Saturday, July 05, 2014

စဉ်းစားချင့်ချိန်ခြင်းဖြင့် မြော်မြင်ကြပါ


နေဇင်လတ်

JOB seekers Journal Vol.3, No.3

“စဉ်းစားချင့်ချိန်ပါ” ဟု လူကြီးသူမတို့က အလကား ပြောခဲ့သည်မဟုတ်။ ထို့အတူ “နှုတ်ကျွံ ဖျက်မရ” ဟူသောအဆိုကလည်း အနာဂတ်ကာလအတွက် အဖိုး တန်သော သတိပေးစကားဖြစ်ပါသည်။ အထူးသဖြင့် အသွင်ကူးပြောင်းရေး၏ စပ်ကူးမတ်ကူးကာလသည် သာမန်အချိန် တို့ထက် ပို၍အရေးကြီးသည်ဟု ယူဆ ရပါသည်။ အကူးအပြောင်းကာလ လည်းဖြစ်၊ လွတ်လပ်စွာထုတ်ဖော်ခွင့်လည်း ရလာခဲ့ကြသည်ဖြစ်၍ “စေတနာစော”ကာ အသိပမာဏ၊ လေ့လာမှုပမာဏ မတူညီကြသူအားလုံးက ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ အနာဂတ်ကောင်းစားရေး အတွက် မိမိတို့သိသလောက်၊ မှတ်သလောက် မျှဝေကြသည်လည်း ရှိသလို၊ ဝေဖန်ထောက်ပြ ကြသည်လည်း ရှိကြသည်။ ဤအတွက် များစွာကြို ဆို ကျေးဇူးတင်ဖွယ်ရာဖြစ်သော်လည်း အချို့မှာ ပျော့ပြောင်းမှုမရှိ၊ ကိုယ့်အသိကို အမြင့်ဆုံးဟုထင်ကာ ကိုယ့်ပေတံဖြင့် “ရမ်း” သောအခါ လူ့အဖွဲ့အစည်းတစ်ခု ကို အတော်အတန် သက်ရောက် ဂယက်ရိုတ်ခတ်တတ်လေ့ရှိပါသည်။

များမကြာသေးမီက နိုင်ငံကျော်အနုပညာရှင်တစ်ဦးက စင်ကာပူ ထိပ်တန်းခေါင်းဆောင် တစ်ဦးကို တောင်းပန်ခြင်းနှင့်အတူ သူ့ရပ်တည်ချက် မှားယွင်းခဲ့မှုကိုလည်း ၀န်ခံသွားခဲ့သည်ကို များစွာကြိုဆို ချီးမွမ်းဖွယ်ရာ ဖတ်လိုက် ရပါ၏။ စင်ကာပူထိပ်တန်းခေါင်းဆောင်ပြောခဲ့သော အကြောင်းအရာ မှာ မြန်မာနိုင်ငံနှင့် စပ်ဆိုင်ပြီး "Demography" နှင့် "Democracy" ဆိုသည့် အကြောင်း ဖြစ်သည်။ အချို့က ထိုအနုပညာရှင်လို ရဲရဲ အမှားကိုဝန်မခံရဲ၊ နောင်သောအခါမှ မှားမှန်းသိကြသည်။ သို့သော် လွန်ကျွံခဲ့ ပြီဖြစ်၏။ ပြန်၍နှုတ်သိမ်းမရတော့၊ ထိုသူတို့ အသိတိုးတက်လာသော အခါ နောင်တကြီးစွာရလေ့ရှိကြသည်။ သို့သော်လည်း သမိုင်းသည် သမိုင်း သာဖြစ်၏။ ဖျက်မရတော့၊ ထို့ကြောင့် သီတဂူဆရာတော် ကြီးက “ပါးစပ်မှာ ခဲဖျက်မပါဘူး”ဟု ဆိုမိန့်ခဲ့ခြင်း ဖြစ်သည်။

