ်းမကြီးများနှင့် ရေ နက်ဆိပ်ကမ်းများ၊ အထူးစီးပွားရေးဇုန်များကြောင့်လည်းကောင်း၊ မြန်မာ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်မှာ ယုံမှားသံသယရှိစရာ မလိုပါချေ။နိုင် ငံခြားရင်းနှီးမြှပ်နှံမှုများမှာလည်း ကြီးမားသောပမာဏဖြင့် အပြိုင်အဆိုင် ဝင်ရောက်လာပါလိမ့်မည်။

အာရှတွင် စီးပွားရေး၌ မျက်နှာပန်းလှလာမည့် မြန်မာနိုင်ငံတွင် ရှင်သန်ကြမည့် မြန်မာ့လူငယ်၊ လူလတ်များအနေဖြင့် ကောင်းစွာ ပြင်ဆင် ထားနိုင်ကြရန် လိုအပ်ပါသည်။ နိုင်ငံတကာစီးပွားရေးသည် ယခု မြန်မာနိုင်ငံ တွင် မြင်တွေ့နေကျ အစဉ်အလာစီးပွားရေးမျိုး မဟုတ်ပါ။ စွမ်းရည်အမြင့် ဆုံးဖြင့် ပြိုင်ဆိုင်ကြသည့် စီးပွားရေးဖြစ်ပါသည်။ မဟာဗျူ ဟာ၊ နည်းဗျူဟာ များကို တွင်တွင်သုံးသည့် စီးပွားရေးဖြစ်ပါသည်။ အပေါ်မှ တာဝန်မပေးလျှင် မလုပ်တတ်မကိုင်တတ်ကြသူများနှင့် ဖွဲ့စည်းထားသော လုပ်ငန်းများလည်း မဟုတ်ပါ။ မိမိတို့၏ အသိပြည့်ဝသော အတတ်ပညာများကို အစွမ်းကုန်ထုတ် သုံး၍ ပြိုင်ဆိုင်မှုမြင့်မားစွာဖြင့် ယှဉ်ပြိုင်ကြမည့် စီးပွားရေးဖြစ်ပါသည်။

အခင်းအကျင်းသစ်တွင် မြန်မာတို့ အဆင်သင့်ဖြစ်စေရန် နည်းနည်း မျှ ပြင်ဆင်ထားရုံဖြင့် မရနိုင်ပါ။ များစွာပြင်ဆင်ထားကြရန် လိုအပ်ပါမည်။ စီမံခန့်ခွဲမှုပညာကို သာမန်အသုံးချရုံမျှဖြင့်လည်း လုံလောက်မည်မဟုတ်ပါ။ မန်နေဂျာများ၊ အထွေထွေမန်နေဂျာများ၊ ဒါရိုက်တာများနှင့် အထက်တာဝန် ထမ်းဆောင်ကြသူများမှာ မဟာဗျူဟာ၊ နည်းဗျူဟာများ ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်ကြရမည့်သူများ ဖြစ်ကြရပါမည်။ မိမိတို့၏ အရင်းအမြစ်များကို လည်း အသေအချာ သိထားကြရမည်ဖြစ် ပြီး၊ မည်သို့မှန်ကန်စွာ အသုံးချ ရင်းဖြင့် အထိရောက်ဆုံး၊ အကျိုးကျေးဇူး အများဆုံးရရှိအောင် ဆောင် ရွက်နိုင်ရေးကို မျှော်လင့် ပြင်ဆင်ကြရပါလိမ့်မည်။ အလုပ်ခေါ် တာဝန်ပေး မှုတွင်လည်း အစဉ်အလာကဲ့သို့ “လုပ်သက်” ကို အဓိကထားကြတော့မည် မဟုတ်ပါ။ ရင်းနှီးခင်မင်မှုကို အဓိက ဦးစားပေးတော့မည်လည်း မဟုတ်ပါ။ တစ်ဦးချင်းစီ၏ လုပ်ကိုင်ဆောင်ရွက်နိုင်မှု Performance နှင့် ရလဒ်အခြေပြု Result base ကိုသာ အဓိကထား ဆောင်ရွက်ကြမည်ဖြစ်၍ အနာဂတ် မြန် မာ့စီးပွားရေးဝန်းကျင်ကို ယခုမြင်ကွင်းကဲ့သို့ လျှော့တွက်၍ရတော့မည် မဟုတ်တော့ချေ။

