Wednesday, July 09, 2014

တစ်ယောက်ကောင်းက (နှစ်ပေါင်း ၂၅၀၀ခန့်က)



တစ်ယောက်ကောင်း တစ်သောင်းဗိုလ်ခြေညက်ညက်ကြေဆိုသောစကားသာ် စာအဖြစ်နှင့်သာ ဆိုထားသော စကားမဟုတ်။တကယ့်အဖြစ်အပျက်များ ဖြစ်သည်ကို သတိပြုသင့်ပေသည်။



နှစ်ပေါင်း၂၅၀၀ လောက်က ရောမမြို့ကြီးတွင် ဤအဖြစ်အပျက်မျိုး တစ်ခု ပေါ်ပေါက် ခဲ့ဖူးလေသည်။ ထိုအချိန်အခါ၌ ရောမမြို့ကြီးတွင်ဘုရင်များ မတရာလွန်းသဖြင့် တိုင်းသူပြည်သားများက ထကြွပုန်ကန်ပြီးလျှင် ဘုရင်များကို ရောမမြို့ကြီး မှ နှင်ထုတ် လိုက်ရာ ထိုဘုရင်များကအီထရပ်စကန်း(The Etruscans) လူမျိုးတို့၏ အကူအ ညီဖြင့် နန်းပြန်တက်ရန် ကြိုးစားလျက်ရှိကြသည်။ အီထရပ်စကန်းတို့၏ ဗိုလ်ချုပ်မှာ လပေါ်ဆင်းနား(Lars Porsena)ဖြစ်၍တိုင်းပြည်မှ အနှင်းခံရသော ရောမဘုရင်မှာ တားကွင်းနီးယပ် ဆူပါးဗပ်(Tarquninius Superbus)နှင့် သူ၏သား ဆက်စတပ် (Sextus) တို့ဖြစ်ကြသည်။





လာပေါ်ဆင်းနားသည် သူ့တွင်ရှိသမျှသော အင်အားများကို စုရုံး၍ ရောမမြို့ကြီးဆီး သို့ အပြင်ချီတက်လျက်ရှိသည်။ ထိုအချိန်အခါက ရောမမြို့ကြီးအတွက်အကောင်း ဆုံးသော အကာအကွယ်သည် တိုက်ဘာမြစ်(The Tiber)ဖြစ်သည်။ တိုက်ဘာမြစ် ကို ဖြက်ကူးရန် သစ်သားတံတားတစ်ခု ရှိသည်။ ရောမမြို့နှင့် တစ်ဘက်ကမ်းရှိ

တံတားထပ်တွင် ဂျနစ်ကျူလမ်း(Janiculum)ခေါ် ခံတပ်ငယ်တစ်ခုရှိလေသည်။ အပြင်းချီတက်လာသော အီးထရပ်စကန်းတို့တပ်၏ တက်ဦး ဘီလူးများသည် ထိုခံ တပ်ကိုတစ်ချက်တည်း သိမ်းပစ်လိုက်ကြသည်။





ထိုအခိုက်တွင် ဆီနိတ်(Senate)ခေါ် လွှတ်တော်ကြီးလည်း စည်းဝေးလျက်ရှိရာခံတပ် ကို သိမ်းလိုက်ပြီးဟူသော သတင်းကို ကြားသိကြရသောအခါထို လွှတ်တော် အမတ် ကြီးများလည်း ကြံရာမရဖြစ်ပြီးသော် မြို့ရိုးဆီသို့သုတ်ခြေတင်ကြကုန်၏။ မြို့ရိုးဆီ သို့ရောက်သောအခါ သစ်သားတံတားသို့ထွက်သော မြို့တံခါးပေါက်ဝတွင် ထိုင်မျှ ပင် မထိုင်နိုင်ကြတော့ဘဲ မတ်တပ်ရပ်ရင်း အကူအညီတောင်းသည့် သဘော မျိုးနှင့် တစ်ယောက်မျက်နှာကိုတစ်ယောက်ကြည့်လျက် နေကြစဉ် သမ္မတကြီးက “ကဲအမတ်ကြီးတို့၊ ကျုပ်တို့ အချိန်ဖြုန်းနေလို့ မဖြစ်ဘူး၊ ဂျနစ်ကျူလမ်ခံတပ်ကျသွား ပြီဆိုရင် မြို့ကို ကာကွယ်ဖို့ဟာဒီတံတားကို ဖျက်ချဖို့ တစ်ခုတည်းရှိတော့တယ်”ဟု ခပ်ရှင်းရှင်း ဖွင့်၍ ပြောလေ၏။