လေ့လာမှုတစ်ခုပြုခဲ့ပြီးသောအခါ တစ်စုံတစ်ရာကို သိမှုတစ်ခု ဖြစ်ခဲ့ သည်နှင့် လူ့သဘာဝမှာ ထိုအသိကို အမြင့်ဆုံးထင်တတ်ကြသည့် သဘောကို အခြေခံအားဖြင့် သဘောပေါက်ကြပါလျှင် ဘယ်သောအခါမှ လွန်လွန်ကျွံကျွံ ဖြစ် ကြမည်မဟုတ်ဟု ယူဆပါသည်။ ပညာရပ်တစ်ခုဖြင့် မည်မျှ ခြုံငုံကြည့်ရှုနိုင်မည်။ မည်မျှအတွေ့အကြုံရှိခဲ့သည်။ ထိုထက်မြင့်သော ပညာများ အချို့ရှိနိုင်ဦးမည် ဟူသော သဘောတရားမရှိကြသူများ အနေဖြင့်မူကား မိမိတို့လေ့လာထားခဲ့ သလောက်ကို အမြင့်ဆုံး၊ အမှန်ဆုံး ဟု ယူဆတတ်လေ့ရှိပြီး၊ ထိုအသိအဆင့်၊ အယူအဆပေါ်၌ အစွန်းရောက် လောက်မျှ ရပ်တည်တတ်ကြသည့် သဘာဝရှိ သည်ကို သတိပြုကြရန် ဖြစ်ပါသည်။

စဉ်းစားချင့်ချိန်နိုင်ခြင်းသည် တွေးတောမှုတစ်ခုဖြစ်သည်။

Brain Storming ဟူသော ဦးနှောက်အလုပ်ပေးခြင်းသည် တွေး တောခြင်း၊ ကြံဆခြင်း၊ အကောင်းဆုံးကို ရှာဖွေခြင်း ဖြစ်သည်။ တွေး တောတတ်လေ့မရှိ လျှင် စဉ်းစားချင့်ချိန်နိုင်ကြမည် မဟုတ်ချေ။ စဉ်းစားပြီး ချင့်ချိန်နိုင်သည် ဟုဆိုခြင်းမှာ မြော်မြင်နိုင်မှု၏အစဟုလည်း ဆိုနိုင်ပါသည်။ ယနေ့သာမန်လူတို့ ကြုံနေရလေ့ရှိသောအရာမှာ စဉ်းစားမှု နည်းပါးကြခြင်းဖြစ်သည်။

"The greatest problem of most human beings is that we listen half, we understand quarter, we think zero, we react double and we get no lesson."

လူသားတို့၏ အကြီးမားဆုံးသောပြဿနာမှာ တစ်ဝက်မျှ လောက်ကိုသာ နားထောင်တတ်ပြီး၊ တစ်စိတ်မျှသာ နားလည်ကြသည်။ လုံးဝတွေးခေါ်မှုမရှိ ကြသော်လည်း တုံ့ပြန်မှုကိုမူ နှစ်ဆပြုလုပ်ကြကာ သင်ခန်းစာ ဘာမှမရခဲ့ကြပါ ဟူ၍ အဓိပ်္ပာယ်ရပါသည်။

နားထောင်သင့်သည်။ နားထောင်ရမည်ဟူသော အသိရှိလျှင် တစ်ပါးသူ ၏စကားကို နားထောင်ပါလိမ့်မည်။ ငါသာသိသည်၊ ငါသာတတ် သည်ဟူသော စိတ်အခံရှိခဲ့ပါလျှင် သူတစ်ပါးစကားကို နားထောင်လေ့ ရှိမည်မဟုတ်ပါ။ အချို့မှာ နားထောင်ခဲ့လျှင်ပင်လျှင် ဆိုသူ၏တစ်စိတ်မျှ လောက်ကိုပင် အမှန်စင်စစ် နားလည်လက်ခံကြသူအရေအတွက် ရှားပါးလေ့ရှိသည်ကို တွေ့ရပါ၏။ သို့သော် လည်း ကိုယ့်ကိုယ်ကိုယ် တတ်ပြီး၊ သိပြီးဟု ယူဆအထင်ရှိကြသူများမှာမူ သူများ ထက်ပို၍ အသံကျယ်လေ့ရှိကြ၏။ သူများထက်ပို၍ ကြမ်းတမ်းလေ့လည်း ရှိပြန် သည်။ သူ့လောက် မသိ၊ သူ့လောက်မတတ်ဟု ခိုင်မာစွာ ယုံကြည်ပြန်ရာ သူများ ကိုလည်း ပြင်းထန်စွာ ဝေဖန်လေ့ရှိကြပြန်သည်။

