Saturday, July 05, 2014

ဆွန်ဇု၏ စစ်ပညာကျမ်း ။ ။ အခန်း( ၁၀)

ပထဝီမြေအနေအထားဆွန်ဇုက ဤသို့ မိန့်ဆို၏-
ပထဝီမြေပြင်အနေအထားကို ခြောက်မျိုးခွဲခြားနိုင်၏။ယင်းတို့မှာ-
၁။ သွားလာရ လွယ်ကူသော မြေ
၂။ ပြန်ဆုတ်ရခက်သော မြေ
၃။ အကျိုးမဲ့ မြေ
၄။ အကျဉ်းအကျပ် မြေ
၅။ အန္တရာယ် မတ်စောက်မြေ
၆။ ရန်သူနှင့် အလှမ်းဝေးမြေ တို့ဖြစ်ကြသည်။

၁။သွားလာရလွယ်ကူသော မြေ
ကျွန်ုပ်တို့ တပ်လည်း ရောက်နိုင် ရန်သူလည်းရောက်နိုင်သည့် နေရာအနေအထား
မျိုးကို သွားလာရလွယ်ကူသောမြေဟု ခေါ်၏။ ယင်းကဲ့သို့သော မြေအနေအထား မျိုးတွင် အမြင်ရှင်းပြီး အသာစီးရကာ နေရောင်ရှိသော ကုန်းမြင့်ပိုင်းကိုလက်ဦးအောင် သိမ်းပိုက်ပါ။ ရိက္ခာ ထောက်ပို့လမ်းကြောင်း ချောမွတ်အောင်ဖန်တီးထားပါ။ သို့မှသာ ရန်သူကိုတိုက်ခိုက်ရာတွင် အခွင့်အလမ်းသာနိုင်ပေလိမ့်မည်။

၂။ပြန်ဆုတ်ရခက်သော မြေ
ကျွန်ုပ်တို့ သွားရောက်တိုက်ခိုက်ရန် လွယ်ကူသော်လည်း ငါးမျှားချိတ် ချိတ်မိသည့်အလား ပြန်ဆုတ်ရာတွင် ခက်ခဲတတ်သော မြေအနေအထားမျိုးကို ပြန်ဆုတ်ရခက်သောမြေဟု ခေါ်၏။


၃။အကျိုးမဲ့ မြေ
ကျွန်ုပ်တို့အနေနှင့် ထွက်တိုက်ပြီး သိမ်းယူ၍ အကျိုးမရှိ၊ အကျိုးယုတ်နိုင်၏။ရန်သူ အနေနှင့်လည်း ထွက်တိုက်ပြီး သိမ်းယူ၍ အကျိုးမရှိ၊ အကျိုးယုတ်တက်၏။ ယင်း သို့သော မြေနေရာ အနေအထားမျိုးကို အကျိုးမဲ့မြေဟု ခေါ်၏။ ထို အကျိုးမရှိ   အကျိုးယုတ်တက်သော မြေနေရာတွင် နှစ်ဖက် ရင်ဆိုင်မိပါက ရန်သူက အခွင့်အလမ်းပေး စစ်မြှူနေသော်လည် ကျွန်ုပ်တို့အနေနှင့် ထွက်မတိုက်သင့်။နောက်သို့ ဆုတ်ခွာပေးယောင်ဆောင်၍ မျှားခေါ်ပါ။ ရန်သူကို တန်ပြန်စစ်မြှူပြီးထွက်လာအောင် လုပ်ပါ။ ရန်သူ့တပ် တစ်ဝက်တစ်ပျက် ထွက်လာသောအခါ အပိုင်စီးတိုက်ပါ။ အမြတ်ထွက်နိုင်သည်။

