Saturday, July 05, 2014

တန်ဖိုးသိမှ တန်ဖိုးရှိမယ်



ဖူးကျော်ဇင် (Future Wave)

JOB seekers Journal Vol.3, No. 3

သိပ်ကို တန်ဖိုးကြီးတဲ့ ပြည်တန်ပတ္တမြားလေးတစ်လုံးဟာ လမ်းမကြီး တစ်ခုရဲ့ဘေး၊ ဖုန်တွေ သဲတွေကြားထဲမှာ အရောင်လေးလက်နေပါတယ်။ ဒီပတ္တမြားရဲ့အရောင်ကို ၀င်းခနဲ လက်ခနဲ မြင်နေရတဲ့ ခွေးကလေးတစ် ကောင် က ခြေထောက်လေးနဲ့ ယက်ကြည့်လိုက်၊ နမ်းရှုပ်ကြည့်လိုက်၊ ဟောင်လိုက်နဲ့ သူ့သဘာဝအတိုင်း စူးစမ်းကြည့်တာပေါ့။

ဒါကို မြင်နေရတဲ့ ရေခဲချောင်းရောင်းတဲ့ ကောင်လေးက ဘာများ ဖြစ်မလဲ ဆိုပြီး သွားကြည့်တော့ အရောင်ဝင်းနေတဲ့ ပတ္တမြားကို တွေ့တာပေါ့။ ဒါပေမဲ့ သူက ဒီပတ္တမြားလေးကို အရမ်းလှပတဲ့ ကျောက်နီလေး တစ်တုံးလို့ပဲထင်တယ်။ ဒါနဲ့သူက ကောက်ယူလိုက်တယ်။ ဒီအချိန်မှာ လက်သမားလေး တစ်ယောက်ရောက်လာတယ်။ ရေခဲချောင်းသည်လေး ကို “မင်းလက်ထဲက ဘာလေးလဲ” လို့ မေးတယ်။ “အနီရောင်ကျောက်တုံး လေးတစ်တုံးပါ” လို့ ပြန်ဖြေတယ်။ လက်သမားလေးက ယူကြည့်ပြီး “ငါ့ကို ဒါလေး ရောင်းမလား။ မင်းကို ၅၀၀ ပေးမယ် ဘယ်လိုလဲ” လို့ မေးတော့ ရေခဲချောင်းသည်လေးက သူတစ်နေ့လုံး ပင်ပင်ပန်းပန်းရောင်းမှ ဒီလောက်မြတ်တာ၊ ရောင်းမယ်ပေါ့။ ဒါနဲ့ပဲ လက်သမားလေးက ၀ယ်ယူလိုက်တယ်။

သူက ဒါကို တန်ဖိုးရှိတဲ့ ပြည်တန်ပတ်္တမြားမှန်းမသိဘူး။ သူထင်တာ ကျောက်နီတစ်လုံးပေါ့။ ဒါနဲ့ သူက ကျောက်ပွဲစားကြီးတစ်ယောက်ဆီ သွားပြတယ်။ ကျောက်ပွဲစားကြီးက ဒီကျောက်ကို မြင်မြင်ချင်း ပတ္တမြား မှန်း သိ လိုက်တယ်။ ပတ္တမြားရဲ့ အရည်အသွေးနဲ့ တန်ဖိုးကိုပါ အကဲဖြတ်လိုက်တယ်။ ဒါနဲ့ “ကဲ - သူငယ် မင်းဘယ်လောက် လိုချင်သလဲ” လို့ လက်သမားလေး ကို မေးတယ်။ လက်သမားလေးက သူတစ်နေကုန်လုပ် မှ လက်ခ ၃၀၀၀ ကျပ် လောက် ရတာဆိုတော့ “၅၀၀၀ ကျပ် လောက်ဆို ခင်ဗျားဝယ်နိုင် မလား”လို့ မေးတယ်။ ဒါနဲ့ ကျောက်ပွဲစားကြီးက ချက်ချင်းပဲ ၀ယ်ယူလိုက်တယ် ဆိုပါတော့။ ကျောက်ပွဲစားကြီးလက်ထဲ ရောက်သွား တာနဲ့ ကျောက်နီလို့ သတ်မှတ်ခံထားရတဲ့ အရာဟာ တန်ဖိုးရှိတဲ့ပတ်္တမြား ကြီးဖြစ်သွားပါတယ်။

