Saturday, July 05, 2014

သူ့အချိန်နဲ့သူ လုပ်သင့်တာလုပ်ဖို့လိုတယ်

 
နွေမိုးဆောင်း သုံးရာသီ ရှိတဲ့အထဲက မိုးရာသီမှာ အပင်စိုက်ရင် အဲဒီအပင် ရှင်သန် ကြီးထွားလွယ်မှာ ဖြစ်ပါတယ်။ မိုးမကြာမကြာ ရွာပြီး ရေအလုံ အလောက်ရမှာ ဖြစ် တဲ့အတွက် အထူးတလည် ရေလောင်းပေး နေဖို့လည်း မလိုပါဘူး။ မိုးရာသီကုန်လို့ အပင်အတော်အတန်ကြီးလာတဲ့ အခါကျတော့ မိုးမရွာလည်း အမြစ်က ရှည်နေပြီ မို့ ရေမလောင်းလည်း အပင်က ဆက်ပြီးရှင် သန်ကြီးထွားနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ နွေရာသီနဲ့ ဆောင်းရာသီ ပူပြင်းခြောက်သွေ့တဲ့ အချိန်တွေမှာ အပင် စိုက်မယ်ဆိုရင်တော့ ရေမှန် မှန် လောင်းနိုင်မှပဲ အပင်ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။ အပင်က ပေါက်ကာစ ဆိုတော့ အမြစ်က မရှည်သေးဘူး၊ မြေအောက်အနက်ကြီး က ရေကို သူ့ဖာ သာ ရှာဖွေပြီး မစုပ်ယူနိုင်သေးတဲ့အတွက် ဖြစ်ပါတယ်။

အဲဒီလိုပါပဲ။ ရင်းနှီးမြှုပ်နှံမှု များများလိုတဲ့ အလုပ်တွေ၊ အစပိုင်းမှာ ကုန် ကျစရိတ် များပြားတတ်တဲ့ အလုပ်တွေ၊ အသိုက်အဝန်း တောင့်တင်း မှ အောင်မြင်နိုင်မယ့် အလုပ်တွေ၊ အဆက်အသွယ် ကောင်းကောင်း လိုတဲ့ အလုပ်တွေ၊ အဲဒီလို အလုပ်ကြီးကြီးတွေကို အလုပ်အကိုင် အဆင်ပြေ ပြီး အောင်မြင်မှုတွေ ရနေချိန်မှာ စတင်ပျိုးထောင်သင့်ပါတယ်။ဝင်ငွေကောင်း ပြီး အောင်မြင်မှုတွေရနေချိန်ဆိုတော့ လိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှု တွေကိုလုပ်နိုင် ဖို့၊ ကုန်ကျစရိတ်တွေကို တတ်နိုင်ဖို့၊ အသိုက်အဝန်းကို တည်ဆောက်နိုင်ဖို့၊ အဆက်အသွယ်ကောင်းတွေလည်းရှာနိုင်ဖို့ နီးစပ်ပါမယ်။ အဲဒီလို မဟုတ်ဘဲ အလုပ်က အတည်တကျ မဖြစ်သေး မဖြစ်တော့တဲ့အချိန်၊ အောင်မြင်မှုလည်း မရသေး မရတော့တဲ့အချိန်၊ ဝင်ငွေလည်း မကောင်းသေး မကောင်းတော့တဲ့ အချိန်မှာ အလုပ်ကြီးတွေကို အစပျိုး တည်ထောင် မယ်ဆိုရင် အခက်အခဲတွေ မျိုးစုံကို တန်းစီပြီး တွေ့ရရုံတင်မက ကူညီပံ့ပိုးမယ့်သူ လည်း ရှာရခက်တတ် ပါတယ်။ 

မိုးတွင်းမို့ နေ့တိုင်း နေ့ရောညရော မိုးရွာတာကို အချိန်မရွေး ရေ ရနိုင်တာပဲလို့ အထင် မမှားသင့်သလို ဘဝမှာ အောင်မြင်မှုတွေရနေချိန် ဝင်ငွေ ကောင်းနေချိန်မှာ ငါဟာ ကံကောင်းသူကြီးပဲ၊ လူတော်ကြီးပဲ၊ လူတတ် ကြီးပဲဆိုပြီး ပေါ့တီးပေါ့ဆ မနေသင့်ဘူး။ ပူပြင်းခြောက်သွေ့တဲ့ ရာသီတွေ ကို ရောက်တဲ့အခါ အဆင်ပြေအောင် သစ်ပင်ကြို စိုက်ထားသလို ဗုံလုံတစ် လှည့် ငါးပျံတစ်လှည့် လောကကြီးမှာ ကံတရားအလှည့် အပြောင်းဖြစ်လာတဲ့ အခါ ရေခမ်းတော့မယ့် ကန်ထဲကငါးလို မဖြစ်ရအောင် ကြိုတင်စီမံရမှာ ဖြစ် ပါတယ်။

အဲဒါပြီးတော့ ရေတွင်းတူးတဲ့ ဥပမာလေးကို ဆက်ပြီး စဉ်းစားကြည့်စေ ချင်ပါတယ် ။ နွေမိုးဆောင်း သုံးရာသီ ရှိတဲ့အထဲက နွေရာသီ ပူပြင်းခြောက်သွေ့တဲ့ အချိန်မှာ   ရေတွင်း တူးရင် အဲဒီရေတွင်းဟာ တစ်နှစ် ပတ်လုံး ရေထွက်ဖို့ များပါတယ်။ ဒီလိုမှမဟုတ်ဘဲ ရေများတဲ့ မိုးရာသီတို့၊ ရေ သိပ်မနည်းသေးတဲ့ ဆောင်းရာသီတို့မှာ တူးမယ်ဆိုရင် တော့ အဲဒီရေတွင်း ဟာ ရေပေါတဲ့အခြားကလည်း ရေရနိုင်တဲ့ အချိန်တွေမှာ ရေရှိပေမယ့် အခြား ဘယ်ကမှ ရေမရနိုင်တော့လို့ တကယ်တမ်း ရေ လိုအပ်တဲ့ နွေရာသီ လည်း ရောက်ရော ရေခမ်းပြီး ဘာမှ သုံးမရ ဖြစ်တတ်ပါတယ်။