၄။အကျဉ်းအကျပ် မြေ
လျှိုမြောင်တောင်ကြား ဂိတ်စခန်းအကျဉ်းအကျပ် မြေနေရာ အနေမထားမျိုးဖြစ်၏။
ယင်း မြေနေရာကို ကျွန်ုပ်တို့တပ်က လက်ဦးပြီး သိမ်းပိုက်နိုင်လျှင် တပ်အင် အားတောင့်တင်းအောင် အပြည့် အားဖြည့်ပြီး ရန်သူ့အလာကို လျှိုထိပ်ဝမှာ စောင့် ဆိုင်း တိုက်ခိုက်ပါ။ရန်သူက လက်ဦးသွားပြီး သိမ်းပိုက်ထားသော် အကယ်၍ တပ်အင်အားအခိုင်အမာ အားဖြည့်ချထားပါက ကျွန်ုပ်တို့ တပ်အနေနှင့် ချဉ်ကပ် မတိုက်ပါနှင့်။အကယ်၍ ရန်သူ့တပ်အင်အား မလုံမလောက်ဖြစ် နေပါက တိုက်နိုင်ပါ သည်။

၅။အန္တရာယ် မတ်စောက်မြေ
အချက်အချာကျသော မြေနေရာနှင့် မတ်စောက်ချောက်ကမ်းပါးများ ရှိသည့် မြေအနေအထားမျိုး ဖြစ်၏။ ယင်းနေရာမျိုးကို ကျွန်ုပ်တို့တပ်က ဦးစွာသိမ်းပိုက်လိုက်နိုင် လျှင် နေသာရာ အသာစီးရရာအမြင့်နေရာကျယ်ကျယ်မှာ တပ်ချပြီး ရန်သူ့အလာကို   စောင့် ဆိုင်းတိုက်ခိုက်ပါ။အကယ်၍ ရန်သူကလက်ဦးပြီး သိမ်းပိုက်ထားပါက မိမိတပ်ကို ဆုတ်ခွခိုင်းပါ။ ရန်သူကို ချဉ်းကပ် မတိုက်ခိုက်ပါလေနှင့်။

၆။ရန်သူနှင့် အလှမ်းဝေးမြေ
ရန်သူ့တပ်နှင့် ဝေးဝေးလှမ်းလှမ်း နေရာတွင် တပ်စခန်းတည်ရှိနေသော မြေအနေ အထားမျိုးဖြစ်၏။ရန်သူနှင့် အလှမ်းဝေးမြေအနေအထားတို့တွင် ရန်ဘက် တစ်ဦးနှင့် တစ်ဦး နေရာအကာအဝေး လှမ်းလျက် အားတူ အားပြိုင်ဖြစ်နေလျှင် ရင်ဆိုင်စိန်ခေါ် ရန်ခဲယဉ်းချေမည်။ ရင်ဆိုင်ရလေသော်လည်း အရေးမသာနိုင်။

အထက်ပါ ခြောက်မျိုးတို့သည်ကား မြေပြင်နှင့်ပက်သက်သော နည်းဗျူဟာ ဥပဒေသများတည်း။ကြီးလေးသောတာဝန်များကို ထမ်းဆောင်ကြရသော စစ်ဘက် တပ်မှူးများအနေနှင့် သေသေချာချာလေ့လာသုံးသပ်ဆင်ခြင်း သတိချပ်ရမည်ဖြစ်သည်။

တပ်မတော်တစ်ရပ်သည် သဘာဝတရားကြောင့်မဟုတ်ဘဲ တပ်မှူးများ၏မှားယွင်းချွတ်ချော်မှုများကြောင့် အရေးနှိမ့် ပျက်စီးဆုံးရှုံးရခြင်း ခြောက်မျိုးရှိ၏။

ယင်းတို့သည်ကား-
၁။ ထွက်ပြေးရခြင်း
၂။စစ်မိန့် လျော့ရဲခြင်း
၃။ တပ်ညံ့တပ်ဖျင်း ဖြစ်ခြင်း
၄။တပ် ပြိုပျက်ခြင်း
၅။ဖရိုဖရဲဖြစ်ခြင်း
၆။ခွက်ခွက်လန်ရှုံး၍ ပြေးရခြင်း တို့ဖြစ်လေသည်။



မိမိတပ်နှင့် ရန်သူတို့အကြား အင်းအားညီမျှ ထိပ်တိုက်ရင်ဆိုင်နေသော အခြေ အနေမှာ တပ်အင်အားအနည်းငယ်ဖြင့် မိမိထက် ဆယ်ဆမက ကြီးမားသော ရန်သူ့အင်အားကို တိုက်ခိုက်လေသော် အားမမျှဘဲ ရှုံးနိမ့်ထွက်ပြေးကိန်း ဆိုက်ရ သည့် အခြင်းအရာသည် ထွက်ပြေးရခြင်း မည်၏။

