Saturday, July 05, 2014

တိကျသေချာတဲ့ပန်းတိုင်




အောင်မြင်ဖို့အတွက်ဆိုရင် တိကျသေချာမှု (Specific) ဟာ အရေးအကြီးပါ တယ်။ တိကျသေချာမှုမရှိရင် အောင်မြင်မှုလည်း မရှိနိုင်ပါဘူး။ ဘဝမှာအောင်မြင်ဖို့ အတွက် ဆိုရင် တိကျသေချာတဲ့ ပန်းတိုင် (Specific Goal) တွေရှိကိုရှိရပါမယ်။ ဒီပန်းတိုင်တွေ ကို ရောက်ဖို့အတွက်ဆိုရင်လည်း တိကျသေချာတဲ့ အစီအစဉ် (Specific Plan) တွေ ရှိကိုရှိနေရပါမယ်။ ဒါတွေ မရှိဘဲနဲ့ အောင်မြင်မှုပန်းတိုင်ဆီ အရောက်သွားဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။

ဥပမာ - သင်ဟာ အငှားကား (Taxi) တစ်စီးကို လှမ်းတားလိုက်တယ် ဆိုပါစို့။ အငှားကားက သင့်ရှေ့မှာလာရပ်ပေးပြီး ယာဉ်မောင်းလုပ် သူက “ဘယ်သွားမလဲ” လို့ လှမ်းမေးပါလိမ့်မယ်။ ဒီအခါမှာ သင်က “ဘယ်သွား ရမလဲ မသိပါဘူးဗျာ” လို့ ပြန်ဖြေ လိုက်ရင် အဆင်ပြေပါ့မလား။ ဒီလိုဆိုရင်တော့ ဘယ်ဖြစ်ပါ့မလဲ။ ကိုယ်သွား မယ့်နေရာ ကို အသေအချာ၊ အတိအကျ သိဖို့လိုတာပေါ့။


“ကျွန်တော်ဘုရားကို သွားချင်ပါတယ်” လို့ပြောရုံနဲ့လည်း ယာဉ်မောင်း ဟာ လိုက် ပို့ပေး လို့ရမှာ မဟုတ်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ တိကျသေချာတဲ့ ပန်းတိုင်လို့ မဟုတ်သေးလို့ပါပဲ။ ဘုရားတွေက အများကြီးရှိ တဲ့အတွက် ဘယ်ဘုရား ကိုသွားချင်တာလဲဆိုတာ အတိအကျပြောရမှာပေါ့။ ဒါဆို “ကျွန်တော့်ကို ရွှေတိဂုံ ဘုရားလိုက်ပို့ပေးပါ” လို့ ပြောရင်အဆင်ပြေ ပြီလား။ ဒါပေမယ့် ယာဉ်မောင်းဟာ ဒီထက် တိကျသေချာတဲ့ လမ်းကြောင်း ကို ပိုလိုချင်ပါတယ်။ “ရွှေတိဂုံဘုရားကို ဘယ်ဘက်မုခ်က သွားချင်တာလဲ” လို့မေးပါလိမ့်ဦးမယ်။ ဒါဟာ ခရီးတိုလေးတစ်ခု သွားတဲ့အခါမှာ ပန်းတိုင်ဟာ တိကျသေချာဖို့ ဘယ်လောက် အရေးကြီးသလဲဆိုတာကို ဖော်ပြတာပါပဲ။

ဘဝလမ်းခရီးရှည်ကြီးမှာဆိုရင် ပန်းတိုင် တိကျသေချာမှု (Specific Goal) ဟာ ဘယ်လောက်အရေးပါလိုက်မလဲဆိုတာ တွေးကြည့်ပါ။ ဘဝမှာ ကိုယ်ဘယ်သွားရမှန်း မသိရင်တော့ ဘယ်ကိုမှ ရောက်မှာမဟုတ်ပါဘူး။ 

ကိုယ်ဘယ်သွားချင်သလဲဆိုတာ သေချာမသိဘဲ အငှားကားကို လှမ်းတားတာဟာ အဓိပ္ပါယ်မရှိပါဘူး။ ဒီလိုပါပဲ ဘဝမှာ ကိုယ်ရောက်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေ တိကျသေချာမှုမရှိဘဲ ရပ်တည်နေထိုင် နေတာဟာ ဘာအဓိပ္ပါယ်မှရှိမှာ မဟုတ်ပါဘူး။