မြို့ကို ကာကွယ်ရန်အတွက် တစ်ခုတည်းသော နည်းလမ်းသည်တံတားကို ဖျက်ချ ရန်သာ ရှိတော့သည်ဟု ဆိုပါသော်လည်း ဤကိစ္စသည်အပြောလွယ်သလောက် အလုပ်ရခက်သောကိစ္စ ဖြစ်လေသည်။ အဘယ့်ကြောင့်ဆိုသော် တံတားတစ်ဖက်ရှိ ခံတပ်ကို ရန်သူ၏ တပ်ဦးများကသိမ်းပြီးပြီ။ ဗိုလ်ချုပ် လာပေါ်ဆင်းနား ကိုယ်တိုင်

ခေါင်းဆောင်လာသော ရန်သူတပ်မတော်ကြီးမှာလည်း စစ်ယာဉ်များ မြင်းများဖြင့် တစ်လမ်းလုံးဖုန်တထောင်းထောင်း ထ စေချပ် တရကြမ်း ချီတက်လာနေကြသည် ကိုလည်း တစ်ဖက်ကမ်းမှ လှမ်း၍မြင်ရလျက် ရှိချေပြီ၊ တံတားကိုဖျက်ရန်အတွက်

အချိန်မရှိသလောက်ပင် ဖြစ်နေတော့၏။



ထိုသို့ကြံရာမရဖြစ်နေကြစဉ် တံတားဘက်ရှိ မြို့ရိုးပေါက်၏ တံခါးမှူးဟိုရေရှပ် (Horatius)သည် ပြေးထွက်လာပြီးသော်“သမ္မတမင်း၊မြန်နိုင်သမျှ  မြန်အောင် တံတားကို ဖျက်ချပါ၊ကျွန်တော် တံတား ဟိုဘက်ထိပ်ကသွားပြီး ရန်သူတွေ   ရှေ့မတက်နိုင်အောင် ဆီးပြီးတားပါ့မယ်၊ ကျွန်တော်ရဲ့ ဘယ်ညာက ကူဖို စစ်သားနှစ်ယောက်ကိုသာ ပေးပါ၊ကဲ ဘယ်သူ ကျုပ်နဲ့လိုက်ခဲ့မလဲ ဘယ်သူ မဆို တစ်သက်တော့ တစ်ခါသေစမြဲပဲ၊ အခုမသေလဲ နောက်တော့ သေရမှာပဲ အဲဒီတော့ သေရမှာချင်းအတူတူ အာဇာနည်လို သေရတာထက်ကောင်းတဲ့    အသေမျိုးဟာ လောကမှာမရှိပါဘူး”ဟု ပြော၏။



စစ်သားများထဲမှ ဆပူရီးယပ် လာရှပ်(Spurius Lartius)ဆိုသူက “ကျွန်တော် ဟိုရေးရှပ်ရဲ့ ညာဘက်ကနေပြီး တိုက်မယ်” ဟုပြောပြောဆိုဆို ထွက်လာ၏။

ဟာမီနီးယပ်(Herminius) ဆိုသူက ဘယ်ဘက်က တိုက်ရန် ထွက်လာ၏။



လာပေါ်ဆင်းနား၏ တပ်မတော်ကြီးလည်း တံတားဦးဆီသို့ တဖြည်းဖြည်း နီးကပ် လျက် ရှိလေပြီး၊တပ်ဦး ဘီလူးများလည်း တံတားဦးကိုကာကွယ်ရန်အတွက် ရပ်နေသော ဟိုရေရှပ်တို့ သုံးယောက်ကို မြင်သောအခါ“ဒီအရူးသုံးကောင် ဒီမှာ ဘာလာလုပ်နေကြတာလဲ” ဟု ဟစ်အော် လှောင်ပြောင်ကာ ရယ်မောကြလေ၏။

အာဇာနည်သုံးယောက်လည်း မည်သူ့ကိုမျှ ဂရုမပြုကြဘဲ မိမိတို့၏ တာဝန်ကို အသက်နှင့်လဲ၍ ထမ်းရွက်ရန်ကြံ့ကြံ့ခံလျက်ရှိကြ၏။ သူတို့ကို ကြည့်ရသည်မှာ မိမိတို့၏ လိုဏ်ဂူဝတွင်လာသမျှ ရန်သူဟူသမျှကို ဖြိုချက်ချေမှုန်းပစ်မည်ဟူသော သန္နိဋ္ဌာန်ဖြင့် မာန်ဖီလျက်ရှိသော ကေသရာခြင်္သေ့ သုံးစီးနှင့်ပင် တူတော့၏။