စစ်သည် စွမ်းရည်အင်အားတောင့်တင်းကောင်းမွန်ပါလျက် အထက်တပ်မှူးတို့၏ အရည်အချင်း ညံ့ဖျင်းနုံချာသောကြောင့် စစ်ရှုံးရသည့် အခြင်းအရာသည် စစ်မိန့်လျော့ရဲခြင်း မည်၏။

အကြပ်တပ်မှူးများ ထက်မြက်ကြပြီး တပ်သားများ ပျော့ညံ့ချွတ်ယွင်း၍ စစ်ရှုံးရသည့် အခြင်းအရာသည် တပ်ညံ့တပ်ဖျင်း ဖြစ်ခြင်းမည်၏။

တပ်မှူးများ ဒေါကြီးမာန်ထောင်တတ်ပြီး အထက်အရာရှိများ၏ အမိန့်သြဇာကို လည်းမနာခံ၊ရန်သူနှင့် တွေ့လေသော် အမိန့်ကိုမစောင့်စားဘဲ မိမိ ဆန္ဒသဘော အလျောက်ကမူးကရှူးထိုး တိုက်တတ်သည့်ပြင် ၎င်းတို့၏အရည်အချင်းညံ့သည်ကို အထက်ခေါင်းဆောင်တပ်မှူးများကလည်းမသိရှိ မရိပ်စားမိသောကြောင့် စစ်ရှုံးရသည့် အခြင်းမရာသည် တပ်ပြိုတပ်ပျက်ခြင်း မည်၏။

စစ်ဦးစီးများသည် ပျော့ညံ့ပြီး အမိန့်မတည်၊ စည်းကမ်းမကြီး၊ သင်ကြားပြဋ္ဌာန်းလေ့ကျင့် မှုမပီပြင်၊တပ်မှူးတပ်သားအကြား တာဝန်ချထားခြင်း မူမမှန် စနစ်တကျမရှိ၊ တပ်များဖွဲ့စည်းပုံ ခင်းကျင်းစီရင်ပုံ မနိုင်မနင်းဖြစ်မှုတို့ကြောင့် စစ်ရှုံးရသည့် အခြင်း အရာသည် ဖရိုဖရဲဖြစ်ခြင်း မည်၏။

စစ်သူကြီးအနေဖြင့် ရန်သူအခြေအနေကို မသုံးသပ် မသိရှိနိုင်ခြင်း၊ တပ်အင်းအား အနည်းငယ်ဖြင့်ရန်သူ့ကြီးမားသော အင်အားကို ရင်ဆိုင်တိုက်စေခြင်း၊ မိမိ ချိနဲ့သော တပ်အင်အားဖြင့် ရန်သူအားကောင်းသော တပ်အင်အားကို ရင်ဆိုင် ထိုးနှက်စေခြင်း၊ တိုက်ရည်ခိုက်ရည် ရဲစွမ်းသတ္တိရှိသောရှေ့တန်းတပ်မှူးတပ်သားများ မရှိခြင်း စသည့် တို့ကြောင့် စစ်ရှုံးရခြင်းကား ခွက်ခွက်လန်ရှုံး၍ ပြေးရခြင်း မည်၏။

အထက်ဖော်ပြပါ အချက်ခြောက်ချက်ကား စစ်ရှုံးရာ ရှုံးကြောင်းကို ဖြစ်ပေါ်စေ တတ်သည့် အရာများတည်း။

စစ်ဘက် တပ်မှူးကြီးငယ်များသည် မိမိတို့ ထမ်းဆောင်ရသော ကြီးလေးသည့် တာဝန်များအရ ယင်းတို့ကို သုံးသပ်ဆင်ခြင်း အထူးသတိချပ်ရပေမည်။