အရေးကြီးသော အကူးအပြောင်းကာလတွင် ထိုသူတို့၏အရေအတွက် ကို ပေါများစွာ တွေ့ရလေ့ရှိ၏။ တစ်ကွက်ချန် စဉ်းစားတတ်သူ တို့က “အသိမျှဝေ” သည့်သဘောဖြင့် ဆိုကြ၊ ရေးကြသော်လည်း “ငါ့ လောက်မသိ”ဟု ခံယူထားကြ သူများမှာ ဆရာကြီးများလေသံဖြင့် ခပ် ကြမ်းကြမ်းဆိုလေ့ရှိကြသည်ကိုတွေ့နိုင် သည်။ ကာလတစ်ခုကို ဖြတ်သန်း ၍ ထို့ထက် အသိပို၊ အတွေ့အကြုံရလာသော အခါ တစ်ချိန်အသိနုစဉ်ကတစ်ကွက်ချန် မစဉ်းစားခဲ့မှုတို့အတွက် ကြီးစွာနောင်တ ရကြတော့သည်။ သို့တိုင်အောင် အထက်က အနုပညာရှင်ကဲ့သို့ သတ်္တိရှိရှိ ၀န်မခံ ရဲ ကြသေးချေ။

နိုင်ငံရေးသည် များစွာ အကဲဆတ်လှသည့်သဘာဝရှိသည်။

အရေးအရာအားလုံးထဲတွင် နိုင်ငံရေးသည် ဦးဆောင်ကဏ္ဍဖြစ်သည့် အားလျော်စွာ များစွာအကဲဆတ်လှသည့် သဘာဝလည်း ရှိနေပါသည်။ ပါဝါအခြေခံထားသောအရာဖြစ်သဖြင့်လည်းကောင်း၊ နိုင်ငံတစ်ခု၏ ဦးဆောင်ရာ ကဏ္ဍဖြစ်သဖြင့် လည်းကောင်း အတိမ်းအစောင်းမခံဟုဆိုချင်ပါသည်။ အထူး သဖြင့် ရှေ့တန်းမှ ဦးဆောင်နေကြသော နိုင်ငံရေးဇာတ်ရုပ်များ၊ သြဇာတစ်စုံ တစ်ရာရှိကြသော နိုင်ငံရေးသမား များ၏ ပညာနှင့်မြော်မြင်မှုသည် နိုင်ငံအတွက် များစွာအရေးပါပြီး၊ ၎င်းင်းတို့၏ ပုံဖော်မှုသည်လည်း နိုင်ငံ၏အနာဂတ်ကို များစွာ သက်ရောက်မှု ရှိစေပါသည်။ နိုင်ငံရေးသမားများ၏ ပညာနှင့်မြော်မြင်မှု ရှိသလောက် နိုင်ငံ၏အခြေအနေသည် တည်ငြိမ်မှုရရှိနိုင်သလို၊ လှုပ်ခါမှုကို လည်း ဖြစ်စေပါသည်။ မိမိ၏အကျိုးစီးပွား၊ မိမိတို့ ကိုယ်စားပြုရာ အင်စတီကျူး ရှင်းတို့၏ အကျိုးစီးပွားထက် နိုင်ငံ၏အကျိုးစီးပွား၊ နိုင်ငံသူနိုင်ငံသားတို့၏ အကျိုး စီးပွားကို “အမှန်တကယ်” ရှေးရှုနိုင်ရန်လည်း လိုပါသည်။ မိမိတို့၏ ပညာ၊ ရင့်ကျက် မှုကို တတ်နိုင်သလောက် ဖြည့်ဆည်းထားနိုင်မှ တော် ကာကျမည့်ခေတ် ဖြစ်ပါသည်။

ယူကရိန်း၊ ခရိုင်းမီးယား၏ပြဿနာကို တစ်ချက် စောင်းငဲ့ကြည့်လျှင်ပင် နိုင်ငံ ငယ်တို့အပေါ် နိုင်ငံကြီးများ၏ ပါဝင်စွက်ဖက်မှု အတိုင်းအတာကို ခန့်မှန်းမိနိုင်ကြ မည်ဟု ယူဆပါသည်။ အကျိုးလို၍ ညောင်ရေသွန်းကြ သူများချည်းသာဟူသော အသိကို အခြေခံနှလုံးပိုက်နိုင်ပါလျှင် မိမိတို့၏ ဆောင်ရွက်မှုများ-များစွာ လမ်းကြောင်းမှန်ကန်လာမည်ဟု မြင်သည်။ နိုင်ငံ၏ အကျိုးစီးပွားကို အားလုံးက အခြေခံကြပါသည်ဟု ဆိုကြလျှင်ပင် လောလောဆယ် အကျိုးစီးပွား ထက်၊ ရေရှည်အကျိုးစီးပွားကို လှမ်းမျှော် ကြည့်ရှုနိုင်ကြရပါလိမ့်မည်။
လက်ခံနိုင်ကြရန်လည်းလိုသေးသည်။