သစ်သားတံတားကလည်း ကျဉ်မြောင်းသဖြင့် ရန်သူဘက်မှ တစ်ကြိမ်းလျှင် သုံးယောက်သာ တက်နိုင်ကြသည်။ တက်သမျှကိုလည်း ဟိုရေးရှပ်တို့သုံးဦးကလည် ဖြိုခွင်းပစ်လိုက်၏။



တက်သွားသမျှ ရန်သူ စစ်သားတို့သည် လယ်သမား၏ မြက်ခုတ်ဓားအောက်တွင် တိခနဲ တိခနဲပြက်၍ကျသွားသော မြက်ပင်များကဲ့သို့ ဟိုရေးရှပ်တို့၏ ရှေ့တွင်ပုံလျက် သား ပုံလျက်သား ကျဆုံးလျက်ရှိရာ စိတ်ထက်ထက်သန်သန်နှင့် ရှေ့သို့ တက်လာ ရဲသော စစ်သားများပင် လက်ဦး အစတုန်ကလောက် မများလှတော့ပေ။ နောက် စစ်သား များက တွန်းထုတ်လိုက်၍ ဟိုရေးရှပ်တို့လူစုအနီးသို့ ရောက်သွား သည့် အခါ ဟိုရေးရှပ်တို့က လိုက်ခုတ်မည်အလုပ်တွင် နောက်ဆုတ်ပြေးကြပြန်လေသည်။ ကြမ္မာငင်နေသော သူများလည်း မရှောင်သာ မပြေးသာတော့ဘဲ ဟိုရေးရှပ်တို့၏

ဓားဖျားတွင် အသက်ပါသွားကြရရှာ၏။



ဤသို့ရှေ့မှခံ၍ တိုက်လျက်ရှိကြစဉ် ရောမမြို့သူမြို့သားများကလည်း လူကြီး လူငယ် ယောင်္ကျာ မိန်းမ အပျို အအို လူဆင်းရဲ သူဌေးမကျန်၊ ကိုယ်ပြည်နှင့် ကိုယ် လူမျိုးကိုကာကွယ်ရေးအတွက် တံတားကို အစွမ်းကုန်ဝိုင်း၍ ဖျက်ကြရာ တံတားလည်း ပျက်လုနီးနီး ရှိသွားလေး၏။ထိုအခါတွင် ဟိုရေးရှပ်တို့လူစုသည် နောက်ပြန် ဆုတ်ပြီး လျှင် မြို့တွင်းသို့ဝင်၍ခိုနိုင်သည်။ ရန်သူများ တက်လာရင်း မြို့ဘက်ကမ်းကိုမရောက် မီ သူ့အလေးနှင့်သူပြို၍ ကျပေတော့မည်။ ထို့ကြောင်း “ ဟိုရေးရှပ်တို့ရေ ပြန်လာကြ

တော့ဟေ့ ။ တံတားကြီး ပြိုတော့မယ်၊ဟာမီးနီးယပ် လားရှပ် တို့ရေ ပြန်လာကြတော့

ဟေ့ ၊ တံတားကြီးပြိုတော့မယ်” ဟု သံပြိုင်အော်ကြ၏။



ဟာမီးနီးယပ်နှင့် လားရှပ်တို့သည်လည်း နောက်ပြန်လှည့်ပြီးလျှင် ပြိုကျလုနီးနီးရှိနေ

နေသော တံတားပေါ်မှ ခုန်းဆင်းလိုက်ကြ၏။ဤသို့ ခုန်ဆင်းလျှင် ဆင်းချင်း သူတို့နေရာကို ပြန်လှည့်ကြည့်လိုက်သောအခါဟိုရေးရှပ်မှာ နောက်ပြန်မဆုတ်ဘဲ အလွန် ရဲရင့်စွာ တစ်ယောက်တည် ခံချနေသည်ကို တွေ့ရလေ၏။ ထို့ကြောင့် သူတို့လည်း ဟိုရေးရှပ်ရှိရာသို့ ပြန်သွား ဦးမည်ဟု လှမ်းလိုက်စဉ်တွင် တံတားကြီးသည် ဝုန်းခနဲ