ဒီပတ္တမြားကြီးကို ကျောက်ပွဲစားကြီးက သိန်း ၅၀ နဲ့ နိုင်ငံခြား သားတစ်ယောက်ကို ရောင်းချလိုက်ပါတယ်။ အဲ့ဒီ နိုင်ငံခြားသားကြီးက ဒီပြည်တန်ပတ္တမြားကြီးကို သူ့နိုင်ငံမှာ ဒေါ်လာ ၅ သန်း နဲ့ ပြန်လည် ရောင်းချ လိုက်တယ်တဲ့။ ဒါဆိုရင် ဒီပတ္တမြားကြီးရဲ့ တကယ့်တန်ဖိုးက ဘယ်လောက်ရှိ တာပါလဲ။ ပြည်တန်ပတ္တမြားဆိုတဲ့အတိုင်း အဖိုးအနဂ္ဂ ထိုက်တန်ပြီးသားပါ။ သူ့ရဲ့တန်ဖိုးကိုသိတတ်ပြီး တန်ဖိုးထားတတ်တဲ့ သူရဲ့ လက်ထဲရောက်လေ တန်ဖိုးတက်လေပါပဲ။ တကယ်တော့ တန်ဖိုးရှိတယ် ဆိုတာ တန်ဖိုးသိမှပါ။ တန်ဖိုးကို သိမြင်မှလည်း တန်ဖိုးရှိမှာဖြစ်ပါတယ်။

ဒါဟာ အမှန်တရားပါပဲ။ အဖိုးအနဂ်္ဂ ထိုက်တန်တဲ့ ပြည်တန် ပတ္တမြား ကြီးဖြစ်ပါစေ တန်ဖိုးမသိတဲ့ သူရဲ့လက်ထဲ ရောက်နေရင် တန်ဖိုးမရှိပါဘူး။ (၅၀၀) လောက်ပဲ တန်ဖိုးသိရင် (၅၀၀) ပဲ တန်ဖိုးရှိမယ်။ ဒေါ်လာ (၅) သန်း လောက် တန်ဖိုးကို သိရင် ဒေါ်လာ (၅) သန်း တန်မှာပါပဲ။ ဒါကြောင့် နဂိုကတည်းက တန်ဖိုးရှိတဲ့ အရာဖြစ်နေပါစေ တန်ဖိုးမသိရင် တန်ဖိုးမထား တတ်ကြပါဘူး။ ဘယ်အရာမဆို သူ့နေရာ နဲ့သူ တန်ဖိုးကိုယ်စီ ရှိကြပါတယ်။ ရှိလည်းရှိနေကြပြီးသားပါ။ အဓိက အရေးကြီးတာက အဲ့ဒီတန်ဖိုးကို သိမြင်နိုင်ဖို့ ပါပဲ။ တန်ဖိုးကို မြင်နိုင်မှ တန်ဖိုးထားတတ်မှာပါ။

မိမိရဲ့တန်ဖိုး

လူတိုင်းဟာ ကိုယ့်တန်ဖိုးကို ကိုယ်သိမြင်နိုင်ရပါမယ်။ ကိုယ့်တန်ဖိုးကို အရင်ဆုံး သတ်မှတ်တာက ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ပြီး နောက်မှ တခြား သူတွေက သတ်မှတ်ကြတာဖြစ်ပါတယ်။ မိမိရဲ့ တန်ဖိုးကို မိမိသိမြင်နိုင်မှ မိမိကိုယ်ကို တန်ဖိုးထားမှာပါ။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားတတ်တဲ့ သူတွေဟာ ဘယ်သူ့ ကိုမှလည်း တန်ဖိုးထားတတ်မှာ မဟုတ်ပါဘူး။ လူတစ်ယောက်ဟာ ကိုယ့်ကိုယ် ကိုယ်ချစ်တယ်ဆိုရင်ကိုယ့်ကိုယ်ကိုယ်တန်ဖိုး ထားရမှာပါ။ လူတစ်ယောက်ဟာ သူ့ကိုယ်သူ “ငါဟာ ဘာကောင်မှ မဟုတ်ပါလား၊ ငါဟာ ဘာတန်ဖိုးမှ မရှိပါလား၊ ငါ ဘာမှလည်း လုပ်နိုင်မှာ မဟုတ်ပါဘူး” လို့ ပြောနေတာဟာ သူ့တန်ဖိုးကို သူသတ် မှတ်နေ တာပါပဲ။ တကယ်လို့ ကိုယ်က အောင်မြင်ချင်တယ်ဆိုရင် ကိုယ့်ဘ၀ တန်ဖိုး ကို ကိုယ်တိုင်သိမြင်ပြီး တန်ဖိုးတက်အောင်၊ အဖိုးတန်တဲ့ လူသား တစ်ယောက်ဖြစ်
အောင် ကြိုးပမ်းသင့်ပါတယ်။