ဝန်ထမ်းဘဝမှ အငြိမ်းစားယူပြီး စီးပွားရေးစတင်လုပ်ဆောင်ခဲ့သော လွန်ခဲ့သည့် (၂၅) နှစ်ခန့်က စာရေးသူမှာ "International standard" နှင့် ကိုင်ပေါက်ခြင်းခံခဲ့ရပါ၏။ ထိုနိုင်ငံခြားသားပြောလေ့ရှိသော နိုင်ငံတကာ စံနှုန်းကိုလည်း ကောင်းစွာရှင်းမပြခဲ့ပါ။ မိမိ၏ အတွေ့အကြုံအရ နိုင်ငံတကာ စံနှုန်းကို ခြုံငုံအဓိပ္ပာယ်ဖွင့်ဆိုရမည်ဆိုရပါလျှင်... “သူတို့တွေးခေါ်နိုင် သလောက် လိုက်ပါတွေးခေါ်နိုင်ပြီး” သူတို့လုပ်ကိုင် နေသော စံနှုန်းကို လိုက်ပါလုပ်ဆောင်နိုင်ခြင်း”သာဖြစ်ပါသည်။

အထူးသဖြင့် တာဝန်ကြီးကြီး၊ တာဝန်မြင့်မြင့်ကို ထမ်းဆောင်ကြ မည့် မြန်မာလူမျိုးတို့အနေဖြင့် မဟာဗျူဟာ၏ သဘော၊ နည်းဗျူဟာ၏ သဘာ၀ စသည်တို့ကို ကောင်းစွာနားလည်သဘောပေါက်ကြရမည်ဖြစ်ပြီး ကျွမ်းကျင် စွာလည်း အသုံးပြုတတ်ရန် လိုအပ်ပါသည်။ မြန်မာ့ လုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံတကာစံနှုန်းကို လိုက်ပါဆောင်ရွက်နိုင်ကြရပါလိမ့်မည်။ အလုံးအရင်းနှင့် ဝင်ရောက်လာသော နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ၏ အစဦး ပိုင်းတွင် မြန်မာ့လုပ်ငန်းရှင်များ၊ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြ မည့် မြန်မာ့လူငယ်၊ လူလတ်တို့အနေဖြင့် အတော်အတန်မက ရုန်းကန်လှုပ် ရှားကြရဦးမည်ဟု မြင်ပါသည်။ ယှဉ်ပြိုင်မှု အားနည်းသည့် လုပ်ငန်းရှင်အချို့ အလဲလဲအကွဲကွဲဖြစ်သွားနိုင်ပါသေးသည်။

ယခင်က ယှဉ်ပြိုင်မှုမဲ့ စီးပွားရေးတွင် မြန်မာတို့ ရှင်သန်ခဲ့ကြရပါသည်။ ယခု ယှဉ်ပြိုင်မှုပြင်းထန်သော စီးပွားရေးဝန်းကျင်သစ်ကို ဖြတ်သန်းကြရ ပါတော့သည်။ ယခင် ယှဉ်ပြိုင်မှုမဲ့ဝန်းကျင်တွင် မဟာဗျူဟာ၊ နည်းဗျူဟာတို့၏ ကဏ္ဍကို ဘေးချိတ်ထား၍ ရနိုင်ပါသော်လည်း၊ ယခု စီးပွားရေးဝန်းကျင်သစ် တွင် နဖူးတွေ့ဒူးတွေ့ မလွဲသာမရှောင်သာ ကြုံ တွေ့ကြရပါလိမ့်မည်။ တစ်ဦးချင်းမှသည် အစုအဖွဲ့များ၊ အင်စတီကျူး ရှင်းများအားလုံး ကောင်း စွာ ပြင်ဆင်ထားနိုင်မှသာ တော်ရုံကျမည်ဟု မြင်မိပါသည်။

နေဇင်လတ်
၁၈-၃-၂၀၁၄ (၁၂၄၅)

Subscribe Us