မြေပထဝီ အနေအထားတို့မည်သည် တိုက်ပွဲအတွက် အထောက်အကူဖြစ်ပေသည်။

ရန်သူ့အခြေအနေကို သုံးသပ် လေ့လာခြင်း၊ အောင်နိုင်ရေးအတွက် လက်ဦးမှု ရယူစီမံခြင်း၊ မြေအနေအထား အခက်အခဲအန္တရာယ် အမျိုးမျိုးကို စူးစမ်းလေ့ လာကောင်းစွာ အသုံးချခြင်း၊အနီးအဝေး အတိုင်းအတာ ခန့်မှန်းတွက်ဆခြင်း စသည်တို့သည်ကား စွမ်းရည်ပြည့်ဝသော ခေါင်းဆောင်ကောင်း စစ်သူကြီးတပ်မှူးတို့ ပိုင်နိုင်စွာ ကျင့်သုံးအပ်သော အကြောင်းခြင်းရာ နည်းဥပဒေသများဖြစ်ပေသည်။

ယင်း အကြောင်းတရားများကို ကျွမ်းကျင်တတ်သိ နားလည်းအသုံးချပြီး စစ်ပွဲကို ဦးစီးတိုက်ခိုက်သောသူသည် ဧကန်မုချအောင်ပွဲခံရာ၏။

ယင်းအကြောင်းတရားများကို မသိနားမလည်၊ မသုံးတက်ဘဲ စစ်ပွဲကို ဦးစီးတိုက် ခိုက်သောသူသည်ကား ရှုံးပွဲနှင့်ရင်ဆိုင်ရမည်မှာ ဧကန်မုချ ဖြစ်ပေသည်။စစ်ရေးအရကျိုးသင့်အကြောင်းသင့် မုချ အောင်နိုင်ခြေကို သိထားသော် အကြီးအကဲ တို့က မတိုက်ရန်အမိန့်ပေးတားဆီးလင့်ကစား၊ မဖြစ်မနေ အရတိုက်နိုင်ရာ၏။

စစ်ရေးအရ အကျိုးသင့် အကြောင့်သင့် ဆင်ခြင်းကြည့်ရာ၌ အောင်ပွဲရနိုင်ခြေ မရှိဘဲ ရှုံးနိမ့်နိုင်သော်အကြီးအကဲအနေနှင့် မုချတိုက်ရမည်ဟု အမိန့်ပေးလာလင့်ကစား လုံးဝမတိုက်ဘဲ နေနိုင်ရာ၏။

ထိုသို့သော စစ်သူကြီး တပ်မှူးကောင်းတို့သည် ရှေ့တန်းတက်ကာ လက်ဦးမှု ရယူပြီး အောင်ပွဲရအောင် တိုက်နိုင်ခဲ့သော်လည်း ဂုဏ်ဒြပ်ရာထူး မမက်၊ ကျော်ကြားမှု ကို မခုံမင်ကြ၊ မရှုံးမနိမ့်ရအောင်အတွက် တိုက်မိန့်မနာခံဘဲ နောက်ဆုတ်ပေး လိုက်ရ ၍လည်း အထက်က ပေးလာသော ပြစ်ဒဏ်ကို ရဲရဲကြီးကျခံဝံ့ကြပေသည်။

ထိုပုဂ္ဂိုလ်တို့သည် ပြည်သူ့အကျိုးကို ဦးထိပ်ထား ကာကွယ်စောင့်ရှောက်တတ်ကြပြီး မိမိပြည့်ရှင် ဘုရင်မင်းတို့၏ အကျိုးစီးပွားနှင့် လျော်ကန်ကိုက်ညီအောင် လည်း ကျေပွန် စွာ တာဝန်ထမ်းဆောင်တက်ကြပေရာ နိုင်ငံသားကောင်းရတနာများဟု ခေါ်ထွင်ထိုက်
ပါပေသည်။

သင်၏ စစ်သည်များကို ရင်ခွင်ပိုက်ကလေးငယ်သဖွယ် သဘောထား၊ ယုယ ပိုက်ထွေး စောင့်ရှောက်တတ်ပါမှု၊ စစ်သည်များသည် အန္တရာယ် ခရောင်းလမ်းကြမ်း များကိုပင် မမှု၊ အသင် ဦးဆောင်ရာသို့ အတူလိုက်ပါလာပေလိမ့်မည်။