အလုပ်ထဲမှာနဲ့ လူမှုဆက်ဆံရေး နယ်ပယ်မှာလည်း အစစ အရာရာ အဆင်ပြေပြီး   အောင်မြင်မှုတွေ ရနေချိန်မှာ ကိုယ့်ကို ခေါ်ချင်ပြောချင် ခင်ချင် သူတွေက များနေတော့ ပေါင်းလို့သင်းလို့ အကောင်းဆုံး၊ ခင်စရာ အကောင်း ဆုံးလို့ ထင်ရတဲ့ လူတွေကို စိတ်ကြိုက် ရွေးချယ်ပြီး ပေါင်းသင်း မိတတ်ပါ တယ်။ ကြီးပွားချမ်းသာနေချိန် တိုးတက်အောင်မြင်နေချိန်မှာ သာရေးအ တွက်ရော၊ နာရေးအတွက်ရော၊ ဘာ အကြောင်းမှ မရှိဘဲရော၊ အနားကို ဝိုင်းဝိုင်းလည် ရောက်လာတတ်ကြတဲ့ အဲဒီလို လူတွေဟာ အားလုံးတော့ မဟုတ်ပေမဲ့ အတော်များများက နွေရာသီရဲ့ နောက်ဆုံး လ ရေခမ်းချိန် ရေရှား ပါးချိန် ရေတကယ်လိုအပ်ချိန်မှာ ခမ်းခြောက်သွားမယ့် ရေတွင်း လို ဖြစ် ဖို့ အလားအလာ ပိုများပါတယ်။

အလုပ်အကိုင် အဆင်မပြေ၊ ဝင်ငွေကျဆင်း၊ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ ပြီး နိမ့်ပါးနေချိန် မှာ ကိုယ့်ကို လိုလိုလားလား လက်ခံပေါင်းသင်းတဲ့သူ၊ နည်း နည်းဖြစ်ဖြစ် အချိန် ကုန် ငွေကုန်ခံပြီး ကူညီပံ့ပိုးတဲ့သူ၊ ကိုယ့်ဆီက ဘာမှ ပြန် မရနိုင်မှန်းသိရက်နဲ့ လိုအပ်ချက်တွေကို ပေးကမ်း ဖြည့်ဆည်း ပေးသူတွေ ဟာ နွေရာသီ ရေအနည်းဆုံး ဧပြီလ မေလလို အချိန်မျိုးမှာ လည်း ရေမခမ်း တဲ့ ရေတွင်းလို အားကိုးအားထားပြု ထိုက်သူ မိတ်ဆွေ ကောင်း ဖြစ်နိုင်တဲ့ အလားအလာ ပိုများပါတယ်။

ဆိုလိုတာက ဝင်ငွေ၊ အလုပ်အကိုင်၊ ရာထူးဌာနန္တရ၊ စီးပွား လမ်းကောင်းနေ တိုးတက်ကြီးပွားနေတဲ့ အချိန်မှာရော၊ ဆုတ်ယုတ်ကျ ဆင်း နေတဲ့ အချိန်မှာရော သူ့အချိန်နဲ့သူ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်စ ရာတွေ ရှိနေပါတယ်။ အောင်မြင်မှုတွေ ရနေတဲ့အချိန်မှာ အောင်မြင်မှု ဂုဏ်ကြောင့် မေ့လျော့ မိန်းမောယစ်မူးမနေဘဲ မိမိသူတစ်ပါး နှစ်ဦးသား အတွက် ရေ ရှည်အကျိုးစီးပွားခိုင်မာစေမယ့်အလုပ်တွေကို ရှာကြံဖန်တီး တည်ဆောက်ရပါမယ်။ 

ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ရတဲ့အခါမှာလည်း ဆုံးရှုံးမှု ဒဏ်ကို မခံနိုင်ဘဲ ဖြစ်ရလေခြင်းလို့ ဝမ်းနည်းပက်လက် စိတ်ဓာတ်တွေကျ၊ ကိုယ့်ကိုယ်ကို သနား၊ သူတစ်ပါးကို ဒေါသ
တွေ ထွက်၊ မနာလိုတွေဖြစ် နေ မယ့်အစား ဒီအချိန်မှာ မိတ်ဆွေတု မိတ်ဆွေယောင်၊ လက်တွဲဖော်ဆိုး၊ ဆရာ ဆိုး၊ တပည့်ဆိုးတွေ အနားကို ကပ်ချင်ကြမှာ မဟုတ်ဘူး၊ ငါ့အတွက် တစ်သက်လုံး ယုံကြည်စိတ်ချရမယ့် ရှားရှားပါးပါး မိတ်ကောင်း   ဆွေကောင်း၊ လက်တွဲဖော်ကောင်း၊ ဆရာကောင်း၊ တပည့်ကောင်းတွေနဲ့   တွေ့နိုင် မယ့် အခွင့်အလမ်းသာတဲ့ အချိန်ပဲဆိုပြီး ကိုယ့်ရဲ့ တစ်နေ့တာ လုပ်စရာရှိတဲ့ အလုပ်
တွေကို အားတက်သရော လုပ်၊ သွားစရာ ရှိတဲ့ နေရာတွေကို စိတ်ဝင်တစားသွား သင့်ပါတယ်။

Subscribe Us