မြည်ဟည်းကာကျိုးကျသွားသောကြောင့် သူတို့လည်း သူတို့၏ ရဲဘော်ရှိရာသို့ မကူးနိုင်တော့ပေ။



ဟိုရေးရှပ်သည် မြားမှန်သဖြင့် မျက်လုံးတစ်ဖက် ပေါက်သွားသည်။ ပေါင်တွင်လည်း ဒဏ်ရာရရှိသည်။သို့ရာတွင် အာဇာနည်တို့မည်သည်သေခါမှ လျှော့သည်ဟူသော ထုံးတမ်းစဉ်လာနှင့်အညီသူ၏ စိတ်ကိုအနည်းငယ်မျှ မလျော့ဘဲ ရှိသမျှအင်အားနှင့် သူ့ဝတ္တရားကျေပွန်သည်အထိ ရန်သူများကို ခုခံတိုက်ဖျက်လျက်ရှိလေသည်။ ရှေးက အရူးသုံးကောင်ပဲဟု လှောင်ပြောင်ခဲ့သောရန်သူန်စစ်သားများလည်း သူတို့၏ စွမ်းရည်သတ္တိကို မြင်ပြီးကြသောအခါ“ဒီအကောင်တွေ အရူးတွေ မဟုတ်ဘူး၊ ဘီလူးတွေ”ဟု  အံ့သြကြောက်လန့်လျက် ရှိကြကုန်၏။



ဟိုရေးရှပ်လည်း တံတားကြီး ဝုန်းခနဲကျိုးသံကို ကြားရပြီးသည့်အခါမှ “ရောမတိုင်း သားတို့၏ အသက်သခင် ကျေးဇူးရှင် တိုက်ဘာမြစ်ကြီး ကျွန်တော့် တာဝန်   ကျေပွန် ပါပြီ၊ ကျေးဇူးရှင်က ကျန်တဲ့တာဝန်ကိုသာဆက်ပြီး ထမ်းရွက်ရစ် ပါတော့” ဟု နှုတ် ခွန်းဆက်သကာ မြစ်ထဲသို့ခုန်ချလိုက်လေသည်။



ရောမမြို့သူမြို့သားတို့လည်း သူတို့၏ အာဇာနည်ကြီး ဟိုရေးရှပ်ကိုလှိုင်းကြားလေ ကြားထဲမှ ဆယ်ယူပြီးလျှင် ချီးကျူးကော်ရော် ပူဇော်ပွဲကြီးကျင်းပလိုက်ကြသည် မှာသိမ့်သိမ့်တုန်သွားလေး၏။

*-*-*-*-      *-*-*-*-    *-*-*-*



၁၀၆၆ခုနှစ်က ဟိုရေးရှပ်ကဲ့သို့ လူမျိုးတစ်ဦး အင်္ဂလန်သမိုင်းတွင် ပေါ်ခဲ့ဖူးသေးသည်။ ထို့အခါက အင်္ဂလန်ပြည်တွင် ဟားရယ်(Harland)ဘုရင်အုပ်ချုပ်လျက်ရှိသည်။ဂေါ်ဒွင် (Godwin)၏ သား တောစတစ်(Tolstig)နယ်စားသည် ဟားရယ်ဘုရင်ကို မကျေနပ်

သောကြောင့် ဟားရယ်ဟော့ဒြောဒါဆိုသူ ရေနန်းဘုရင်အား အင်္ဂလန်သို့လာရောက် တိုက်ခိုက်ရန် ပင့်ဖိတ်လေသည်။ ရေနန်းဘုရင့်နှင့်သူ့တပ်သားများကလည်း အင်္ဂလိပ်