ဘ၀ရဲ့တန်ဖိုး
အခုလက်ရှိ ကိုယ်ရထားတဲ့ဘ၀ဟာ ဘယ်လောက်တန်ဖိုးရှိတယ် ဆိုတာ ကိုလည်း   မြင်တတ်ရပါမယ်။ ဘ၀ရဲ့ တန်ဖိုးကို မသိမြင်သူတွေဟာ သူရရှိထား တဲ့ဘ၀ကို တန်ဖိုးမထားတတ်ကြပါဘူး။ ဒါကြောင့်လည်း သူတို့ တွေဟာ ဘ၀ ကို ဖြစ်သလိုပဲ   ဖြတ်သန်းနေကြပါတယ်။ အောင်မြင်တဲ့ ဘ၀၊ ပျော်ရွှင်တဲ့ ဘ၀ တစ်ခုအဖြစ် မဖန်တီး မတည်ဆောက်ကြဘဲ ဘ၀ တစ်ခုကို တန်ဖိုးမဲ့စွာ ကုန်ဆုံး သွားတတ်ကြပါတယ်။ ဘ၀အောင်မြင်မှု တွေကို လိုလားသူတိုင်းဟာ ဘ၀ကို တန်ဖိုးထားတတ်ရပါမယ်။ တကယ် တော့ ဘ၀ဆိုတာ အချိန်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပါ။ ဒီတော့ ဘ၀ကို တန်ဖိုးထားရင် အချိန်ကို လည်း တန်ဖိုးထားတတ်ရပါမယ်။

အချိန်ရဲ့တန်ဖိုး
အချိန်ရဲ့တန်ဖိုးကို သိမှ အချိန်တိုင်းကို တန်ဖိုးရှိအောင် အသုံးချကြမှာပါ။အချိန်ရဲ့ တန်ဖိုး ကို မသိသူဟာ အချိန်ဖြုန်းတတ်သူတွေပါပဲ။ အချိန်ကို အလဟဿဖြုန်းတီးနေသူ ဟာ သူ့ဘ၀၊ သူ့အသက်ကို သူ ဖြုန်းတီးနေတာပါပဲ။ အချိန်ဟာ အသက်ပါပဲ။ အချိန် ဟာ ဘ၀ပါပဲ။ အချိန်ဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ဘ၀ရဲ့ ရတနာတစ်ခုပါပဲ။

ဒါကြောင့် ကိုယ့်ဘ၀ကို တန်ဖိုးထားပြီး တိုးတက်အောင်မြင်လိုသူ တိုင်းဟာ အချိန်ကို အကျိုးရှိရှိ အသုံးချသင့်ပါတယ်။ ပညာရှင်ကြီး ဘင်ဂျမင် ဖရန်ကလင်က “သင့်အသက် ကို သင်ချစ်ပါသလား၊ သင့်ဘ၀ကို သင်ချစ်မြတ်နိုးပါသလား၊ ချစ်လျှင် အချိန်ကို တန်ဖိုးထားပါ၊ အလကား ဖြုန်းတီးမပစ်ပါနဲ့၊ အဘယ်ကြောင့် ဆိုသော် အချိန်ဟာ သင့်အသက်ဖြစ် နေလို့ပါ” လို့ သတိပေးခဲ့ဖူးပါတယ်။

မိမိရဲ့ တန်ဖိုးကို မသိသူ၊ ဘ၀ရဲ့တန်ဖိုးကို မသိသူ၊ မိမိအချိန်ရဲ့ တန်ဖိုးကို မသိသူဟာ မိမိရဲ့အောင်မြင်မှု၊ မိမိရဲ့ ကိုယ်စွမ်းကိုယ်စ၊ မိမိရဲ့ ဘ၀တိုးတက် မှုတွေကိုသာမက မိမိရဲ့ တစ်ဘ၀လုံးကို ဖျက်ဆီးပစ်နေသူ၊ မိမိကိုယ်ကို အရှင် လတ်လတ် သေအောင် သတ်နေသူပဲဖြစ်ပါတယ်လို့ ဆိုချင်ပါတယ်။