၂၀၁၃-ခုနှစ်က ကြိုတင်သုံးသပ်ခဲ့သည့်အတိုင်း မြန်မာ့နိုင်ငံရေးသည် ၂၀၁၄-တွင် အတော်အတန်ထက်ပိုသော လှုပ်ယမ်းမှုများရှိနေ သည်ကို တွေ့ရ သည်။ အဦးအစတွင် တည်ငြိမ်စွာဖြင့် ၀န်းကျင်သစ်သို့ ပြောင်းလဲနိုင်ခဲ့ပြီးမှ ယခုအခါမှ အလှုပ်အခါဖြစ်နေခြင်းမှာ ကောင်းသော လက္ခဏာတစ်ရပ်မဟုတ်ဟု ယူဆသည်။ စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီ ယဉ်ကျေးမှုကို လက်ခံကျင့်သုံးရာတွင် အချိန်နှင့်အမျှ ရင့်ကျင်လာကြရ မည့်အစား ဒီမိုကရေစီနှင့်ဆန့်ကျင်ဘက် Mobocracy ဟူသော လူများ ရာအမှန်ဟု ခံယူလာသည့်သဘောကိုတွေ့နေရ သည်။ ထိုမှတစ်ဆင့် တိုး တက်သွားခဲ့လျှင် ဒီမိုကရေစီနှင့် ဆန့်ကျင် ဘက်ဖြစ်သော Anarchism ဟူသော ထိန်းမနိုင်၊ သိမ်းမနိုင် မင်းမဲ့စရိုက် သို့ ရောက်ရှိသွားနိုင်ပါသည်။

တစ်ပါတီအာဏာရှင်၊ စစ်အုပ်ချုပ်ရေးကာလများတွင် အာဏာအရပ်ရပ်မှာ တစ်နေရာတည်းတွင် စုစည်းထားသည်ဖြစ်၍ လွှတ်တော် ပြင်ပနိုင်ငံရေး သည် ဖြစ်သင့်သောလမ်းကြောင်း ဖြစ်နိုင်ပါလိမ့်မည်။ ယနေ့ အာဏာကြီး (၃)ရပ်ကို ဖြန့်ခွဲကျင့်သုံးခဲ့သည်မှာ (၃) နှစ်သားပင် ရှိနေပြီ ဖြစ်၍ လွှတ်တော် တွင်း နိုင်ငံရေးသာဖြစ်သင့်သည်ဟု မြင်ပါသည်။ ဤသည်မှာပင် Rule of Law လည်း ဖြစ်ပါသည်။ လွှတ်တော်တွင်း စည်းရုံးနိုင်ခြင်းသည် စွမ်းရည် တစ်ပါး ဖြစ်ပါ၏။ အမေရိကန်၊ အင်္ဂလန် စသော ဒီမိုကရေစီနိုင်ငံများတွင်လည်း လွှတ်တော်တွင်း စည်းရုံးရေးဆင်း၍ မိမိတို့ ဖြစ်ချင်သည့်အရာကို ဖြစ်အောင် ကြိုးစားခဲ့သည်ချည်းဖြစ်သည်။ ထို့ ကြောင့်လည်း Lobbying ဟူသော စကားခေတ်စားနေရခြင်းဖြစ်ပါသည်။

မြန်မာ့နိုင်ငံရေးသည် အကူးအပြောင်းအစ ဖြစ်နေသေးခြင်း၊ အခြားနိုင်ငံ များနှင့် သဘာဝမတူခြင်း စသည်တို့မှာ များစွာသတိတရရှိနေ ရမည့်အရာ ဟု မြင်ပါသည်။

ရိုးစင်းစွာ တွက်ကြည့်လျှင်ပင် ဖြစ်လာမည့်အဆုံးရလဒ်ကို ရှာဖွေ တွေ့ ရှိနိုင်သည်ဟု မြင်ပါသည်။ ကြိုးစားမှုတစ်ခုကို မည်သည့်လမ်း ကြောင်းက ရွေး သင့်သည်ဟူသော အဆုံးအဖြတ်သည် ထိုကြိုးစားမှုအတွက် ဖြစ်လာနိုင်သည့် တုံ့ပြန်သက်ရောက်မှုများက အဘယ်သို့ ရှိလာနိုင်သည်နှင့် များစွာဆက်စပ်နေ သည် ဆိုသောအချက် ဖြစ်သည်။ စာမေးပွဲ အတွက် မည်မျှ ကြိုးစားသည်ဖြစ်စေ ကျန်းမာရေးမကောင်းလျှင် အမှတ် ကောင်းကောင်းကို မျှော်လင့်၍မရနိုင်ဟူသော သဘောတရားမျိုး ဖြစ်ပါ၏။