တွေ ခံမတိုက်ရဲပါဘူးဟူ၍ အထင်သေးသဖြင့် စစ်တိုက်ရန် ဘာကိုမျှ အသင်ပြင် ထားခြင်းမရှိဘဲ ခပ်အေးအေး ချီတက်နေရာ ဟားရယ်ဘုရင်က အလစ်ထွက်တိုက် လိုက် သဖြင့် ရေနန်းဘုရင်နှင့် သူ့တပ်သား အမြောက်အမြားမှာ တိုက်ပွဲတွင်ကျ ဆုံး ကြလေသည်။ အသက်မသေ ကျန်ရှိနေသော တပ်သားများစွာတို့လည်း သူတို့လှေ များရှိရာ ဆိပ်ကမ်းသို့ ပရမ်းပတာ ထွက်ပြေးကြကုန်၏။တစ်နေရာတွင် အူးစမြစ် ခံ၍ နေသဖြင့် ဖြက်ကူးရန်အတွက်လူတစ်ယောက်လျှောက်သာရုံမျှရှိသော သစ်သား တံတားကလေး တစ်ခုသာ ရှိသည်။ အင်္ဂလိပ်စစ်သားများကလည်း နောက်မှဖိ၍ တရ ကြမ်းလိုက်လျက် ရှိလေသည်။ရန်သူ၏ အင်အားကား ကြီးလွန်းသောကြောင့်ခံချ ဖို့နေနေသာသာ ရှေ့မျှထွက်ပြေးသော ရေနန်းဘုရင်၏တပ်သားများသည် အသက်ရှု များပင်မှားလျက်ရှိကြ၏။



စစ်၏အခြေနေအတိုင်း ကြည့်လိုက်မည်ဆိုလျှင် ရေနန်းဘုရင် တပ်သားများသည် သူတို့၏ လှေများသို့ပင် မရောက်တော့ဘဲ မလွန့်သာသော ထိုတံတားကလေးပေါ် တွင် ညှပ်၍ အမိခံရတော့မည်ကဲ့သို့ဖြစ်နေ၏။ ထို့အခါ ရေနန်းဘုရင်၏ တပ်သားထဲ မှာ အာဇာနည်တစ်ဦးထွက်လာပြီးနောက်“ကဲ ရဲဘော်တို့သာ ကိုယ်လှေ ကိုယ်ပြန်

ရောက်ကြအောင်ကြိုးစားပြီး သွားကြ၊ လိုက်လာတဲ့အကောင်တွေအတွက်တော့ ဘာ မှမပူနဲ့ ကျုပ် ကြည့်ပြီး နှံလိုက်မယ်” ဟု ပြောပြီးလျှင် ပြောသည့်အတိုင်းပင် လာသမျှ ကို တံတားထိပ်မှ ဆီး၍ ခုခံလျက်ရှိလေ၏။တံတားပေါ်သို့လည်း ရန်သူဘက်မှ တစ်ယောက်ချင်းသာ တက်နိုင်သဖြင့်အင်္ဂလိပ်တပ်ကြီးလည်းတံတားထိပ်တွင် တန့် လျက်ရှိလေ၏။ အတော်ကလေးကြာ၍ ဟားရယ် တပ်သားတစ်ဦးသည် မြစ်ထဲသို့ အမှတ်တမဲ့ ဆင်းသွားပြီးသော် အာဇာနည်၏ ရပ်တန့်ရာ ကျဲလျက်ရှိသော တံတား၏

ပျဉ်ကြားထဲမှ လှံနှင့်ထိုးလိုက်၏။ အာဇာနည်လည်း ရှေ့တွင် မဲ၍ တိုက်နေရ သဖြင့်   အောက်မှအလစ်တွင် ထိုးလိုက်သော လူ့သူရဲပေါ၏ လှံချက်တွင် အသက်ပါသွား ရရှာလေ၏။ သို့ရာတွင် သူမသေမီ သူ၏တပ်သားပေါင်းမြောက်မြားစွာတို့၏ အသက်ကို ကယ်လိုက်ရသေး၏။



*-*-*           *-*-*           *-*-*  *-*-*           *-*-*           *-*-*   

၁၇၆၀ ပြည့်နှစ်၌လည်း ဤသို့ အာဇာနည်မျိုး ပြင်သစ်လူမျိုးထဲမှ ပေါ်ဖူးသေး၏။ ထိုအချိန်တွက် ပရပ်ရှားနှင့် သြစကြီးယားနိုင်ငံတို့မှာ စစ်ပြိုင်လျက် ရှိကြသည်။ ဆယ့်ငါးဆက်မြောက် လူဝီခေါ် ပြင်သစ်ဘုရင်သည် သြစတြီးယားပြည်ဘက်မှ ကူ၍ တိုက်ရန်အတွက် ပြင်သစ်စစ်တပ်များကို ဂျာမနီပြည်တွင်းသို့ ပို့လေသည်။ ထို တပ်မတော်ကြီးမှ စစ်သား ၂၅,၀၀၀ တပ်ခွဲတစ်တပ်ကို မားကွစ်ဒေ ကာစတြာ