အရာအားလုံးရဲ့တန်ဖိုးကို သိအောင် လုပ်ပါ
တန်ဖိုးသိမှ တန်ဖိုးရှိမယ်။ ကိုယ့်ပတ်ဝန်းကျင်မှ ရှိသမျှ အရာဝတ္ထု တွေ၊ သက်ရှိတွေ အားလုံးရဲ့ တန်ဖိုးကို သိမြင်နိုင်အောင် ကြိုးစားနိုင် သူဟာ ဘ၀ မှာ အောင်မြင်မှုတွေ အံ့မခန်းရနိုင်ပါတယ်။ အသက်ရှည်ချင်ရင် ကျန်းမာရေးကို တန်ဖိုးထားရမယ်။ ကျန်းမာရေးရဲ့တန်ဖိုးကို မကျန်းမာတော့မှသာ သိမြင်ကြတာ များပါတယ်။ကျန်းမာ သန် စွမ်းနေကတည်းက ကျန်းမာရေးရဲ့ တန်ဖိုးကိုသိမှ ကျန်းမာသူတစ်ယောက်ဖြစ်လာမှာပေါ့။

မိမိပတ်ဝန်းကျင်မှာ ရှိနေတဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ အပေါင်းအသင်း တွေရဲ့ တန်ဖိုးကို လည်း သိမြင်ရပါလိမ့်မယ်။ သူတို့တွေကိုလည်း တန်ဖိုး ထားပါ။ မိမိရဲ့ မိဘနဲ့ ဆွေမျိုး အသိုင်းအ၀ိုင်းတွေရဲ့ တန်ဖိုးကို သိမြင်ပါ။ သူတို့ကိုလည်း တန်ဖိုး ထားနိုင်အောင်ကြိုး စားပါ။ မိမိချစ်သူ ခင်သူ အားလုံးကို တန်ဖိုးထားပါ။ သူတို့တွေ ကလည်း သင့်ကို   ပြန်ပြီး တန်ဖိုး ထားကြပါလိမ့်မယ်။ သင့်ရဲ့တန်ဖိုးကိုလည်း သူတို့ သိမြင်လာပါ လိမ့်မယ်။

မိမိလုပ်ကိုင်နေတဲ့ လက်ရှိအလုပ်အကိုင်၊ အသက်မွေးကြောင်း အလုပ်တွေ ရဲ့ တန်ဖိုးကိုလည်း သိအောင်လုပ်ပါ။ အလုပ်ကိုလည်း တန်ဖိုးထားပါ။ မိမိအလုပ် ကို မိမိတန်ဖိုးထားလုပ်ဆောင်သူဟာ ထူးချွန်အောင် မြင်တဲ့သူတွေဖြစ်လာကြ ပါတယ်။ အလုပ်ကိုချစ်ပါတယ်။ တန်ဖိုးထားပါ။

အသိပညာဟာ အရေးကြီးပါတယ်။ အရာရာတိုင်းရဲ့ တန်ဖိုးကို သိမြင်နိုင် တဲ့ ဥာဏ် ပညာရှိအောင်အားထုတ်ပါ။ ပညာရဲ့တန်ဖိုးကို လေး လေးနက်နက် သိမြင်ရပါလိမ့် မယ်။ လေ့လာပါ သင်ယူပါ စာအုပ်စာပေ များများဖတ်ရှုပါ။ စာပေရဲ့ တန်ဖိုး၊ စာပေရဲ့ အကျိုးကျေးဇူးတွေကို သိမြင်မှ စာပေပေါ်မှာ တန်ဖိုးထားတတ်လာပါလိမ့်မယ်။ စာပေ ကို တန်ဖိုးထားရင် စာပေကလည်း သင့်ကို တန်ဖိုးထားပြီး စစ်မှန်တဲ့ အသိပညာတွေ ကို ပြန်လည်ကျေးဇူးဆပ် ပါလိမ့်မယ်။

အရေးကြီးတာက လောကမှာ ရှိသမျှ အရာရာတိုင်းရဲ့ တန်ဖိုးကို သိမြင်နိုင် တဲ့ ဥာဏ် ရှိ ဖို့လိုပါတယ်။ တန်ဖိုးသိမှ တန်ဖိုးရှိမှာပါ။ တန်ဖိုးသိမှ အဖိုးတန်မှာပါ။ တန်ဖိုးသိမှ တန်ဖိုးထားမှာပါ။ ဒါကြောင့် တန်ဖိုးသိ အောင်ကြိုးစားအားထုတ်ရင်း လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာ ရေး၊ အချစ်ရေး စတဲ့ နယ်ပယ်အသီးသီး မှာ အောင်မြင်တိုးတက်သူတွေ ဖြစ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Let's fly together!
ဖူးကျော်ဇင် (Future Wave)

Subscribe Us