ဗိုက်ဆာလို့ စားသောက်ဆိုင်ထဲဝင်သွားပြီးမှ အစားအစာ စာရင်း (Menu) ကို ကြည့်ပြီး ဘာမှာစားရမှန်း မသိတဲ့အဖြစ်ကို ကြုံဖူးပါသလား။ သင် ဘာစားချင်မှန်း မသိရင်တော့ စားဖိုမှူးကလည်း ဘာမှစီစဉ်ပေးလို့ရမှာ မဟုတ်ပါဘူး။ အစားအစာ စာရင်း (Menu) မှာ သင့်အတွက် ရွေးချယ်စ ရာတွေ အများကြီးရှိပါတယ်။ ကိုယ်စား ချင်တာကို တိတိကျကျ ရွေးချယ်ပြီး မှာစားလိုက်ရုံပါပဲ။ “ခေါက်ဆွဲကြော်တစ်ပွဲပေးပါ” လို့မှာ လိုက်ရင်တောင် “ဘာအသားနဲ့စားမှာလဲ ခင်ဗျာ” ဆိုတဲ့မေးခွန်းဟာ တိကျမှုရဲ့အရေးပါပုံ ကိုဖော်ပြနေတာပါပဲ။

“သူငယ်ချင်း၊ မနက်ဖြန်မင်းနဲ့ငါနဲ့ မြို့ထဲမှာ ဆုံကြရအောင်” လို့ ချိန်းဆို လိုက်တာဟာ သူတို့နှစ်ယောက် တွေ့ဆုံဖို့ခက်ခဲပါလိမ့်မယ်။ ဘာဖြစ် လို့လဲဆိုတော့ အချိန်၊ နေရာ တိကျသေချာမှုမရှိလို့ပါပဲ။

“ကျွန်တော့်ကို အလုပ်တစ်ခုလောက်ရှာပေးပါ” လို့ တောင်းဆိုတဲ့ သူတွေလည်းတွေ့ ဖူးပါတယ်။ ဘယ်လို အလုပ်မျိုး လုပ်ချင်တာလဲဆိုတာ မေး ရင် တိကျတဲ့အဖြေမရှိပါ ဘူး။

“ဖိနပ် တစ်ရံလောက်ဝယ်ပေးပါ” လို့ သင့်ကိုလမ်းကြုံမှာလိုက်ရင် သင် ဝယ်ပေးလို့ ရမှာမဟုတ်သေးပါဘူး။ ယောကျ်ားစီးလား၊ မိန်းမစီးလား၊ကလေး အတွက်လား၊ ဆိုဒ်ကဘယ်လောက်လဲ၊ ဈေးနှုန်း ဘယ်လောက်တန်လဲ၊ ခြေ ညှပ်ဖိနပ်လား၊ ကွင်းထိုး ဖိနပ်လား၊ ရှုးဖိနပ်လား၊ ဒေါက်မြင့် ဖိနပ်လား၊ ဘာအရောင်လဲစတဲ့ အဖြေတွေ တိကျသေချာဖို့ သင့်ဘက်က မေးမြန်း စရာတွေ တစ်ပုံကြီးရှိနေမှာပါ။

ဒါကြောင့် တိကျသေချာမှု (Specific) ဟာ ကျွန်တော်တွေရဲ့ နေ့စဉ် ဘဝထဲမှာတောင် အတော်အရေးပါတယ်ဆိုတာကို တွေ့မြင်နိုင်မှာပါ။ ဘ၀ တိုးတက်အောင်မြင်မှုတွေ ရဖို့ဆိုရင်တော့ တိကျသေချာမှုဟာ တကယ်ကို မရှိ မဖြစ်လိုအပ်တဲ့အရာတစ်ခုပဲပေါ့။

“ဘဝမှာကိုယ်ဘာဖြစ်ချင်တာလဲ”၊
“ဘာလုပ်ချင်တာလဲ”၊ “ဘာတွေလိုချင်တာလဲ”၊
“ဘယ်နယ်ပယ်မှာ အောင်မြင်မှုတွေ ရချင်တာလဲ”၊
“ကိုယ်တကယ်ဝါသနာပါတာတွေက ဘာတွေလဲ”၊
“အနာဂတ်ရည်မှန်းချက်ပန်းတိုင်တွေက ဘာတွေလဲ”။

ကိုယ့်အနာဂတ်ကို ကိုယ်တိုင် တိတိကျကျ မသိရင် အောင်မြင်မှုတွေရရှိဖို့ မလွယ်ပါ ဘူး။

လေ့လာတွေ့ရှိချက်တွေအရ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူတော်တော် များများ (၉၅%) ဟာ အနာဂတ်ဘဝမှာ ကိုယ်ဘာဖြစ်ချင် သလဲ၊ ဘယ်ကိုရောက်ချင် သလဲဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကို တိတိကျကျ မသိကြတဲ့သူတွေပါ။ ဒါကြောင့် လည်း အောင်မြင်သူတွေထက် မအောင်မြင် သူတွေက ပိုများနေရတာပေါ့။ လူနည်း စုဖြစ်တဲ့ (၅%) လောက်ကသာ တိကျသေချာတဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ချမှတ် အကောင်အထည်ဖော် ပြီး အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်ကြတာ ဖြစ်ပါတယ်။