က ခေါင်းဆောင်ကာ ရိုင်းဗက်မြို့ဆီသို့ ချီတက်စေသည်။ ထိုတပ်ခွဲသည် ကလော့ စတား ကင့် ဆိုသော အရပ်၌ တပ်စွဲလျက် ရှိလေသည်။ အောက်တိုဘာ၁၅ရက်နေ့ ညဉ့်တွင် ထိုတပ်ထဲမှာ တပ်ကြပ်ကလေးတစ်ဦးကို ကင်းထောက်ရန်အတွက် ရန်သူ့ စခန်းရှိရာသို့ စေလွှတ်လိုက်လေ၏။ အခန့်သင့်သွားသည့်ကာ အခြားမဟုတ် ။



ထို့ညဉ့်တွင်ပင် အမှောင်ကို အကာယူ၍ ရန်သူတပ်များသည် ကလော့စတားကင့် အရပ်ထဲတွင် တပ်စွဲလျက်ရှိသော ပြင်သစ်တပ်ခွဲဘက်သို့ တိတ်တဆိတ် ချီတက်လျက်ရှိခြင်းပင် ဖြစ်လေသည်။ ရန်သူတို့၏ အကြံကား ပြင်သစ်တပ်များကို အလစ်တွင် ဝင်၍ချေမှုန်းရန်ပင်ဖြစ်၏။



တပ်ကြပ်ကလေးလည်း ဤသတင်းကို ပြန်ပို့မည်ဟု လုပ်နေစဉ် ရန်သူစစ်သားများ သည် သူ့ကိုဝိုင်း၍ ဖမ်းမိလျက် ဖြစ်နေ၏။“ဟေ့ကောင်၊ အသံ မထွက်နဲ့နော် ၊ နည်းနည်းကလေး အသံထွက်လိုက်ရင် မင့်အသက်တော့ ဟောဒီ လှံစွပ်ဖျားမှာ ပါပြီးသားပဲ” ဟု ရန်သူစစ်သားများက လှံစွပ်တပ်ထားသော သူတို့၏ သေနတ် ကြီးများဖြင့်တပ်ကြပ်ကလေး၏ ရင်ပက်ကို တေ့ရင် ခြိမ်းခြောက်ကြ၏။



သို့ရာတွင် အာဇာနည်တို့မည်သည် ကိုယ့်အသက် ကိုယ်စည်းစိမ်းထက် ကိုယ့် တိုင်းပြည် ကိုယ့်လူမျိုးကို ပိုပြီ အရေးထားသည်က တစ်ကြောင်း၊ တာဝန်ကျေပွန်ဖို့ ကြုံလာလျှင် တစ်ခါမက် ဆယ်ခါမျှပင်သေလိုက်ရန် အသင့်ဖြစ်နေသည်က တစ်ဖုံ၊ တစ်သက်တစ်ခါ သေရမည့်အတူတူ သူရဲပေါနည်းသည့် လူနုံ လူအ လူချာတို့၏   သေခြင်းမျိုးတို့ဖြင့် မသေဘဲ အာဇာနည်ပီပီ ရဲရဲရင့်ရင့် သေခြင်းက မြတ်လှပေသည် ဟုယုံကြည်ထားသည်က တစ်မျိုးတို့ကြောင့် သူ့ရင်ဝတွင် တေ့ပြီးထားသော လှံစွပ် တို့ကိုဘာမျှ အရေးမထားဘဲ ““ရန်သူတွေ တက်လာပြီ””ဟု သံကုန်ဟစ်လေ ၏။





ထိုအသံကို ကြားရသဖြင့် ပြင်သစ်တပ်ခွဲလည်း အဆင်သင့်ပြင်ထားကြသောကြောင့် ရန်သူများသည် အလစ်ဝင်စီးရန် အကြံပျက်ပြီးလျှင် နောက်သို့ ဆုတ်ခွာသွားကြရလေ ၏ ။ ဤနည်းဖြင့် ၂၅,၀၀၀မျှသော ပြင်သစ်တပ်ခွဲ တစ်တပ်လုံးသည် အသက်ဘေးမှ

လွတ်သွားခဲ့ရသည်ဖြစ်သော်လည် ထိုတပ်ခွဲ၏ တပ်ကြပ်ကလေး ဒက်ဆက်မှာမူကား ရန်သူတို့၏ လက်ချက်ဖြင့် စိစိညက်ညက် ကြေမွသွားရရှာလေသတည်း။

Subscribe Us