သင်၏ စစ်သည်များကို ချစ်သားသဖွယ် မြတ်နိုးတွယ်တာ ပြုစုစောင့်ရှောက်တတ်ပါမူ၊ စစ်သည်များသည်အသင်ဦးဆောင်ရာသို့ အရိုးကျေကျေ အရေခန်းခန်း ရဲဝံ့စွန့်စွားပြီး လိုက်ပါ အမှုတော်ထမ်းနိုင်ကြပေလိမ့်မည်။

အကယ်၍ စစ်သည်များကို ပ-စားပေးမြှောက်စားမှုသာရှိပြီး တာဝန်ပေး စေစားနိုင်ခြင်း မရှိ၊ အလိုလိုက် သနားချစ်ခင်မှုသာ ရှိပြီးအမိန့်ကို လေးစားလိုက်နာတတ်အောင် ပညာပေးသွန်သင်ခြင်းလည်း မရှိ စည်းကမ်းဖောက်ဖျက်ရမ်းကားနေ မှုတို့ကို   ပြစ်ဒဏ်ပေး ထိန်းကွပ်ခြင်းလည်း မရှိပါမှု၊ ယင်းသို့သော စစ်သည်များကား ကလေး ဆိုးကြီးများသဖွယ် ရှိချေသောကြောင့် တိုက်ပွဲအတွက် အသုံးချရန် လုံး၀ မဖြစ်ချေ။

မိမိတို့ တပ်အင်အား အခြေအနေအရတိုက်နိုင်ကြောင်းကိုသာ သိထားပြီး ရန်သူကိုတိုက်မရနိုင်ကြောင်း အခြေအနေမှန်ကိုမူ သိထားခြင်းမရှိပါက အောင်ပွဲ တစ်ဝက် တစ်ပျက်သာ သေချာမည်။

ရန်သူတို့ကို တိုက်၍ ရနိုင်ကြောင်း အခြေအနေကိုသာ သိထားပြီး မိမိတို့တပ် ကိုယ်၌က ပိုင်ပိုင်နိုင်နိုင် မတိုက်နိုင်သည့် အခြေနေအနေရှိသည်ကို သိမထားပါ က အောင်ပွဲ တစ်ဝက်တစ်ပျက်သာသေချာပေမည်။

ရန်သူကို အခြေအနေအရ နိုင်အောင်တိုက်နိုင်ကြောင်း၊ မိမိတပ်သည်လည်း တိုက်ပွဲ ဝင်ရန် အခြေအနေပေးကြောင်း သိထားရပါသော်လည်း၊ မြေပထဝီ အနေအထားအရ တိုက်ခိုက်ရန် အခွင့်အလမ်းသင့်မသင့်ကို သိရှိနားလည်ထားခြင်းမရှိပါက အောင်ပွဲကို တစ်ဝက်တစ်ပျက်သာ မှန်းဆနိုင်ပေမည်။

ထိုကြောင့် စစ်ရေးစစ်ရာ ကျွမ်းကျင်သူတို့အဖို့ စစ်ရေးလှုပ်ရှားကစားရာမှာ တိမ်းစောင်းတွေဝေမှုကင်းကြပေသည်။စစ်ရေး စီးမံတိုက်ခိုက်ရာမှာလည် ဘေးကျပ် နံကျပ်မဖြစ်၊ အစဉ် အပြည့်အ၀ စီစဉ်ကြံဆောင်နိုင်ကြပေသည်။

ထို့ကြောင့် ဆွန်ဇုက ဤသို့ အဆိုအမိန့်ရှိ၏-

သူ့အကြောင်းရော ကိုယ့်အကြောင်းပါ သိကျွမ်းပါက အောင်ပွဲရဖို့ မစိုးရိမ်ရ။

ဥတု အာကာ သဘာ၀ အကြောင်းရော၊ မြေအနေအထားအကြောင်းကိုပါ သိကျွ်းပါက အောင်ပွဲများအစဉ်မပြက် မုချ ပြည့်ပြည့်၀၀ ရနိုင်လိမ့်မည်။

Subscribe Us