ပတ်ဝန်းကျင်က လူတွေကိုလေ့လာစူးစမ်းကြည့်ပါ။ အောင်မြင်ချင်တဲ့ လူတွေဟာ (၉၅%) ရှိပြီး မအောင်မြင်ချင်ပါဘူးဆိုတဲ့ လူတွေဟာ (၅%) လောက်သာရှိမှာပါ။ ဒါပေမယ့် လက်တွေ့မှာတော့ တကယ် အောင်မြင်နေတဲ့ လူတွေဟာ (၅%) သာရှိပြီး မအောင်မြင်ကြတဲ့ လူတွေကတော့ (၉၅%) တောင်ရှိနေပါတယ်။ ဒါဟာ ဘာကြောင့် ပါလဲ။ အများစုဟာ အောင်မြင်ချင်ကြပေမယ့် သူတို့တွေမှာ တိကျသေချာတဲ့ ရည်မှန်း ချက်တွေ၊ ပန်းတိုင်တွေ မရှိကြလို့ပါပဲ။

သင်တကယ်ပဲအောင်မြင်ချင်တာသေချာတယ်ဆိုရင် သင့်စိတ်တွေ ကိုကောင်းစွာ စုစည်း ထားပါ။ ပြီးရင်အနာဂါတ်အတွက် စတင်ပြီး စဉ်းစားခန်း ဝင်ရပါမယ်။   အောင်မြင် မှုကို ဆွတ်ခူးရယူနိုင်ဖို့ကတော့ သင့်ကိုယ်သင် မေး ခွန်းတွေမေးရပါလိမ့် မယ်။

“ငါဘာဖြစ်ချင်တာလဲ” (What do I want to be?)
ပထမဆုံးအနေနဲ့ “ကိုယ်ဘာဖြစ်ချင်တာလဲ” လို့ ကိုယ့်ကိုယ်မေး ပါ။ သေချာစဉ်းစား ပါ။ မေးခွန်းကရိုးရှင်းပေမယ့် ဒါဟာ သင့်ဘဝနဲ့ သက်ဆိုင် တဲ့ မေးခွန်းတစ်ခုဖြစ်ပါ တယ်။ ကိုယ်တကယ် ဘာဖြစ်ချင်တာလဲဆိုတာ အသေအချာသိမှ ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ကို သိမှာပါ။

“ငါအခုဘယ်ရောက်နေသလဲ” (Where am I now?)
ပြီးရင် အခုလက်ရှိမှာ “ကိုယ်ဘယ်ရောက်နေသလဲ” ဆိုတာကို လည်း ပြန်လည်သုံး သပ်ပါ။ အခုလက်ရှိ သင်ရဲ့ အနေအထားအရပ်ရပ်ကို ဘယ်လိုသဘောရပါသလဲ။ လက်ရှိ စီးပွားရေး၊ လက်ရှိဝင်ငွေ၊ လက်ရှိ အောင်မြင်မှု၊ လက်ရှိ နေထိုင်မှုပုံစံ အားလုံး ကိုပေါ့။ ဒီလိုဆိုရင် ကိုယ် ဖြစ်ချင်တာနဲ့ ကိုယ်ရောက်နေတဲ့ လက်ရှိနေရာနဲ့ ဘယ်လောက်ကွာ ဟမှု ရှိနေသလဲဆိုတာကို ခန့်မှန်းသိရှိနိုင်မှာဖြစ်ပါတယ်။

“ဘယ်လိုရောက်အောင်သွားမလဲ” (How to get there?)
ကိုယ်ဖြစ်ချင်တဲ့ အနေအထားနဲ့ ကိုယ့်ရဲ့လက်ရှိအခြေအနေကို သေချာ သိရှိပြီဆိုရင် “ဘယ်လိုရောက်အောင်သွားမလဲ” ဆိုတဲ့ နည်းလမ်းတွေကို ရှာဖွေကြံဆရမှာဖြစ် ပါတယ်။ ဥပမာပြောရရင်- ကိုယ်က မြစ်ကြီးတစ်ခုရဲ့ ဟို ဘက်ကမ်းကို ရောက်ချင် တယ် ဆိုပါစို့။ အခုရောက် နေတာက ဒီဘက်ကမ်း မှာ။ ဒါဆိုရင် ဒီဘက်ကမ်းကနေ ဟိုဘက်ကမ်းကို ဘယ်လိုရောက်အောင် သွားမလဲ။ လှေနဲ့သွားနိုင်တယ်၊ တံတားပေါ် ကနေ သွားနိုင်တယ်၊ သင်္ဘောစီးသွားနိုင်တယ်၊ လက်ပစ်ကူးနိုင်တယ်၊ ဖောင်နဲ့ ကူးနိုင် တယ် စတဲ့ ရောက်နိုင်မယ့် နည်းလမ်းပေါင်းစုံကို စဉ်းစားရမှာဖြစ်ပါတယ်။ ဒီလိုပါပဲ ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကို ရောက်ရှိနိုင် စေမယ့် ဖြစ်နိုင်ခြေနည်း လမ်းပေါင်းများစွာ ကို အချိန်ယူပြီး ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။