ကြိုးစားမှုတစ်ခုအတွက် ဖြစ်ပေါ်လာနိုင်သည့်အကျိုးမှာ အကောင်းဘက်က များသလား၊ အဆိုးဘက်က ပိုသလား ဟူသည်ကိုလည်း တွက်ချက်တတ်ရန် လိုပါသည်။ စွန့်စားမှု မည်မျှယူသင့်သည်။ ပေးဆပ်မှု မည်မျှရှိသင့်သည်ကို လည်း ကောင်းစွာ မျှော်လင့်ထားရန်လိုသည်။ ပေါက်နိုင်ချေနည်းပါးသော ထီးထိုး သလို စွန့်စားမှုမျိုးကို ရှောင်ရှားသင့်ပါသည်။ သက်ရောက်မှုမှာ တစ်ဦးတစ်ယောက်တည်းအပေါ်၊ အင်စတီကျူးရှင်း တစ်ခုတည်းအပေါ် မဟုတ်ပါ။ သန်း (၆၀) ဟူသော တစ်နိုင်ငံလုံး အပေါ် ဖြစ်လာမည့် အကျိုးရလဒ် မျိုးဖြစ်သည့်အပြင်၊ ရှိဆဲရလဒ်များပါ ဆုံးရှုံးနိုင်မှု ရှိနိုင်-မရှိနိုင်ကိုလည်း များစွာချင့် ချိန်နိုင်ရန်လိုသည်ဟု မြင်ပါသည်။ လွှတ်တော်နိုင်ငံရေး ဆိတ်သုန်းသည့်အခါ လွှတ်တော်ပြင်ပနိုင်ငံရေးဖြစ်စဉ် သည် သဘာဝကျသော ဖြစ်စဉ် ဖြစ်ပါ၏။

တွက်ဆမှုတစ်ခုတွင် အရေးအရာများစွာကို ထည့်သွင်းစဉ်းစား ကြရလေ့ရှိ ပါသည်။ တစ်ဦးနှင့်တစ်ဦး ခြုံငုံမြင်မှုများ မတူနိုင်ကြပါ။ သို့ သော်လည်း Factor on Condition ဟူသည့် အခြေအနေတစ်ရပ်သည် မည်သည့်လုပ်ငန်းတိုင်းမဆို မပါမဖြစ် ထည့်သွင်းစဉ်းစားရလေ့ရှိသော ဖက်တာဟူသည့်အကြောင်း တစ်ပါးတော့ဖြစ်ပါသည်။ မိမိလုပ်ငန်းကောင်း မွန်နေသော်လည်း ၂၀၀၈-ကဲ့သို့ ကမ္ဘာ့စီးပွားရေးပျက်ကပ်အချိန်တွင် တိုးချဲ့၍ မရ၊ မသင့်သောအချိန်မျိုးဖြစ်ပါ၏။ ကမ္ဘာ့စီးပွားပျက်ချိန်သည် ထည့်သွင်းစဉ်းစားရမည့် အခြေအနေတစ်ရပ် ဖြစ် လာပါ၏။

ရပြီးရလဒ်ကို မည်သူမျှ မစွန့်လွှတ်လိုကြပါ။ အားလုံးကလည်း နိုင်ငံကို ပို၍ကောင်းမွန်တိုးတက်ရန် စေတနာထက်သန်ကြပါသည်။ သို့သော်လည်း ပို၍ကောင်းမည်ဆိုခြင်းအတွက် ရပြီးရလဒ်နှင့် လောင်းကြေး ထပ် ရမည့် အခြေအနေမျိုးက မရေရာမသေချာသောလမ်းကို ရွေးချယ်သည် မျိုးနှင့်လည်း သဘောတရား တူလာနိုင်ပါသည်။ အရေးပါကြသူများ၊ အရာရောက်ကြသူများ အနေဖြင့် အကောင်းဆုံးသောလမ်းကို ပေးဆပ်မှု အနည်းဆုံးဖြင့် ရွေးချယ်နိုင်ကြ ပါစေဟု ဆန္ဒပြုရပါသည်။

နေဇင်လတ်
၂၉-၃-၂၀၁၄ (၁၂၅၉)

Subscribe Us