“ဘယ်နည်းလမ်းဟာ အကောင်းဆုံးလဲ” (Which way is the best?)
ထွက်ပေါ်လာတဲ့ နည်းလမ်းပေါင်းများစွာထဲက “ဘယ်နည်းလမ်း ဟာ အကောင်းဆုံး လဲ” ဆိုတာကို ရွေးချယ်ပါ။ ကိုယ်နဲ့ အသင့်တော် ဆုံး၊ ဖြစ်နိုင်ခြေအရှိဆုံး၊ အကောင်း ဆုံး နည်းလမ်းကို စိစစ်ရွေးချယ်ပါ။

“ဘာတွေလိုအပ်မလဲ” (What do I need?)
ပြီးရင် အဲ့ဒီနည်းလမ်းကို အကောင်အထည်ဖော်လုပ်ဆောင်ဖို့အတွက် “ဘာတွေလို အပ်မလဲ” ဆိုတာကို ထပ်မံစဉ်းစားပါ။ ကျွမ်းကျင်မှုတွေ လိုမ လား၊ ငွေကြေးလို အပ်မလား၊ ဘာတွေသင်ယူထားဖို့လိုမလဲ၊ ဘယ်သူတွေရဲ့ အကူအညီတွေလို အပ်မလဲ၊ ဘယ်သူတွေနဲ့ ချိတ်ဆက်ထားရမလဲ စသဖြင့်ပေါ့။

အထက်မှာဖော်ပြခဲ့တဲ့ မေးခွန်းတွေအားလုံးကို သင့်ကိုယ်သင် မေးပြီး စာရွက် တစ် ရွက်ပေါ်မှာ အခုပဲချရေးလိုက်ပါ။ သင်စိတ်ကျေနပ်တဲ့ အထိ သေ ချာစဉ်းစားပြီး အသေးစိတ်ချရေးလိုက်ပါ။ ဒါတွေဟာ သင့်အနာဂတ်အတွက် အင်မတန်အရေးကြီးတဲ့ ပန်းတိုင်ရောက်ရှိရေး စီမံကိန်းပဲဖြစ်ပါတယ်။

အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကို သေချာပေါက်
ရောက်အောင်သွားဖို့ပဲ လိုပါတော့တယ်။ စာဖတ်ပြီး ဒီအ တိုင်းထိုင်နေလို့ကတော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ အခုပဲ စတင်လှုပ် ရှားလိုက် ပါ။ လက်တွေ့ချက်ချင်း အကောင်အထည်ဖော်ပါ။ ပန်းတိုင်မရောက် မချင်း ဘယ်တော့ မှလက်မလျှော့ပါနဲ့။ အားသစ်တွေမွေးပါ။ ခွန်အားတွေထည့် ပါ။ ကိုယ်ဖြစ် ချင်တာ ဖြစ်ရမယ်လို့ ယုံကြည်စိတ်ကို အပြည့်အဝထားရှိပါ။

သင့်အနေနဲ့ အသက်ကြီးတာ၊ ငယ်တာဟာ ပြဿနာမဟုတ်ပါဘူး။ ပြင်းပြ တဲ့ စိတ်ဆန္ဒ ရယ် ယုံကြည်မှုရယ် ပေါင်းစပ်ပြီး မှန်ကန်တဲ့ နည်းလမ်း နဲ့ ကြိုး စားလုပ်ဆောင် မယ်ဆိုရင် မဖြစ်နိုင်တာမရှိပါဘူး။ သင်ရောက်ချင် တဲ့ ပန်း တိုင်၊ သင်ဖြစ်ချင်တဲ့ အိပ်မက် ဆန္ဒတွေ မလွဲမသွေ မှန်ကန်ပြည့်ဝလာမှာ အသေအချာပါပဲ။

Let's Fly Together!
ဖူးကျော်ဇင် (Future Wave)

Subscribe Us